Showing posts with label အလ္လာဟ်နှင့်သက်သေ. Show all posts
Showing posts with label အလ္လာဟ်နှင့်သက်သေ. Show all posts

Friday, 1 February 2013

အဘယ့်ကြောင့် အစ္စလာမ်(ဒီန်)ကိုသာ အလ္လာဟ်လက္ခံရသနည်း

အဘယ့်ကြောင့် အစ္စလာမ်(ဒီန်)ကိုသာ အလ္လာဟ်လက္ခံရသနည်း “ထိုသူတို့သည် အလ္လာဟ်၏ “ဒီန်” ဘဝတည်ဆောက်မှု လမ်းစဉ်မှ တစ်ပါးအခြား (လမ်းစဉ်)ကို ရှာဖွေလိုကြပါသလား။ စင်စစ် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ဝယ် ရှိရှိသမျှသော အရာခပ်သိမ်းတို့သည် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ၊ ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာ နာခံလျက် ရှိကြကုန်၏။ တစ်ဖန် (နောက်ဆုံးတွင်) ထိုအရာခပ်သိမ်းတို့သည် အရှင်မြတ်ထံတော်သို့ သာလျှင် ပြန်ကြရပေမည်” (ကုရ်အာန် ၃း၈၃) အက်တမ်ခေါ် အလွန်သေးငယ်သော အဏုမြူမှုန် ကမ္ဘာလေးအတွင်းမှ အလွတ်ကြီးမားသော နေ၊ လ၊ ကမ္ဘာ၊ နက္ခတ်တာရာများ၊ ဂလက်ဆီကြီးများ၊ စကြဝဠာခပ်သိမ်းနှင့် လောကခပ်သိမ်း အတွင်းရှိ သက်ရှိသက်မဲ့ အပေါင်းတို့သည် မိမိတို့၏ အရှင်တစ်ပါးတည်းသော အလ္လာဟ်ကိုသာ မိမိတို့၏ သဘာဝအလျောက် တသလျက်ရှိကြကုန်၏။ တစ်နည်းဆိုသော် သောဝ်ဟီဒ် နိစ္စသစ္စတရားကို ရင့်ကျူးလျက် ရှိကြ၏။ ထိုအရှင်မြတ် ချမှတ်ပေးထာေးသာ လမ်းစဉ်တို့ကိုသာ မိမိတို့သဘာဝအလျေက် နာခံဆောင်ရွက်လျက် ရှိကြသည်။ တစ်နည်းဆိုသော် အစ္စလာမ် (ဒီန်) ကို ကျင့်သုံးလျက် ရှိနေကြ၏။ လူသားတို့၏ ကမ္ဘာဂြိုဟ်ပေါ်တွင်လည်း လူ့သမိုင်း စတင်ကတည်းက လူသားတို့အတွင်း နဗီတမန်တော် အပေါင်းအား ခေတ်အသီးသီး၊ မျိုးနွယ်အသီးသီးတို့တွင် အလ္လာဟ်က ပွင့်ပေါ်စေတော်မူခဲ့၏။ ထိုအလင်းပြပုဂ္ဂိုလ် တမန်တော် အပေါင်းတို့သည် သောဝ်ဟီဒ်ခေါ် တစ်ပါးတည်းသော ကိုးကွယ်ရာ ရှိကြောင်းနှင့် အစ္စလာမ်ခေါ် ထိုတစ်ပါးတည်းသော အရှင်သခင်၏ အမိန့်လမ်းညွှန်ကိုသာ နာခံခြင်းလမ်းစဉ်ကိုသာ ဟောကြားခဲ့ကြသည်။ ထို (အလ္လာဟ်)အရှင်မြတ်၏ နာမတော်နှင့် အစ္စလာမ်ဟူသော (လမ်းစဉ်၏) အမည်တို့ကို မိမိတို့ သက်ဆိုင်ရာ ဘာသာစကား အသီးသီးဖြင့်သာ ခေါ်ဝေါ်ခဲ့ကြလေသည်။ လူသားတို့တွင် သောဝ်ဟီဒ် နိစ္စသစ္စတရားနှင့်တကွ အစ္စလာမ်(ဒီန်) ဘဝတည်ဆောက်မှုလမ်းစဉ် မှေးမှိန်သွားတိုင်း နဗီတမန်တော် အသစ်တစ်ပါး ပွင့်ခဲ့ရာ နောက်ဆုံးတမန်တော်ချုပ်မှာ မုဟမ္မဒ်သခင် ဖြစ်လေသည်။ မုဟမ္မဒ်သခင်သည်လည်း လောကခပ်သိမ်း၊ ကာလခပ်သိမ်းနှင့် ယှဉ်သော အစ္စလာမ်ကိုသာ ဟောကြားခဲ့၏။

အလ္လာဟ်နှင့်သက်သေ

လူသား၏ ကန့်သတ်ချက်ရှိသော လွတ်လပ်စွာ ပြုပိုင်ခွင့်နှင့် ဒုက္ခတရား လူသားသည် လွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့်ကို အမှန်တကယ်ရထားသော်လည်း ဖန်ဆင်းခံ၏ သဘာဝအရ အကန့်အသတ်တွင်းမှသာ ဖြစ်သည်။ စကြဝဠာ လောကခပ်သိမ်းနှင့် ယှဉ်သော အလ္လာဟ်၏ စီမံကိန်းကို အလ္လာဟ်၏ တရားမျှတမှု၊ ကရုဏာတော်၊ အကြွင်းမဲ့သိတော်မူသော ဉာဏ်တော်၊ ဘုန်းတော်တို့ဖြင့် ပြုထားခြင်း ဖြစ်သည်။ လူသား၏ လွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့်သည် အလ္လာဟ်၏ စီမံကိန်းကိုကား ဖျက်ဆီးနိုင်စွမ်း မရှိ၊ အလ္လာဟ်၏ စီမံကိန်းအတွင်း၌သာ လွတ်လပ်စွာ ပြုလုပ်ပိုင်ခွင့် ပေးထား၍ စမ်းသပ်တော်မူခြင်း ဖြစ်၏။ လူသားသည် လူ့လောက မရောက်မီ မိမိ၏မိဘ၊ ပတ်ဝန်းကျင်၊ နိုင်ငံ၊ အသားအရောင်၊ ကျား/မ နှင့် သန္ဓေတည်ရမည့်အချိန် စသည်တို့ကို မရွေးချယ်နိုင်ချေ။ အလ္လာဟ်ပို့သည့် သားအိမ်သို့သာ သတ်မှတ်ချိန်၌ ဝင်ကြရသည်။ သေဆုံးချိန်ကို စက္ကန့်မျှပင် နောက်ရွေ့၍ မရချေ။ ထို့အတူ အသက်ရှင်စဉ် ကာလတွင် သုခ,များ ခံစားရသလို ဒုက္ခများလည်း ကြုံကြရ၏။ (ကုရ်အာန် ၅၂း၃၅-၃၆။ ၃း၆။ ၂၈း၆၈) လူသားတို့ထံ ကျရောက်သော ဒုက္ခများတွင် အကြောင်းများရှိပေသည်။ ပထမအချက်မှာ လူသားကိုယ်တိုင်က မှားယွင်းသည့်အတွက် အကျိုးဆက်အဖြစ် ဒုက္ခခံစားရခြင်း ဖြစ်သည်။ “စင်စစ်ဧကန် အလ္လာဟ်သည် (မိမိ၏) ကျွန်များအပေါ် မတရား ညှဉ်းပန်းနှိပ်စက်တော်မူသော အရှင်မဟုတ်ပေ” (ကုရ်အာန် ၃း၁၈၂) “စင်စစ်သောဝ်ကား အသင်တို့၌ သက်ရောက်လေ့ရှိသော ဘေးဒုက္ခဟူသရွေ့သည် အသင်တို့၏ လက်များ၊ ဆည်းပူးခဲ့ကြသော အပြုအမူတို့ကြောင့်ပင် သက်ရောက်ခဲ့သည်သာ၊ ထိုမှတစ်ပါး အလ္လာဟ်သည် များစွာသော ပြစ်မှုများကိုကား ခွင့်လွှတ်တော်မူ၏” (ကုရ်အာန် ၄၂း၃၀) ထို့ကြောင့် လူသားတိုင်းသည် မိမိထံ ဒုက္ခ သက်ရောက်လာတိုင်း မိမိသည် သဘာဝနှင့်အညီ ချပေးထားသော အလ္လာဟ်၏ လမ်းညွှန်နှင့် ဆန့်ကျင်သော အရာကို ပြုသည့်အတွက် ဒုက္ခရခြင်းသာဖြစ်၍ အမြန်ဆုံး ပြုပြင်ရပေမည်။ အလ္လာဟ်ထံမှ ခွင့်လွှတ်မှုကို တောင်းပန်ရမည် ဖြစ်ပေသည်။ အလ္လာဟ်၏ စမ်းသပ်မှုနှင့်ဒုက္ခတရား ဒုက္ခများ ကျရောက်ခြင်း၏ အခြားတစ်ချက်မှာ အလ္လာဟ်၏ စီမံကိန်းအရ အလ္လာဟ်ကို ယုံကြည်သူတို့အား စမ်းသပ်ခြင်း ဖြစ်ပေသည်။ “ငါအရှင်မြတ်သည် မှတ်တမ်းစာအုပ်တော်ကြီးတွင် ယင်း ဘေးဒုက္ခကို ဖြစ်ပေါ်စေခြင်း မခံရမီကပင် (ရေးသားထားခြင်း) မရှိဘဲလျက် မည်သည့်ဘေးဒုက္ခမျှပင် ကမ္ဘာဂြိုဟ်၌သော် လည်းကောင်း၊ အသင်တို့၏ ကိုယ်၌သော် လည်းကောင်း ကျရောက်နိုင်သည် မဟုတ်ပေ၊ ဧကန်အမှန် ဤသည် အလ္လာဟ်အရှင်မြတ်၌ လွယ်ကူလှပေသည်။ (ဤသည်ကို သိလော့) သို့မှသာ အသင်တို့သည် မိမိတို့ထံမှ လွတ်သွားသော အရာနှင့်စပ်လျဉ်း၍ ပူဆွေးခြင်းရှိကြမည်လည်း မဟုတ်၊ မိမိတို့အား ထိုအရှင်မြတ်က ချီးမြင့်ပေးသနားတော်မူသောအရာနှင့် စပ်လျဉ်း၍ (အလွန်အမင်း) ဝမ်းမြောက် မော်ကြွားခြင်းပြုကြမည်လည်း မဟုတ်ချေ။ အမှန်သော်ကား အလ္လာဟ်သည် မည်သည့် မာနထောင်လွှားသူ၊ ဂုဏ်မောက်သူကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ” (ကုရ်အာန် ၅၇း၂၂) “ထို့ပြင် အသင်တို့သည် အလ္လာဟ်၏ လမ်းတော်တွင် သတ်ဖြတ်ခြင်းခံရသူတို့ကို သူသေများ ဟူ၍ မပြောဆိုကြကုန်လင့်၊ အလျှင်းမဟုတ်။ စင်စစ် ထိုသူတို့သည် အလ္လာဟ်၏ ထံတော်တွင် ရှင်လျက်ပင် ရှိကြ၏။ သို့ရာတွင် အသင်တို့သည် (ထိုအကြောင်းကို) တွေးဆဆင်ခြင် သိမြင်နိုင်စွမ်း မရှိချေ။ ထို့ပြင် မလွဲ ဧကန် ငါအရျင်မြတ်သည် အသင်တို့ကို တစ်စုံတစ်ခုသော ကြောက်ရွံ့ စိုးရိမ်စေခြင်းဖြင့် သော်လည်းကောင်း၊ ငတ်မွတ်စေခြင်းအားဖြင့်သော်လည်းကောင်း၊ ဥစ္စာပစ္စည်းများ ဆုံးပါးစေခြင်းဖြင့် သော်လည်းကောင်း၊ အသက်ဆုံးရှုံးစေခြင်းဖြင့် သော်လည်းကောင်း၊ (ကြိုးပမ်းမှု၏) သီးနှံများ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း စမ်းသပ်တော်မူအံ့၊ သို့ရာတွင် (ထိုစမ်းသပ်မှုများ၌) ဆွဘရ်-ကြံ့ခိုင်မှုတရား ထားရှိသူတို့အား ဝမ်းမြောက်ဖွယ် မင်္ဂလာ သတင်းကိုပေးလော့၊ ထိုသူတို့သည် မိမိတို့ အပေါ်၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာသော အခါ ‘ဧကန် အမှန်ကျွန်ုပ်တို့သည် အလ္လာဟ်၏ အဖို့သာ ဖြစ်၍ မုချဧကန် ထိုအရှင်မြတ်အထံတော်သို့သာ ပြန်သွားကြရမည့်သူများသာ ဖြစ်ကြ၏’ဟု ဆိုလေ့ရှိကြကုန်၏” (ကုရ်အာန် ၂း၁၅၅-၁၅၆)

Sunday, 30 September 2012

အလ္လာဟ်နှင့်သက်သလက္ခဏာတော်များ

အလ္လာဟ်နှင့်သက်သလက္ခဏာတော်များ ငြိမ်းချမ်းလုလင် တတိယအကြိမ်
ပထမအကြိမ် ၁၉၈၇ ခုနှစ်၊ အုပ်ရေ (၃၀၀၀) ဒုတိယအကြိမ် ၁၉၈၈ ခုနှစ် အုပ်ရေ (၃၀၀၀)
တတိယအကြိမ် ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ ဟစ်ဂျရီ ၁၄၁၃ ခုနှစ်၊ ဂျမာဒီအာခိရ်လ အုပ်ရေ နှစ်ထောင် တန်ဖိုး……………
ဘာသာရေးဆိုင်ရာစာမူခွင့်ပြုချက် (၇/၉၂) (၁) မျက်နှာဖုံးခွင့်ပြုချက်အမှတ် (၄၂/၉၂) (၁၁) မျက်နှာဖုံးဒီဇိုင်း အာဒမ်ချစ် စာအုပ်ချုပ် မြတ်
ထုတ်ဝေသူ ဦးကျော်ဝေ (မကွေး) (၀၉၂၈) စာပေသစ် စာပေတိုက် ၁၅၄/၄၅ လမ်း၊ ဗိုလ်တထောင် ၊ရန်ကုန်မြို့
ပုံနှိပ်သူ ဦးဝင်းမြိုင် (၀၂၄၈၆) သဒ္ဓိမြိုင် ပုံနှိပ်တိုက် ၁၁၃/၃၄ လမ်း၊ ရန်ကုန်မြို့။
In the name of Allah, Most Gracious, Most Merciful ပြည်ထောင်စု မြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ အလ်ဟာဂ်ျ မုဖတ်စေရွလ်ကုရ်အာန် အလ္လာမဟ်ဃာဇီ မုဟမ္မဒ်ဟာရှင်မ်၏ အမှာစာ
ငြိမ်းချမ်းလုလင် ပြုစုထားသော “အလ္လာဟ်နှင့် သက်သေလက္ခဏာတော်များ” စာအုပ်ကို လေ့လာခွင့်ရပါသည်။ ကုရ်အာန်ကျမ်းလာ အာယာသ်တော်(အမိန့်တော်)များကို တင်ပြထားပါသည်။ ကုရ်အာန်ကျမ်းမြတ်သည် ရွတ်ဖတ်ရန်သာမဟုတ်၊ လေ့လာရန်၊ ဆည်းပူးရန်၊ တွေးခေါ်မြော်မြင်ရန်၊ သုံးသပ်ရန်၊ ထွင်းဖောက် သိမြင်ရန်၊ စာတွေ့လက်တွေ့ ကျင့်သုံးရန်သာ ဖြစ်ပါသည်။ ဤသည်ကို ကုရ်အာန်ကျမ်းမြတ် (၄၇း၂၄)တွင် ညွှန်ကြားထားတော်မူသည်။
ဤသည်ကိုပင် ငြိမ်းချမ်းလုလင်သည် မိမိစာအုပ်တွင် သမိုင်း၊ သိပ္ပံ၊ ရှုထောင့်စုံမှ လေ့လာဆည်းပူး၍ တင်ပြထားပါသည်။ အထူးသဖြင့် အလ္လာဟ်၏ သက်သေလက္ခဏာတော်များကို သိပ္ပံနည်းကျကျ တင်ပြထားသည်မှာ အမှန်တရားကို လိုလားသူများ အဖို့ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
သိပ္ပံထွန်းကားနေသော ဤသည့်ခေတ်မျိုးတွင် သိပ္ပံနှင့်ယှဉ်၍ တင်ပြထားသော ဤစာအုပ်ပေါ်ထွက်လာသည့် အတွက် ဂုဏ်ယူမိပါသည်။ ငြိမ်းချမ်းလုလင်အားလည်း ကျေးဇူးတင်မိပါသည်။ ဤသို့သော အသိပညာပေးစာအုပ်များ ပြုစုထုတ်ဝေနိုင်ရန်အတွက် ဆုတောင်းပေးပါသည်
ဃာဇီမုဟမ္မဒ် ဟာရှင်မ် (၂၁.၈.၈၇)
စာရေးသူ၏ အမှာစာ
လူသားတိုင်းသည် အောင်မြင် ငြိမ်းချမ်းသောဘဝကို ရလိုကြ၏။ သို့သော် အဘယ့်ကြောင့် လူသားတို့ဆုံးရှုံးနေကြရသနည်း။ ဤစာအုပ်တွင် အစ္စလာမ်ခေါ် ငြိမ်းချမ်းရေး သာသနာက ပြဆိုသည့် ဆုံးရှုံးရမှု၏ အကြောင်းရင်းနှင့် အောင်မြင်ငြိမ်ချမ်းမှု၏ သော့ချက်ကို တင်ပြထားပါသည်။
မဟာကရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံ လူသားတို့အတွက် ပြီးပြည့်စုံသော ကျမ်းမြတ်ကုရ်အာန်ကို ချပေးထားပေသည်။ အလ္လာဟ် အရှင်မြတ်၏ ဒေသနာတော်တို့သည် မည်သည့်အခါမျှ ပြောင်းလဲမှုမရှိသည့် အလ်ဟတ်က်ခေါ် သစ္စာတရားများပင်တည်း။ သို့သော် လူသားတို့၏ အတွေးအခေါ် ဆင်ခြင်တုံတရားတို့သည်ကား ခေတ်ကာလ၊ အချိန်အခါ၊ အခြေအနေကိုလိုက်၍ ပြောင်းလဲလျက်ရှိပေသည်။ လူသားဟူသည် ပြီးပြည့်စုံသည် မဟုတ်ချေတကား။
ဤစာအုပ်တွင် အလ္လာဟ်အရှင်မြတ်ထံမှ ချပေးတော်မူသော ကျမ်းမြတ်ကုရ်အာန်၏ အာယာသ်တော်အချို့ကို ယနေ့ခေတ် လူသားတို့၏ အာကာသ၊ နျူကလီးယား၊ ကွန်ပြူတာ၊ သမိုင်းစသော သိပ္ပံ၊ ဝိဇ္ဇာ ပညာရပ်တို့ဖြင့် ဆန်းစစ်လေ့လာတင်ပြထားပေရာ နောင်တစ်ချိန် လူသားတို့ အသိပညာတိုးတက်လာသည်နှင့်အမျှ စာရေးသူ ယခုတင်ပြသော အချက်များသည် အားနည်းကောင်း နည်းသွားပေမည်။ သို့သော် နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အလ္လာဟ် အရှင်မြတ်ကမူ ခေတ်တိုင်းရှိ ဖန်ဆင်းခံ လူသားတို့ကို ကုရ်အာန်ကျမ်းမြတ် (အလ်ဟတ်က်)အား ဆန်းစစ်လေ့လာကြရန် ဖိတ်ခေါ်ထားပေသည်။
သော့ရှိပါလျက် မဖွင့်သူအတွက် ကုသရန် ဆေးမရှိတော့ပြီ…။ ငြိမ်းချမ်းလုလင် (၇.၄.၈၇)
စာရှုသူများသို့
ဤစာအုပ်တွင် ကုရ်အာန်ကျမ်းမြတ်၏ အာယာသ်တော်များကိုဖော်ပြရာ၌…. … ဥပမာ-ကုရ်အာန်(၁း၂) ဟူသည် ကုရ်အာန်ကျမ်းမြတ်၏ စူရဟ်ကဏ္ဍ အမှတ်(၁)၊ အာယာသ်တော်အမှတ်(၂) ကို ဆိုလိုသည်။ …ဥပမာ-(၁၀း၁၁-၁၅) ဟူသည်….
စူရဟ်ကဏ္ဍအမှတ် (၁၀)၊ အာယာသ်တော်အမှတ်(၁၁ မှ ၁၅)ကို ဆိုလိုသည်။ …ကုရ်အာန်ကျမ်းမြတ်မှ သက်ဆိုင်ရာ အာယာသ်တော်များ၏ တိုက်ရိုက် မြန်မာဘာသာပြန်ကို “….” အဖွင့်အပိတ် ကော်မာများအတွင်း ထည့်သွင်းထား၍ အဆုံးတွင် သက်ဆိုင်ရာ အာယာသ်တော်နံပါတ်ကို ဖော်ပြထားပါသည်။ …တိုက်ရိုက် ဘာသာပြန်မဟုတ်ဘဲ ရည်ရွယ်ချက်သက်သက်သာ ဖြစ်ပါက အဖွင့်အပိတ် ကော်မာမပါဘဲ အဆုံးတွင် ရည်ညွန်းလိုသော အာယာသ်နံပါတ်ကို ဖော်ပြထားပါသည်။
…မုစ်လင်မ် စာရှုသူများအနေနှင့် တမန်တော်မြတ် မုဟမ္မဒ်၏ နာမတော်၊ အခြား တမန်တော်များ၏ နာမတော်များ၊ ဆွလာဟာဘဟ်၊ ဆွဟာဘဟ်မကြီးများ၏ နာမတော်များကို ဖတ်တိုင်း သက်ဆိုင်ရာ နည်းအတိုင်း မေတ္တာပို့ကြပါကုန်။ …မည်သူမဆို ဤစာအုပ်နှင့်ပတ်သက်ပြီး အကြံပြု၊ ဝေဖန်၊ ဆွေးနွေးစရာများရှိလျင် အောက်ပါ လိပ်စာများအတိုင်း ဆက်သွယ်နိုင်ပါသည်
ငြိမ်းချမ်းလုလင် အမှတ် ၂၃၊ ၁၃၉ လမ်း မအူကုန်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ ။
ငြိမ်းချမ်းလုလင် မြတ်-စာပေလုပ်ငန်း၊ အမှတ်-၂၁၁၊ ၃၂ လမ်း (အထက်)ရန်ကုန်မြို့

အခန်း (၁) အလ္လာဟ် (Allah)

အခန်း (၁) အလ္လာဟ် (Allah)
“စင်စစ်သော်ကား၊ အကယ်၍ ဧကန်အမှန် ကမ္ဘာဂြိုလ်ရှိ သစ်ပင်အသီးသီးတို့သည် ကလောင်များဖြစ်ခဲ့၍ ပင်လယ်သမုဒ္ဒရာသည် မင်ဖြစ်ခဲ့ပြီး။ ယင်းပင်သမုဒ္ဒရာရေ ကုန်ခန်းပြီးနောက် ပင်လယ်သမုဒ္ဒရာများသည် (ယင်းခန်းခြောက်ပြီးဖြစ်သော ပင်လယ်ကို) ထပ်မံ၍ ဖြည့်အံ့ငြားလည်း အလ္လာဟ်အရှင်မြတ်၏ အာယာသ်တော်များကား (ရေးသားဖွင့်ဆို၍) ကုန်ဆုံးမည်မဟုတ်ပေ။ (အဘယ်ကြောင့်ဆိုသော်) ဧကန်မလွဲ အလ္လာဟ်သည် ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ဖြစ်တော် မူပေသည်” (ညွှန်း-Quran 31:27 (အစ္စလာမ့်ယုံကြည်ချက်)
“သို့ပါလျက် ၄င်းတို့သည် ကုရ်အာန်ကျမ်းမြတ်ကို စေ့ငှစွာ စဉ်းစားဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော့၊ သို့တည်းမဟုတ် (၄င်းတို့၏) စိတ်နှလုံးများ အပေါ်၌ သော့ခလောက်များ (ခတ်ထားလျက်) ရှိနေသလော” (Quran 47:24)
အစ္စလာမ်၏ နိစ္စသစ္စာ “သောဝ်ဟီဒ်”(တစ်ဆူတည်းဖြစ်ခြင်း)
အစ္စလာမ်၏ ယုံကြည်ချက်များနှင့် ကျင့်စဉ်အားလုံးတို့သည် “သောင်ဟီဒ်”ခေါ် အလ္လာဟ်တစ်ပါးတည်း နိစ္စထာဝရ ပြီးပြည့်စုံစွာ ရှိနေမှု ဟူသော နိစ္စတရားပေါ်တွင် တည်ဆောက်ထားသည်။
အလ္လာဟ် အရှင်မြတ်ကြောင့် စကြဠာ ကမ္ဘာခပ်သိမ်း၊ လောကခပ်သိမ်းနှင့် သက်ရှိသက်မဲ့ ခပ်သိမ်းတို့ ထင်ရှားဖြစ်ပေါ်လာကြရသည်။ ထို့ကြောင့် ထိုဖန်ဆင်းခံ အရာခပ်သိမ်းတို့သည်။ မိမိတို့၏ အရှင်သခင် “အလ္လာဟ်တစ်ပါးတည်း ပြီးပြည့်စုံစွာ ရှိနေမှု” ဟူသော “သောဝ်ဟိဒ်” နိစ္စသစ္စာကို မိမိတို့ သဘာဝအလျောက် မြွက်ဆိုလျက်ရှိကြသည်။ ထိုဖန်ဆင်းခံ လောကခပ်သိမ်းသည် အလ္လာဟ် ချမှတ်ပေးထားသော လမ်းစဉ်အတိုင်းသာ မိမိတို့ သဘာဝအလျောက် နာခံနေကြ၏။ “သောဝ်ဟိဒ်” သစ္စာတရားကို မြွက်ဆိုနေကြသည်။
လူသားတိုင်းသည် မိမိတို့ကိုယ်တိုင် မပြီးမပြည့်စုံကြ၍ ပြီးပြည့်စုံသော ငြိမ်းချမ်းမှု၊ ဒုက္ခကင်းဝေးမှုကို ရှာဖွေကြသည်။ သို့သော် မိမိတို့ ရှာဖွေသော တရားသည် ထာဝရတည်မြဲသော မှန်ကန်မှု (နိစ္စသစ္စာ) ဖြစ်ရပေမည်။
>ဘဝသစ္စာ နှင့် ပန်းတိုင်
အလ္လာဟ် အရှင်မြတ်သည် “အရ်ရဟ်မာန်း” “မဟာကရုဏာတော်ရှင်”ဖြစ်၏။ စကြဝဠာ လောကခပ်သိမ်းနှင့် သက်ရှိသက်မဲ့ အပေါင်းကို ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေခြင်းသည် ဖန်ဆင်းခံတို့အား ဆင်းရဲမှုများ ပေးရန်မဟုတ်ပဲ မေတ္တာ ကရုဏာတော် ပေးရန်သာ ဖြစ်သည်။
ထို့ကြောင့် လူသား၏ မွေးခြင်းနှင့် သေခြင်းသည် အလ္လာဟ်၏ အမျက်တော်ရှခြင်း ခံရ၍ ဒုက္ခတရားများကို ရင်ဆိုင်ရန် မဟုတ်ချေ။ အလ္လာဟ်၏ ကရုဏာတော် ခံယူရန်ဖြစ်သည်။ သေခြင်းတရားသည်လည်း ကြောက်ရွံ့ဖွယ်မဟုတ်။ ထာဝရငြိမ်းချမ်းမှုသို့ ပို့မည့်တံခါးဝသာဖြစ်၏ အစ္စလာမ်သည် ဘဝသစ္စာတရားကို လင်းပြ၏။ ဘဝတန်ဖိုးကို မည်သို့ အသုံးချမည်ကို သင်၏။ ဘဝပန်းတိုင် ဖြစ်သော ထာဝရပြီးပြည့်စုံသော ငြိမ်းချမ်းမှုကိုရောက်အောင် မည်သို့ ကြိုးစားရမည်ကို သင်၏။
ယုံကြည်ချက်နှင့် ကျင့်စဉ်တွဲထားမှု
စကြဝဠာလောကခပ်သိမ်းနှင့် အရာခပ်သိမ်းတို့သည် မတည်မြဲသော တရားများ ဖြစ်ကြသည်။ လူသား ကိုယ်တိုင်လည်း မတည်မြဲသော၊ မပြီးမပြည့်စုံသော တရားဖြစ်သည်။ အစ္စလာမ်တွင်“မိမိကိုယ်သာ အားထားရာ” ဆိုခြင်းကို အတိုင်းအတာ တစ်ရပ်ထိသာ လက်ခံသည်။ အဘယ်ကြောင့်ဆိုသော်…
မပြီးမပြည့်စုံသော၊ မတည်မြဲသော အနိစ္စတရားတစ်ခုက ပြီးပြည့်စုံသော ထာဝရ ဒုက္ခကင်းဝေးမှုနှင့် ငြိမ်းချမ်းကို မညွှန်ပြနိုင်ချေ။ နိစ္စထာဝရ ပြီးပြည့်စုံသော၊ တရားကသာလျင် ထာဝရငြိမ်းချမ်းမှုကို ပြည့်စုံစွာ ညွှန်ပြနိုင်၏။ ကျွန်ုပ်တို့ ဘယ်ကို သွားကြမည်နည်း ဟူသော (ဘဝပန်းတိုင်) မေးခွန်းအတွက် ကျွန်ုပ်တို့ ဘယ်ကလာကြသနည်း။ ဘဝဟူသည် အဘယ်နည်း။ လောကခပ်သိမ်းနှင့် ရုပ်နာမ်(၂) ပါးကို ဖြစ်စေသော အကြောင်းတရားကား အဘယ်နည်း စသည်တို့ကို မသိသမျှ ပြီးပြည့်စုံသော အဖြေကို ရမည်မဟုတ်ချေ။ အစ္စလာမ်သာသနာတွင် သောဝ်ဟီဒ် နိစ္စသစ္စာတရားပေါ်၌ ယုံကြည်ချက်နှင့် ကျင့်စဉ်တို့ကို ပြီးပြည့်စုံစွာ သက်သေဥပမာများ တို့ဖြင့် သင်ကြားထား၏။
အလ္လာဟ် မည်သူနည်း
“ချီးမွမ်းထောမနာခြင်း အပေါင်းတို့သည် လောကခပ်သိမ်းတို့ မဖြစ်ပေါ်မီကစ၍ ပြီးပြည့်စုံသည့်တိုင်အောင် အဆင့်ဆင့် ပြုစု ပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာတည်း” (Quran 1:2)
“စင်စစ် ချီးမွမ်းထောမနာခြင်း အပေါင်းတို့သည် မိုးကောင်းကင် (စကြဝဠာ)များကို ဖန်ဆင်းတော်မူသော အရှင်၊ ကမ္ဘာဂြိုလ်ကို ဖန်ဆင်းတော်မူသော အရှင်၊ လောကခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာတည်း” (Quran 45:36)
“…လူသားအပေါင်းတို့၏ အရှင်သခင်ဖြစ်တော်မူ၏” (Quran 114:1)
ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် ဒေသတစ်ခု၊ တိုင်းပြည်တစ်ခု၏ အရှင်မဟုတ်။ ရုပ်လောက တစ်ခုတည်း၏ အရှင်မဟုတ်၊ ရုပ်လောက၊ စိတ်လောက၊ (ရူဟ်)ဝိညာဉ်လောက၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ လက်ရှိနှင့် တမလွန်လောက၊ လူ၊ တိရစ္ဆာန်၊ သစ်ပင်လောက၊ အခြားကမ္ဘာများမှ သက်ရှိသက်မဲ့လောက၊ ဖန်ဆင်းခံတို့၏ ဆင်ခြင်တုံ့တရားနှင့် ဉာဏ်လွှာအဆင့်ဆင့်တို့ ထိုးဖောက်နိုင်စွမ်း မရှိသည့် အကွယ်လောက စသည့် လောကခပ်သိမ်းနှင့် စကြဝဠာခပ်သိမ်းတို့ကို မရှိရာမှ ရှိရာသို့ အဆင့်ဆင့် ပြီးပြည့်စုံသည်အထိ ပြုစုပျိုးထောင်တော်မူသော (ရဗ်) အရှင်ဖြစ်တော်မူ၏။ ထို့ပြင် လူမျိုးတစ်မျိုး၊ သို့မဟုတ် လူတန်းစားတစ်ရပ်၏ အရှင်သခင်မဟုတ်ဘဲ လူသားအားလုံးတို့၏ အရှင်သခင် ဖြစ်တော်မူ၏။ (အစ္စလာမ့် ယုံကြည်ချက်)

Friday, 28 September 2012

မဟာကရုဏာတော်ရှင် (အရ်ရဟ်မားန်)

မဟာကရုဏာတော်ရှင် (အရ်ရဟ်မားန်)
“(အလ္လာဟ် အရှင်မြတ်သည်) မဟာကရုဏာတော် ရှင်၊ အနန္တ ကောင်းချီး မင်္ဂလာတော်ရှင် ဖြစ်တော်မူ၏” (Quran 1:3)
“ကရုဏာပြုသူတို့တွင် ကရုဏာအပြုဆုံးသော အရှင်ဖြစ်တော်မူ၏” (Quran 12:64)
အလ္လာဟ် အရှင်မြတ်သည် (အရ်ရဟ်မားန်) (ခေါ်) မဟာ ကရုဏာတော်ရှင်ဟူသော ဂုဏ်တော်နှင့်အညီ လောကခပ်သိမ်း အရာခပ်သိမ်း ကို ကရုဏာတော်ဖြင့်သာ လွမ်းခြုံထားတော်မူ၏ (Quran 40:7 / 7:156)
အလ္လာဟ်သည် လူသားအပါအဝင် ဖန်ဆင်းခံတို့အား ဒုက္ခပေးရန် ဖန်ဆင်းထားခြင်း မဟုတ်ချေ။ လူသားတို့ကို အမျက်တော် ရှကာ ဒေါသကြီးနေသော၊ ခွင့်မလွှတ်တတ်သော အရှင် မဟုတ်ချေ၊ အလ္လာဟ်ကို လက်ခံသူကိုဖြစ်စေ၊ လက်မခံသူကိုဖြစ်စေ၊ ဤလောက၌ အရ်ရဟ်မားန် ဟူသော ဂုဏ်တော်နှင့်အညီ ဖန်ဆင်းခံတို့၏ အခြေခံလိုအပ်ချက်ကို ပေးနေမည်သာ ဖြစ်၏။
“အရ်ရဟီမ်” အလွန့် အလွန် သနားကြင်နာတော်မူ သောအရှင် ဟူသောဂုဏ်တော်နှင့် အညီကောင်းမှုတစ်ခုပြုသူအား အကျိုးဆုလာဘ် အဆပေါင်းများစွာပေးတော်မူ၏။ ဥပမာ စပါးစေ့ တစ်စေ့မှ စပါးနှံပေါင်းများစွာ ဖြစ်ပေါ်စေ၏။ မကောင်းမှုတစ်ခုပြုသူကို မကောင်းမှုနှင့် ညီမျှသော ပြစ်ဒဏ်ကိုသာ ပေး၏၊ စင်စစ် ဒုက္ခဟူသည် လူသားတို့၏ လုပ်ရပ်ကြောင့်သာ ဖြစ်၏။ စင်စစ် အလ္လာဟ်သည် လောကခပ်သိမ်းတွင် အကြင်နာဆုံး ကရုဏာရှင် ဖြစ်တော်မူ၏။
(အရ်ရှ်) ပလ္လင်တော်၏ အရှင်
“ထို(အလ္လာဟ်) အရှင်မြတ်သည် ကြီးကျယ်မြင့်မြတ် လှစွာသော အရ်ရှ်ပလ္လင်တော် (အာဏာတော်)ကို စိုးပိုင်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏” ( Quran 9:129) “စင်စစ် မိုးကောင်းကင်များ၌ရှိကြကုန်သော စစ်တပ်များသည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ ရှိကြကုန်သော စစ်တပ်များသည်လည်းကောင်း အလ္လာဟ် ပိုင်ဆိုင်တော်မူသော စစ်တပ်ပင် ဖြစ်ကုန်၏။ ထို့ပြင် အလ္လာဟ်သည်ကား ဘုန်းတော်များနှင့် ပြည့်စုံတော်မူသော၊ ဉာဏ်တော် အနန္တနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပေသတည်း” (Quran 48:7)
“……စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပရိယာယ်ဖြင့် ကြံဆောင်သူများတွင် အကောင်းဆုံး ကြံဆောင် စီမံနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏ (Quran 3:54)
“….ထိုအရှင်မြတ်၏ အမိန့်တော်ကို ရွှေ့ဆိုင်းနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် အလျင်းမရှိ” (Quran 13:41)
“….နေ့စဉ် ထိုအရှင်မြတ်သည် (ဘုန်းတော်ဖြင့် စကြဝဠာ လောကခပ်သိမ်း အတွက်) အရေးကိစ္စတစ်ခုခုကို ဆောင်ရွက်လျက် ရှိနေတော်မူ၏။ (Quran 55:29)
“မုချ ဧကန် ကမ္ဘာဂြိုဟ်နှင့် မိုးကောင်းကင်၌ ရှိရှိသမျှသော အရာဝတ္ထုများသည် မည်သည့် တစ်စုံတစ်ခုမျှ အလ္လာဟ်ထံတော်၌ ဖုံးကွယ်သည်ဟူ၍ မရှိချေ”(Quran 3:5) (အစ္စလာမ့် ယုံကြည်ချက်)
အရာခပ်သိမ်းကို လွှမ်းခြုံတော်မူသော အရှင်
“မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ကား (အနန္တဘုန်းတော်ရှင် ဖြစ်တော်မူသည့်အတိုင်း) ခပ်သိမ်း(ကုန်သောလောက)တို့ကို လွှမ်းခြုံတော်မူသောအရှင်၊ အလုံးစုံကို အကြွင်းမဲ့ သိတော်မူသောအရှင်” (ကုရ်အာန် ၂း၁၁၅)
“မိုးကောင်းကင် (စကြဝဠာ)များနှင့် ကမ္ဘာဂြိုဟ်တို့၏ အာဏာ အပေါင်းတို့သည် ထိုအရှင်မြတ်၌သာ ရှိပေသည်။ ထို့ပြင် အရေးကိစ္စ အလုံးစုံတို့မှာ၊ ထိုအရှင်မြတ်ထံသို့သာလျှင် ပြန်လည်ရောက်ရှိ ကြရပေမည်” (ကုရ်အာန် ၅၇း၅)
…..“စင်စစ် အဆုံးအဖြတ်မှာ အလ္လာဟ်၏ ထံတော်၌ပင်ရှိ၏” (ကုရ်အာန် ၄၂း ၁၀)
အလ္လာဟ်အရှင်မြတ်သည် စကြဝဠာ ကမ္ဘာလောက ခပ်သိမ်းကို ဖန်ဆင်းဖြစ်ပေါ်စေပြီးနောက်၊ မထိန်းနိုင် မသိမ်းနိုင် ဖြစ်နေသော အရှင်မဟုတ်ပေ။ မောပန်း၍ အနားယူခြင်းလည်း မရှိချေ။ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိ၏။ အရာခပ်သိမ်းအပေါ် အလ္လာဟ်၏ အမိန့်အာဏာ လွှမ်းခြုံလျက်ရှိ၏။ မည်သူ့ကိုမျှလည်း အာဏာဖက်စပ် ခွဲဝေမထားချေ။ လောကခပ်သိမ်းကိုလည်း ကြွင်းမဲ့သိမြင်၊ ကြားတော်မူသော အရှင်ဖြစ်၏။ မည်သူကမျှလည်း အလ္လဟ်ကို မစွပ်ဖက်နိုင်ချေ။ (အစ္စလာမ့် ယုံကြည်ချက်)
တရားအလင်းရောင်ခြည် နူရီတော်ရှင်
“အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင် (စကြဝဠာ) များနှင့် ကမ္ဘာဂြိုလ်၏ နူရ်(တရား အလင်းရောင်ခြည်တော်ရှင်) ဖြစ်တော်မူ၏” (ကုရ်အာန်၂၄း၃၅)(အစ္စလာမ့်ယုံကြည်ချက်)
အလ္လာဟ် အရှင်မြတ်သည် တရားဓမ္မ၏ အရှင် ဖြစ်တော်မူ၏။ ဖန်ဆင်းခံအားလုံးတို့မှာ ထိုတရားကို သိစေခြင်း ခံရသူများသာဖြစ်၏။ လူသားတို့တွင် ပွင့်ခဲ့ကြသော နဗီတမန်တော် အပေါင်းတို့သည် တရား“နူရ်ရောင်ခြည်” သိစေခြင်း ခံခဲ့ကြရသူများသာ ဖြစ်ခဲ့ကြ၏။ ထိုလူသား တမန်တော်များမှ တစ်ဆင့်သာ ကမ္ဘာ့လူသားတို့က တရားရောင်ခြည်ကို သိရ၏။ စင်စစ် အလ္လာဟ်၏ နူရ် တရားရောင်ခြည်သည်လည်း လောကခပ်သိမ်း ကို လွှမ်းခြုံလျက်ရှိ၏။ လူသားတို့ထက် အလျင်တရားရှိ၏။ တရား၏ အရှင်မှာ အလ္လာဟ် ဖြစ်တော်မူ၏။ အလ္လာဟ်သည်သာ လူသားနဗီတို့အား တရားသိစေတော်မူသော အရှင် ဖြစ်တော်မူ၏။

အလ္လာဟ်ကို မည်သူဖန်ဆင်းသနည်း

အလ္လာဟ်ကို မည်သူဖန်ဆင်းသနည်း
“အသင်ပြောလော့။ ထိုအလ္လာဟ် အရှင်မြတ်သည် (အဟဒွန်း)တစ်ပါးတည်း ပြီးပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။ အလ္လာဟ် အရှင်မြတ်သည် (ဆုမဒွန်း) လိုလားတောင့်တခြင်း လုံးဝကင်းတော် မူသော အရှင်၊ သူတစ်ပါးတို့၏ မှီခိုအားထားရာ အရှင်၊ နိစ္စထာဝရ အရှင် ဖြစ်တော်မူ၏” (ကုရ်အာန် ၁၁၂း ၁-၂)
“ထိုအရှင်မြတ်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်။ မည်သူ တစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုမျှလည်း ခံခဲ့ရသည် မဟုတ်ချေ” (ကုရ်အာန်၁၁၂း၃)
“ထိုအရှင်မြတ်၌ ဂုဏ်ရည်တူ ဟူ၍လည်း တစ်ဦး တစ်ယောက်မျှပင် မရှိချေ” (ကုရ်အာန်၁၁၂း၎) (အစ္စလာမ့်ယုံကြည်ချက်)
အလ္လာဟ်အရှင်မြတ်သည် စကြဝဠာ၊ ကမ္ဘာ၊ လောကခပ်သိမ်းနှင့် သက်ရှိသက်မဲ့ အရာခပ်သိမ်း ကို ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူခဲ့သည်။ သို့သော် အလ္လာဟ်သည် ထိုဖန်ဆင်းခံအပေါင်း တို့ကို မလိုအပ် မှီခိုစရာမလိုဘဲ တစ်ပါးတည်း ထာဝရပြီးပြည့်စုံနေတော်မူ၏။ ဖန်ဆင်းခံ အပေါင်းတို့ကသာ အလ္လာဟ်ကို လိုအပ်ကြပေသည်။ ဤသို့ ဆိုလျှင် အလ္လာဟ်ကို မည်သူက ဖန်ဆင်းသနည်း။ နိစ္စထာဝရတရား ဟူသည် အဆုံးသတ်ခြင်း ဟူသော အချိန်နှင့် အာကာသ ကန့်သတ်ချက်တို့မှ ကင်းလွတ်ရ၏။
အလ္လာဟ်အရှင်မြတ်သည် နိစ္စထာဝရ အရှင် ဖြစ်တော်မူပေရာ မွေးဖွားခံရခြင်းနှင့် သေဆုံးခြင်း စသည့် အကြောင်းတရားနှင့် အကျိုးတရား ကန့်သတ်ချက်မှ ကင်းလွတ်တော်မူ၏။ အလ္လာဟ်သည် မွေးဖွားခံရခြင်းနှင့် အလ္လာဟ်က မွေးဖွားခြင်းတို့မှ ကင်းစင်တော်မူ၏။ အလ္လာဟ်သည် အဖေလည်း မဟုတ်၊ သားလည်းမဟုတ်။ အလ္လာဟ်သည် စတင်ခြင်းနှင့် အဆုံးသတ်ခြင်းတို့မှ ကင်းစင်၍ နိစ္စထာဝရ ရှိနေတော်မူ၏။
ထို့ကြောင့် နိစ္စထာဝရ အရှင်ဟူသည် အစ(စတင်ခြင်း) ဖန်ဆင်းခံရခြင်း၊ ဝင်စားခြင်း၊ မွေးဖွားခံရခြင်းတို့မှ ကင်းစင်၏။ အလ္လာဟ်သည် ကျင့်ကြံစရာမလိုဘဲ အစအဆုံးမရှိ ဘဲ ဘုန်းတော် ဂုဏ်တော်အနန္တဖြင့် ပြီးပြည့်စုံနေတော်မူ၏။ ဖန်ဆင်းခံရသော အရှင်၊ မွေးဖွားခံရသော အရှင်သည် စတင်ခြင်း ရှိနေ၍ တစ်ချိန်တွင် အဆုံးသတ်ခြင်းရှိ၍ နိစ္စထာဝရ အရှင် ဂုဏ်တော်နှင့် မကိုက်ညီချေ။ နိစ္စအရှင် အလ္လာဟ်သည်သာ နိစ္စသစ္စာ တရားကို ပြီးပြည့်စုံစွာ ပေးနိုင်တော်မူ၏။ ကန့်သတ်ချက်ရှိသော အရာအားလုံး နိစ္စ တရားမဟုတ်ချေ။ အချိန်နှင့် အာကာသ၊ အကြောင်းတရားနှင့် အကျိုးတရား၊ တုဖက်နှိုင်းယှဉ်နိုင်မှု စသည်တို့သည် ဖန်ဆင်းခံလောက အတွက်သာ ဖြစ်ကြ၏။

Thursday, 27 September 2012

ပြီးပြည့်စုံတော်မူသောအရှင်

ပြီးပြည့်စုံတော်မူသောအရှင် (အစ္စလာမ့်ယုံကြည်ချက်) အလ္လာဟ်သည် ပြီးပြည့်စုံနေတော်မူသည်ဟု ဆိုရာတွင် အလ္လာဟ်နှင့် ယှဉ်ပြိုင်နိုင်သော ဂုဏ်ရည်တူဟူ၍ လောကခပ်သိမ်း၌ တစ်ဦးတစ်ယောက်မျှပင် မရှိ။ အလ္လာဟ်ကို ကူညီရန် သားသမီးဟူ၍လည်း မရှိ။ အလ္လာဟ်တွင် ကိုယ်ခွဲလည်း မထား။ အလ္လာဟ်သည် မည်သည့် အရာကိုမှ မှီခိုအားထားရန်မလိုဘဲ တစ်ပါးတည်းသာ ပြီးပြည့်စုံနေခြင်းသာ ဖြစ်သည်။ လောကခပ်သိမ်းရှိ အရာခပ်သိမ်းမှာ အလ္လာဟ်၏ ဖန်ဆင်းခံများသာ ဖြစ်ကြပေရာ ဖန်ဆင်းခံအားလုံး တို့သည် တစ်ပါးတည်းသော အလ္လာဟ်ကိုသာ မှီခို အားထားနိုင်၏။ အလ္လာဟ်သည်လည်း နိစ္စထာဝရ ပြီးပြည့်စုံနေပေရာ ဖန်ဆင်းခံအားလုံးတို့၏ လိုအပ်ချက်ကို ထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှု လမ်းညွှန်နှင့် အကူအညီကိုလည်း ပေးနိုင်၏။
>ဂုဏ်ရည်တူ မရှိ (အစ္စလာမ့်ယုံကြည်ချက်)
အလ္လာဟ်နှင့်ဂုဏ်ရည်တူသူဟူ၍ မရှိဟု ဆိုရာတွင် အတိတ်ကာလက လည်းမရှိခဲ့။ လက်ရှိလောကတွင်လည်း မရှိ။ နောင် အနာဂတ်ကာလတွင်လည်းရှိမည်မဟုတ်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ကျင့်ကြံအားထုတ် ၍လည်း အလ္လာဟ်နှင့် ယှဉ်နိုင်မည်မဟုတ်။ စကြဝဠာခပ်သိမ်း၊ လောကခပ်သိမ်း၊ နေရာ ကာလမရွး ဂုဏ်ရည်တူ မရှိခြင်းကို ဆိုလိုသည်။ ထို့ကြောင့် အလ္လာဟ်ကို အားထားသူ တစ်ဦးအတွက် မည်သည့်နေရာကာလတွင်မျှ ပူဆွေးဝမ်းနည်းစရာမရှိချေ။ကြောက်ရွံ့စရာလည်း မရှိချေ။
အလ္လာဟ်(၂)ပါး မရှိ (အစ္စလာမ့်ယုံကြည်ချက်)
အတိတ်ခေတ် ရှေးဟောင်း ပါရှန်းတို့သည် စကြဝဠာ အတွင်း၌ အကောင်းနှင့် အဆိုး စွမ်းအင်၂-ခု ရှိသည်ဟု ယုံကြည်ကြသည်။ မုရှ်ရိက် အာရဗ်တို့တွင်လည်း ‘ဘုသ်’ ကိုးကွယ်ရာရုပ်တု စုံတွဲ၂-စုံစီ ရှိခဲ့ကြသည်။ အစ္စလာမ်တွင် အလ္လာဟ်နှင့်ယှဉ်တွဲ၍ မည်သည့်အရာကိုမျှ ကိုးကွယ်ပိုင်ခွင့်မရှိ။
“အလ္လာဟ်အရှင်မြတ်က အသင်တို့သည် ကိုးကွယ်ရာ အရှင်နှစ်ပါး(ရှိသည်ဟူ၍ ယူဆကိုးကွယ်ခြင်း) မပြုကြကုန်လင့်ဟု မိန့်ကြားတော်မူခဲ့သည်။ ထို ကိုးကွယ်ရာ အရှင်သည်ကား (အလ္လာဟ်) တစ်ပါးတည်းသာ ဖြစ်တော်မူပေသည်….” (ကုရ်အာန်၁၆း၅၁)
ကိုးကွယ်ရာ အရှင်(၃)ပါး မရှိ
“ဧကန်အမှန် အကြင်သူတို့သည် ကာဖရ်များ (ငြင်းပယ်သူများ) ဖြစ်သွားကြကုန်၏။ ထိုသူများက အလ္လာဟ်အရှင်မြတ်သည်(ကိုးကွယ်ရာ) သုံးဆူအနက် တတိယ (ဘုရား)ဖြစ်သည်ဟု ပြောဆိုခဲ့ကြကုန်၏။….” (ကုရ်အာန်၅း၇၃)
ကိုးကွယ်ရာ အရှင်များစွာ မရှိ
“အလ္လာဟ်အရှင်မြတ်သည် သားတော်ဟူ၍ တစ်ဦး တစ်ယောက်မျှပင် ရွေးချယ် ပြုလုပ်ထားတော်မူသည် မဟုတ်ပေ။ ထိုအရှင်မြတ်နှင့်အတူ ကိုးကွယ်ရာဟူ၍လည်း (အခြား) တစ်ဦးတစ်ယောက်မျှပင် အလျင်းမရှိချေ။ ထိုသို့ (ကိုးကွယ်ရာအရှင်များစွာ) ရှိခဲ့ပါမူ ကိုးကွယ်ရာ အရှင်တိုင်းသည် မိမိဖန်ဆင်းထားသော အရာခပ်သိမ်း တို့ကို အမှန်ပင် ခေါ်ဆောင်ထွက်ခွာသွားခဲ့မည်သာ မက ထိုကိုးကွယ်ရာတို့အနက် တစ်ဦးသည် တစ်ဦး၏ အပေါ် မုချလွှမ်းမိုးခဲ့မည်သာ။ အလ္လာဟ်အရှင်မြတ် သည် ၄င်းတို့ကြံဖန် စွပ်စွဲ ပြောဆိုကြကုန်သော အကြောင်းကိစ္စတို့မှ လုံးဝ စင်ကြယ်သန့်ရှင်းတော်မူ ပေသည်” (ကုရ်အာန် ၂၃း၉၁)
ဂျင်န်များသည် အလ္လာဟ်နှင့် တွဲဖက်မဟုတ်
“သို့ပါလျက် ထိုသူများသည် ဂျင်န် (အကွယ်အရာ များနှင့် စွမ်းအင်များ)ကို အလ္လာဟ် အရှင်မြတ်၏ တွဲဖက်များအဖြစ် ပြုလုပ်ခဲ့ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် ယင်းတို့ကို ဖန်ဆင်းတော်မူခဲ့သည်…” (ကုရ်အာန်၆း၁၀၀)
လူသားတို့ မျက်စိဖြင့် မမြင်နိုင်သော အကွယ်ရှိ အရာများ၊ စွမ်းအင်များ (ဂျင်န်များ)သည် အလ္လာဟ်နှင့် တန်းတူမဟုတ်။ ကိုးကွယ်ရာလည်း မဟုတ်၊ ‘နတ်’များအဖြစ် ကြောက်ရွံ့ကိုးကွယ်ရန် မလို။ အလ္လာဟ်ကို ယုံကြည်အားထားသူ အဖို့ မည်သည့် နေရာ၊ ကာလတွင်မဆို မည်သည့် အရာကိုမျှ ကြောက်ရွံ့ ကိုးကွယ်ရန် မလိုချေ။
အလ္လာဟ်တွင် သားသမီးဟူ၍မရှိ
“၄င်းပြင် ယင်းတို့သည် မသိနားမလည်ကြပဲလျက် ‘အလ္လာဟ်’အရှင်မြတ်၌ သားသမီးများရှိသည်ဟူ၍ ကြံစည်စွပ်စွဲ ပြောဆိုကြလေသည်။ ထိုအရှင်မြတ်သည် ၄င်းတို့ စွပ်စွဲ ပြောဆိုကြသည် တို့မှ သန့်ရှင်းစင်ကြယ် မြင့်မြတ်တော်မူလှပေ သည်” (ကုရ်အာန် ၆း၁၀၀)

အလ္လာဟ်တွင် ကြင်ရာမရှိ

အလ္လာဟ်တွင် ကြင်ရာမရှိ
“ထိုအရှင်မြတ်သည် မိုးကောင်းကင် စကြဝဠာများနှင့် ကမ္ဘာဂြိုဟ်ကို စတင်ဖန်ဆင်း တီထွင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ ကြင်ရာ ကြင်ဖက် မရှိဘဲလျက် အဘယ်မှာလျင် ထိုအရှင်မြတ်၌ သားသမီး ရှိနိုင်ပါအံ့နည်း။ စင်စစ် ထိုအရှင်မြတ်သည်ပင် (သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည်။ ၄င်းပြင် ထိုအရှင်မြတ်သည်ပင်လျင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသော အရှင်တည်း” (ကုရ်အာန် ၆း၁၀၁)
အလ္လာဟ်အရှင်မြတ်သည် အိပ်၊ စား၊ ကာမ အရာခပ်သိမ်းတို့မှ ကင်းစင်တော်မူ၍ မည်သည့် သက်ရှိသက်မဲ့ကိုမျှ လိုအပ်ခြင်း ကင်းတော်မူ၏။ အရာခပ်သိမ်းသည် အလ္လာဟ်၏ ဖန်ဆင်းခံများသာ ဖြစ်ကြ၏။ အလ္လာဟ်သည် မည်သည့် ဖန်ဆင်းခံကိုမျှ မှီခိုအားထားရခြင်း၊ လိုအပ်ခြင်းမှ ကင်း၍ နိစ္စထာဝရ တစ်ပါးတည်း ပြီးပြည့်စုံနေတော်မူလေသည်။ မည်သည့်သား၊ သမီး၊ ကြင်ဖက်နှင့် အကူအညီကိုမျှ မလိုအပ်ချေ။ အလ္လာဟ်၏ လူသားတမန်တော်များသည် တွဲဖက် ကိုးကွယ်ရာ မဟုတ်
“စင်စစ် ငါအရှင်မြတ်သည် အသင့် (တမန်တော်မုဟမ္မဒ်) အလျင်ကလည်း လူသားများကို သာလျင် (ရစူလ် တမန်တော်များ အဖြစ်)စေလွှတ်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ၄င်တို့ထံ ဝဟီလမ်းညွှန် အမိန့်တော်ကို ပို့တော်မူခဲ့လေသည်”
“….ထို့အပြင် ငါအရှင်မြတ်သည် ယင်း(ရစူလ် တမန်တော်)တို့အား အစာအာဟာရ (စားသောက်ခြင်း)မပြုကြသော ခန္ဓာကိုယ်များ (အဖြစ်) ပြုလုပ်တော်မူခဲ့သည်လည်း မဟုတ်ချေ။ ထိုရစူလ် တမန်တော်များသည်(သေဆုံးခြင်းမရှိဘဲ) အမြဲထာဝရ(အသက်ရှင်)နေသူများလည်း မဖြစ်ခဲ့ကြချေ” (ကုရ်အာန် ၂၁း၇-၈)
“(ငါအရှင်မြတ်သည် ယင်းတမန်တော်များအား) ထင်ရှားသော သက်သေသာဓကများနှင့်တကွ (စေလွှတ်တော်မူခဲ့သည်)....”(ကုရ်အာန်၁၆း၄၄)
လူ့သမိုင်းအစမှ ခေတ်တိုင်း၊ လူမျိုးတိုင်း၊ ယဉ်ကျေးမှုတိုင်းတွင် အလ္လာဟ်သည် လူသားတို့တွင်မှ တမန်တော်များကို ရွေးချယ်ပွင့်ပေါ်စေတော်မူခဲ့သည်။ ထိုလူသား တမန်တော်တို့သည် အလ္လာဟ်ထံမှ တရားရောင်ခြည်ကို‘ဝဟီ’အဖြစ် အမြင့်ဆုံး ဉာဏ်တော်နှင့် သက်သေများ လက်ခံရှိခြင်းမှတစ်ပါး၊ ကိုးကွယ်ခြင်း ခံထိုက်သူများ မဟုတ်ချေ။ လူသားတို့အား အလင်းပြ ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ အလ္လာဟ်၏ သားတော်များ မဟုတ်ကြချေ။ အလ္လာဟ်၏ ကောင်းကင်စကြဝဠာ တမန်တော်တို့သည်လည်း တွဲဖက်ကိုးကွယ်ရာ မဟုတ် (အစ္စလာမ့် ယုံကြည်ချက်)
“ဧကန်စင်စစ် အာခိရတ် တမလွန်ကို မယုံကြည်သော သူတို့သည် မလာအိကဟ်’ ကောင်းကင်တမန်တော်တို့အား မိန်းမများ၏ အမည်နာမများဖြင့် မှည့်ခေါ်ကြကုန်၏” (ကုရ်အာန် ၅၃း၂၇)
“…စင်စစ်မှာကား ကောင်းကင်တမန်တို့သည် ထိုအရှင်မြတ်၏ သားသမီးများမဟုတ်ချေ။ ထိုအရှင်မြတ်၏ မြင့်မြတ်သော ကျွန်များသာ ဖြစ်ကြကုန်၏” (ကုရ်အာန် ၂၁း၂၆)
အလ္လာဟ်အရှင်မြတ်သည် ရုပ်စကြဝဠာ ခပ်သိမ်းကို ဖန်ဆင်းတော်မူပြီးနောက် စကြဝဠာအသီးသီး ကမ္ဘာအသီးသီးတွင် အလ္လာဟ်သတ်မှတ်ထားသော အမိန့်နှင့် စနစ်များအတိုင်း တစ်သဝေမတိမ်း ဖြစ်ပေါ်နေစေရန် မလာအိကဟ်တို့ကို တာဝန်အသီးသီး ပေးအပ်ထားပေသည်။ စကြဝဠာအတွင်းရှိ စွမ်းအင်အသီးသီးတို့သည် သတ်မှတ်ရာနိယာမများကို လိုက်နာနေခြင်းသည် မလာအိကဟ်တို့၏ ဆောင်ရွက်ချက်သာဖြစ်သည်။
သို့သော် ထိုမလာအိကဟ်တို့သည် လူသားတို့ ကိုးကွယ်အားထားရာ ဘုရားများ၊ နတ်များ၊ စွမ်းအားများ မဟုတ်ကြ။ သဘာဝမိခင်ကြီး ဟူ၍လည်း ကိုးကွယ်ရာ မဟုတ်ချေ။ ထို့အတူ၎င်း တို့သည် အလ္လာဟ်၏ သားသမီးများအဖြစ် အလ္လာဟ်နှင့် ယှဉ်တွဲ ကိုးကွယ်ရာများလည်း မဟုတ်ချေ။ ၄င်းတို့သည်လည်း အလ္လာဟ်၏ ဖန်ဆင်းခံများသာ ဖြစ်ကြကုန်၏။ ၄င်းတို့ကို အမည် အမျိုးမျိုးပေး၍ ရပ်တုများ အသွင်ပြုကာ ကိုးကွယ်ရာများအဖြစ် မပြုအပ်ချေ။
မည်သည့် ရုပ်တုကိုမျှလည်း အလ္လာဟ်နှင့် ယှဉ်တွဲ မကိုးကွယ်ရ(အစ္စလာမ့် ယုံကြည်ချက်)
“ယင်း(ဆိုခဲ့ပြီးသော ရုပ်တု)တို့မှာ အသင်တို့ ကိုယ်တိုင်သည်လည်းကောင်း၊ အသင်တို့၏ အဖ၊ ဘိုးဘေးတို့သည်လည်းကောင်း၊ မှည့်ခေါ်ထားသော အမည်နာမများသာလျင် ဖြစ်ကြကုန်၏။ အလ္လာဟ်သည် ယင်းတို့ကို (ကိုးကွယ်ရန်)နှင့် စပ်လျဉ်း၍ မည်သည့် သက်သေ တစ်စုံတစ်ရာမျှပင် ချပေးတော်မူသည် မဟုတ်ပေ။ ထိုသူများသည်ကား ထင်မြင်ချက်နှင့် စိတ်အလိုများကိုသာလျင် လိုက်နာလျက် ရှိကြကုန်၏။ အမှန်မှာ ၄င်းတို့ထံ ၄င်းတို့၏ အရှင်ထံမှ အမှန်တရားလည်းရောက်ရှိလာခဲ့ချေပြီ” (ကုရ်အာန် ၅၃း၂၃)

Wednesday, 26 September 2012

လူသားအချင်းချင်းသည်လည်း အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်ရာမဟုတ်

လူသားအချင်းချင်းသည်လည်း အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်ရာမဟုတ်
ကမ္ဘာဂြိုဟ်ရှိလူသားတို့ကို တရားရောင်ခြည်ပေးရန် နိစ္စထာဝရ ပြီးပြည့်စုံနေသော အလ္လာဟ်သည် မတည်မြဲသော လူ့လောက၌ လူဝင်စားစရာ မလိုချေ။ ကမ္ဘာဦးမှအစမှ ခေတ်အသီးသီး လူသားမျိုးနွယ်တိုင်းတွင် လူသားတို့တွင်းမှ လူသား တမန်တော်အသီးသီးကို ပွင့်ပေါ်စေ၍ အလ္လာဟ်သည် တရားရောင်ခြည်ကို ဝဟီအဖြစ်ပေးခဲ့၏။ ထိုတမန်တော်များမှတစ်ဆင့် ၄င်းတို့ပွင့်ပေါ်ရာဒေသရှိ လူသားတို့အား အလင်းပေးခဲ့သည်။ လူ့သမိုင်းအစမှစ၍ ခေတ်အသီးသီး၊ ဒေသအသီးသီးတွင် တစ်သိန်းနှစ် သောင်းလေးထောင်သော တမန်တော်တို့ ပွင့်ခဲ့ ကြသည်။ နောက်ဆုံး ဝဟီဉာဏ်တော်ရသူ တမန်တော်ချုပ်ကား အာရေဗျတွင် ခရစ်သက္ကရာဇ် (၆၁၀)ခုနှစ်တွင် ပွင့်ပေါ်ခဲ့သောမုဟမ္မဒ်သခင် ပင်တည်း။
နောက်ဆုံး တရားရောင်ခြည် ကျမ်းကား “ကုရ်အာန်”ပင်တည်း။ နောက်ထပ် တမန်တော်အသစ်၊ တရားရောင်ခြည်ကျမ်းအသစ် လာစရာမရှိတော့ချေ။ ကုရ်အာန်သည် ခေတ်တိုင်း၊ လူမျိုးတိုင်းအတွက် ကမ္ဘာ့နောက်ဆုံးနေ့တော်ကြီးတိုင် ရှိနေပေတော့မည်။ ကုရ်အာန်ကျမ်းမြတ်နှင့် အစ္စလာမ်(ဒီန်-သာသနာ) ကို ထိန်းသိမ်းရန်သီးခြား လူတန်းစား တစ်ရပ်မလိုချေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်ကိုယ်တော်တိုင် ထိန်းသိမ်းရန် ကတိတော်ထားပြီးဖြစ်ချေ၏။ (ကုရ်အာန် ၉း၃၁-၃၄/ ၅၇း၂၃)
အလ္လာဟ်ထံမှ တရားရောင်ခြည်လမ်းညွှန် ကုရ်အာန်သည် ခေတ်တိုင်း၊ ဒေသတိုင်း၊ ကျား-မ မရွေး လူသားတိုင်း အတွက် ဖြစ်သည်။ လွယ်ကူ၏။ စနစ်ကျ၏။ ထိရောက်၏၊ ပြီးပြည့်စုံ၏။ အလ္လာဟ်သည် လူသားအတွင်း အဆင့်အတန်းကို “သက္ကဝါ”(ခေါ်)အလ္လာဟ်သိစိတ်ဖြင့် ချစ်ကြောက် ရိုသေ နာခံမှု၊ ယုံကြည်မှုနှင့် ကျင့်ကြံအားထုတ် နာခံမှုဖြင့်သာ ခွဲခြား၏။ မည်သူမဆို ကျား-မ မရွေး အစ္စလာမ်ကို ကြိုးပမ်းအားထုတ်က နောက်ဆုံးတွင် အလ္လာဟ်နှင့် နီးစပ်မှုရသူ(ဝလီ) အဆင့်ကို ရောက်ရှိနိုင်ပါသည်။ အလ္လာဟ်၏ တမန်တော် အဆင့်ကိုမူ အလ္လာဟ်က သတ်မှတ်ပေးသူများသာ ရကြ၏။ ‘ဝလီ’အဆင့်ကား ကျင့်ကြံမှုဖြင့် မည်သူမဆို ရနိုင်၏။ သို့သော် တမန်တော်များ၊ ဝလီများသည်လည်း အလ္လာဟ်နှင့် တန်းတူထား၍ ကိုးကွယ်အားထားရမည့်သူများ မဟုတ်ချေ။
>သောဝ်ဟီးဒ်-လောကခပ်သိမ်းအတွက် နိစ္စသစ္စာစကား
ဖန်ဆင်းရှင်သည်သာ ဖန်ဆင်းခံတို့၏ လိုအပ်ချက်ကို ပြီးပြည့်စုံစွာ သိနိုင်ပေ၏။ ပြီးပြည့်စုံသော အရှင်သည်သာ ပြီးပြည့်စုံသော လမ်းညွှန်မှုကိုပေးနိုင်၏။ နိစ္စထာဝရအရှင်သည်သာ ထာဝရငြိမ်းချမ်းမှု တရားကိုပေးနိုင်၏။ ထို့ကြောင့် စကြဠာလောကခပ်သိမ်းကို ဖန်ဆင်းစောင့်ရှောက် တော်မူသော၊ ဖျက်သိမ်းပြီး ပြန်လည်စစ်ဆေးမည် ဖြစ်သော၊ နိစ္စထာဝရပြီးပြည့်စုံတော်မူသော အလ္လာဟ်သည်သာ လူသားတို့၏ ကိုးကွယ်ရာ ဖြစ်ပေသည်။ အခြားမည်သည့် အရာကိုမျှ အလ္လာဟ်နှင့် တန်းတူ တွဲဖက်ကိုးကွယ်၍မရချေ။ ထို့ကြောင့်နေရာမရွေး၊ ကာလမရွေး၊စကြဝဠာမရွေး ခပ်သိမ်းနှင့်ယှဉ်သော နိစ္စသစ္စာစကား (ကလီမဟ်) သည်ကား….
အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ရာမရှိ (အစ္စလာမ့်ယုံကြည်ချက်)
အလ္လာဟ်ကိုမြင်နိုင်သလား အမြင်အာရုံများသည် ထိုအရှင်မြတ်အား(စိတ်ငုံ) ငုံမိနိုင်သည်မဟုတ်ပေ။ ထိုအရှင်မြတ်သည်ကား အမြင်အာရုံများကို(စိတ်ငုံ) ငုံမိလျက် ရှိတော်မူ၏။ (ကုရ်အာန် ၆း၁၀၃)
အလ္လာဟ်၏ ဂုဏ်တော်များနှင့် သက်သေ လက္ခဏာများ

အလ္လာဟ်သည် တစ်ပါးတည်းနှင့် နိစ္စထာဝရ ပြီးပြည့်စုံနေတော်မူ၏။ အလ္လာဟ်သည် ကျင့်ကြံစရာမလိုဘဲ အစအဆုံးမရှိ၊ လျော့နည်းသွားခြင်းမရှိဘဲ ပြီးပြည့်စုံနေတော်မူ၍ အလ္လာဟ်အလိုရှိတော်မူ၍ ကိစ္စတစ်ခုခုပြုတိုင်း သက်ဆိုင်ရာဂုဏ်တော်တိုင်းထင်ရှားလာ၏။ အလ္လာဟ်၏ အနန္တဂုဏ်တော်ကြောင့် စကြဝဠာ၊ ကမ္ဘာလောက၊ သက်ရှိသက်မဲ့ ခပ်သိမ်းတို့ဖြစ်ပေါ်လာ၏။
ထို့ကြောင့် အလ္လာဟ်သည် မည်သည့် ဖန်ဆင်းခံကိုမျှမလိုပဲ အစအဆုံးမရှိ ပြီးပြည့်စုံနေတော်မူ၏။ ဖန်ဆင်းခံ တိုင်းသည်သာ မပြီးမပြည့်ကြ၍ ဖန်ဆင်းရှင် အလ္လာဟ်ကိုသာ မှီခိုကြရ၏။ ဖန်ဆင်းခံ အချင်းချင်းသည် တစ်ဦးကိုတစ်ဦး ကိုးကွယ်ရာ မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံတိုင်းသည် အလ္လာဟ်၏ ဂုဏ်တော်များ ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော်လည်း ၄င်းတို့ ကိုယ်တိုင် အလ္လာဟ်မဟုတ်ကြဘဲ အလ္လာဟ်ရှိကြောင်း သက်သေများသာ ဖြစ်နေကြ ပေသည်။

Monday, 24 September 2012

အလ္လာဟ်သည် မည်သည့်အရာနည်း ၁

အလ္လာဟ်သည် မည်သည့်အရာနည်း
“….ထိုအလ္လာဟ်အရှင်မြတ်သည် ၄င်းတို့ စွပ်စွဲပြောဆိုကြသည် တို့မှ သန့်ရှင်းစင်ကြယ် မြင့်မြတ်လှတော်မူပေသတည်း” (ကုရ်အာန် ၆း၁၀၀)
“ထို့ပြင် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူဟူ၍လည်း တစ်ဦး တစ်ယောက်မျှပင် မရှိပေ” (ကုရ်အာန် ၁၁၂း၎)
“ထိုအရှင်မြတ်နှင့်တူသောအရာ တစ်စုံတစ်ရာမျှပင် မရှိပေ” (ကုရ်အာန် ၄၂း၁၁)
အလ္လာဟ်သည်မွေးခြင်း၊ သေခြင်း ကန့်သတ်မှုကင်းသော နိစ္စအရှင်ဖြစ်တော်မူ၏။ လူသားတို့မှာ မွေးခြင်း၊ သေခြင်းကန့်သတ်မှု အတွင်းမှ အနိစ္စတရားဖြစ်၏။ အလ္လာဟ်သည် ဘုန်းတော် အနန္တဖြင့် ထာဝရပြီးပြည့်စုံနေတော်မူ၏ လူသားတို့၏ အတွေး၊ အမြင်၊ အသိ၊ အကြား၊ ဆင်ခြင်တုံ့တရား၊ အသိဉာဏ်စသည့် ရုပ်နာမ်စွမ်းအင် အားလုံးတို့မှာ မပြီးမပြည့်စုံကြဘဲ ကန့်သတ်မှု အတွင်း၌သာ ရှိ၏။
ထို့ကြောင့် ကန့်သတ်မှု အတိုင်းအတာကင်းသော အလ္လာဟ်ကို ကန့်သတ်မှုအတွင်းရှိသော လူသားတို့က မခြုံငုံမိနိုင်၊ မသိနိုင်၊ မမြင်နိုင်ချေ။ နိစ္စထာဝရ ပြီးပြည့်စုံနေတော်မူသောအလ္လာဟ်ကို မတည်မြဲသော မပြီးမပြည့်သည့် လူသား၏ ရုပ်နာမ် စွမ်းရည်တို့ဖြင့် မသိနိုင်၊ မမြင်နိုင်၊ ဉာဏ်မမီနိုင်၊ မခြုံငုံနိုင်ချေ။
ထို့ကြောင့် “အလ္လဟ်သည် မည်သည့်အရာဖြစ်သည်” ဟူ၍ ထိုလူသားတို့၏ စွမ်းရည်တို့ဖြင့် ဖော်ပြနိုင်စွမ်းမရှိချေ။ အကယ်၍ အလ္လာဟ်သည် မည်သည့်အရာ ဖြစ်ကြောင်း၊ မည်သည့်အရာနှင့် တူကြောင်း လူသားတို့၏ အသိစွမ်းရည်တို့ဖြင့် ဖော်ပြပါကလည်း အလ္လာဟ်သည်လည်း ကန့်သတ်မှုဘောင်အတွင်း ရောက်ရှိသွားပြီး နိစ္စထာဝရ ပြီးပြည့်စုံသည့် ဂုဏ်တော်နှင့် ကိုက်ညီတော့မည် မဟုတ်တော့ချေ။
ထို့ကြောင့် ကုရ်အာန်တွင်း၌ အလ္လာဟ်နှင့်တူညီသောအရာ၊ အလ္လာဟ်နှင့် နှိုင်းယှဉ်နိုင်သောသူဟူ၍ အလျင်းမရှိကြောင်း ပြဆိုထားခြင်းဖြစ်၏။ ကျွန်ုပ်တို့ အလ္လာဟ်ကို မည်သည့်အရာထင်သနည်း။ ထိုထင်သည့်အရာ တိုင်းသည် အလ္လာဟ်မဟုတ်၊ အလ္လာဟ်သည် လူသားတို့တွေးထင်သော စွပ်စွဲပြောဆိုသော အရာတို့မှ ကင်းစင်တော်မူ၏။ စင်စစ်ကျွန်ုပ်တို့ သိသော ထင်သောအရာ ခပ်သိမ်းတို့မှာ အလ္လာဟ်၏ ဖန်ဆင်းခံ လောက အတွင်းမှ ဖန်ဆင်းခံများသာ ဖြစ်ကြ၏။ အလ္လာဟ်မဟုတ်။ အလ္လာဟ်သည် လူဝင်စားခြင်းလည်းမရှိ။ အလ္လာဟ်ကို ရုပ်တူထု၍ ဖော်ပြ၍လည်းမရ။ အလ္လာဟ်သည် ဓာတ်ကြီး(၄)ပါး အစုအဝေးနှင့် ရုပ်, နာမ် တရားတို့မှ ကင်းစင်တော်မူ၏။ ရုပ်, နာမ် အပေါင်းတို့ကို ဖြစ်စေသော ပကတိအကြောင်းတရား၏ အရှင်ဖြစ်တော်မူ၏။
အလ္လာဟ်၏“ဇဒ်” ပရမတ် အနှစ်သာရသဘောနှင့် အလ္လာဟ်၏“ဆွီဖတ်” ဂုဏ်တော်တို့ကို လူသားတို့၏ အာရုံများနှင့် ယှဉ်သော ဆင်ခြင်တုံ့ တရားနှင့် အသိဉာဏ် အဆင့်ဆင့်တို့ဖြင့် ဝန်းခြုံ စောကျောနိုင်စွမ်းမရှိချေ။ အလ္လာဟ်၏ ဂုဏ်တော် အနန္တအနက် (၉၉)ပါး ကိုသာ လူသားတို့သိကြ၏၊ ကုရ်အာန်ကျမ်းမြတ်တွင် ဖော်ပြထားသော အလ္လာဟ်၏ ဂုဏ်တော်များကို ယေဘုယျအားဖြင့် (၂)မျိုး ခွဲခြားနားလည်နိုင်သည်။“ အလ္လာဟ် ဘာမဟုတ်သလဲ”ကို ပြသော ဂုဏ်တော်များနှင့် “အလ္လာဟ်ဘာလဲ” ဆိုသည်ကို လူသားတို့ နားလည်နိုင်အောင် ဥပမာတင်စားပြသော ဂုဏ်တော်များနှင့် ဖော်ပြချက်တို့ဖြစ်သည်။
“အလ္လာဟ် ဘာမဟုတ်သလဲ” ကိုပြသော ဂုဏ်တော်တို့တွင် မပြီးမပြည့်စုံမှု အားလုံးကို ငြင်းပယ်ထားသည်။ ဥပမာ-အလ္လာဟ်နှင့် ဂုဏ်ရည်တူ၊ နှိုင်းယှဉ်နိုင်သူ၊ တွဲဖက်နိုင်သူ၊ သားသမီး စသည်တို့ကို မရှိခြင်းကို ပြသည်။ ထို့ပြင် လူသားတို့၏ ဆင်ခြင်တုံ့တရားနှင့် အဉာဏ်တို့ ဝန်းခြုံ စောကျောနိုင်မှုမရှိခြင်းကိုလည်း ပြသည်။
ဥပမာ-အလ္လာဟ်တွင် ရုပ်’ နာမ်’ခန္ဓာ’ အို၊ နာ၊ သေ၊ မွေးခြင်း သင်္ခါရ မရှိ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မရှိ၊ လူဂ္ဂိုလ် နတ်ဗြဟ္မာ မဟုတ်၊ ဖြစ်ခြင်း ပျက်ခြင်း ကင်း၏။ အာကာသနှင့် အချိန်ဟူ၍မရှိ၊ အချိန်နှင့် အာကာသဟူသည် ရုပ်တရား၏ သတ်မှတ်မှုသာဖြစ်၏။ အလ္လာဟ်တွင် ကန့်သတ်မှု၊ တိုင်းတာနိုင်မှု၊ အရွယ်အစား နှိုင်းယှဉ်ဖော်ပြနိုင်မှု အလျင်းမရှိ။ လူသားတို့ သိသော၊ မြင်သော အရာအားလုံးသည် တစ်ခုမျှ အလ္လာဟ်မဟုတ်။ အလ္လာဟ်သည် အချိန်နှင့် အာကာသကန့်သတ်မှု မရှိမီကတည်းက ရှိနေတော်မူ၏။
‘အလ္လာဟ်ဘာလဲ’ ကို ဥပမာတင်းစား၍ပြသော ဂုဏ်တော်နှင့် သဘောတို့တွင် အလ္လာဟ်ရှိနေခြင်း၊ နိစ္စထာဝရ ရှိရန် မမြဲလိုအပ်တော်မူသော အရှင်၊ ကိုးကွယ်ခြင်း ခံထိုက်တော်မူသော အရှင်၊ မသေဘဲ ရှင်နေတော်မူသော အရှင်၊ အကြွင်းမဲ့ကြားတော် မြင်တော် သိတော်မူသော အရှင်၊ အလ္လာဟ်၏ အလိုတော်စကား၊ အမိန့်တော်၊ အာဏာတော်၊ ဖန်ဆင်းတော်မူခြင်း စသည်တို့ဖြစ်သည်။
စင်စစ် အလ္လာဟ်သည် လူသားတို့ကဲ့သို့ မျက်စိ, နား ပါရှိ၍ မြင်တော် ကြားတော်မူခြင်းကို ဆိုလိုခြင်း မဟုတ်ချေ။ ထို့အတူ အလ္လာဟ်၏ လက်တော်၊ မျက်နှာတော်၊ ပလ္လင်တော်၊ ကလောင်တံ၊ သင်ပုန်းတော်ကြီး စသည်တို့မှာလည်း သဒ္ဒါနည်းအရ တင်စား ဥပမာပေး၍ ရှင်းပြထားခြင်း များသာဖြစ်ပေသည်။ (အစ္စလာမ့် ယုံကြည်ချက်)

အလ္လာဟ်ကို မမြင်ဘဲ လက်ခံကိုးကွယ်ခြင်းသည် အဓိပ္ပယ်ရှိပါသလော

အလ္လာဟ်ကို မမြင်ဘဲ လက်ခံကိုးကွယ်ခြင်းသည် အဓိပ္ပယ်ရှိပါသလော
လူသားတို့မမြင်နိုင်သော်လည်း၊ ဆင်ခြင်တုံ့တရားနှင့် အသိဉာဏ်တို့ဖြင့် ဝန်းခြုံ စောကျောနိုင်ခြင်း မရှိသော်လည်း အလ္လာဟ် ရှိတော်မူကြောင်းကို အလ္လာဟ်၏ ဖန်ဆင်းခံ လောကခပ်သိမ်း၊ စကြဝဠာ၊ ကမ္ဘာခပ်သိမ်း၊ သက်ရှိ သက်မဲ့ ခပ်သိမ်းတို့မှ တစ်ဆင့် သိနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လောကခပ်သိမ်းရှိ သက်ရှိသက်မဲ့ ခပ်သိမ်းသည် အလ္လာဟ်၏ ဂုဏ်တော်များကြောင့် ထင်ရှားဖြစ်ပေါ်လာသော ဖန်ဆင်းခံတို့သာ ဖြစ်ကြပေရာ မိမိတို့၏ အရှင်သခင် အလ္လာဟ်ရှိကြောင်းကို သက်သေခံနေ ကြပေသည်။
အလ္လာဟ်သည် အလ္လာဟ်ရှိတော်မူကြောင်း လူသားတို့ ဆင်ခြင်စောကျောနိုင်စေရန် လူသားအပါအဝင် ဖန်ဆင်းခံ လောကအတွင်း၌ သက်သေလက္ခဏာ သာဓများစွာ ပြုလုပ်ပေးထားတော်မူ၏။ ဖန်ဆင်းခံ လောကအတွင်းမှ သက်သေ သာဓများကိုကား လူသားတို့ အသိဉာဏ် တိုးတက်လာသည်နှင့်အမျှ ပို၍ သိလာနိုင်ပေသည်။
ထို့ကြောင့် အလ္လာဟ်ကို အလ္လာဟ်၏ သက်သေလက္ခဏာများမှ တစ်ဆင့်သာ လူသားတို့ သိနိုင်ကြပေသည်။ အလ္လာဟ်၏ သက်သေလက္ခဏာတော်များ ကဏ္ဍတွင် အသေးစိတ်ဖော်ပြထားပါသည်။ သက်မဲ့လောကတွင် အဏုမြူ (အက်တမ်)မှုန်လေး အတွင်းမှ စကြဝဠာခပ်သိမ်းအထိ သက်ရှိလောကတွင် (ဆလ်)လေးများမှ ခန္ဓာကိုယ် ဖွဲ့စည်းပုံအထိ အရာခပ်သိမ်းက အလ္လာဟ်ရှိကြောင်း သက်သေထွက်ဆိုနေကြ၏။ လူသားတို့သည် နှလုံးသားတံခါးဖွင့်၍ ရှာဖွေဆန်းစစ်ရန်သာ လို၏။
အလ္လာဟ်၏ နောက်ဆုံးနှင့် ပြီးပြည့်စုံသည့် တရားရောင်ခြည် ကျမ်းမြတ်ကုရ်အာန်သည် လူသားတို့အတွက် သက်သေလက္ခဏာတော်များ အဖြစ် စတွေ့ အလင်းပေးနေသလို အလ္လာဟ်၏ ဖန်ဆင်းခံလောကခပ်သိမ်းကလည်း ရှာဖွေဆင်ခြင်သူတို့အဖို့ လက်တွေ့ သက်သေလက္ခဏာများအဖြစ် ပြည့်နက် နေပေတော့သည်။
“ဧကန်စင်စစ် ငါရှင်မြတ်သည် မိမိ၏ သက်သေလက္ခဏာ သာဓများကို စဉ်းစားဆင်ခြင် သိနားလည်သော သူတို့အဖို့ အသေးစိတ် ရှင်းလင်း ဖော်ပြတော်မူခဲ့လေ သတည်း” (ကုရ်အာန်၆း၉၇)
“ငါအရှင်မြတ်သည် သက်သေသာဓများကို မည်သို့ မည်ပုံ ပြသတော်မူလျက် ရှိသည်ကို အသင်ရှုပါလေ…” (ကုရ်အာန် ၆း၄၆)

အလ္လာဟ်သည် ဘုရားမဟုတ်

အလ္လာဟ်သည် ဘုရားမဟုတ် (အစ္စလာမ့်ယုံကြည်ချက်)
အလ္လာဟ်ကို ဘုရားဟူသော အသုံးအနှုန်းဖြင့် သုံးစွဲခြင်းသည် အဓိပ္ပာယ်လွဲမှားနိုင်သော၊ မပြီးမပြည့်စုံသော ဖော်ပြချက်သာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဘုရားဟူသော အသုံးအနှုန်းကို အဓိပ္ပာယ် အမျိုးမျိုးဖြင့် ကမာ့္ဘအယူဝါဒ အသီးသီးက သုံးစွဲကြသည်။ လူသားဘုရားများ၊ နတ်ဘုရားများ၊ ရုပ်တုဘုရားများ စသည်ဖြင့် ရှိသည့်အပြင် အမျိုးသားဘုရား၊ အမျိုးသမီးဘုရား အဖိုအမ စသည်ဖြင့် ရှိကြ၏။
နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော လောကခပ်သိမ်းတို့၏ အရှင် အလ္လာဟ်ကို (ကုရ်အာန်ကျမ်းမြတ် ကမ္ဘာသို့ကျပြီး နောက်ပိုင်းတွင်) အလ္လာဟ်ဟူ၍သာ ခေါ်သင့်၏။ သို့မဟုတ် အလ္လာဟ်၏ ဂုဏ်တော် များဖြင့်သာ ခေါ်သင့်၏။ အလ္လာဟ်ဟူသော စာလုံးကို အာရဗီ စာပေတွင် ဖန်ဆင်းရှင် အလ္လာဟ်မှလွဲ၍ မည်သည့်နေရာတွင်မှ သုံးစွဲ၍ မရချေ။ ထို့အတူ အလ္လာဟ်ဟူသော စာလုံးအတွက် သဒ္ဒါ အရ အဖို/အမဟူ၍ မရှိဘဲ ပကတိသန့်ရှင်းစင်ကြယ်နေသော၊ ထူးခြားနေသော စာလုံးဖြစ်ပါသည်။
ဘုရားဟူသည် ကျင့်ကြံယူ၍ ရသည်။ တန်ခိုးဟူသည် ကျင့်ကြံယူ၍ရ၏။ အလ္လာဟ်ဖြစ်ရန် မည်သူတစ်ဦးတစ်ယောက်မျှ ကျင့်ကြံ၍ မရချေ။ အလ္လာဟ်၏ ဘုန်းတော် ဂုဏ်တော်တို့သည်လည်း အခြားမည်သူ တစ်ဦးတစ်ယောက်၌မျှ မရှိချေ။ ထို့ကြောင့် အလ္လာဟ်ကို ဘုရားဟူ၍ သုံးစွဲခြင်းသည် နားလည်မှု လွဲမှားစေနိုင်သော ဖော်ပြချက်ဖြစ်၍ မသုံးစွဲအပ်ချေ။
“အလ္လာဟ်၊ ထိုအရှင်မြတ်မှ တစ်ပါး ကိုးကွယ်ရာ အရှင်ဟူ၍ အလျင်းမရှိပြီ။ ထိုအရှင်မြတ်၌ အမြတ်ဆုံးသော ပြီးပြည့်စုံသည့် နာမံတော်များ ရှိ၏” (ကုရ်အာန် ၂၀း၈) (အစ္စလာမ့်ယုံကြည်ချက်)
“စင်စစ် အလ္လာဟ် အရှင်မြတ်၌ ကောင်းမြတ် ပြီးပြည့်စုံသောနာမံတော် (ဂုဏ်တော်)များ ရှိပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား ထိုနာမံတော်များဖြင့်သာ တ’သ’ ကြလေကုန်။ (ထိုနာမံတော်များဖြင့် အခြားအရာများကို မခေါ်ဝေါ်ကြကုန်လင့်။) ၄င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏ နာမံတော် (ဂုဏ်တော်)များနှင့် စပ်လျဉ်း၍ ချွတ်ချော်တိမ်းပါး ပြစ်မှားသူတို့ကို စွန့်ခွာ၍ ထားကြကုန်လော့။ ၄င်းတို့သည် မကြာမီကာလတွင် မိမိတို့၏ အပြုအမူများနှင့် စပ်လျဉ်း၍ အစားပေးခြင်းကို ထိုအရှင်မြတ်သည်ပင် မဟာကရုဏာတော်ရှင်၊ အနန္တကောင်းချီးမင်္ဂလာတော်ရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အလ္လာဟ်ဖြစ်တော်မူ၏။
ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာ အလျင်းမရှိပြီ (အစ္စလာမ့်ယုံကြည်ချက်)
စိုးမိုးအုပ်ချုပ်တော်မူသော အရှင်၊ အီမာန်သစ္စာတရားကို ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်၊ လုံခြုံတည်ငြိမ်မှုကို ထိန်းသိမ်းတော်မူသော အရှင် ဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ စင်ကြယ် သန့်ရှင်းတော်မူပေသည်။ ထိုအရှင်မြတ်သည်ပင် ဖန်ဆင်းတော်မူသော အရှင်၊ ပြုပြင်စီရင် အကောင်အထည် ဖော်တော်မူသော အရှင်၊ ပုံသဏ္ဍာန် အချိုးကျအောင် ပြုလုပ်တော်မူသော အရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ ကောင်းမြတ် ပြီးပြည့်စုံသော နာမံတော်များ ရှိ၏။ မိုးကောင်းကင် များနှင့် ကမ္ဘာဂြိုလ်ဝယ် ရှိသမျှတို့သည် ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြကုန်၏။ ထို့ပြင် ထိုအရှင်မြတ်သည် ဘုန်းတော် အနန္တ၊ ဉာဏ်တော်အနန္တနှင့် ပြီးပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပေသတည်း။ (ကုရ်အာန် ၅၉း၂၂-၂၄)
“(အလ္လာဟ်သည်) အကွယ်၌ ရှိရှိသမျှတို့ကို လည်းကောင်း၊ အထင်အရှား ရှိသမျှတို့ကိုလည်းကောင်း အကြွင်းမဲ့ သိတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၂၃း၉၂)
“မလွဲ ဧကန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များရှိ အကွယ်အရာများကိုလည်းကောင်း၊ ကမ္ဘာဂြိုလ်ရှိ အကွယ်အရာများကိုလည်းကောင်း သိတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၃၅း၃၈)
“ဂိုက်ဘ်” ဟူသည် လူသားတို့၏ဉာဏ်လွှာ အဆင့်ဆင့်နှင့် ဆင်ခြင်တုံ့တရားတို့ဖြင့် ထိုးဖောက်ဝန်းခြုံ သိနိုင်စွမ်း မရှိသော်လည်း အမှန်တကယ် ရှိနေသော အကွယ်တရားများ ဖြစ်ကြသည်
အချိန်နှင့် အာကာသ (time and space) ကန့်သတ်မှုဘောင် အတွင်းရှိ ရုပ်လောကအတွက် ရုပ်မျက်စိတို့ဖြင့် မမြင်နိုင်သော အကွယ်တရားများကိုဖြစ်စေ၊ အချိန်နှင့် အာကာသ စသော ကန့်သတ်ချက်ကင်းသည့် ရုပ်လောက အတွက် လူသားတို့၏ ဉာဏ်လွှာ အဆင့်ဆင့်နှင့် ဆင်ခြင်တုံ့တရားတို့၏ အလွန်မှတရား (ဂိုက်ဘ်) တို့ကိုဖြစ်စေ အလ္လာဟ် သိတော်မူ၏
“ထိုအရှင်မြတ်သည် မိုးကောင်းကင် (စကြဝဠာ) များနှင့် ကမ္ဘာဂြိုလ်တို့ကို ကာလ(၆)ခုဖြင့် ဖန်ဆင်းတော် မူခဲ့သောအရှင် ဖြစ်တော်မူ၏။ ထို့နောက် အရှင်မြတ်သည် အရရှ် (ပလ္လင်တော်) ထက်ဝယ် စံမြန်းတော်မူခဲ့၏။
တစ်နည်း အလ္လာဟ် အရှင်မြတ်၏ အာဏာတော်တို့သည် ဖန်ဆင်းခံလောကခပ်သိမ်းသို့ သက်ရောက်လေသည်။ ထိုအရှင်မြတ်သည် ကမ္ဘာဂြိုလ်၌ ဝင်သောအရာကို လည်းကောင်း ယင်းကမ္ဘာဂြိုလ်မှ ထွက်သော အရာကို လည်းကောင်း၊ မိုးကောင်းကင်မှ ဆင်းသက်သော အရာကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်သို့ တက်သော အရာကိုလည်းကောင်း သိရှိတော်မူ၏။ ၄င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ ရှိကြသော မည်သည့်နေရာ၌မဆို အသင်တို့နှင့်အတူ ရှိနေတော်မူ၏။ ထို့ပြင် အလ္လာဟ်သည် အသင်တို့ ပြုကျင့်သမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ (ကုရ်အာန် ၅၇း၎)
“ထိုအရှင်မြတ်သည်ပင် အဦးဆုံးဖြစ်တော်မူသော အရှင်နှင့် နောက်ဆုံး၌ ရှိနေတော်မူအံ့သော အရှင်၊ ထင်ရှားစွာ ရှိနေတော်မူသော အရှင်နှင့် ဖုံးကွယ်လျက်ရှိနေတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။ ထို့ပြင် ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၅၇း၃)
အလ္လာဟ်သည် လိုလားတောင့်တခြင်း ကင်းမဲ့၍ ပြီးပြည့်စုံစွာ နိစ္စထာဝရ ရှိနေပေရာ အလ္လာဟ်အရှင် မြတ်၏ သဘာဝကို ရုပ်တရား၏ အချိန်ကန့်သတ်မှု၊ အာကာသ ကန့်သတ်မှုတို့ဖြင့် ဖွင့်ဆို၍ မရချေ။ အလ္လာဟ်သည် ပထမဆုံးနှင့် နောက်ဆုံးဖြစ်တော်မူသော အရှင်ဟူသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ အချိန်ကန့်သတ်မှု မရှိဘဲ နိစ္စထာဝရ ဖြစ်တော်မူသော အရှင်၏ သဘောကို ပြဆိုခြင်းသာ ဖြစ်သည်။
ထို့အတူ အလ္လာဟ်၏ ဘုန်းတော်၊ ဂုဏ်တော်၊ ဉာဏ်တော် အနန္တတို့သည်လည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော အချိန်ကန့်သတ်ချက်နှင့် ပို၍လျော့နည်း သွားခြင်း၊ ပို၍တိုးလာခြင်း စသည့် တိုင်းထွာမှု ကန့်သတ်ချက်များမှလည်း ကင်းလွတ်တော်မူ၍ ထာဝရပြီးပြည့်စုံနေတော်မူသည်။ အချိန်နှင့် အာကာသ ကန့်သတ်မှုဟူသည် ဖန်ဆင်းခံတို့အတွက်သာ ဖြစ်၏။ ဖန်ဆင်းရှင် အလ္လာဟ်အတွက် မဟုတ်ချေ။ အချိန်နှင့် အာကာသတို့ ကိုယ်တိုင်သည်ပင် အလ္လာဟ်၏ ဖန်ဆင်းခံများသာဖြစ်ကြသည်။ ထို့ကြောင့် အလ္လာဟ် မည်သည့်အချိန်ကစ၍ ရှိနေသနည်းဟု ဆိုလျင် အချိန်ဟူသော ကန့်သတ်မှုသဘာဝကို မဖန်ဆင်းမီကတည်းက ရှိနေသည်ဟူ၍သာ ဖြစ်၏။
“ဘာသွီနု” ဖုံးကွယ်နေတော်မူသော အရှင်ဟူသည် ကန့်သတ်မှုဘောင်အတွင်းမှ မပြီးမပြည့်စုံသော၊ မတည်မြဲသော ဖန်ဆင်းခံတို့ တိုက်ရိုက် မြင်နိုင်စွမ်း မရှိသော ထာဝရ ကန့်သတ်မှုကင်းသော ပြီးပြည့်စုံနေသည့် အလ္လာဟ်ကို ဆိုလိုသည်။ “အတ်ဇွာဟိရု” ထင်ရှားစွာရှိနေတော်မူသော အရှင်ဟူသည် ဖန်ဆင်းခံတို့ ဖန်ဆင်းရှင် အလ္လာဟ်ကို တိုက်ရိုက် မမြင်နိုင်သော်လည်း ဖန်ဆင်းခံ လောကခပ်သိမ်းတို့မှာ အလ္လာဟ်၏ ဂုဏ်တော်ကြောင့် ထင်ရှားဖြစ်ပေါ်လာကြရ၍ ဖန်ဆင်းရှင် အလ္လာဟ်၏ လက်ရာ သက်သေ လက္ခဏာများကို တွေ့မြင်နိုင်မှုကို ဆိုလိုသည် ထို့သက်သေ လက္ခဏာတော်တို့ကို ဆင်ခြင်ကြည့်ရှုခြင်းဖြင့် ဖန်ဆင်းရှင် အလ္လာဟ်ရှိတော်မူကြောင်း သိနိုင်ပေသည်။

Sunday, 23 September 2012

အလ္လာဟ်၏ အမြတ်ဆုံးသော ပြီးပြည့်စုံသည့် နာမံတော်များ

အလ္လာဟ်၏ အမြတ်ဆုံးသော ပြီးပြည့်စုံသည့် နာမံတော်များ
“ပြောလော့၊ အသင်တို့သည် အလ္လာဟ်ဟူ၍ တသခေါ်ကြလေကုန်၊ သို့တည်းမဟုတ် အရ်ရဟ်မားန်(မဟာကရုဏာတော်ရှင်) ဟူ၍ တသ ခေါ်ကြလေကုန်၊ အသင်တို့သည် မည်သို့ပင် ခေါ်ဝေါ် တသကြသည်ဖြစ်စေ (ကောင်းမြတ်လှပေသည်)။ အဘယ်ကြောင့်ဆိုသော် ထိုအရှင်မြတ်၌ အထူးကောင်းမြတ်လှစွာသော ပြီးပြည့်စုံသည့် နာမံတော်များ ရှိနေပေ၏” (ကုရ်အာန် ၁၇း၁၁၀)
အလ္လာဟ်အရှင်မြတ်သည် အာရဗ်တို့၏ ကိုးကွယ်ရာ အရှင်သာ မဟုတ်၊ မုစ်လင်မ်တို့၏ ကိုးကွယ်ရာ အရှင်သာ မဟုတ်။ လူသားအားလုံး တို့၏ အရှင်ဖြစ်တော်မူ၏။ စကြဝဠာ အနန္တက နာခံနေရသော အရှင်ဖြစ်တော်မူ၏။ ကမ္ဘာမြေပေါ်ဝယ် လူသားစတင် မဖြစ်ပေါ်ခင်ကတည်းက အလ္လာဟ်ရှိ၏။ စကြဠာ လောကခပ်သိမ်း မဖြစ်ပေါ်မီကတည်းက၊ အချိန်နှင့် အာကာသဟူ၍ မရှိခင်ကတည်းက အလ္လာဟ်ရှိနေ၏။ လူသားတို့၏ ကမ္ဘာမြေပေါ်ဝယ် လူသားစတင် မဖြစ်ပေါ်ကတည်းက ဖန်ဆင်းရှင် အလ္လာဟ်ကို မိမိတို့သက်ဆိုင်ရာ ဘာသာစကား အသီးသီးဖြင့် တသ ခေါ်ဝေါ်ခဲ့ကြသည်။ (အစ္စလာမ့်ယုံကြည်ချက်) “…စင်စစ် လူသားမျိုးနွယ်အုပ်စုတိုင်းတွင် သတိပေးနှိုးဆော်သူ တစ်ဦး ပွင့်ရောက်ခဲ့သည်သာ ဖြစ်၏” (ကုရ်အာန် ၃၅း၂၄)
“…လူမျိုးတိုင်းအဖို့ တရားလမ်းမှန်ကို ညွှန်ကြားပြသသူသည် ရှိချေသတည်း” (ကုရ်အာန် ၁၃း၇)
ကမ္ဘာ့ဒေသ အသီးသီးမှ ကိုးကွယ်ရာ အရှင် တစ်ပါးတည်းကို ခေါ်ပုံများ အနောက်တိုင်းမှ ခေါ်ဝေါ်မှု
God {အင်္ဂလိပ်ဘာသာစကား} Got {အာဖရိကန် ဘာသာစကား၊ တောင်အာဖရိက Hollandse မျိုးနွယ်ဖွားများ} Gudd {ဆွီဒင်၊ နော်ဝေ နှင့် ဒိန်းမတ် ဘာသာစကား} Allon {ရှေးဟောင်းဖိုးနီးရှင်း Phoenician စကား} Ado {Cannanites}
လက်တင်ဘာသာစကား
Deus {ပေါ်တူဂီ} Dio {အီတလီ} Dia {စကော့ နှင့် အိုင်းရစ်} Dieu {ပြင်သစ်} Dios {စပိန်} Duw {ဝဲ့လ်ရှ်} အားလုံးမှာ Heaven ကောင်းကင်ဟူ၍ အဓိပ္ပာယ်ရသည်။ အစ္စရာအိလ် ဘာသာ စာပေကျမ်းများတွင် Y H W H စာလုံးလေးလုံးကို (ယာဟူဝါ Yahuwa ဟူ၍) အသံထွက် မဖတ်ဘဲ Adonai ဟူ၍ အသံထွက် ဖတ်ကြ၏။ ထိုယုံကြည်ချက်အရ စာလုံး (၄) လုံးကို အသံထွက် မဖတ်ရဟု ပြင်းထန်စွာ တားမြစ်ထားသည်။ ထို ယ-ဟ-ဝ-ဟ စာလုံး(၄) လုံးကို တွေ့တိုင်း Adorai သို့ မဟုတ် Elohim (အီလိုဟင်မ်)ဟုသာ ဖတ်ကြ၏။ El, Elah, Elobim စသည်ဖြင့် ခေါ်ဝေါ်ကြသည်။
အရှေ့တိုင်း (အန္ဒိယ)တွင် Pramatma ဟု ခေါ်ဝေါ်ကြသည်။ အာဖရိက ဇူးလူးမျိုးနွယ်တို့က u MVELIOQANGI ဟူ၍ လည်းကောင်း၊ အာဖရိက မျိုးနွယ် (ဇမ်ဘေဆီမြစ် တောင်ပိုင်း) များသည် Tixo, Modimo, u NKULUNKULU စသည်တို့ဖြင့် လည်းကောင်း တစ်ပါးတည်း အရှင်ကို မိမိတို့ ဘာသာစကား အသီးသီးဖြင့် ခေါ်ဝေါ်ကြသည်။
အာဖရိက မျိုးနွယ်များတို့တွင် စာပေမရှိခဲ့၍ မည်သည့်ခေတ် မည်သည့်အခါက မည်သည့် အလင်းပြပုဂ္ဂိုလ်သည် မိမိတို့အား အထက်ပါ တစ်ပါးတည်း ကိုးကွယ်ရာ အရှင်ကို မည်သို့တင်ပြဟောကြားခဲ့ကြောင်း မှတ်တမ်းမရှိခဲ့သော်လည်း မိမိတို့ မိရိုးဖလာ ထုံးစံအတိုင်း ကိုးကွယ်ရာ အရှင်တစ်ပါးတည်းကိုသာ ယနေ့တိုင် ကိုးကွယ်လျက် ရှိကြသည်။ သြစတြေးလျတိုက် တောင်ပိုင်းတွင် ရှေးဟောင်း မူရင်းမျိုးနွယ်များ Austroloid နေထိုင်ကြ၏။ ဥရောပသားတို့ သြစတြေးလျသို့ စတင်ရောက်ချိန်တွင် ထိုမူရင်းမျိုးနွယ်(၃) သိန်းမျှလောက် ရှိခဲ့၏။ နှစ်ပေါင်း၂၀၀ ကျော်ကြာသောအခါ ထက်ဝက်မျှသာရှိတော့၏။
၎င်းတို့က ကိုးကွယ်ရာ အရှင်ကို Atnatu ဟုခေါ်ကြ၏။ အဓိပ္ပာယ်မှာ “စအိုမရှိသူ”ဟူ၍ ရ၏။ အခြားသူတို့အတွက် ရယ်စရာဖြစ်ကောင်းဖြစ်မည် ဖြစ်သော်လည်း ထိုမျိုးနွယ်တို့အတွက် အဓိပ္ပယ်ကား နက်နဲလှ၏။ ၄င်းတို့၏ ယဉ်ကျေးမှု အသိတို့ဖြင့် ကိုးကွယ်ရာ အရှင်သည် အိပ်၊ စား၊ ကာမ ကင်း၏။ အညစ်အကြေး ကင်း၏ စသည့် သန့်ရှင်းစင်ကြယ်တော်မူသော အရှင် သဘောကို ဆိုလိုခြင်းသာဖြစ်၏။ ကမ္ဘာ့ဒေသ အသီးသီးတွင် မိမိတို့၏ ကိုးကွယ်ရာ အရှင် တစ်ပါးတည်းကို အမည်နာမ အမျိုးမျိုးနှင့် ဘာသာစကား အသီးသီးဖြင့် ခေါ်ဝေါ်နေကြပေသည်။
ထို့ကြောင့် ကမ္ဘာ့ဒေသ အသီးသီးတွင် လူမျိုး အဖုံဖုံ တို့သည် အယူဝါဒများ ကွဲပြားနေကြသော်လည်း အထက်ပါအတိုင်း မိမိတို့၏ (တစ်ပါးတည်း)ကိုး ကွယ်ရာ အရှင်ကိုသာ အမည်နာမ အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြပေသည်။

အခန်း(၂) ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း {CREATION}

အခန်း(၂) ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း {CREATION}
“ချီးမွမ်းထောမနာခြင်း အပေါင်းတို့သည် စကြဝဠာလောကခပ်သိမ်းတို့ကို မရှိရာမှ ရှိရာသို့ ပြီးပြည့်စုံသည့်တိုင် အဆင့်ဆင့် ပြုစုပျိုးထောင် မွေးမြူ ဖန်ဆင်းတော်မူသော အလ္လာဟ် အရှင်မြတ် အတွက်သာတည်း” (ကုရ်အာန် ၁း၂) (အစ္စလာမ့်ယုံကြည်ချက်)
>ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း
အစ္စလာမ်၏ သောဝ်ဟီးဒ်(ခေါ်) နိစ္စသစ္စာဖြစ်သော အလ္လာဟ်တစ်ပါးတည်း နိစ္စထာဝရ ပြီးပြည့်စုံစွာ ရှိနေခြင်းကို လေ့လာပြီးလျင် အစ္စလာမ်က ပြဆိုသော ဖန်ဆင်းတော်မူခြင်း သဘောကို ရှင်းလင်းစွာ သိရှိရန်လိုအပ်ပေသည်။ ကုရ်အာန်ကျမ်းမြတ်အတွင်း၌ ဖန်ဆင်းတော်မူခြင်း နှင့် စပ်လျဉ်း၍ နေရာများစွာတို့၌ ခွဲခြား ရှင်းလင်း ပြဆိုထားပေသည်။ အဓိက အချက်အလက်တို့ကို လေ့လာကြပါစို့။

မရှိရာမှ ရှိရာသို့ စတင်ထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း

မရှိရာမှ ရှိရာသို့ စတင်ထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း
“(ထိုအလ္လာဟ် အရှင်မြတ်သည်) မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုလ်ကို စတင်ဖန်ဆင်း တော်မူသော အရှင်ဖြစ်တော်မူ၏။” (ကုရ်အာန် ၂း၁၁၇)
မိုးကောင်းကင်များဟူသည် လူသားတို့ ဦးခေါင်းပေါ်ရှိ အရာအားလုံး (စကြဝဠာခပ်သိမ်း)ကို ဆိုလိုသော ကုရ်အာန်ကျမ်းမြတ်၏ အသုန်းအနှုန်းဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်သည် စကြဝဠာခပ်သိမ်းနှင့် ကမ္ဘာဂြိုလ်တို့ကို မရှိရာမှ ရှိရာသို့ စတင်ဖြစ်ပေါ် စေရခြင်းတို့၏ မူလ ပထမဆုံးသော {Prime Origin}အကြောင်း တရား၏ အရှင်ဖြစ်တော်မူ၏။ ရုပ်ဝါဒီသမားတို့က စကြဝဠာ အတွင်း၌ မူလပထမဆုံးသော ရုပ်ဝတ္ထု {Matter} များသည် နိစ္စထာဝရ တည်ရှိနေကြ၏။
လက်ရှိ လူသားတို့ မြင်နေရသော စကြဝဠာခပ်သိမ်း၊ သက်ရှိသက်မဲ့ ခပ်သိမ်းတို့သည် မတည်မြဲဘဲ ပျက်စီးကြရမည်။ မူလပထမဆုံးသော ရုပ်ဝတ္ထုများထဲ ပြန်ဝင်စားကြ၍ အရာဝတ္ထုများ ဖြစ်ပေါ်စေခြင်း၏ အခြေခံတရားအဖြစ် ရှိနေမည်ဟုဆိုကြသည်။ ကုရ်အာန်ကမူ ထိုအခြေခံတရား ရုပ်ဝတ္ထုများ ဖြစ်ပေါ်စေသော အဆုံးစွန်သော မူလပထမ အကြောင်းတရား၏ အရှင်မှာ အလ္လာဟ်ဖြစ်ကြောင်း အထိပြဆိုသည်။ စကြဝဠာကို ထာဝရ တည်နေမည်ဟု ယူဆသူတို့အတွက် စကြဝဠာ ခပ်သိမ်းသည် အလ္လာဟ်၏ ဖန်ဆင်းခံဖြစ်ကြောင်း ပြ၏။
အလ္လာဟ်သည် အက်တမ် အဏုမြူမှုန်များနှင့် ယင်းထက်သေးငယ်သော ဓာတ်များ၊ ရေ၊ မြေ၊ လေ၊ မီး အာကာသ ဓာတ်အပါအဝင် ရုပ်၊ နာမ် အားလုံးတို့ကို ဖြစ်ပေါ်စေသော မူလပကတိ အကြောင်းတရား၏ အရှင်သခင်ဖြစ်သည်။ အလ္လာဟ်သည် အကြောင်းတရား၊ အကျိုးတရား အားလုံးတို့ကို ဖြစ်ပေါ်စေသော နိစ္စထာဝရပြီးပြည့်စုံနေသည့် အရှင် ဖြစ်တော်မူ၏။
>ဆင့်ကဲဖြစ်စဉ် {EVOLUTION} (အစ္စလာမ့်ယုံကြည်ျက်)
ကုရ်အာန်ကျမ်းမြတ်အတွင်း၌ မူလအခြေခံ ရုပ်နှင့် စွမ်းအင်တို့မှ အရာဝတ္ထုအသစ်များ အဆင့်ဆင့် တရွေ့ရွေ့ ထင်ရှားဖြစ်ပေါ်လာစေခြင်းနှင့်စပ်လျဉ်း၍ အဓိက ဖော်ပြချက်နှစ်မျိုးမှာ‘အမ်ရ်’နှင့် ‘ခလက’ တို့ဖြစ်သည်။ ‘ခလက’ဟူသော အသုံးအနှုန်းသည် မူလရှိနှင့်ပြီးဖြစ်သော အခြေခံရုပ် ဝတ္ထုပစ္စည်းများမှ အရာဝတ္ထုသစ်များကို ဆင့်ကဲဖြစ်စေဖြစ်သည်။
“(ထိုမျှပင်မကသေး) မည်သည့်အခါမဆို ထိုအရှင်မြတ်သည် တစ်စုံတစ်ခုသော အမှုကိစ္စကို စီရင်ဆုံးဖြတ် ပြဋ္ဌာန်းလိုတော်မူပါလျင်“ဖြစ်စေ” ဟူသော အမိန့်တော် ပေးရုံမျှဖြင့် ထိုအမှုကိစ္စ အဝဝတို့သည် (အလိုရှိတော်မူသည့်အတိုင်း) ဖြစ်ပေါ်လာလေသတည်း” (ကုရ်အာန်၂း၁၁၇)
“(ထိုအရှင်မြတ်သည်) သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၆း၁၀၂)
အထက်ပါ အာယာသ်တော်များ အရ အလ္လာဟ်ရှိနေခြင်း၊ အလ္လာဟ်အမိန့်ကိုနာခံရန် အရာဝတ္ထုရှိနေခြင်း၊ ထိုအရာဝတ္ထုသည် အလ္လာဟ်အမိန့်ကိုသာ ခံယူနိုင်သော စွမ်းရည်နှင့် အလ္လာဟ်အမိန့်တော် အတိုင်းပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်စွမ်းရှိခြင်း စသည်တို့ဖြင့် မူလအခြေခံ ရုပ်ဝတ္ထုတို့သည် အလ္လာဟ်အလိုတော်ရှိသည့်အတိုင်း အဆင့်ဆင့် ပြောင်းလဲထင်ရှား ဖြစ်ပေါ်စေခြင်းဖြစ်၏။ ထိုသို့အရာဝတ္ထု အသစ်များ ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်ရခြင်းသည် အလ္လာဟ်၏ အမိန့်တော် အမ်ရ် ကြောင့်ဖြစ်ရ၏။
ဤ (ဖြစ်စေ ဖြစ်လာ၏) စီမံမှုအမိန့်တော် အမ်ရ်၏ သဘော သဘာဝနှင့် မည်သို့ဆောင်ရွက်သည် စသည်တို့မှာ မပြီးမပြည့်စုံသော လူသားတို့၏ ဉာဏ်နှင့် ဆင်ခြင်တုံ့တရားတို့ဖြင့် မမီနိုင်ချေ။ ထိုစီမံမှု အမိန့်တော်ကို ရုပ်တရား၏ ကန့်သတ်ချက် အချိန်ကာလတို့ဖြင့်လည်း ရှင်းလင်း၍မရချေ။
“စင်စစ် ငါအရှင်မြတ်၏ အမိန့်တော်(အမ်ရ်) မှာ တစ်ကြိမ်တည်း အမိန့်ပေးရုံမျှဖြင့် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားပေမည်” (ကုရ်အာန် ၅၄း၅၀)
“စင်စစ် ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသော ကိစ္စကို ဆောင်ရွက်တော်မူသည်” (ကုရ်အာန် ၁၄း၂၇)
“ထိုအရှင်မြတ်သည် မိမိ ပြုလုပ်တော်မူသော ကိစ္စများနှင့် စပ်လျဉ်း၍(မည်သူ့ရှေ့၌မျှ) ထုတ်ချေတော်မူရမည် မဟုတ်” (ကုရ်အာန် ၂၁း၂၃)
ဥပမာ ‘မီးမှာ ဘာကြောင့်လောင်တဲ့ အစွမ်းရှိရသလဲ’ ‘အရာဝတ္ထုများ ဘာကြောင့် ကမ္ဘာမြေပေါ်သို့ ပြန်ကျရတာလဲ’ စသည်ဖြင့် မည်သူ တစ်ဦး တစ်ယောက်မျှ စောဒက တက်နိုင်စွမ်း မရှိချေ။ အလ္လာဟ်သတ်မှတ်ထား သော ဥပဒေသများ၏ စတင်ခြင်း၊ မူလပထမဆုံး အလ္လာဟ် သတ်မှတ်လိုက်သော ဥပဒေသ (နိယာမ) များသည် ထိုသတ်မှတ်ထားသော ပုံစံအတိုင်း ဆက်လက် ဖြစ်ပေါ်နေတော့သည်။ ယင်းကို သဘာဝနိယာမတရားဟူ၍ လူတို့က ခေါ်ဝေါ်ကြလေသည်။

တိုင်းတာသတ်မှတ်ထားမှု

တိုင်းတာသတ်မှတ်ထားမှု(သက္ကဒီရ်)
အလ္လာဟ်၏ စီမံမှု အမိန့်တော်အရ ပထမဆုံး ဖြစ်ပေါ်လာသော ဥပဒေသများသည် အလ္လာဟ်သတ်မှတ်ထားသည့် ပုံစံအတိုင်း အသီးသီးထင်ရှားဖြစ်ပေါ်စေခြင်းကို သက္ကဒီရ် ဟုခေါ်သည်။
“ဧကန်မလွဲ ငါအရှင်မြတ်သည် အရာခပ်သိမ်း တို့ကို တိုင်းတာသတ်မှတ်၍ ဖန်ဆင်းတော်မူခဲ့သည်” (ကုရ်အာန်၅၄း၄၉)
“စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် (အမ်ရ်) သည်ကား ကောင်းမွန်စွာ တိုင်းတာ သတ်မှတ်ပြီး ဖြစ်ပေသတည်း” (ကုရ်အာန်၃၃း၃၈)
အလ္လာဟ်၏ သက္ကဒီရ် သတ်မှတ်ချက်အရ စကြဝဠာ ခပ်သိမ်း အတွင်း၌ မည်သူကမျှ ရုပ်ဝတ္ထု စွမ်းအင်များကို လုံးဝဖျောက်ဖျက် ပစ်နိုင်ခြင်း၊ အသစ်များထပ်ထည့်နိုင်ခြင်း မရှိတော့ချေ။ ထိုအလ္လာဟ်၏ တိုင်းတာသတ်မှတ်မှု(သက္ကဒီရ်) ကို သိပ္ပံပညာက စွမ်းအင်နိယာမ အဖြစ်တွေ့ရှိနေရခြင်းသာ ဖြစ်၏။
“စွမ်းအင်ကို ဖျောက်ဖျက်၍မရ၊ အသစ်ဖန်တီး၍လည်းမရ”
ဖော်ပြပါ သိပ္ပံ၏ စွမ်းအင်တည်မြဲမှုနိယာမသည် ဖန်ဆင်းရှင် မရှိဟု ဆိုခြင်းမဟုတ်ပေ။ ဖန်ဆင်းရှင် အလ္လာဟ်မှလွဲ၍ ဖန်ဆင်းခံ လောက အတွင်း၌ မည်သူမျှ အလ္လာဟ်၏(သက္ကဒီရ်) တိုင်းတာ သတ်မှတ်ထားမှုကို ဝင်ရောက်စွက်ဖက်နိုင်မှု မရှိခြင်းကိုသာ ပြဆိုသည်။ သိပ္ပံ အရစွမ်းအင်တို့ကို အသွင်တစ်ခုမှ အခြားအသွင်တစ်ခုသို့ ပြောင်းလဲခြင်းပြုနိုင်သော်လည်း မည်သူမျှ စွမ်းအင် အသစ်ကို ထည့်ခြင်း၊ရှိပြီးသော စွမ်းအင်တို့ကို ဖျောက်ဖျက်ခြင်းတို့ မပြုနိုင်တော့ချေ။ အလ္လာဟ်သည် စွမ်းအင်အားလုံးတို့ကို ဖြစ်ပေါ်စေသော ဘုန်းတော် ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။
>သောဝ်ဟီဒ်နှင့် ဖန်ဆင်းတော်မူခြင်း
“ထိုအရှင်မြတ်သည် တစ်ပါးတည်းသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၆း၁၉)
“ထို့ပြင် အလ္လာဟ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့သည်။ ထိုအချိန်တွင် ယင်းမိုးကောင်းကင်သည် အခိုးအငွေ့သာ ဖြစ်နေခဲ့၏” (ကုရ်အာန်၄၁း၁၁)
“စင်စစ် မိုးကောင်ကင်များနှင့် ကမ္ဘာဂြိုဟ်သည် မူလက ပူးကပ်လျက်ရှိခဲ့သည်၊ ထို့နောက် ငါအရှင်မြတ်သည် ယင်းနှစ်ခုလုံးကို တစ်ခုစီ ခွဲခြားတော်မူခဲ့၏။ (ဤသည်ကို) မယုံကြည်သူများ မသိမမြင်ခဲ့ကြလေသလော။ ထို့ပြင် ငါအရှင်မြတ်သည် ရေဖြင့် ခပ်သိမ်းကို ဖန်ဆင်းတော်မူခဲ့သည်” (ကုရ်အာန်၂၁း၃၀)
“ချီမွမ်းထောမနာခြင်း အပေါင်းတို့သည် လောကခပ်သိမ်းကို မဖြစ်ပေါ်မီကစ၍ ပြီးပြည့်စုံသည့်တိုင်အောင် အဆင့်ဆင့် ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာတည်း” (ကုရ်အာန်၁း၂)
“အလ္လာဟ် အရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်အကြား ရှိသမျှတို့ကိုလည်းကောင်း ကာလ(၆)ခုတွင် ဖန်ဆင်းတော်မူခဲ့ပြီးနောက် အရရှ်ပလ္လင်ထက်ဝယ် စံမြန်းတော်မူခဲ့၏” (ကုရ်အာန်၃၂း၎)
“စင်စစ် ထိုအရှင်မြတ်၏ အရရှ်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်” (ကုရ်အာန်၁၁း၇)
“ထို့ပြင် ငါအရှင်မြတ်သည် သက်ရှိ ခပ်သိမ်းတို့ကို ရေဖြင့် ဖန်ဆင်းတော်မူခဲ့သည်” (ကုရ်အာန်၂၁း၃၀) (အစ္စလာမ့်ယုံကြည်ချက်)
“မိုးကောင်းကင်များ၌ လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ လည်းကောင်း၊ ရှိကြသောသူ ဟူသမျှတို့သည် “အရ်ရဟ်မားန်” အနန္တကရုဏာရှင်၏ ရှေ့မှောက်တွင် ကျွန်အဖြစ်နှင့် လာရောက်ကြရမည့် သူချည်းသာဖြစ်ကြသည်။ ဧကန်မလွဲ ငါအရှင်မြတ်သည် ၄င်းတို့အား ဝန်းခြုံထားသည့် အပြင် ၄င်းတို့အား ရေတွက်၍လည်း ထားတော်မူ၏။ စင်စစ် ထိုသူတို့ အသီးသီးတို့သည် ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် တစ်ဦးချင်း လာရောက်ရမည့်သူများသာလျင် ဖြစ်ကြကုန်၏” (ကုရ်အာန် ၁၉း၉၃-၉၄-၉၅) (အစ္စလာမ့်ယုံကြည်ချက်)
“…ထို အရှင်မြတ်သည် အသင် (လူသားတို့အား) နဖ်ဝိညာဉ်တစ်ခုတည်းမှ ဖန်ဆင်းတော်မူခဲ့လေသည်” (ကုရ်အာန်၎း၁)
“စင်စစ် ငါအရှင်မြတ်သည် မိုးကောင်းကင် များကိုလည်းကောင်း၊ ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် မြေစပ်ကြား၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ မှန်ကန်သော ရည်ရွယ်ချက်နှင့် တကွ ဖန်ဆင်းတော်မူခဲ့လေသည်။ ၄င်းပြင် ကိယာမသ် (ရှင်ပြန်ထမည့်) နေ့သည် မုချ ဆိုက်ရောက်လာမည်ဖြစ်သည်”(ကုရ်အာန်၁၅း၈၅)
“…ကစားရန် ဖန်ဆင်းတော်မူသည်မဟုတ်။ အကယ်၍သာ ငါအရှင်မြတ်သည် အပျင်းပြေ ကစားစရာကိုသာ ပြုလုပ်ရန် ရည်စူးတော်မူခဲ့ပါလျင် (ယင်းသို့) ပြုလုပ်တော်မူမည့် အရှင်လည်း ဖြစ်တော်မူပါလျင် မိမိထံ၌ ရှိသည်တို့ အနက်မှပင် ပြုလုပ်တော်မူပေမည်” (ကုရ်အာန် ၂၁း၁၆-၁၇)
“မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း ဖန်ဆင်းခြင်းသည် လူသားတို့အား ဖန်ဆင်းခြင်းထက် အမှန်ပင် ပို၍ ကြီးကျယ်လှပေသည်” (ကုရ်အာန် ၄၀း၅၇)
“ဧကန်မလွဲ (အားလုံး၏)ပြန်လည် ရောက်ရှိခြင်းသည် အသင်၏ အရှင်မြတ်ထံတော်သို့သာလျင် ဖြစ်၏” (ကုရ်အာန်၉၆း၈) (အစ္စလာမ့်ယုံကြည်ချက်)
လောကခပ်သိမ်းရှိ ရုပ် နှင့် နာမ် စွမ်းအင် {Energy}ခပ်သိမ်းသည် မူလအခြေခံ စွမ်းအင်တော်ကြီး ဖြစ်တော်မူသည့် အလ္လာဟ်၏ ဘုန်းတော် {Might}ကြောင့် ဖြစ်ပေါ်လာရ၏။ အလ္လာဟ်သည် အရာခပ်သိမ်းကို သက္ကဒီရ် သတ်မှတ်ထား၍ မည်သည့်စွမ်းအင်ကိုမျှ ဖန်ဆင်းခံတို့ထံမှ အသစ်ထည့်ခြင်း၊ ဖျောက်ဖျက်ခြင်း ပြု၍မရ။ ရှိပြီးစွမ်းအင်တို့ကိုသာ လူသားတို့ ပြုပြင်ပြောင်းလဲမှုသာ ပြုနိုင်၏။
အလ္လာဟ်သည်သာ စွမ်းအင် အသစ်ထည့်ခြင်း၊ ဖျောက်ဖျက်ခြင်းတို့ကို ပြုနိုင်၏။ လူသားတို့၏ နာမ်ပိုင်းဆိုင်ရာ ကုသိုလ်၊ အကုသိုလ်တို့မှာလည်း ဖျောက်ဖျက်၍ မရ။ အလ္လာဟ်ထံတွင် မှတ်တမ်းတင်ထားပြီး ဖြစ်၏။ နောက်ဆုံးတွင် ရုပ်နှင့် စွမ်းအင် (ကုသိုလ်၊ အကုသိုလ်မှတ်တမ်း) တို့သည် မူလစွမ်းအင် အလ္လာဟ်၏ ဘုန်းတော်ဖြင့် ပြန်လည်စုရုံးခြင်းခံရ၍ အကျိုးအပြစ်ပေးခြင်း ခံရမည်သာ ဖြစ်ပေသည်။
မည်သူမဆို မိမိ၌ရှိသော ရုပ်၊ နာမ် စွမ်းအင်တို့ကို ကောင်းမှုအသွင် ပြုပြင်၍လည်း ရ၏။ မကောင်းမှု အကုသိုလ် အသွင်ပြု၍လည်းရ၏။ သို့သော် မိမိပြုသော ကုသိုလ်၊ အကုသိုလ်တို့သည် ပျောက်ပျက်မသွားပါ။ အလ္လာဟ်ထံတော်တွင် (ကိယာမသ်)ရှင်ပြန်ထရမည့်နေ့တွင် အစားပေးခြင်ခံရပေမည်။ သိပ္ပံကပြောနေသော စွမ်းအင်တည်မြဲမှု နိယာမက သက်သေပင်ဖြစ်သည်။
စင်စစ် စကြဠာ လောကခပ်သိမ်းရှိ နာမ်နှင့် စွမ်းအင် အားလုံးတို့သည် နောက်ဆုံးနေ့တော်ကြီး၌ ရှင်ပြန်ထမည့် နေ့တွင် လက်ရှိ အသွင်မှ ပျက်စီးကြ၍ လူသားတို့ မသိနိုင်သော အသွင် အသစ်ဖြင့် အသစ်တစ်ဖန် ပြန်လည်ဖန်ဆင်းခံရ၍ အစားပေးမှုကို ခံရပေလိမ့်မည်။ အလ္လာဟ်၏ ဘုန်းတော်သည်သာ အမြဲထာဝရ ရှိနေ၏။

ဖန်ဆင်းတော်မူခြင်း၏ ရည်ရွယ်ချက်

ဖန်ဆင်းတော်မူခြင်း၏ ရည်ရွယ်ချက် (အစ္စလာမ့်ယုံကြည်ချက်)
“အလ္လာဟ်သည်ပင် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသည့်ပြင် ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ အပေါ်ဝယ် ထိန်းသိမ်းတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန်၄၉း၆၂)
“ဖန်ဆင်းမှုသည် လည်းကောင်း၊ အမ်ရ် အမိန့်အာဏာတော်သည် လည်းကောင်း ထို အရှင်မြတ်၌သာလျင် ရှိသည်ကို ကောင်းစွာမှတ်ယူကြလေကုန်” (ကုရ်အာန်၇း၅၄)
“…အလ္လာဟ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်တို့ကို လည်းကောင်း၊ ယင်းနှစ်ခုစပ်ကြား၌ ရှိသမျှတို့ကို လည်းကောင်း မှန်ကန်သော ရည်ရွယ်ချက်နှင့် သတ်မှတ် ပြဋ္ဌာန်း အပ်သော အချိန်ကာလ အတွက်သာ ဖန်ဆင်းတော်မူခဲ့သည်။ သို့တစေလည်း များစွာသော သူတို့မှာမူကား မိမိတို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်နှင့် တွေ့ဆုံရမည်ကို အမှန်ပင် ငြင်းပယ်သူများသာ ဖြစ်ကြကုန်၏” (ကုရ်အာန် ၃၀း၈)
“ပြောလော့၊ အသင်တို့သည် အလ္လာဟ်အပြင် မိမိတို့ထင်မှား ကိုးကွယ်ခဲ့ကြသော သူတို့အား ဟစ်ခေါ်ကြလေကုန်၊ ထိုသူတို့သည် မိုးကောင်းကင် စကြဝဠာများ၌ လည်းကောင်း ကမ္ဘာဂြိုဟ်၌ လည်းကောင်း (ဇရ်ရဟ်) အဏုမြူမှုန်ခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ ထိုမှတစ်ပါး ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်နှစ်ခု၌ ၄င်းတို့၏ ဖက်စပ်မှု၍ လုံးဝမရှိပေ။ ထို့အတူ ၄င်းတို့အနက် ထိုအရှင်မြတ်အား ရိုင်းပင်းကူညီသူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိချေ။ (ကုရ်အာန်၃၄း၂၂)
“မိုးခုနှစ်ထပ် (စကြဝဠာများ)သည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်သည် လည်းကောင်း၊ ထိုမိုးများနှင့် ကမ္ဘာဂြိုဟ်တွင် ရှိသူတို့သည် လည်းကောင်း ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း ကျူးရင့်လျက် ရှိကြ၏။ စင်စစ် သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်းနှင့် တကွ သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆို ကျူးရင့်လျက်ပင် ရှိကြကုန်၏။ သို့ရာတွင် အသင်တို့မှာကား ၄င်းတို့၏ ပွားများ သရဇ္ဈယ်မှုကို နားမလည်ချေ” (ကုရ်အာန် ၁၇း၄၄)
“၄င်းတို့ အသီးသီးတို့တွင် မိမိတို့၏ (သဘာဝအလျောက်) ဆုတောင်း ပတ္တနာ ပြုခြင်းကို လည်းကောင်း၊ မိမိတို့၏ ဘာဝနာ စီးဖြန်းပုံကို လည်းကောင်း ဧကန်အမှန် သိရှိပြီးဖြစ်ကြကုန်၏” (ကုရ်အာန်၂၄း၄၁)
“စင်စစ် ငါရှင်မြတ်သည် ဂျင်များနှင့် လူသားတို့အား ငါအရှင်မြတ်အား အိဘာဒတ်ပြုရန် (အလ္လာဟ်လမ်းညွှန်အတိုင်း ကျွန်အဖြစ် နာခံကိုးကွယ်ရန်)သာလျင် ဖန်ဆင်းတော်မူခဲ့၏” (ကုရ်အာန် ၅း၁၅၆)
“အို လူသားအပေါင်းတို့ အသင်တို့သည် (သာလျင် မိမိတို့၏ ကိစ္စအရပ်ရပ်တွင်) အလ္လာဟ်အား လိုအပ်တောင့်တကြရသူများ ဖြစ်ကြကုန်၏။ သို့ရာတွင် အလ္လာဟ်သည် လိုလားတောင့်တခြင်း လုံးဝ ကင်းမဲ့တော်မူသော အရှင်ဖြစ်၏” (ကုရ်အာန် ၃၅း၁၃၅)
“ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာ ဖြစ်၏” (ကုရ်အာန် ၁၁း၇)
“ထိုအရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) ဖန်ဆင်းတော်မူပြီးနောက် နေသားတကျ ဖြစ်အောင်လည်း ပြုလုပ်တော်မူခဲ့၏။ ထို့ပြင် အရှင်မြတ်သည် တိုင်းတာ သတ်မှတ်ပြီးနောက် (အရာခပ်သိမ်းကို) လမ်းညွှန်တော်မူ၏” (ကုရ်အာန် ၈၇း၂-၃)
“စင်စစ် အလ္လာဟ်သည် (လူခပ်သိမ်းတို့အား) ငြိမ်းချမ်းရေး ဗိမာန်သို့ ဖိတ်ခေါ်တော်မူလေသည်” (ကုရ်အာန် ၁၀း၂၅)
“အလ္လာဟ်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ စွမ်းအားထက် ပို၍ တာဝန်ပေးတော်မမူချေ။ မိမိကိုယ်တိုင် ရှာဖွေဆည်းပူးခဲ့မူ (ကောင်းမှု၏ အကျိုး)သာလျင် ထိုသူတို့ အဖို့ဖြစ်၍ မိမိကိုယ်တိုင် ရှာဖွေပြုကျင့်ခဲ့မူ(မကောင်းမှု၏အပြစ်)သာလျင် ထိုသူ၏အပေါ်၌ တင်ရှိအံ့” (ကုရ်အာန် ၂း၂၈၆)
“ထိုလူသားသည် ယင်းကြိုးပမ်းမှုနှင့် စပ်လျဉ်း၍ လွန်စွာ ပြည့်စုံသော အစားပေးခြင်းကို ခံရမည်” (ကုရ်အာန် ၅၃း ၄၁)

Friday, 21 September 2012

လောကခပ်သိမ်းတို့၏ အရှင်အလ္လာဟ်

လောကခပ်သိမ်းတို့၏ အရှင်အလ္လာဟ်
“ချီးမွမ်း ထောမနာခြင်းအပေါင်းတို့သည် လောကခပ်သိမ်းတို့ကို မရှိရာမှ ပြီးပြည့်စုံသည်အထိ အဆင့်ဆင့် ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာတည်း” (ကုရ်အာန်၁း၂)
အာလမီန်းခေါ် လောကခပ်သိမ်းတွင် ရုပ်လောက၊ နာမ်လောကနှင့် ရုပ်နာမ်တို့၏ စွမ်းအင်များ အားလုံးပါဝင်သည်၊ ဥပမာ-အဏုမြူမှုန် (အက်တမ်)ကမ္ဘာလေး အတွင်းမှ ဒြပ်စင်များ ဒြပ်ပေါင်းများ အဆင့်ဆင့် ဖြစ်လာခြင်း၊ ထိုမှတစ်ဆင့် နေ၊ လ၊ ကမ္ဘာ၊ နက္ခတ်တာရာများ၊ ပထဝီမြေများ၊ ရေ၊ မြေ၊ လေ မီး စသည့်ဓာတ်များ၊ စကြဝဠာ ခပ်သိမ်းတို့ ဖြစ်သည်။ ထို့အတူ လူလောက၊ တိရစ္ဆာန်လောက၊ သစ်ပင်လောက၊ စကြဝဠာအတွင်းမှ သက်ရှိသူများလောက၊ မလာအီကဟ်များ၊ ဂျင်များ၊ ရုဟ် ဝိညာဉ်လောက စသည်တို့ဖြစ်၏။
(ကုရ်အာန်၃၆း ၃၆) အရ လူသားတို့ မသိသေးသောအရာ များစွာပင်ရှိသေးသည်။ အလ္လာဟ်သည် ရုပ်စကြဝဠာ ကမ္ဘာလောကခပ်သိမ်းကို အက်တမ် (ခေါ်) အဏုမြူမှုန်များဖြင့် ဖွဲ့စည်းထား၏။ ထိုအဏုမြူမှုန် အသီးသီးတို့ကိုလည်း အဏုမြူမှုန်ထက် သေးငယ်သော အရာများဖြင့် ဖွဲ့စည်းထား၏။ စင်စစ် ရုပ်အဏုမြူမှုန်တို့ သည်လည်း အဖိုစွမ်းအင် (ပရိုတွန်) နှင့် အမစွမ်းအင် (အီလက်ထရွန်) စသော ဆန့်ကျင်ဘက် စွမ်းအင်များ ဖွဲ့စည်းထား၍ ရုပ်ဖြစ်လာရသည် (ကုရ်အာန် ၃၄း၃၊ ၃၄း၂၂၊ ၃၆း၃၆)
အဖိုဓာတ်(ပရိုတွန်) တစ်ခုနှင့် အမဓာတ် (အီလက်ထရွန်) တစ်ခုဖြစ်သော စွမ်းအင်၂-ခု ပေါင်းစပ်သောအခါ ဟိုက်ဒရိုဂျင် အဏုမြူမှုန် ဖြစ်လာ၏။ အဖိုဓာတ်(ပရိုတွန်)၂-ခုနှင့် အမဓာတ် (အီလက်ထရွန်)၂-ခု ပေါင်းစပ်သောအခါ ဟီလီယမ် အဏုမြူမှုန် ဖြစ်လာ၏။ ဤသို့ဖြင့် အဖိုဓာတ် (ပရိုတွန်)နှင့် အမဓာတ် (အီလက်ထရွန်)တို့ (၃)စုံ၊ (၄)စုံ၊ (၅)စုံစသည်ဖြင့် အဆင့်ဆင့် ပေါင်းစပ်ကြည့်၍ မျိုးမတူသော အဏုမြူမှုန်တို့ဖြစ်လာ၏။ ယနေ့ထိ သိပ္ပံပညာက အမျိုးမတူသော အဏုမြူမှုန်ပေါင်း (၁၀၉)မျိုးကို တွေ့ပြီးဖြစ်သည်။
မျိုးတူသော အက်တမ်အဏုမြူမှုန်များ အချင်းချင်း ပူးပေါင်းခြင်းဖြင့် သန့်စင်သော ဒြပ်ဝတ္ထု (ဒြပ်စင် Element) အမျိုးမျိုးဖြစ်ပေါ်လာသည်။ ဥပမာ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့၊ အောက်စီဂျင်ဓာတ်ငွေ့၊ ရွှေ၊ ငွေ၊ ကြေး စသည်တို့ဖြစ်သည်။ အမျိုးအစား မတူသော အဏုမြူမှုန် (ဒြပ်စင်)များ မျိုးစုံ ပေါင်းစပ်ကြခြင်းဖြင့် ရေ၊ မြေ၊ လေ၊ မီး၊ အပါအဝင် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်း နေ၊ လ၊ ကမ္ဘာ၊ နက္ခတ်တာရာ ခပ်သိမ်း စကြဝဠာခပ်သိမ်းတို့ ဖြစ်လာ၏။
ဥပမာ လေထဲတွင် ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင် စသော ဓာတ်ငွေ့များ ပါဝင်သည်။ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ ၂-ဆနှင့် အောက်စီဂျင် ဓာတ်ငွေ့ တစ်ဆတို့ အချိုးကျပေါင်းစပ်ခြင်းဖြင့် {H20} (ရေ) ဖြစ်လာသည်။ စကြဝဠာအတွင်း ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓာတ်ငွေ့ များစွာရှိနေသော်လည်း အားလုံး မပေါင်းစပ်ကြဘဲ အလ္လာဟ်သတ်မှတ်ထားသော အရေအတွက်သာ အချိုးအစားနှင့်အညီ ပေါင်းကြ၏။
အလ္လာဟ်သည် သက်မဲ့ရေမှ သက်ရှိခပ်သိမ်းတို့ကို စတင် ထင်ရှား ဖြစ်ပေါ်စေသည်။ သက်ရှိလောကများတွင် ကမ္ဘာဂြိုဟ်ပေါ်၌ သစ်ပင်ပန်းမန် လောက၊ တိရစ္ဆာန် လောကနှင့် လူ့လောကများရှိကြ၍ အခြား စကြဝဠာများတွင်လည်း သက်ရှိများ သက်ဆိုင်ရာ သဘာဝအလျောက် ရှိနေကြ၏။ (ကုရ်အာန်၂၁း၃၀၊ ၃၉း၆၈၊ ၄၂း၂၉) ကုရ်အာန် ကျမ်းမြတ် ၂း၂ တွင် ‘ဂိုက်ဘ်’ခေါ် လူသားတို့ ဆင်ခြင်တုံ့တရားဖြင့် မမီနိုင်သော အကွယ်တရားများရှိကြောင်း ဖော်ပြထား၏။ ထို့ပြင် (၃၆း၃၆) တွင် လူသားတို့ မသိသေးသော (အလ္လာဟ် ခွင့်ပြုလျင် သိနိုင်မည့်) အရာများလည်း ရှိနေကြောင်း ဖော်ပြထားသည်။
“ဂျင်န်” ဟူသော ဖန်ဆင်းခံရှိနေကြောင်း ကုရ်အာန်၏ နေရာများစွာတွင် ဖော်ပြထား၏။ (ဂျင်န်)ဟူသော စာလုံးသည် ကုရ်အာန်တွင် “ဂျန်န”ဟူသော စာလုံးမှ ဆင့်ပွားသုံးထား၏။ (ဂျန်န)၏ အဓိပ္ပာယ်မှာ အမှောင်ထု ဖုံးလွှမ်းခြင်း၊ ဖုံးကွယ်ထားသော အရာနှင့် စွမ်းအင်များကိုခေါ်သည်။ (ဥပမာ ကုရ်အာန် ၆း၇၆း တွင်ကြည့်ပါ) ထို့ကြောင့် ‘ဂျင်န်’ဟူသော ဖန်ဆင်းခံ လောကသည် လူသားတို့သဘာဝနှင့် မတူသော်လည်း၊ မမြင်နိုင်သော်လည်း အမှန်ရှိနေသည့် အရာများ၊ စွမ်းအင်များ Invisible Beings ကိုခေါ်သည်။
လူသားတို့၏ သဘာဝဖြင့် မမြင်နိုင်သော ထိုဂျင်န်လောကတွင် အမျိုးအစားပေါင်းမည်မျှ ရှိသည်ကို မသိနိုင်ချေ။ သို့သော် ဂျင်န်ဟူသည် အမှန်တရားနှင့် အကောင်းတရားကို ဆန့်ကျင်သည့် ရှိုဿွာန် စွမ်းရည်ကိုသာ သီးသန့်ဆိုလိုခြင်းမဟုတ်။ အမှန်တရားနှင့် အကောင်းတရားကို လက်ခံသည့် စွမ်းအင်များလည်း ပါဝင်သည်။ ကုရ်အာန် ကျမ်းမြတ်အတွင်း ဂျင်န်နှင့် စပ်လျဉ်း၍ နေရာများစွာတွင် အသွင် အမျိုးမျိုး ဖော်ပြချက် များစွာတို့မှာ ဂျင်န်တို့၌ ရုပ်ခန္ဓာ မရှိသော သဘောများလည်း ပါဝင်သည်။ ဂျင်န်တို့၏ သဘာဝကို ကုရ်အာန် ၁၅း၂၇ တွင် ပူပြင်းလှစွာသော မီးဖြင့် ဖန်ဆင်းထားသည် ဟူ၍ လည်းကောင်း၊ ကုရ်အာန် ၅၅း၁၅ တွင် အခိုးမဲ့ မီးမှ ဟူ၍ လည်းကောင်း၊ ကုရ်အာန် ၇း၁၂ နှင့် ၃၈း၇၆ တို့တွင် မီးမှ ဟူ၍လည်းကောင်း အလ္လာဟ်က စတင် ဖန်ဆင်းထားကြောင်း ဖော်ပြထား၏။
ဂျင်န်လောကတွင် အကောင်းနှင့်အဆိုး၊ အလ္လာဟ်ကို နာခံခြင်းနှင့် မနာခံခြင်း စသော ခေတ်ကမူ ဂျင်န်များကို မကောင်းဆိုးဝါး အဖြစ်သာ မှတ်ယူခဲ့ကြသည်။ နတ်ဘုရားများအဖြစ် ကိုးကွယ်ခဲ့ကြသည်။ ယခုလည်း နတ်အမည် အမျိုးမျိုးတပ်၍ လူသားတို့ ကိုးကွယ်ကြဆဲ ဖြစ်သည်။ စင်စစ် ဂျင်န်တို့သည် လူသားတို့ ကြောက်စရာ၊ ကိုးကွယ်စရာများ မဟုတ်။ ဂျင်န်အားလုံးတို့သည်လည်း လူသားတို့ကဲ့သို့ပင် ဖန်ဆင်းရှင် အလ္လာဟ်ကိုသာ အီဘာဒသ်ပြုရန် “ဖန်ဆင်းခြင်း ခံထားရသူများ” သာဖြစ်၏။ ဂျင်န်လောကတွင် အမှန်တရားနှင့် အကောင်းကို လက်ခံပြုမူသော စွမ်းအင်များ ရှိသလို၊ အမှန်တရားနှင့် အကောင်းကို ဆန့်ကျင်သော ရှိုဿွာန် စွမ်းအင်လည်း ရှိနေ၏။ သို့သော် မည်သည့် စွမ်းအင်ကမျှ “အလ္လာဟ်ကို နာခံသော၊ အီဘာဒသ်ပြုသော လူသား” ကို ဒုက္ခပေးလွှမ်းမိုးနိုင်ခြင်း မရှိစေရန် အလ္လာဟ်ကိုယ်တိုင် တာဝန်ယူထားပြီး ဖြစ်၏။ အလ္လာဟ်သည်သာ ကိုးကွယ်ရာဖြစ်၏။
“စင်စစ် ငါအရှင်မြတ်၏ ကျွန် (အီဘာဒသ်ပြုသူ)များ အပေါ်ဝယ် အသင် (ရှိုဿွာန်)၌ မည်သို့မျှ သြဇာရှိမည်မဟုတ်။ သို့ရာတွင် လွဲချော်မှောက်မှားသူများအနက် အသင် (ရှိုဿွာန်)၏ စကား (မမြင်နိုင်သော နှိုးဆော်ချက်) ကို နားထောင်သူများ (အပေါ်တွင်မူ အသင်ရှိုဿွာန်၏ သြဇာအာဏာ ရှိပေမည်)” (ကုရ်အာန် ၁၅း ၄၂)
လူသားများက ဂျင်န်တို့ကို စတင်၍ မကိုးကွယ်သမျှ၊ မနာခံသမျှ ကာလပတ်လုံး ဂျင်န် စွမ်းအင်တို့သည် လူသားများ အပေါ်လွှမ်းမိုးနိုင်ခြင်း မရှိချေ။ ကုရ်အာန်ကျမ်းမြတ်၏ နောက်ဆုံးစူရဟ်၁-ပုဒ် (၁၁၃ နှင့် ၁၁၄)တို့မှာ ဖန်ဆင်းရှင်အလ္လာဟ် ထံ၌ ဖန်ဆင်းခံအားလုံးတို့၏ လွှမ်းမိုးမှု အန္တရာယ်မှ ကင်းစေရန် ခိုလှုံမှုအတွက် ချပေးထားသော ကဏ္ဍ ၂-ပုဒ်ဖြစ်သည်။ မလာအီကဟ်တို့သည် လူသားတို့၏ သဘာဝဖြင့် မမြင်နိုင်သော ဖန်ဆင်းခံတို့ဖြစ်ကြ၏။ အလ္လာဟ်၏ မြင့်မြတ်သော အစေခံများ ဖြစ်ကြ၏။ (ကုရ်အာန် ၃၅း၁။ ၃၇း၁၅၀။ ၄၁း၁၉။ ၂၁း ၂၆)
၎င်းတို့သည် လူသားများပြောဆို သကဲ့သို့ အလ္လာဟ်၏ သမီးတော်များလည်းမဟုတ်၊ ကိုးကွယ်ခြင်း ခံထိုက်သူများလည်း မဟုတ်။ (ကုရ်အာန် ၃း၈၀။ ၂၁း၂၆။ ၃၄း၄၀-၄၁။ ၅၃း၂၇) အလ္လာဟ် သင်ပေးထားသော အသိမှ လွဲ၍ အခြားအပိုများ မသိကြ (ကုရ်အာန် ၈၂း၁၂) အလ္လာဟ်ညွှန်သော အမိန့်ကိုသာ နာခံကြ၏။ မောပန်းနွမ်းနယ်ခြင်း၊ မာနထောင်လွှားခြင်း၊ အလ္လာဟ်ကို ငြင်းဆန်ခြင်း၊ ဂရုမမူခြင်း မရှိ (ကုရ်အာန် ၂၁း၁၉။ ၂၀း၂၇။ ၇း၂၀၆။ ၄၁း၃၈။၇၈း၃၈။ ၁၆း၅၀။ ၆၆း၆)။
တစ်ဦးချင်းအတွက် သတ်မှတ်ထားသော နေရာ (စကြဝဠာ ခပ်သိမ်းအတွင်း၌) ရှိကြ၏။ မိမိတို့၏ တာဝန်ဝတ္တရားများကို ပျက်ကွက်ခြင်း မရှိ (ကုရ်အာန် ၆း၆၁။ ၃၇း၁၆၄-၁၆၆)။ ၄င်းတို့အတွင်း တာဝန်နှင့် အဆင့်အတန်းများ ရှိကြ၍ မကောင်းမှု စိတ်ထားများကို ဆန့်ကျင်နိုင်ကြ၏။ (ကုရ်အာန် ၃၇း၁-၂) အချို့တွင် အတောင် ၂-စုံ၊ အချို့တွင် ၃-စုံ၊ အချို့တွင် ၄-စုံရှိကြ၏။ (လျင်မြန်စွာ ဆောင်ရွက်နိုင်သော စွမ်းရည်ကိုဆိုလိုသည်) (ကုရ်အာန် ၃၅း၁)။ ၄င်းတို့သည်လည်း ဘာသာ သဘာဝအလျောက် တာဝန်အသီးသီးကို ထမ်းဆောင်ယင်း အလ္လာဟ်၏ အီဘာဒသ်ကို ပြုနေကြ၏။ (ကုရ်အာန် ၂း၃၀။ ၄း၁၇၂။ ၇း၂၀၆။ ၁၃၁၃။ ၁၆း၄၉။ ၃၉း၇၅။ ၄၀း၇)။
အလ္လာဟ်၏ တမန်တော်များ အဖြစ်လည်း ဆောင်ရွက်ကြရ၏။ (ကုရ်အာန် ၃၅း၁။ ၂၂း၇၅)။ အလ္လာဟ်၏ ခွင့်ပြုချက်ဖြင့်သာ သက်ဆင်းကြရ၏။ (ကုရ်အာန် ၁၉း၆၄)။ အလ္လာဟ်ထံမှ လမ်းညွှန်နှင့် သတင်းတို့ကို အလ္လာဟ်က ရွေးချယ် ပေးပို့လိုသော လူသားတို့ထံ (အထူးသဖြင့် တမန်တော်များထံ) ပေးပို့ကြရ၏။ (ကုရ်အာန် ၃း၃၉။ ၁၉း၇။ ၃း၄၂-၄၅။ ၁၉း၁၇-၁၉။ ၁၁း၆၉-၇၆။ ၁၅း၅၁-၆၀။ ၂၉း၃၁-၃၂။ ၅၁း၂၄-၃၀။ ၁၁း၇၇-၈၃။ ၁၅း၆၁-၇၇။ ၂၉း၃၃-၃၄။ ၅၄း၃၇။ ၁၆း၂။ ၄၀း၁၅)။
မလာအီကဟ်ချုပ် ဂျီဘရာအီလ်(ရူဟုလ်အမိန်း)သည် နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင်ထံ နောက်ဆုံး ဝဟီလမ်းညွှန် ကုရ်အာန် ကျမ်းမြတ်ကို အလ္လာဟ်ထံမှ ယူဆောင်ပေးရသည်။ (ကုရ်အာန်၂း ၉၇။ ၁၆း၁၀၂။ ၂၆း၁၉၂-၁၉၅။ ၄၂း၅၂။ ၅၃း၅-၆)။ အလ္လာဟ်ကို သက်ဝင်ယုံကြည်သူတို့၏ နှလုံးသားကို အားဖြည့်ပေး၍ ကာကွယ်မှုပေးသူများ ဖြစ်ကြ၏။ (ကုရ်အာန် ၄၁း၃၀-၃၁။ ၅၈း၂၂) ၄၀း၇-၉။ ၂၁း၂၈။ ၃၄း၂၃။၅၃း၂၆။ ၃၃း၄၃-၅၆) လူတစ်ဦးချင်း၏ ပြောဆိုပြုမူချက်တို့ကို မှတ်တမ်းပြုကြ၏။ (ကုရ်အာန် ၁၀း၂၁။ ၄၃း၈၀။ ၄၅း၂၈-၂၉။ ၅၀း၁၇-၁၈။ ၈၂း၁၀-၁၂)။ ကီရာမာန်နှင့် ကာသီဘီန်အမည် ၂-ခု (၈၂း၁၁)။ မီကာအီလ် (၂း၉၇-၉၈) လူသားတိုင်း သေဆုံးချိန်၌ ထိုလူသား၏ ရုဟ်ဝိညာဉ်ကို နုတ်သိမ်းယူရသည်။ (ကုရ်အာန် ၄း၉၇။ ၆း၆၁-၉၃။ ၈း၅၀။ ၁၆း၂၈-၃၂။ ၃၂း၁၁။ ၄၇း၂၇)
စကြဝဠာ လောကခပ်သိမ်းရှိ သက်ရှိများအနက် အလ္လာဟ်သည် လူသားကို အကောင်းဆုံး ပုံစံဖြင့် ဖွဲ့စည်းထား၍ အကောင်းဆုံးစွမ်းရည်များ ပေးထား၏။ အလ္လာဟ်၏ လမ်းညွှန်မှုဖြင့် ထိုစွမ်းအင်တို့ကို စနစ်တကျ အသုံးချပါက လောကခပ်သိမ်းတွင် အဆင့်အမြင့်ဆုံးသို့ ရောက်နိုင်၏။ သို့မဟုတ်ပါက ပို၍ နိမ့်ကျသော အခြေအနေသို့ ရောက်နိုင်၏။ (ကုရ်အာန် ၉၅း၄၇)
ဖန်ဆင်းခံလောကအတွင်း ဖန်ဆင်းရှင်အလ္လာဟ်က “လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့် ပေးထားသော ဖန်ဆင်းခံနှင့် မပေးခြင်းခံရသော ဖန်ဆင်းခံဟူ၍ ၂-မျိုးရှိ၏။ လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့် မရှိသော ဖန်ဆင်းခံတို့သည် အလ္လာဟ်ထံမှ အမိန့်တော်များကို ငြင်းပယ်ခွင့် လုံးဝမရှိ။ တစ်သဝေမတိမ်း နာခံဆောင်ရွက်ကြရ၏။ (ဥပမာ ရုပ်စွမ်းအင်များ နေ၊ လ၊ ကြယ်၊ စကြဝဠာ စသည်များ။) လွတ်လပ်စွာ ရွေးချယ် လုပ်ပိုင်ခွင့်ရှိသော ဖန်ဆင်းခံတို့သည် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်များကို နာခံခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်းကို ပြုနိုင်၏။
သို့သော် ထိုလွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်{ Free Will } ကို အခြေခံ၍ ပြုမူဆောင်ရွက်မှု အားလုံးအတွက် တာဝန်ရှိ၏။ အလ္လာဟ်ထံတွင် အစစ်ဆေးခံရမည်။ ပြုလုပ်မှုအားလုံးအတွက် ကောင်းမှုအတွက် အကျိုးဆုလာဘ်၊ မကောင်းမှုအတွက် ပြစ်ဒဏ်ပေးခြင်းခံရမည်။ လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်ကို အသုံးချမှု အပေါ်တွင် မူတည်သည်။ လူသားသည် လွတ်လပ်စွာ ရွေးချယ် လုပ်ပိုင်ခွင့်ပေးခြင်း ခံထားရသော ဖန်ဆင်းခံဖြစ်သည်။ အလ္လာဟ်ကို နာခံခြင်း၊ ငြင်းပယ်ခြင်းတို့အတွက် တာဝန်ရှိ၏။

Thursday, 20 September 2012

“ဂိုက်ဘ်”ကို အလ္လာဟ်သာလျင် သိတော်မူ၏

“ဂိုက်ဘ်”ကို အလ္လာဟ်သာလျင် သိတော်မူ၏
“ပြောလော့-ဂိုက်ဘ်. အကွယ်ရှိ အရာများကို အလ္လာဟ်အရှင်မြတ်မှ တစ်ပါး မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ရှိ လူတို့သည် မည်သူတစ်ဦးတစ်ယောက်မျှပင် မသိချေ။ ထို့အတူ မိမိတို့သည် မည့်သည့် အချိန်အခါ၌ ရှင်ပြန်ထစေခြင်း ခံကြရမည်ကိုလည်း ၄င်းတို့မသိကြချေ” (ကုရ်အာန် ၂၇း၆၅)
…စင်စစ် ထိုအရှင်မြတ်သည် ဂိုက်ဘ် ဖုံးကွယ်လျက်ရှိသည် တို့နှင့် စပ်လျဉ်းသော မိမိ၏ အသိတော်ကို မည်သူတစ်ဦး တစ်ယောက်မျှပင် အသိပေးတော်မူသည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် မိမိကျေနပ် နှစ်သက်တော်မူသော ရစူလ်တမန်တော်တစ်ပါးအား (ဂိုက်ဘ်အကွယ်တရားမှ တစ်စုံတစ်ရာကို သိစေတော်မူလိုပါလျင်) ဧကန်အမှန် ထိုအရှင်မြတ်သည် ရစူလ်တမန်တော်၏ ရှေ့၌ လည်းကောင်း၊ နောက်၌ လည်းကောင်း စောင့်ကြပ်သူကို စေလွှတ်တော်မူ၏” (ကုရ်အာန် ၇၂း၂၆-၂၇)
လူသား တမန်တော်တို့သည် အထင်အရှား ဖြစ်ပေါ်နေသော တရားများနှင့် ဂိုက်ဘ်ခေါ် လူသားတို့ ဉာဏ်မမီနိုင်သော အကွယ်တရားများ အတွင်းမှ အမှန်တရားနှင့် စပ်လျဉ်း၍ အလ္လာဟ်တော်ထံမှ အမြင့်ဆုံး ဝဟီဉာဏ်တော်ချီးမြှင့်ခြင်း ခံကြရသူများ ဖြစ်ပေသည်။ မိမိတို့ရရှိသော သစ္စာတရားတို့ကို လူသားများထံ တစ်ဆင့် ပြန်လည် ဟောကြားရမည့် သူများ ဖြစ်သည်။ ထိုတမန်တော်တို့ ရရှိသော အမှန်တရားတို့မှာ ၄င်းတို့၏ ကိုယ်ပိုင် အတွေးအခေါ်လည်းမဟုတ်။ မည်သူမျှ ကျင့်ကြံယူ၍ မရနိုင်သော အလ္လာဟ်ထံမှ လမ်းညွှန်ဝဟီများ ဖြစ်သည်။
သို့သော် ထိုလူသား တမန်တော် အသီးသီးတို့သည်ပင် အကြွင်းမဲ့သိတော်မူသော ဉာဏ်တော် ပိုင်ဆိုင်ကြသည် မဟုတ်။ အလ္လာဟ်ပေးသမျှကိုသာ သိကြရသည်။ အလ္လာဟ်ပေးသော ဝဟီလမ်းညွှန်တို့ကို ထိုတမန်တော်များထံမှ လူသားထံသို့ မှန်ကန်တိကျစွာ ရောက်နိုင်ရန် (ဟောကြားနိုင်ရန်) အလ္လာဟ်သည် တမန်တော်များအား စောင့်ကြပ်ထားပြီး ဖြစ်ပေသည်။ အလ္လာဟ်ထံမှ အမှန်တရားများ ဖြစ်ကြောင်းကိုလည်း သက်သေသာဓကများပါ ချီးမြှင့်လေသည်။
ဝဟီလမ်းညွှန်မှု လိုအပ်ခြင်း
လူသားတို့၏ ကမ္ဘာမြေပေါ်ဝယ် နှစ်ပေါင်း ထောင်ပေါင်းမျာစွာ ကြာခဲ့ပြီးဖြစ်သော လူ့သမိုင်း၏ အသိနှင့် ဆင်ခြင်တုံတရားတို့သည် ယနေ့တိုင် ပြီးပြည့်စုံမှုမရှိ။ လူသားများအတွင်း အာရုံ(၆)ပါးနှင့် ယှဉ်သော ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာ အဆင့်ဆင့် ကွာခြားမှုရှိသော်လည်း ပြီးပြည့်စုံသူဟူ၍ မရှိ။ အကွယ်တရားများကို မဆိုထားဘိ၊ မိမိ၏ ပတ်ဝန်းကျင်ရှိ တရားတို့ကိုပင် အကုန်မသိကြသေးချေ။
သိပ္ပံနှင့် ဂိုက်ဘ်အကွယ်တရား
ယနေ့ အစွမ်းထက်လှသော သိပ္ပံပညာသည်လည်း အမှန်တရားကို ရှာဖွေနေသော ပညာရပ်သာဖြစ်၏။ အမှန်တရားကို တွေ့ရှိပြီးသော အချက်များရှိသလို သီအိုရီ အဆင့်သာသာ ရှိသော တွေ့ရှိချက်များလည်း ရှိ၏။ ရေပြင်၊ လေပြင်၊ အာကာသတို့ကို အောင်နိုင်သော်လည်း ယင်းတို့အတွင်း၌ပင် လျှို့ဝှက်ဆန်းကြယ်မှုများကို ဖော်ထုတ်နိုင်စွမ်း မရှိသေး။ အထင်အရှားရှိနေသော ရုပ်တရားအတွင်း၌ပင် သိပ္ပံက ရှင်းမပြနိုင်သော အချက်များစွာ ရှိနေ၏။ မတွေ့သေးသော အချက်များစွာ ရှိနေသေး၏။
စင်စစ် လူသားတို့၏ ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာ အဆင့်ဆင့်တို့သည် လည်းကောင်း၊ သိပ္ပံ အပါအဝင် ပညာရပ် အသီးသီးတို့သည် လည်းကောင်း ပြီးပြည့်စုံခြင်း မရှိကြ၍ အားနည်းချက် များစွာရှိ၏။
အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းတို့၏ အရှင်ဖြစ်ပေရာ ဖန်ဆင်းခံတို့၏ လိုအပ်ချက်ကို လမ်းညွှန်ရန်နှင့် ကူညီရန် အမှန်ပင် လိုအပ်၏။ အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှု အလင်းရောင်အောက်တွင်သာ မပြီးမပြည့်စုံသော အသိပညာ၊ ဉာဏ်ပညာ အဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့သည် လမ်းမှန်သို့ ရောက်နိုင်ပေသည်။ ထို့ကြောင့် အလ္လာဟ်သည် လူသားတို့အား ဆင်ခြင်တုံတရား၏ အလွန်မှ အကွယ်တရားများနှင့် ထင်ရှားဖြစ်ပေါ်နေသော တရားများ၏ အကြောင်းရင်း ရည်ရွယ်ချက်နှင့် မည်သို့အသုံးချရမည့် လမ်းညွှန်တို့ကို ဝဟီအဖြစ် ချပေးသနားတော်မူသည်။
ထို့ကြောင့် ဝဟီ ဟူသည် လူသားအပါအဝင် ဖန်ဆင်းခံအားလုံးထံသို့ ဖန်ဆင်းရှင် အလ္လာဟ်ထံတော်မှ သစ္စာ တရားများနှင့် ကျင့်စဉ်တို့ကို အသိပေး လမ်းညွှန်မှုပင် ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံတို့ကို ဆက်သွယ်မှုပင် ဖြစ်ပေသည်။ အလ္လာဟ်သည် မည်သူ့ထံသို့ မည်သို့ ဆက်သွယ်သနည်း။
နှိုင်းယှဉ်တွဲဖက်နိုင်သူ အလျင်းမရှိ နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အရှင်
“ပြောလော့၊ အကယ်၍သာ (မွတ်ရှရိက်)တို့ ပြောဆိုသည့်အတိုင်း ထို အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများ ရှိကြပါလျှင် ဧကန်မလွဲ ၄င်းတို့သည်“အရ်ရှ်” ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ် ထံတော်သို့ (သွားရောက် ယှဉ်ပြိုင် တိုက်ခိုက်ရန်) နည်းလမ်း ရှာဖွေခဲ့ပြီး ဖြစ်အံ့သတည်း” (ကုရ်အာန် ၁၇း၄၂)
“အကယ်၍သာ ယင်း(မိုးကောင်းကင် စကြဝဠာ များနှင့် ကမ္ဘာဂြိုဟ်)နှစ်ခုတွင် အလ္လာဟ်အရှင်မြတ်အပြင် အခြား (ထာဝရတည်ရှိသော) ကိုးကွယ်ရာများ ရှိခဲ့ကြပါမူ ယင်း (မိုး နှင့် မြေ) နှစ်ခုလုံးမှာ ဧကန်မလွဲ ပျက်စီးခဲ့ပြီး ဖြစ်ကြပေမည်။ စင်စစ် “အရ်ရှ်”တော်ကို စိုးပိုင်တော်မူသော အလ္လာဟ်သည် ၄င်းတို့ ကြံဖန်ပြောဆို စွပ်စွဲဖော်ပြကြသည်တို့မှ လုံးဝ စင်ကြယ်သန့်ရှင်းတော်မူပေသည်” (ကုရ်အာန် ၂၁း၂၂)
အလွန်တရာ စနစ်ကျစွာဖြင့် တင့်တယ်လှစွာ လည်ပတ်နေသော စကြဝဠာ စက်ယန္တရားကြီးကို ချုပ်ကိုင်သူ တစ်ဦးထက်ပို၍ မရှိနိုင်ချေ။ အကယ်၍ အရှင်၂-ပါးရှိက ဖန်ဆင်းမှု၊ ထိန်းသိမ်းမှု၊ အမိန့်တော် ပေးမှုတို့တွင် တစ်ပါးနှင့် တစ်ပါး သဘောတူညီမှုမရဘဲ ကွဲပြားရှုပ်ထွေးနေပေမည်။ ပျက်စီးမှု၊ စနစ်မကျမှုတို့ကို တွေ့နေရမည် ဖြစ်သည်။ တစ်ပါးနှင့် တစ်ပါး ယှဉ်ပြိုင်နေကြပေမည်။
အရှင်နှစ်ပါး အနက် တစ်ပါးက အနိုင်ရခဲ့သော် ရှုံးသူသည် နိစ္စထာဝရ ပြီးပြည့်စုံသော အရှင် မဟုတ်တော့ချေ။ ကိစ္စရပ်တိုင်းတွင် အရှင်၂-ပါးညှိနှိုင်း၍ နှစ်ဦးသဘောတူ ပြုသည့်တိုင်အောင် တစ်ပါးပါးသည် အခြေအနေကိုလိုက်၍ အလျော့ပေးနေရ၍ မိမိလုပ်လိုသည်ကို မလုပ်နိုင်ဘဲရှိပေမည်။ နိစ္စထာဝရ ပြီးပြည့်စုံမှုမရှိတော့။ နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အရှင်ဟူသည် မိမိပြုလုပ်လိုသည်ကို အကြွင်းမဲ့ ပြုလုပ်နိုင်ရပေမည်။
ထို့ကြောင့် အမိန့်တစ်မျိုးတည်း၏ အောက်တွင် သဘာဝနိယာမတရား တစ်မျိုးတည်းကိုသာ နာခံနေသော စကြဝဠာခပ်သိမ်းကို အမိန့်ပေးသူ အရှင်တစ်ပါးတည်းသာ ရှိပေသည်။ ထို့အတူ ဖန်ဆင်းသူ၊ ထိန်းသိမ်းစောင့်ရှောက်သူ၊ ဖျက်ဆီးသူ၊ ကယ်တင်သူ၊ အသိပညာပေးသူ အရှင်များ စသည်ဖြင့် သီးခြားအရှင်များ မရှိ၊ ဂုဏ်တော်အပေါင်းတို့သည် အလ္လာဟ်ထံ၌သာ ပြီးပြည့်စုံစွာ ရှိနေပေသည်။ (အစ္စလာမ့် ယုံကြည်ချက်)

Wednesday, 19 September 2012

အကွယ်နှင့် အရှိတရားအားလုံးကို သိတော်မူသော အရှင်

အကွယ်နှင့် အရှိတရားအားလုံးကို သိတော်မူသော အရှင်
“အကွယ်၌ အရှိတရားအားလုံးတို့ကို လည်းကောင်း၊ အထင်အရှား ရှိသမျှတို့ကိုလည်းကောင်း၊ အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၂၃း၉၂)
“ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များရှိ အကွယ်အရာများကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ရှိ အကွယ်အရာများကို လည်းကောင်း သိတော်မူသော အရှင်ဖြစ်တော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများ၌ ရှိသည်တို့ကို ကောင်းစွာသိတော်မူသော အရှင်ဖြစ်တော်မူ၏။” (ကုရ်အာန် ၃၅း၃၈)
“ထို့ပြင် ထိုအရှင်မြတ်ထံတော်တွင် အကွယ်၌ ရှိသောအရာများ၏ သော့ချက်များရှိ၏။ ယင်း (သော့ချက်ကို) ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှ မသိချေ။ ၄င်းပြင် ထိုအရှင်မြတ်သည်သာလျင် ကမ္ဘာဂြိုဟ်၌ ရှိရှိသမျှသော အရာတို့ကို လည်းကောင်း၊သမုဒ္ဒရာပင်လယ်၌ ရှိရှိသမျှသော အရာတို့ကို လည်းကောင်း သိရှိတော်မူ၏။ ထိုမျှပင်မက သစ်ရွက်တစ်ရွက်ကြွေကျသည်ကိုလည်း ထိုအရှင်မြတ်သိရှိတော်မူ၏” (ကုရ်အာန် ၆း၅၉) (အစ္စလာမ့် ယုံကြည်ချက်)
“စင်စစ် ကမ္ဘာဂြိုဟ်၌ လည်းကောင်း၊ မိုးကောင်းကင်၌ လည်းကောင်း၊ ဇရ်ရဟ် ခေါ် အဏုမြူမှုန်မျှပင် အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ (အသိ)မှ ပျောက်ကွယ်နေသည် မဟုတ်ပေ။ ထိုမှတစ်ပါး ယင်း(အဏုမြူမှုန်)ထက် ငယ်သော အရာဝတ္တုသည် လည်းကောင်း၊ (ယင်းအဏုမြူမှုန်) ထက်ကြီးသော အရာဝတ္ထုသည် လည်းကောင်း ထင်ရှားစွာသော (မှတ်တမ်းတွင်)ရှိနေသည်သာတည်း” (ကုရ်အာန် ၁၀း၆၁)
စကြဝဠာကြီးကို အက်တမ်ခေါ် အဏုမြူမှုန်များဖြင့် ဖွဲ့စည်းထား၍ အဏုမြူမှုန်ထက် ပိုသေးသောအရာ မရှိဟူသော ဂရိအတွေး အခေါ်များ ခေတ်စားချိန်တွင် ဖန်ဆင်းရှင် အလ္လာဟ်က အက်တမ် အဏုမြူထက် သေးငယ်သော အရာများကို ဖန်ဆင်းထားကြောင်း ဆိုရင်း အလ္လာဟ်၏ အသိတော်ကို(၇) ရာစုကျ ကုရ်အာန်ကျမ်းတွင်း၌ သက်သေပြထားပေသည်။ ပြီးခဲ့သော ၂၀ ရာစု သိပ္ပံက အက်တမ်ထက် သေးသော အရာများရှိကြောင်း လက်တွေ့ပြခြင်းသည် ဖန်ဆင်းရှင် အလ္လာဟ်ကို ထောက်ခံဦးချနေမှုသာ ဖြစ်ပေတော့သည်။
ကိယာမသ် ရှင်ပြန်ထရမည့်နေ့၏ အရှင်
(အစ္စလာမ့် ယုံကြည်ချက်)
“စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား မြေဖြင့်ဖန်ဆင်း ထင်ရှားဖြစ်ပေါ်စေတော် မူခဲ့သည်။ ထို့နောက် ကလလရေကြည်ဖြင့် (ဖန်ဆင်းတော်မူခဲ့၏) ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အား စုံတွဲများ ပြုလုပ်တော်မူခဲ့၏။ စင်စစ်မည်သည့် မိန်းမ တစ်ဦးတစ်ယောက်ပင် ထိုအရှင်မြတ် သိတော်မမူဘဲ ကိုယ်ဝန်ဆောင်ခြင်းလည်း မရှိ။ သားဖွားခြင်းလည်း မရှိ။ ထိုနည်းအတူ မည်သည့် အသက်ရှည်သောသူ တစ်ဦးတစ်ယောက်၏ အသက်ကိုမျှ ပို၍သတ်မှတ်သည်လည်း မရှိ။ မည်သူ တစ်ဦးတစ်ယောက်၏ အသက်ကိုမျှ လျော့၍သတ်မှတ်သည်လည်း မရှိ။ သို့ရာတွင် ဤသည်တို့သည် မှတ်တမ်းတော်၌ ရေးမှတ်ပြီး ဖြစ်သည်။ ဧကန်မလွဲ ဤသည်ကား အလ္လာဟ်အရှင်မြတ်အတွက် လွန်စွာလွယ်ကူလှပေသတည်း” (ကုရ်အာန် ၃၅း၁၁)
“အသင်တို့သည် အဘယ်နည်းဖြင့် အလ္လာဟ်ကို ငြင်းဆိုနိုင်အံ့နည်း။ အမှန်ကား သင်တို့သည် (ရှေးဦးမဆွ ပထမက) သက်မဲ့ အရာဝတ္ထုများသာ ဖြစ်ကြရာ ထိုအရှင်မြတ်သည် အသင်တို့အား သက်ရှိဘဝသို့ ပို့ဆောင်တော်မူ၏။ ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် (အသင်တို့ သက်တမ်းစေ့သောအခါ) သင်တို့အား သေစေတော်မူဦးမည်ဖြစ်သည်။
ထိုသို့ သေစေတော်မူပြီးနောက် ထိုအရှင်သည် အသင်တို့အား တစ်ဖန်ရှင်ပြန်ထစေဦးမည်ဖြစ်သည်။ ထို့နောက်အသင်တို့သည် (မိမိတို့ပြုကျင့်ခဲ့သမျှသော ကောင်းမှု၊ မကောင်းမှုနှင့် လျော်ညီထိုက်တန်ရာ အကျိုးများကို ခံစားစံစားရန်) ထိုအရှင်မြတ်ထံသို့ပင်လျင် ပြန်လည်ရောက်ကြမည်တည်း” (ကုရ်အာန် ၂း၂၈)
“ဧကန်မလွဲ ရှင်ပြန်ထရမည့် အချိန်ကို သိမြင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၌သာ ရှိပေသည်” (ကုရ်အာန် ၃၁း၃၄)
“စင်စစ် မိုးကောင်းကင်များ၌ ရှိကြသော လျှို့ဝှက်ချက်များသည်လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ရှိကြသော လျှို့ဝှက်ချက်များသည် လည်းကောင်း အလ္လာဟ်နှင့်သာ သက်ဆိုင်၏။ ထို့ပြင် ရှင်ပြန်ထမည့်ကိစ္စသည် မျက်စိတစ်မှိတ်ကဲ့သို့သာလျင် လျင်မြန်စွာဖြစ်မည်၊ သို့မဟုတ်(ထို့ထက်ပင်ပို၍ လျင်မြန်စွာဖြစ်မည်) မုချဧကန် အလ္လာဟ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏” (ကုရ်အာန် ၁၆း၇၇) (အစ္စလာမ့်ယုံကြည်ချက်)
“မည်သည့်သစ်သီးဝလံမဆို မိမိတို့၏အစွပ်(အဖုံး)များမှ အလ္လာဟ်သိတော်မမူဘဲ (ဖူးပွင့်)ထွက်ပေါ်လာသည် မဟုတ်။ ထို့ပြင် မည်သည့်မိန်းမတစ်ဦးကိုမျှ ထိုအရှင်မြတ် သိတော်မမူဘဲ ကိုယ်ဝန်ဆောင်ခြင်းမရှိ။ မွေးဖွားခြင်းမရှိ။ ထို့ပြင် အကြင်(ရှင်ပြန်ထရမည့်)နေ့တွင် ထိုအရှင်မြတ်သည် ၄င်းတို့အား ငါအရှင်မြတ်၏ တွဲဖက်များသည် အဘယ်မှာနည်းဟု ဟစ်ခေါ်မေးမြန်းတော်မူသောအခါ ၄င်းတို့က (ယနေ့) ကျွန်တော်မျိုးတို့ အနက် သက်သေခံအပ်သောသူ တစ်ဦးတစ်ယောက်မျှပင် မရှိတော့သည်ကို ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံ ဖြောင့်ချက် ဝန်ခံလျှောက်ထားပါသည်ဟု ပြောဆိုကြပေမည်”။ (ကုရ်အာန် ၄၁း၄၇)
“…ထို (အသင်တို့ အလ္လာဟ်နှင့်တွဲဖက်ကိုးကွယ်ရာ) တို့သည် ကမ္ဘာဂြိုဟ်၌ မည်သည့်အစိတ်အပိုင်းကို ဖန်ဆင်းခဲ့ကြသနည်း။ သို့တည်းမဟုတ် မိုးကောင်းကင်များ ၄င်းတို့၏ဖက်စပ်မှု တစ်စုံတစ်ရာရှိလေသလော။ စင်စစ် အလ္လာဟ်သည် မိုးကောင်းကင်များ ကိုလည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း၊ ရွေ့လျားတိမ်းပါး မသွားရန် ထိန်းထားတော်မူ၏။ သို့ရာတွင် ဧကန်စင်စစ် အကယ်၍သာ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်တို့သည် ရွေ့လျားတိမ်းပါး၍ သွားခဲ့ကြသော် ထိုအရှင်မြတ်မှတစ်ပါး မည်သူ တစ်ဦးတစ်ယောက်မျှပင် ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်တို့ကို ထိန်းနိုင်မည် မဟုတ်ပေ။ ဧကန်အမှန် ထိုအရှင်မြတ်သည် ခန္တီတရားနှင့် အလွန်ပြည့်စုံတော်မူသော၊ အလွန်တရာခွင့်လွတ်တော်မူသော အရှင် ဖြစ်တော်မူပေသတည်း” (ကုရ်အာန် ၃၅း၄၀-၄၁)
“အသင်တို့သည် အကယ်၍ ၄င်း(တွဲဖက်ကိုးကွယ်ရာ)တို့အား ဟစ်ခေါ်ကြလျင် ၄င်းတို့သည် ကြားကြမည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ကြားခဲ့ကြသော်လည်း အသင်တို့အား ပြန်၍ထူးကြမည် မဟုတ်။
(အသင်တို့ ပြောဆိုချက်ကို ဖြည့်စွမ်းပေးနိုင်ကြမည်မဟုတ်) ထို့အပြင် ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် ၄င်းတို့သည် အသင်တို့၏ တွဲဖက်ကိုးကွယ်မှုကို ငြင်းပယ်ကြပေမည်။ စင်စစ်အရာခပ်သိမ်းကို အကြွင်းမဲ့ ကြားတော်မူသော အရှင်ကဲ့သို့ မည်သူတစ်ဦးတစ်ယောက်မျှပင် အသင့်အား (ရှင်းလင်း) ထုတ်ဖော်၍ ပြောကြားမည် မဟုတ်ပေ” (ကုရ်အာန် ၃၅း၁၄)
အလ္လာဟ်သည်သာ ကိုးကွယ်ရာ (အစ္စလာမ့်ယုံကြည်ချက်)
“ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်သည် မမှန်ကန်သော လမ်းစဉ်နှင့် ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနားလျက် ရှိပြီဖြစ်ရာ (မည်သူတစ်ဦးတစ်ယောက်ကိုမျှ အစ္စလာမ့်) ဒီန်-သာသနာ လမ်းစဉ်အတွင်း (ဝင်ရောက်ရန်) အတင်း အဓမ္မ အနိုင်အထက် အလျဉ်းမပြုရ။ သို့ဖြစ်၍ အကြင်သူတစ်ဦး တစ်ယောက်သည် ငြင်းဆန်သွေဖည်ခြင်းကို စွန့်လွှတ်ကာ အလ္လာဟ်အရှင်မြတ်ကိုသာလျင် ယုံကြည်ပါမူ ဧကန်အမှန် ထိုသူသည် အလွန်ခိုင်မြဲ၍ ယုံကြည်အားကိုးဖွယ်ဖြစ်သော မည်သည့်အခါမျှကျိုးပျက်ခြင်း အလျင်းရှိမည် မဟုတ်သော ကြိုးကွင်းကို မြဲမြံစွာ စွဲကိုင်ထားသူ ဖြစ်ချေပြီ” (ကုရ်အာန် ၂း၂၅၆)