Sunday 30 September 2012

အခန်း (၁) အလ္လာဟ် (Allah)

အခန်း (၁) အလ္လာဟ် (Allah)
“စင်စစ်သော်ကား၊ အကယ်၍ ဧကန်အမှန် ကမ္ဘာဂြိုလ်ရှိ သစ်ပင်အသီးသီးတို့သည် ကလောင်များဖြစ်ခဲ့၍ ပင်လယ်သမုဒ္ဒရာသည် မင်ဖြစ်ခဲ့ပြီး။ ယင်းပင်သမုဒ္ဒရာရေ ကုန်ခန်းပြီးနောက် ပင်လယ်သမုဒ္ဒရာများသည် (ယင်းခန်းခြောက်ပြီးဖြစ်သော ပင်လယ်ကို) ထပ်မံ၍ ဖြည့်အံ့ငြားလည်း အလ္လာဟ်အရှင်မြတ်၏ အာယာသ်တော်များကား (ရေးသားဖွင့်ဆို၍) ကုန်ဆုံးမည်မဟုတ်ပေ။ (အဘယ်ကြောင့်ဆိုသော်) ဧကန်မလွဲ အလ္လာဟ်သည် ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ဖြစ်တော် မူပေသည်” (ညွှန်း-Quran 31:27 (အစ္စလာမ့်ယုံကြည်ချက်)
“သို့ပါလျက် ၄င်းတို့သည် ကုရ်အာန်ကျမ်းမြတ်ကို စေ့ငှစွာ စဉ်းစားဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော့၊ သို့တည်းမဟုတ် (၄င်းတို့၏) စိတ်နှလုံးများ အပေါ်၌ သော့ခလောက်များ (ခတ်ထားလျက်) ရှိနေသလော” (Quran 47:24)
အစ္စလာမ်၏ နိစ္စသစ္စာ “သောဝ်ဟီဒ်”(တစ်ဆူတည်းဖြစ်ခြင်း)
အစ္စလာမ်၏ ယုံကြည်ချက်များနှင့် ကျင့်စဉ်အားလုံးတို့သည် “သောင်ဟီဒ်”ခေါ် အလ္လာဟ်တစ်ပါးတည်း နိစ္စထာဝရ ပြီးပြည့်စုံစွာ ရှိနေမှု ဟူသော နိစ္စတရားပေါ်တွင် တည်ဆောက်ထားသည်။
အလ္လာဟ် အရှင်မြတ်ကြောင့် စကြဠာ ကမ္ဘာခပ်သိမ်း၊ လောကခပ်သိမ်းနှင့် သက်ရှိသက်မဲ့ ခပ်သိမ်းတို့ ထင်ရှားဖြစ်ပေါ်လာကြရသည်။ ထို့ကြောင့် ထိုဖန်ဆင်းခံ အရာခပ်သိမ်းတို့သည်။ မိမိတို့၏ အရှင်သခင် “အလ္လာဟ်တစ်ပါးတည်း ပြီးပြည့်စုံစွာ ရှိနေမှု” ဟူသော “သောဝ်ဟိဒ်” နိစ္စသစ္စာကို မိမိတို့ သဘာဝအလျောက် မြွက်ဆိုလျက်ရှိကြသည်။ ထိုဖန်ဆင်းခံ လောကခပ်သိမ်းသည် အလ္လာဟ် ချမှတ်ပေးထားသော လမ်းစဉ်အတိုင်းသာ မိမိတို့ သဘာဝအလျောက် နာခံနေကြ၏။ “သောဝ်ဟိဒ်” သစ္စာတရားကို မြွက်ဆိုနေကြသည်။
လူသားတိုင်းသည် မိမိတို့ကိုယ်တိုင် မပြီးမပြည့်စုံကြ၍ ပြီးပြည့်စုံသော ငြိမ်းချမ်းမှု၊ ဒုက္ခကင်းဝေးမှုကို ရှာဖွေကြသည်။ သို့သော် မိမိတို့ ရှာဖွေသော တရားသည် ထာဝရတည်မြဲသော မှန်ကန်မှု (နိစ္စသစ္စာ) ဖြစ်ရပေမည်။
>ဘဝသစ္စာ နှင့် ပန်းတိုင်
အလ္လာဟ် အရှင်မြတ်သည် “အရ်ရဟ်မာန်း” “မဟာကရုဏာတော်ရှင်”ဖြစ်၏။ စကြဝဠာ လောကခပ်သိမ်းနှင့် သက်ရှိသက်မဲ့ အပေါင်းကို ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေခြင်းသည် ဖန်ဆင်းခံတို့အား ဆင်းရဲမှုများ ပေးရန်မဟုတ်ပဲ မေတ္တာ ကရုဏာတော် ပေးရန်သာ ဖြစ်သည်။
ထို့ကြောင့် လူသား၏ မွေးခြင်းနှင့် သေခြင်းသည် အလ္လာဟ်၏ အမျက်တော်ရှခြင်း ခံရ၍ ဒုက္ခတရားများကို ရင်ဆိုင်ရန် မဟုတ်ချေ။ အလ္လာဟ်၏ ကရုဏာတော် ခံယူရန်ဖြစ်သည်။ သေခြင်းတရားသည်လည်း ကြောက်ရွံ့ဖွယ်မဟုတ်။ ထာဝရငြိမ်းချမ်းမှုသို့ ပို့မည့်တံခါးဝသာဖြစ်၏ အစ္စလာမ်သည် ဘဝသစ္စာတရားကို လင်းပြ၏။ ဘဝတန်ဖိုးကို မည်သို့ အသုံးချမည်ကို သင်၏။ ဘဝပန်းတိုင် ဖြစ်သော ထာဝရပြီးပြည့်စုံသော ငြိမ်းချမ်းမှုကိုရောက်အောင် မည်သို့ ကြိုးစားရမည်ကို သင်၏။
ယုံကြည်ချက်နှင့် ကျင့်စဉ်တွဲထားမှု
စကြဝဠာလောကခပ်သိမ်းနှင့် အရာခပ်သိမ်းတို့သည် မတည်မြဲသော တရားများ ဖြစ်ကြသည်။ လူသား ကိုယ်တိုင်လည်း မတည်မြဲသော၊ မပြီးမပြည့်စုံသော တရားဖြစ်သည်။ အစ္စလာမ်တွင်“မိမိကိုယ်သာ အားထားရာ” ဆိုခြင်းကို အတိုင်းအတာ တစ်ရပ်ထိသာ လက်ခံသည်။ အဘယ်ကြောင့်ဆိုသော်…
မပြီးမပြည့်စုံသော၊ မတည်မြဲသော အနိစ္စတရားတစ်ခုက ပြီးပြည့်စုံသော ထာဝရ ဒုက္ခကင်းဝေးမှုနှင့် ငြိမ်းချမ်းကို မညွှန်ပြနိုင်ချေ။ နိစ္စထာဝရ ပြီးပြည့်စုံသော၊ တရားကသာလျင် ထာဝရငြိမ်းချမ်းမှုကို ပြည့်စုံစွာ ညွှန်ပြနိုင်၏။ ကျွန်ုပ်တို့ ဘယ်ကို သွားကြမည်နည်း ဟူသော (ဘဝပန်းတိုင်) မေးခွန်းအတွက် ကျွန်ုပ်တို့ ဘယ်ကလာကြသနည်း။ ဘဝဟူသည် အဘယ်နည်း။ လောကခပ်သိမ်းနှင့် ရုပ်နာမ်(၂) ပါးကို ဖြစ်စေသော အကြောင်းတရားကား အဘယ်နည်း စသည်တို့ကို မသိသမျှ ပြီးပြည့်စုံသော အဖြေကို ရမည်မဟုတ်ချေ။ အစ္စလာမ်သာသနာတွင် သောဝ်ဟီဒ် နိစ္စသစ္စာတရားပေါ်၌ ယုံကြည်ချက်နှင့် ကျင့်စဉ်တို့ကို ပြီးပြည့်စုံစွာ သက်သေဥပမာများ တို့ဖြင့် သင်ကြားထား၏။
အလ္လာဟ် မည်သူနည်း
“ချီးမွမ်းထောမနာခြင်း အပေါင်းတို့သည် လောကခပ်သိမ်းတို့ မဖြစ်ပေါ်မီကစ၍ ပြီးပြည့်စုံသည့်တိုင်အောင် အဆင့်ဆင့် ပြုစု ပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာတည်း” (Quran 1:2)
“စင်စစ် ချီးမွမ်းထောမနာခြင်း အပေါင်းတို့သည် မိုးကောင်းကင် (စကြဝဠာ)များကို ဖန်ဆင်းတော်မူသော အရှင်၊ ကမ္ဘာဂြိုလ်ကို ဖန်ဆင်းတော်မူသော အရှင်၊ လောကခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာတည်း” (Quran 45:36)
“…လူသားအပေါင်းတို့၏ အရှင်သခင်ဖြစ်တော်မူ၏” (Quran 114:1)
ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် ဒေသတစ်ခု၊ တိုင်းပြည်တစ်ခု၏ အရှင်မဟုတ်။ ရုပ်လောက တစ်ခုတည်း၏ အရှင်မဟုတ်၊ ရုပ်လောက၊ စိတ်လောက၊ (ရူဟ်)ဝိညာဉ်လောက၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ လက်ရှိနှင့် တမလွန်လောက၊ လူ၊ တိရစ္ဆာန်၊ သစ်ပင်လောက၊ အခြားကမ္ဘာများမှ သက်ရှိသက်မဲ့လောက၊ ဖန်ဆင်းခံတို့၏ ဆင်ခြင်တုံ့တရားနှင့် ဉာဏ်လွှာအဆင့်ဆင့်တို့ ထိုးဖောက်နိုင်စွမ်း မရှိသည့် အကွယ်လောက စသည့် လောကခပ်သိမ်းနှင့် စကြဝဠာခပ်သိမ်းတို့ကို မရှိရာမှ ရှိရာသို့ အဆင့်ဆင့် ပြီးပြည့်စုံသည်အထိ ပြုစုပျိုးထောင်တော်မူသော (ရဗ်) အရှင်ဖြစ်တော်မူ၏။ ထို့ပြင် လူမျိုးတစ်မျိုး၊ သို့မဟုတ် လူတန်းစားတစ်ရပ်၏ အရှင်သခင်မဟုတ်ဘဲ လူသားအားလုံးတို့၏ အရှင်သခင် ဖြစ်တော်မူ၏။ (အစ္စလာမ့် ယုံကြည်ချက်)

No comments:

Post a Comment