Thursday 30 August 2012

အခန်း (၁၁) အာကာသခေတ် စကြဝဠာတွင်းမှ သက်သေလက္ခဏာတော်များ

အခန်း (၁၁) အာကာသခေတ် စကြဝဠာတွင်းမှ သက်သေလက္ခဏာတော်များ
“ထို့ပြင် (ငါအရှင်မြတ်သည်) မိုးကောင်းကင် အသီးသီး၌ ယင်းနှင့် သက်ဆိုင်သော အမိန့်တော်ကို ဝဟီလမ်းညွှန် ထုတ်ပြန်တော်မူခဲ့သည်” (ကုရ်အာန် ၄၁း၁၂)
“ဧကန်အမှန် မိုးကောင်းကင်များ၌လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ လည်းကောင်း မုအ်မင်သက်ဝင်ယုံကြည်သူတို့ အဖို့ သက်သေလက္ခဏာတော်များ အမှန်ပင်ရှိကြ၏။ (ကုရ်အာန် ၄၅း၃)
“အသင်တို့ မမြင်ခဲ့ကြလေသလော။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ အကျိုးငှာ မိုးကောင်းကင်များ၌ ရှိသည်တို့ကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ ရှိသည်တို့ကို လည်းကောင်း အသုံးချနိုင်စေတော်မူလေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ၏ ထင်ရှားစွာသော ကျေးဇူးတော်များကို လည်းကောင်း၊ မထင်ရှားသော ကျေးဇူးတော်များကို လည်းကောင်း အသင်တို့အပေါ်ဝယ် အပြည့်အစုံချပေးသနားတော်မူ၏။ သို့ရာတွင် လူတို့အနက် အချို့မှာမူကား မည်သည့် သက်သေ အထောက်အထားမျှလည်းကောင်း၊ မည်သည့် တရားလမ်းညွှန်မျှ လည်းကောင်း၊ မည်သည့်ထွန်းလင်းသော ကျမ်းဂန်မျှလည်းကောင်း မရှိဘဲလျက် အလ္လာဟ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုလေ့ရှိကြသည်။” (ကုရ်အာန် ၃၁း၂၀)
>အလ္လာဟ်၊ လူသားနှင့် စကြဝဠာ
နိစ္စထာဝရ ပြီးပြည့်စုံ၍ လောကခပ်သိမ်းတို့၏ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်နှင့် အလ္လာဟ်၏ဘုန်းတော်၊ ဂုဏ်တော်၊ ဉာဏ်တော်အနန္တ၊ အလ္လာဟ်၏ အမရ်.စီမံမှု အမိန့်တော်နှင့် လုပ်ရပ်များကို လူသားတို့၏ ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာအဆင့်ဆင့်တို့က ထိုးဖောက် လွှမ်းခြုံသိမြင်နိုင်စွမ်း မရှိချေ။
သို့သော် ဖန်ဆင်းရှင် အလ္လာဟ်သည် ဖန်ဆင်းခံ လူသားအား ဆင်ခြင်တုံတရား ပေးပြီးနောက် ရုပ်စကြဝဠာအတွင်း၌ပင် လူသားတို့ဉာဏ် မမီနိုင်သော ထိုးဖောက်သိမြင်နိုင်သော သက်သေလက္ခဏာတော်များကို ပေးထား၏။ လူသားတို့၏ အသိဉာဏ်ကိုလည်း ခေတ်အဆက်ဆက်၌ မြှင့်တင်ပေးနေသည်။ ခေတ်အဆက်ဆက်တွင်လည်း လူသားတို့တွင်း၌ နဗီတမန်တော်များ ပွင့်ပေါ်စေ၍ တရားအလင်းများပေးခဲ့သည်။ နောက်ဆုံး တမန်တော်ချုပ်ကား မုဟမ္မဒ်သခင် ဖြစ်တော်မူ၍ နောက်ဆုံး တရားအလင်းကျမ်းကား ကုရ်အာန်တည်း။ ကုရ်အာန်ကျမ်းမြတ်အတွင်း၌ စာတွေ့၊ မျက်တွေ့၊ သက်သေရှာပြီး ဖန်ဆင်းခံ စကြဝဠာလောကများအတွင်း လက်တွေ့ သက်သေရှာကာ လူသားတို့ မမြင်နိုင်သော အလ္လာဟ်ရှိကြောင်း သက်သေလက္ခဏာများ တွေ့ရပေမည်။ အလ္လာဟ်သည် စကြဝဠာနှင့် သက်ရှိသက်မဲ့တို့ကို (စွေဖာသ်) ဂုဏ်တော်များအရ အဆင့်ဆင့် ထင်ရှား ဖြစ်ပေါ်စေတော်မူပြီးနောက် အလ်အလီမုဉာဏ်တော်အရ ဝဟီလမ်းညွှန်များသည် အလွန် သေးငယ်သော အဏုမြူမှုန်လေးမှ စကြဝဠာ၊ ဂလက်ဆီများထိ လွှမ်းခြုံသက်ရောက်လျက်ရှိပေရာ ထိုအရာများကလည်း အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံလျက်ရှိနေကြသည်။
လူသားတို့သည် အလ္လာဟ်၏ စကြဝဠာအတွင်း၌ နေကြ၏။ အလ္လာဟ်ပေးထားသော ကျေးဇူးတရားများကို ခံစားကြ၏။ အလ္လာဟ်နှင့် မည်သည့်အခါမျှ ကင်းကွား၍မရ။ အာကာသခေတ်တွင် ငွေကြေးနှင့် အချိန်ပေါင်းများစွာကုန်၍ ပညာရှင်ပေါင်းများစွာတို့၏ ရှာဖွေတွေ့ရှိမှု သိပ္ပံ အချက်တို့က ကုရ်အာန်ကျမ်းမြတ်နှင့် အလ္လာဟ်ကို ထောက်ခံ ဦးချနေပြီတကား။
>စကြဝဠာ မရှိရာမှ ရှိရာသို့ စတင်ထင်ရှား ဖြစ်ပေါ်စေခြင်း
“ထို အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ကို မရှိရာမှ ရှိရာသို့ စတင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။ (ထိုမျှမကသေး) မည်သည့်အခါမဆို ထိုအရှင်မြတ်သည် တစ်စုံတစ်ခုသောအမှုကိစ္စကို စီရင်ဆုံးဖြတ် ပြဋ္ဌာန်းလိုတော်မူပါလျှင် “ဖြစ်စေ” ဟူသော အမိန့်တော်ပေးရုံမျှဖြင့် ထိုအမှုကိစ္စအဝဝတို့သည် အလိုရှိတော်မူသည့်အတိုင်း ဖြစ်ပေါ်လာလေသတည်း” (ကုရ်အာန် ၂း၁၁၇)
အထက်ပါ အာယာသ်တော်ကို ထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း ကဏ္ဍတွင် ရှင်းခဲ့ပြီး ဖြစ်ပေသည်။ အကျဉ်းချုပ်မှာ. (၁)။ မိုးကောင်းကင်များ (စမာဝါသ်) ဟူသည် ဦးခေါင်း အထက်ရှိအရာအားလုံး စကြဝဠာများကို ရည်ညွှန်းသော ကုရ်အာန်၏ အသုံးအနှုန်း ဖြစ်သည်။ (၂)။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာခပ်သိမ်းကို မရှိရာမှ ရှိရာသို့ စတင်ဖြစ်ပေါ်စေသော မူလ ပထမ အကြောင်းတရား၏ အရှင်(ဘဒီးအွန်) ဖြစ်တော်မူ၏။ (၃)။ ဤသို့ဖြင့် ရုပ်စကြဝဠာ ခပ်သိမ်းကို ဖြစ်ပေါ်စေမည့် အခြေခံရုပ်ပစ္စည်း (သို့မဟုတ်) မူလပထမ အကြောင်းအရာကို စတင်ထင်ရှား ဖြစ်ပေါ်လာ၏။ (၄)၊ ထိုအခြေခံ မူလပထမ ရုပ်ပစ္စည်းတို့မှတစ်ဆင့် စကြဝဠာခပ်သိမ်း၊ သက်ရှိသက်မဲ့ အရာခပ်သိမ်းကို ဆင့်ကဲထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း ဖြစ်၏။ (၅)။ ဘုန်းတော်အစုံ၊ ဂုဏ်တော်အနန္တဖြင့် နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အလ္လာဟ်အတွက် အလွန်လွယ်ကူတော်မူ၏။ “ဖြစ်စေ”ဟု အမိန့်ပေးရုံဖြင့် အလ္လာဟ်၏ဖြစ်စေလိုသော အရာတို့ဖြစ်ပေါ်လာကြကုန်၏။ (၆)။ ဤအဆင့်မှာ လူသားတို့ ဆင်ခြင်တုံတရားဖြင့် ဉာဏ်မမီနိုင်။ ထို့ကြောင့် စကြဝဠာ ဆင့်ကဲဖြစ်စဉ်တွင် သက်သေလက္ခဏာများကို အလ္လာဟ်က ပြထားပေ၏။
>စကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်
“ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့လှည့်တော်မူခဲ့၏။ ထိုအချန်တွင် ယင်းမိုးကောင်းကင်သည် မီးခိုး၊ အခိုးအငွေ့သာ ဖြစ်ခဲ့၏” (ကုရ်အာန် ၄၁း၁၁)
စင်စစ် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်သည်မူလက ပိတ်လျက်(ဝါ) ပူးကပ်လျက်ရှိခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်း (မိုးကောင်းကင်နှင့် ကမ္ဘာဂြိုဟ်) နှစ်ခုလုံးကို ဖွင့်ပေးတော်မူခဲ့၏။ (ဝါ) တစ်ခုစီ ခွဲခြားတော်မူခဲ့၏။ (ဤသည်ကို) မယုံကြည်သူများ မသိမမြင်ခဲ့ကြလေသလော…….” (ကုရ်အာန် ၂၁း၃၀)
“ချီးမွမ်း ထောမနာခြင်း အပေါင်းတို့သည် လောကခပ်သိမ်းတို့ကို မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးသည့်တိုင်အောင် အဆင့်ဆင့် ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာလျှင်တည်း” (ကုရ်အာန် ၁း၂) အထက်ပါ အာယာသ်တော်များမှ တစ်ဆင့်ဖန်ဆင်းရှင် အလ္လာဟ်က လူသားတို့ကို အသိပေးထားသည်မှာ
ရုပ်စကြဝဠာကြီးသည်………… (၁) မူလအစတွင် ဒုခန်းခေါ် အခိုးအငွေ့ အသွင်၊ (၂) မူလအစတွင် ရသ်ကန်းခေါ် အစုအဝေး တစ်ခု အသွင်တည်နေခဲ့ခြင်း၊ (၃) ထို့နောက် အလ္လာဟ်အရှင်မြတ်က ခွဲထုတ်ခဲ့ရာ (၄) အာလမီန်းခေါ် စကြဝဠာ ကမ္ဘာခပ်သိမ်းတို့ အဆင့်ဆင့်ဖြစ်ပေါ်ခဲ့၏။ ယနေ့ ခေတ်သစ်သိပ္ပံ၏ ယဆချက်မှာ စကြဝဠာကြီးသည် မူလအစတွင် Aprimary nebula mass ဓာတ်ငွေ့ တိမ်တိုက်ထုကြီး တစ်ခုတည်းအသွင်သာ ရှိခဲ့ကြောင်း၊ ထို့နောက် Big Bang မဟာပေါက်ကွဲမှုကြီး ဖြစ်ပေါ်၍ ဂလက်ဆီများ (စကြဝဠာ) များ၊ ထိုမှတစ်ဆင့် ကြယ်များ၊ ဂြိုဟ်များ စသည်ဖြင့် ဖြစ်ပေါ်လာကြောင်းဆိုကြ၏။ မဟာ ပေါက်ကွဲမှု သီအိုရီ {Big Bang Theory} ဟု ခေါ်သည်။
စင်စစ် ယနေ့ ၂၁ ရာစုခေတ်သစ်သိပ္ပံက လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ကျော်က ကုရ်အာန်ကျမ်းမြတ်ကို ထောက်ခံနေခြင်းသာ ဖြစ်သည်။ စကြဝဠာ၏ အစ(မွေးဖွားခြင်း)ကို တွေ့ရှိမှုသည် စကြဝဠာကို လုံးဝမပျက်စီးဘဲ နိစ္စထာဝရ တည်နေမည်ဟု ထင်နေသူများအတွက် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် စကြဝဠာသည် “အစရှိလျှင် အဆုံး”လည်း ရှိမည်သာတည်း။ ရုပ်ဝါဒီ သိပ္ပံပညာရှင်တို့ကမူ လက်ရှိ စကြဝဠာပျက်သုဉ်းမည်၊ သို့သော် မူလပထမအခြေခံရုပ်ပစ္စည်းများအသွင် ပြန်ဖြစ်သွား၍ နောက်ထပ် စကြဝဠာသစ် ပြန်ဖြစ်ရန် အခြေခံရုပ်ပစ္စည်းများအဖြစ် ဆက်လက်တည်ရှိနေမည်ဟုဆိုသည်။ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်မှ တစ်ဆင့် ထိုအခြေခံ ရုပ်ပစ္စည်းတို့ကို မူလပထမ ဖြစ်စေသော အကြောင်းတရား၏ အရှင်သည် အလ္လာဟ်ဖြစ်ကြောင်းနှင့် ဆင့်ကဲဖြစ်စဉ်အတွက် သက်သေလက္ခဏာပေးရင်း “မယုံကြည်သူတို့ မသိမမြင်ကြလေသလော” ဟူ၍ မေးမြန်းထားပေသည်။
ယနေ့ သိပ္ပံက ထောက်ခံနေပေပြီ။ အလ္လာဟ်နှင့် ကုရ်အာန်ကို မည်သို့ငြင်းကြမည်နည်း။ ရုပ်စကြဝဠာကြီး အတွင်းဝယ် ဂြိုဟ် {planet} များသည် ကိုယ်ပိုင်လောင်စာ မရှိကြ၍ ကိုယ်ပိုင် အလင်းရောင်း မထုတ်လွှင့်ကြ။ ဥပမာ လူသားတို့၏ ကမ္ဘာဂြိုဟ် ‘လ’တို့ ဖြစ်သည်။ သို့သော် နေ (ကြယ်)မှ လာသော အလင်းရောင်ကို မှန်သဖွယ် အလင်းပြန်ကြသည်။ ထို့ကြောင့် လ၏ အလင်းရောင်ကို ကမ္ဘာဂြိုဟ်မှ မြင်ရပြီး ကမ္ဘာဂြိုဟ်မှ တစ်ဆင့် ပြန်သော အလင်းရောင်ကို အာကာသထဲမှ မြင်ရခြင်း ဖြစ်သည်။
ကယ်(Star) တို့သည် ကိုယ်ပိုင် လောင်စာများရှိ၍ လောင်ကျွမ်းနေပြီး ကိုယ်ပိုင် အလင်းရောင် ထုတ်လွှင့်ကြသည်။ ကျွန်ုပ်တို့၏ နေမင်းကြီးသည်လည်း ကြယ်တစ်စင်းပင်။ ဂလက်ဆီ {Galaxy}ဟူသည် (ဂြိုဟ်များ၊ အရန်ဂြိုဟ်များ အပါအဝင်) ကြယ်ပေါင်း သန်းပေါင်းများစွာတို့ စုဝေးလျက်ရှိသော ကြယ်အစုအဝေးကြီးတစ်ခု (မဟာစကြဝဠာတစ်ခု)ဖြစ်သည်။ အာကာသထဲတွင် ဂလက်ဆီခေါ် ကြယ်အစုအဝေးကြီးများ မရေမတွက်နိုင်အောင်ပင် အနှံ့အပြားရှိနေ၏။ တစ်နည်း ကြယ်မြို့တော်ကြီးပေါင်းများစွာ ရှိနေ၏။
>ကျွန်ုပ်တို့၏ နေစကြဝဠာ
“စင်စစ် ထိုအရှင်မြတ်သည်ပင် ညဥ့်နှင့် နေ့ကို လည်းကောင်း နေနှင့်လကို လည်းကောင်း ဖန်ဆင်းတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ (ထိုဂြိုဟ်၊ နက္ခတ်) အသီးသီးတို့သည် (မိမိတို့ သက်ဆိုင်ရာ ဂြိုဟ်နက္ခတ်လမ်း အသီးသီးတွင် လှည့်ပတ်သွားလာ လှုပ်ရှားလျက်ရှိနေကြကုန်သတည်း” (ကုရ်အာန် ၂၀း၃၃)
လူသားတို့နေထိုင်ရာ ကမ္ဘာဂြိုဟ်သည် နေမိသားစု (ခေါ်) နေစကြဝဠာတွင်း၌ ပါဝင်သည်။ ကျွန်ုပ်တို့၏ နေမင်းကြီးကို ဗဟိုပြု၍ ကမ္ဘာ့ဂြိုဟ်အပါအဝင် ဂြိုဟ်ကြီး၉လုံးတို့က မိမိတို့အတွက် သတ်မှတ်ထားရာ လမ်းကြောင်းအတိုင်း သတ်မှတ်ထားချိန်အတွင်း သတ်မှတ်ထားသောအလျင်နှုန်းဖြင့် လည်ပတ်ရွေ့လျားနေကြ၏။ တစ်နည်းဆိုသော် ဖန်ဆင်းရှင်အလ္လာဟ်ကသတ်မှတ်ထားသော (၄င်းတို့၏သက္ကဒီရ်အတွင်း) အမိန့်တော်ကို နာခံနေကြသော မုစ်လင်မ် (နာခံသူ)များ ဖြစ်နေကြ၏။ ၄င်းကိုနေစကြဝဠာ {Solar System} ဟု ခေါ်ကြ၏ ဂြိုဟ်နက္ခတ် အသီးသီးသည် ကိုတိုင်လည်း (ဝင်ရိုးပေါ်တွင်) လည်ပတ်နေမှုနှင့် သတ်မှတ် လမ်းကြောင်းတွင်လည်း ရွေ့လျား သွားလာနေမှု အကြောင်း ကုရ်အာန်က ဖော်ပြထားမှုကို သိပ္ပံက ထောက်ခံလိုက်ခြင်းသာ ဖြစ်၏။
>ကျွန်ုတို့၏ ဂလက်ဆီ (OUR GALAXY) OR (MILKY WAY)
“ ချီးမွမ်း ထောမနာခြင်းအပေါင်းတို့သည် လောကခပ်သိမ်းတို့ကို ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာလျှင်တည်း ” (ကုရ်အာန် ၁း၂)
မိုးတိမ်ကင်းစင်သော ညများတွင် ကောင်းကင်ယံသို့ မော်ကြည့်က တောင်မှမြောက်သို့တန်းနေသော နို့နှစ်ရောင် အတန်းကြီးကို တွေ့ရပေမည်။ စင်စစ် ကြယ်ပေါင်းသန်းပေါင်း တစ်သိန်းကျော် (100 Billions) ပါဝင်သော “ကျွန်ုပ်တို့၏ ဂလက်ဆီ (Our Galaxy) ကို တွေ့ရခြင်း ဖြစ်၏။ မီလ်ကီးဝေး နဂါးငွေ့တန်းဟုလည်း ခေါ်၏။ ကျွန်ုပ်တို့၏ နေမိသားစု (ဝါ) နေစကြဝဠာသည် ပုံတွင်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ ဂလက်ဆီ၏ အစွန်တစ်နေရာတွင် အမှုန်ကလေးအသွင်သာရှိနေ၏။ ၄င်းအတွင်း များစွာသော ကြယ်တို့မှာ ကျွန်ုပ်တို့၏ နေ (ကြယ်)ထက် အဆများစွာ ပိုကြီး၏။ ထိုဂလက်ဆီ ကြယ်အစုအဝေးကြီးမှာ အလွန်ကျယ်ပြောလှ၏။ စကြဝဠာအတွင်း အလင်းရောင်သည် တစ်စက္ကန့်လျှင် ၁၈၆.၀၀၀ မိုင်နှုန်းဖြင့် အလျှင်မြန်ဆုံး ပြေး၏။ ထိုအလင်းရောင်သည်ပင်လျှင် ကျွန်ုပ်တို့၏ ဂလက်ဆီ တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ ထိုးဖောက်ရန် နှစ်ပေါင်းတစ်သိန်းကြာပေမည်။ ကျွန်ုပ်တို့၏ ဂလက်ဆီ၏ အချင်းမှာ ၆၀၀.၀၀၀.၀၀၀.၀၀၀.၀၀၀.၀၀၀. မိုင်ခန့်ရှိ၍ မည်သည့် အာကာသယာဉ် ဒုံးပျံ့မျှ ဖြတ်သန်း ထိုးဖောက်နိုင်မည် မဟုတ်။
>ကျွန်ုပ်တို့၏ ဂလက်ဆီကို ဘေးမှမြင်ရပုံနှင့် နေမိသားစု တည်နေရာ နေပတ်လမ်းကြောင်း
“ထို့ပြင် နေသည်လည်း သက်သေလက္ခဏာ တစ်ရပ်ပင်။ ထိုနေသည် မိမိသွားရာလမ်းအတိုင်း သွားလာလျှက် ရှိနေလေ၏။ ဤသည်ကား အလွန်တရာ နိုင်နင်း လွှမ်းမိုးတော်မူသော၊ အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်၏ တိုင်းတာသတ်မှတ်ချက် (သက္ကဒီရ်)ပင်ဖြစ်၏။ (ကုရ်အာန် ၃၆း၃ဂ)
လသည် ကမ္ဘာဂြိုဟ်ကို တစ်လလျှင် တစ်ပတ် ပတ်နေ၏။ သို့သော် ကုရ်အာန်အတွင်း၌ အလ္လာဟ်က နေသည် လည်ပတ်ရာ လမ်းကြောင်း ရှိနေသည်ဟု ဆိုထား၏။ နေပတ်လမ်းကြောင်းကား အဘယ်နည်း။ စင်စစ် (ကမ္ဘာအပါအဝင် ဂြိုဟ်၉လုံးပါဝင်နေသော) နေ ဦးဆောင်သည့် နေမိသားစုသည် ကျွန်ုပ်တို့၏ ဂလက်ဆီ၏ ဗဟိုကို တစ်နာရီလျှင် ၄၅၀.၀၀၀ မိုင်နှုန်း (၂၃၀ ကီလိုမီတာဝ/၀ စက္ကန့်) ဖြင့် အလွန် အရှိန်ပြင်းထန်စွာ ပတ်နေကြောင်း၊ တစ်ပတ်ပတ်မိရန် နှစ်ပေါင်း ၂၂၅ သန်း ကြာကြောင်း ခေတ်သစ် သိပ္ပံက ရှာဖွေတွေ့ရှိမှုသည် ကုရ်အာန်ကျမ်းမြတ်၏ အရှင်သခင်က အလ္လာဟ်ကို ဖန်ဆင်းရှင်ဖြစ်ကြောင်းထောက်ခံလိုက်ခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့၏ ဂလက်ဆီ (ကြယ်အစုအဝေး) အတွင်းရှိ သန်းပေါင်းများစွာသော ကြယ်တို့သည်လည်း ကျွန်ုပ်တို့၏ နေမိသားစု ကဲ့သို့ပင် ကျွန်ုပ်တို့၏ ဂလက်ဆီ၏ ဗဟိုကို သတ်မှတ်ထားရာ လမ်းကြောင်းများမှ အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်လျှက်ရှိကြ၏။ တိုက်ခိုက်မိကြခြင်း မရှိကြချေ။ ကျွန်ုပ်တို့သည် အလ္လာဟ်နှင့် အလ္လာဟ်၏ ဘုန်းတော်တို့ကို မည်သို့ငြင်းအံ့နည်း။

မဟာစကြဝဠာများ

မဟာစကြဝဠာများ “ထို (အလ္လာဟ်)အရှင်မြတ်သည် မိုးကောင်းကင် ခုနှစ်ထပ်ကို အထပ်ထပ် ဖန်ဆင်းတော်မူခဲ့၏။ အသင်သည် အရ်ရဟ်မာန်း အနန္တ ကရုဏာတော်ရှင်၏ ဖန်ဆင်းမှု၌ ကွာခြားမှု မဆီလျှော်မှု၊ ဟူ၍ကား လုံးဝ တွေ့ရှိရမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် မျက်စိကို မော့၍ ကြည့်လော့။ အသင်သည် တစ်စုံတစ်ရာ အက်ကွဲမှု တွေ့မြင်ရလေသလော့။ ထို့နောက် အသင်သည် မျက်စိကို ပြန်မော့၍ အကြိမ်ကြိမ်ပြန်လည် ကြည့်ရှုလော့။ မျက်စိသာလျှင် အသင်တို့ထံသို့ အရှက်ရ၍ ညောင်း၍ ပြန်လာမည် ဖြစ်သည်။ (ကုရ်အာန် ၆၇း၃-၄)
“ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အနီးဆုံး (အောက်ဆုံး) ဖြစ်သော မိုးကောင်းကင်ကို မီးအိမ်များဖြင့် တင့်တယ်သိုက်မြိုက်စွာ ဆင်ယင်ထားတော်မူသည့်အပြင် ထိုအရှင်မြတ်သည် ယင်းမီးအိမ်များကို ရှိုဿွာန် မိစ္ဆာကောင်များအား ပစ်ခတ်ရန် လက်နက်ကိရိယာများ ပြုလုပ်တော်မူခဲ့၏။ (ကုရ်အာန် ၆၇း၅)
အာရဗီ စာပေတွင် ခုနှစ်ဟူသည် မြောက်များစွာ ရှိခြင်း(သို့မဟုတ်) အမှန်တကယ် ခုနှစ်ကို ဆိုလိုသည်။ ထို့ကြောင့် မိုးကောင်းကင် ခုနှစ်ထပ် ဟူသည် ရုပ်စကြဝဠာကြီးကို အလ္လာဟ်သည် (၇) လွှာပြုလုပ်ထား၏။ (သို့မဟုတ်) စကြဝဠာပေါင်း မြောက်များစွာ ပြုလုပ်ထားသည်ဟု ဆိုလိုခြင်း ဖြစ်၏။ ကျွန်ုပ်တို့ နေမိသားစုရှိရာ စကြဝဠာသည် အောက်ဆုံးထပ် “စမာအတ်ဒုနိယာ” ဖြစ်၏။
ယခင်ခေတ်များကို လူသားတို့သည် အာကာသကို တယ်လီစကုတ်ခေါ် မှန်ပြောင်းများဖြင့်သာ ကြည့်ရှုခဲ့ကြ၏။ ယနေ့ သိပ္ပံခေတ်တွင် ရေဒီယိုတယ်လီစကုတ်များ၊ ဂြိုဟ်တုများဖြင့် ကြည့်ရှုနေကြပေပြီ။ ၁၉၆၀ ခုနှစ် ကာလများထိ ကမ္ဘာမြေမှ အလင်း နှစ်သန်းပေါင်း ၅၀၀ အကွာအဝေးထိသာ ကြည့်ရှုလေ့လာနိုင်ခဲ့ကြ၍ ကျွန်ုပ်တို့၏ ဂလက်ဆီ (ကြယ်အစုအဝေးကြီ) အပြင် အခြားသော ဂလက်ဆီ ကြယ်အစုအဝေးကြီးပေါင်း သန်း ၁၀၀ မျှထိ တွေ့ရှိခဲ့ကြသည်။
ယခုအခါ ကမ္ဘာမြေမှ အလင်းနှစ်ပေါင်း 10 billion အကွာအဝေးထိ ကြည့်ရှုလေ့လာနိုင်ပေရာ ဂလက်ဆီကြီးများ ပို၍များစွာ တွေ့ရှိခဲ့ပေသည်။ မဆုံးနိုင်သေးချေ။ ကျွန်ုပ်တို့၏ ဂလက်ဆီ (နဂါးငွေ့တန်း) နှင့် အနီးဆုံး အခြားသော ဂလက်ဆီ မဟာစကြဝဠာကြယ် အစုအဝေးကြီးတစ်ခုမှာ “အင်ဒရိုမီဒါ (Andromeda) ဖြစ်သည်။ ကျွန်ုပ်တို့၏ နေမှ အလင်းရောင်နှုန်း (တစ်စက္ကန့်လျှင် ၁၈၆၀၀၀ မိုင်နှုန်း)ဖြင့် သွားပါက နှစ်ပေါင်း ၂သန်း ကြာမျှ ရောက်နိုင်မည် မခြားသော ဂလက်ဆီများသို့ဆိုလျှင် ပိုဝေးလံ၍ ပို၍ အချိန်ကြာမည် ဖြစ်သည်။
>ကျွန်ုပ်တို့၏ ဂလက်ဆီ ကျယ်ပြန့်နေသော စကြဝဠာ Expanse of Universe
“၄င်းပြင် ငါအရှင်မြတ်သည် စကြဝဠာကို ဘုန်းတော်ဖြင့် ပြုလုပ်တော်မူခဲ့၏။ စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် ကျယ်ဝန်းစေတော်မူသော ဘုန်းတော်ရှင်ဖြစ်စေတော်မူ၏” (ကုရ်အာန် ၅၁း၄၇) အထက်ပါ ကုရ်အာန်၏ အာယာသ်တော်ကို နှစ်ပိုင်းခွဲ၍ တွေ့နိုင်ပေ၏
(၁)။ စကြဝဠာကို အလ္လာဟ်အရှင်မြတ်၏ဘုန်းတော် (အိုက်ဒင်း)ဖြင့် ပြုလုပ်မှု၊
(၂)။ စကြဝဠာကို ကျယ်ပြန့်ကားစေမှု (မူစီအူန်း)တို့ဖြစ်သည်။ စကြဝဠာကို အလ္လာဟ်အရှင်မြတ်၏ ဘုန်းတော်ဖြင့်ပြုလုပ်မှု ယနေ့ခေတ် သိပ္ပံက အထက်ပါ အာယာသ်တော်ကို ထောက်ခံပြန်လေပြီ။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာခပ်သိမ်းနှင့် ယင်းအတွင်းရှိ သက်ရှိသက်မဲ့ အပေါင်းတို့ကို ထင်ရှားဖြစ်ပေါ်စေရာတွင် (အိုက်ဒင်း) အရာအားလုံးကို လွယ်ကူစွာပြုလုပ်နိုင်သော ဘုန်းတော်၊ အကြွင်းမဲ့သိတော်မူသော ဉာဏ်တော်စွမ်းရည်တော် ဂုဏ်တော်အနန္တဖြင့် စနစ်တကျ သတ်မှတ်၍ုပြုလုပ်တော်မူခဲ့၏။ အရာခပ်သိမ်းကလည်း အလ္လာဟ်၏ သတ်မှတ်မှုသက္ကဒီရ်နှင့် အလ္လာဟ်၏ အမိန့်တော် ဝဟီလမ်းညွှန်ကိုနာခံနေကြ၏။
“ဧကန်မလွဲ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို (ကဒရ်) တိုင်းတာ သတ်မှတ်၍ ဖန်ဆင်းတော်မူခဲ့၏” (ကုရ်အာန် ၅၄း၄၉)
“ထို့ပြင် မိုးကောင်းကင်အသီးသီး၌ ယင်းနှင့် သက်ဆိုင်သင့်မြတ်သော ဝဟီ အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏” (ကုရ်အာန် ၄၁း၁၂)
“အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ အာယာသ်တော်များ (ဥပဒေများ)ကို မည်သူမျှ ပြောင်းလဲနိုင်သည် မဟုတ်ချေ” (၆း၃၄)
“အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုတွင် မည်သည့် ပြောင်းလဲမှုမျှပင် အလျှင်းမရှိချေပြီ” (ကုရ်အာန် ၃၀း၃၀)
အလ္လာဟ်အရှင်မြတ် သတ်မှတ်ချက် သက္ကဒီရ်နှင့် မပြောင်းလဲနိုင်သော ဥပဒေများကို သိပ္ပံပညာက သဘာဝ၊ နိယာမ၊ ဥပဒေသများ အသွင် ရှာဖွေတွေ့ရှိခြင်းသာဖြစ်၏။ ဥပမာ စွမ်းအင်ကို ဖျောက်ဖျက်၍ မရ၊ အသစ် ဖန်တီး၍လည်း မရ (စွမ်းအင်တည်မြဲမှုနိယာမ)ဟူသည် သိပ္ပံ၏ အဆိုမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ က ကုရ်အာန်ကို ထောက်ခံမှုသာ ဖြစ်၏။ ဖန်ဆင်းရှင် အလ္လာဟ်မရှိဟု ဆိုခြင်းမဟုတ်။ ဖန်ဆင်းရှင် အလ္လာဟ်မှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက် တစ်စုံတစ်ရာကမျှ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှု၌ အသစ် ဖန်ဆင်းထည့်သွင်းခြင်း (သို့မဟုတ်) လုံးဝ ဖျောက်ဖျက်ပစ်ခြင်းကို မလုပ်နိုင်ကြောင်း ကုရ်အာန်၏ အဆိုနှင့် ကျမ်းရှင် အလ္လာဟ်ကို ထောက်ခံမှုသာ ဖြစ်၏ ရုပ်နှင့် စွမ်းအင်တို့ကို အသွင်ပြောင်းလဲမှုသာ လုပ်နိုင်ကြတော့မည် ဖြစ်၏။ တိုးခြင်း၊ လျှော့ခြင်း ပြု၍မရတော့။
ကုရ်အာန် ၅၁း၄၇ ဒုတိယပိုင်းမှာ အလ္လာဟ်သည် စကြဝဠာကို ဘုန်းတော်ဖြင့် ထင်၇ှား ဖြစ်ပေါ်စေပြီးနောက် (မူစီအူးန်) ကျယ်ဝန်းစေတော်မူသော အရှင်ဖြစ်ကြောင်း ဆိုထားမှုဖြစ်၏။ စင်စစ် အလ္လာဟ်သည် စကြဝဠာခပ်သိမ်းနှင့် သဘာဝတရားတို့၏ အရှင်ဖြစ်ကြောင်းကို သံသယရှိသူများအတွက် သက်သေလက္ခဏာ ပေးလိုက်ခြင်းသာဖြစ်၏။ သံသယရှိသူတို့ စကြဝဠာကိုလေ့လာပါက စကြဝဠာကြီး ကျယ်ပြန့်နေမှုကို အမှန်တွေ့ရမည်ဖြစ်ပြီး ကျယ်ပြန့်မှုကို ပြုလုပ်နေသော အလ္လာဟ်နှင့် အလ္လာဟ်၏လမ်းညွှန် ကုရ်အာန်ကိုလက္ခံရန် ထပ်ဆင့် သက်သေပေးထားခြင်းဖြစ်၏။ ၁၉၂၉ တွင် သိပ္ပံပညာရှင် အက်ဒဝင် ဟတ်ဘဲလ် (Edwin Hubble) က ကျွန်ုပ်တို့၏ စကြဝဠာကြီးသည် ကျယ်ပြန့်ကားလျှက်ရှိနေကြောင်း သက်သေပြနိုင်ခဲ့၏။ သို့သော် သိပ္ပံပညာရှင် အိုင်စတိုင်းက ၁၉၃၁ ခုနှစ်ကျမှသာ ထပ်ဆင့် ထောက်ခံခဲ့၏။ စကြဠာတွင်းရှိ ဂလက်ဆီကြယ် အစုအဝေးကြီးများ အားလုံးတို့သည် (မဟာပေါက်ကွဲမှုကြီး အပြီးတွင်) ဂလက်ဆီ အချင်းချင်းထံမှ အလွန်ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြန့်ကားရွေ့လျားနေခြင်းပင်ဖြစ်၏။ အချို့ ဂလက်ဆီကြီးများမှာ တစ်နာရီလျှင် မိုင်သန်း ၁၀၀ နှုန်းဖြင့်ပင် ရွေ့နေ၏။ စင်စစ်ကား လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ကျော်က ကုရ်အာန်နှင့် ကျမ်းရှင် အလ္လာဟ်ကို သိပ္ပံက ထောက်ခံဦးချမှုသာဖြစ်၏။ ကျွန်ုပ်တို့ မည်သို့ငြင်းနိုင်အံ့နည်း။ လူသားတို့ မထိုးဖောက်နိုင်သော စကြဝဠာ
“အို…ဂျင်န်နှင့် လူပရိတ်သတ်အပေါင်းတို့၊ အကယ်၍ အသင်တို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်၏ နယ်နိမိတ်များအတွင်းမှ ထိုးဖောက်နိုင်ကြလျှင် ထိုးဖောက်ကြကုန်လော့။ (စင်စစ်) စွမ်းအားမရှိဘဲလျက် အသင်တို့သည် ထိုးဖောက်သွားနိုင်ကြမည်မဟုတ်ပေ” (ကုရ်အာန် ၅၅း၃၃)
အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံ လူသားတို့ မသိသေးသော အရာများကို တိုးမြှင့်သင်ပေးနေ၏။ အလ္လာဟ်ရှိကြောင်း သက်သေများကို သိစေရန် ဖြစ်သည်။ အထက်ပါ အာယာသ်တော်မှတစ်ဆင့် အလ္လာဟ်က တစ်ချိန်တွင် လူသားတို့သည် အာကာသသို့တက်မည်။ ကမ္ဘာကို ထိုးဖောက်မည်တို့ကို သိတော်မူကြောင်း ယုံကြည်သူတို့အား သက်သေလက္ခဏာအဖြစ် ပညာပေးထားပြီး စကြဝဠာ၏ သတ်မှတ်ထားသော ဇုန်နယ်နိမိတ်တို့ကို လူသားတို့ ကျော်ဖြတ်နိုင်မည်မဟုတ်ကြောင်း ရုပ်ဝါဒီ မာနရှင်တို့ကို ပညာပေးထား၏။
ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်ပါဝင်သော နေမိသားစုသည် ကျွန်ုပ်တို့၏ ဂလက်ဆီ (နဂါးငွေ့တန်း)၏ အစွန်းတစ်နေရာတွင် အမှုန်ကလေးတစ်မှုန် အသွင်သာရှိကြောင်း ပြဆိုခဲ့ပြီး ဖြစ်၏။ လူသားတို့သည် စကြဝဠာ အတွင်း၌ အခြားသော ဂလက်ဆီ များကို မဆိုထားဘိ ကျွန်ုပ်တို့၏ ဂလက်ဆီကိုပင် မဖြတ်နိုင်ကြောင်း သိပ္ပံက တွေ့ရှိခြင်းဖြင့် ကုရ်အာန်ကျမ်းမြတ်နှင့် ကျမ်း၇ှင် အလ္လာဟ်ကို ထောက်ခံဦးချလိုက်ပြန်ပြီ
ကျွန်ုပ်တို့၏ ဂလက်ဆီ (နဂါးငွေ့တန်း)၏ အချင်းမှာ မိုင် ၆၀၀.၀၀၀.၀၀၀.၀၀၀.၀၀၀.၀၀၀. ခန်ရှိ၍ မည်သည့် အာကာသယာဉ်မျှ ဖြတ်သန်းနိုင်မည်မဟုတ်။ တစ်စက္ကန့်လျင် ၁၈၆၀၀၀ မိုင်ဖြင့် အလွန်လျင်မြန်စွာပြေးသော အလင်းရောင်နှုန်းဖြင့် သွားနိုင်သော အာကာသယာဉ်လည်း မတည်ဆောက်နိုင်။ တည်ဆောက်နိုင်ပါကလည်း ကျွန်ုပ်တို့၏ ဂလက်ဆီကို ဖြတ်ရန်ပင် နှစ်ပေါင်း တစ်သိန်းကြာမည့် ခရီးတွင်ပင် လူသားမျိုးဆက်ပေါင်း တစ်ထောင်ကျော် ကြာမည်။ စင်စစ် မဖြစ်နိုင်ချေ။ ကျွန်ုပ်တို့ ဂလက်ဆီနှင့် အနီးဆုံးဂလက်ဆီ “အင်ဒရိုမီဒါ” ကို ရောက်ရန်ဆိုလျှင် နှစ်ပေါင်း နှစ်သန်း ကြာမည်။ ကျန်ဂလက်ဆီများသို့ဆိုလျှင် ဝေးစွ။ ယနေ့ အာကာသယာဉ်များသည် ကမ္ဘာနှင့် နေမိသားစုဝန်းကျင်ကို တက်ရောက်နိုင်သောအဆင့်သာ ရှိ၏။ ရေဒီယို တယ်လီစကုတ်များဖြင့်သာ အဝေးသို့ မျှော်ကြည့်နိုင်ကြ၏။
အလ္လာဟ်အရှင်မြတ်၏ အရရှ်ပလ္လင်တော်
လူသားတို့အတွက် အနန္တစကြဝဠာကြီးကား မဆုံးနိုင်သော အံ့ဖွယ်တစ်ရပ်ဖြစ်သည်။ သိပ္ပံပညာ တိုးတက်လေလေ အလ္လာဟ်နှင့် အလ္လာဟ်ဂုဏ်တော် ဘုန်းတော်တို့၏ သက်သေလက္ခဏာများကို ပို၍ သိလာလေဖြစ်၏။ ယနေ့ သိပ္ပံပညာရှင်များ လေ့လာမှု ပြုနေသော စကြဝဠာသည် အောက်ဆုံးအလွှာဖြစ်၍ ကျန်အလွှာတို့ကို မသိနိုင်သေးချေ တကား။ လူသားတို့သည် ရုပ်စကြဝဠာ လောကအတွင်း ရှိနေစဉ်တွင် အလ္လာဟ်သတ်မှတ်ထားသော ရုပ်စကြဝဠာ၏ ဇုန်နယ်နိမိတ်တို့ကို ထိုးဖောက်၍ မသွားနိုင်ကြောင်း သိပ္ပံက သက်သေခံနေပေပြီ။ စင်စစ် ထိုကုရ်အာန် အာယာသ်သည် အကယ်၍ အလ္လာဟ်ကို လက်မခံဘဲ ငြင်းပါယ်ကာ ဘဝအဆုံးသတ် (သေ)သူတို့အဖို့ တမလွန် လောကတွင်လည်း အလ္လာဟ်ထံမှလွဲ၍ အခြားမည်သည့်နေရာ အရပ်မျှ သွားစရာ မရှိကြောင်း သက်သေပြထားခြင်းဖြစ်၏။ အလ္လာဟ်ကို လက္ခံသူဖြစ်စေ၊ လက်မခံသူဖြစ်စေ နောက်ဆုံးတွင် အလ္လာဟ်ထံသို့သာ ပြန်ကြရမည် ဖြစ်ပေသည်။
“ အလ္လာဟ်အရှင်မြတ်သည်ပင် မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်၏ အကြား၌ ရှိသမျှတို့ကို လည်းကောင်း၊ “ခြောက်ရက်” (ကာလ ၆.ခု)ဖြင့် ဖန်ဆင်းတော်မူပြီးနောက် အရရှ်ပလ္လင်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ အသင်တို့အဖို့ ထိုအရှင်မြတ်အပြင် ကူညီစောင်မမည့်သူ၊ ကြားဝင် အသနားခံပေးမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မရှိပြီ၊ သို့ပါလျှက် အသင်တို့ သတိမမူ နားမလည်ကြလေသလော” (ကုရ်အာန်၃၂း၎)
စကြဝဠာ အနန္တသည် လူသားတိုအတွက် မထိုးဖောက်နိုင်လောက်အောင် ကြီးကျယ်ခမ်းနားလှသော်လည်း ဖန်ဆင်းရှင်အလ္လာဟ်အတွက်ကား အကန့်အသတ်အတွင်း၌သာ ရှိ၏။ အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်ခမ်းနားသော အရရှ်ပလ္လင်တော်ကြီးက စကြဝဠာအနန္တကို သိုင်းဝိုင်း လွှမ်းခြုံထားလေသည်။ အလ္လာဟ်သည် စကြဝဠာအနန္တနှင့် အရရှ်တော်ကို ထင်ရှားဖြစ်ပေါ်စေသော ဘုန်းတော် ဂုဏ်တော်အနန္တနှင့် နိစ္စထာဝရ ပြီးပြည့်စုံနေတော်မူသည့် အရှင်ဖြစ်တော်မူပေသတည်း။
>အရရှ်ပလ္လင်တော်နှင့် ကုရ်စီတော်
လူသားတို့ ထိုးဖောက်နိုင်စွမ်း မရှိသည့် စကြဝဠာ အနန္တကို လွှမ်းခြုံထားသည့် အလ္လာဟ်အရှင်မြတ်၏ အရရှ် ပလ္လင်တော်ကား အဘယ်နည်း။
“ထို(အလ္လာဟ်)အရှင်မြတ်သည် ၄င်းတို့စွပ်စွဲပြောဆိုကြသည် တို့မှ သန့်ရှင်းစင်ကြယ် မြင့်မြတ်တော်မူလှပေသတည်း” (ကုရ်အာန် ၆း၁၀၀)
“ထို့ပြင် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိ” (ကု၇်အာန် ၁၁၂း၎)
“ထိုအရှင်မြတ်နှင့် တူညီသောအရာ တစ်စုံတစ်ရာမျှပင် မရှိချေ” (ကုရ်အာန် ၄၂း၁၁)(အစ္စလာမ့်ယုံကြည်ချက်)
အလ္လာဟ်အရှင်မြတ်သည် အို- နာ- သေ စသော ရုပ်တ၇ားကန့်သတ်မှုအပေါင်းမှ ကင်းစင်တော်မူ၏။ ထို့ကြောင့် အလ္လာဟ်၏ အရရှ်ပလ္လင်တော် ဟူသည်မှာ အလ္လာဟ်ထိုင်တော်မူသော ပလ္လင်ကြီး မဟုတ်ချေ။ အလ္လာဟ်နှင့် စပ်လျဉ်း၍ ရုပ်တရားဖြင့် ဖွင့်ဆို၍မရချေ။ ပလ္လင်တော်ဟူသည် အင်ပါယာနိုင်ငံတော်တစ်ခု၏ အာဏာစက် ကျယ်ဝန်းမှုနှင့် အင်ပါယာရှင်၏ ဘုန်းတော်ကို ကိုယ်စားပြု၏။ ထို့ကြောင့် အလ္လာဟ်၏ အရရှ်တော်ဟူသည် စကြဝဠာ အရာခပ်သိမ်းကို သိုင်းဝိုင်းလွှမ်းခြုံထားသော အလ္လာဟ်၏ဘုန်းတော် အာဏာစက် (ကျယ်ဝန်းမှု)ကို ဖော်ပြသော ကုရ်အာန်ကျမ်းမြတ်၏ အသုံးအနှုန်းသာ ဖြစ်၏။ သို့သော် အလ္လာဟ်သည် ကျယ်ဝန်းသော အင်ပါယာကြီးကို ပိုင်ဆိုင်သော်လည်း မနိုင်မနင်းဖြစ်နေသော အုပ်ချုပ်သူ တစ်ဦးကဲ့သို့ မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်(အမရ်)နှင့် လမ်းညွှန် (ဝဟီ)တို့သည် စကြဝဠာခပ်သိမ်း၊ သက်ရှိ သက်မဲ့ ခပ်သိမ်းအထိ သက်ရောက်လျက်ရှိ၏။ လူသားတို့ သာမန်မျက်စိဖြင့် မမြင်နိုင်သော အဏုမြူမှုန်သည် စကြဝဠာကြီးအတွင်း ကြီးမားသော ဂလက်ဆီများ ကြယ်များထိ သက်ရောက်နေမှု၊ အရာအားလုံးက စနစ်တကျ နာခံနေမှု သက်သေကို တွေ့ရပြီးဖြစ်၏။ အလ္လာဟ်အမိန့်တော် သြဇာဉာဏ်တော်ကို ကုရ်အာန်ကျမ်းမြတ်က ကုရ်စီတော် (ကုလားထိုင်တော်) ဟူ၍ အောက်ပါ (အာယာသုလ်ကုရ်စီ)တွင် သုံးနှုန်းထား၏။
“အလ္လာဟ်-ထိုအလ္လာဟ်အရှင်မြတ်မှတစ်ပါး ကိုးကွယ်ခြင်းကို ခံထိုက်သူဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲရှင်နေတော်မူသောအရှင် (မိမိကိုယ်တော်တိုင် အမြဲထာဝရတည်နေတော်မူ၍ ဖန်ဆင်းခံအပေါင်းတို့ကိုလည်း) အမြဲထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်ကား ငိုက်မျဉ်းခြင်းသည် လည်းကောင်း၊ အိပ်စက်ခြင်းသည် လည်းကောင်း မဖိစီးနိုင်ချေ။ ထိုအရှင်မြတ်သည်သာလျှင် အာကာသ ကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာဟူသမျှတို့ကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၏ အထံတော်၌ ထိုအရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးအတွက် အသနားခံတောင်းပန်ပေးနိုင်သူကား အဘယ်သူနည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက် အဖြစ်အပျက် အကြောင်းကိစ္စအလုံးစုံတို့ကို အကြွင်းမဲ့ သိရှိတော်မူသည်။ သို့ရာတွင် ယင်းသူတို့သည် ထိုအရှင်မြတ်သိရှိတော်မူသော အကြောင်းကိစ္စ အဖြစ်အပျက်တို့အနက်မှ ထိုအရှင်မြတ်အလိုရှိတော်မူသော အကြောင်းကိစ္စမှ အပ တစ်စုံတစ်ရာကိုမျှ ဝန်းခြုံ၍ မသိနိုင်ကြပေ။ ထိုအရှင်မြတ်၏ ကုရ်စီတော် (ဉာဏ်တော် အမိန့်တော်အာဏာ)သည် အာကာသကောင်းကင်များနှင့် တကွ ကမ္ဘာဂြိုဟ် တစ်ခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏။ သို့ရာတွင် ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာဂြိုဟ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိစေမည်မဟုတ်ပေ။ စင်စစ် ထို အရှင်မြတ်သည် (မကြံစည်နိုင်အောင်) မြင့်မြတ်တော်မူသောအရှင်၊ ကြီးကဲထွက်မြတ်တော်မူသော အရှင်တည်း” (ကုရ်အာန်၂း၂၅၅) (အစ္စလာမ့်ယုံကြည်ချက်)
အရရှ်တော်နှင့် ကုရ်စီတော် အာယာသ်တော်များမှ ပေးသော အသိမှာ…. ၁။ ရုပ်စကြဝဠာနှင့် အရာခပ်သိမ်းတို့သည် ကြောက်စရာ၊ ကိုးကွယ်ရာ မဟုတ်။ ၂။ အလ္လာဟ်၏ အမိန့်တော်ကိုနာခံနေကြသော မုစ်လင်မ်များ ဖြစ်နေကြ၏။ ၃။ အလ္လာဟ်နှင့် အလ္လာဟ်၏ ဂုဏ်တော်များကို ခွဲခြား၍မရ။ ၄။ အလ္လာဟ်၏ ဂုဏ်တော်များကို ရုပ်တရားဖြင့် မဖွင့်ဆိုအပ်။ ၁။ ရုပ်စကြဝဠာအတွင်း၌ သက်မဲ့ အရာဝတ္ထုတို့ကို ရုပ်နှင့်စွမ်းအင်အသွင် တွေ့မြင်နိုင်၏။ ထိုစွမ်းအင် အသီးသီးရှိသော အရာဝတ္ထုတို့သည် ကြောက်စရာ၊ ကိုးကွယ်ခြင်းခံထိုက်သော အရာများမဟုတ်။ အလ္လာဟ်၏ သတ်မှတ်ချက်ကို နာခံနေသော သဘာဝနိယာမ တရားများနှင့် စွမ်းအင်တို့သာ ဖြစ်၏။
၂။ ရုပ်စကြဝဠာအတွင်း အလွန်သေးငယ်သော အဏုမြူမှုန်လေး၏ ကမ္ဘာအတွင်းမှ ကြီးမားလေးလံလှသည့် နက္ခတ်တာရာများအထိ အလ္လာဟ် သတ်မှတ်ထားသော လမ်းကြောင်း အရှိန်၊ အချိန်တို့၌ စနစ်တကျ သွားလာ လှုပ်ရှားနေမှုသည် တစ်ပါးတည်းသော အလ္လာဟ်၏ အမိန့်ကိုနာခံနေကြ၍ ဖြစ်သည်။
၃။ အလ္လာဟ်အရှင်မြတ်နှင့် အလ္လာဟ်၏ ဂုဏ်တော်များကို သီးခြားခွဲ၍မရ။ အလ္လာဟ်အရှင်မြတ်သည် ဂုဏ်ရည်တူမရှိ။ အဟဒွန် တစ်ပါးတည်းတည်ရှိတော်မူ အရှင်၊ အရာရာကို ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်၊ ပျက်သုဉ်းစေမည့် အရှင်၊ ပြန်လည် ဖန်ဆင်းတော်မူ၍ တရားစစ်ဆေးမည့် အရှင်၊ အားလုံးတို့မှာ အလ္လာဟ်တစ်ပါးတည်းသာ ဖြစ်၏။ အလ္လာဟ်သည် လူသားတို့အား သောဝ်ဟီဒ် ခေါ် တစ်ပါးတည်းသော အရှင်ကိုသာ ကိုးကွယ်ရာ နိစ္စသစ္စာကို ပေးခဲ့သော်လည်း အလ္လာဟ်နှင့်တကွ အလ္လာဟ့်ဂုဏ်တော်တို့ကို လူသားတို့ကတသီးတခြားစီ ခွဲခြားလိုက်၍ ကိုးကွယ်ရာ အရှင်များစွာ တသီးတခြားစီ ဖြစ်ပေါ်လာ၏။ စင်စစ် သီးခြားအရှင်များမရှိ။ အလ္လာဟ်တစ်ပါးတည်းသာ စကြဝဠာ အရာခပ်သိမ်း၏ အာဏာတော်ကို ပိုင်ဆိုင်တော်မူ၏။ အရှင်သခင်များစွာရှိနေက စကြဝဠာတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေပေမည်။ ယခုမူ တစ်မျိုးတည်းသော အမိန့် ဥပဒေသကိုသာ နာခံနေကြ၏။ (အစ္စလာမ့်ယုံကြည်ချက်)
၎။ အလ္လာဟ်နှင့် အလ္လာဟ်၏ ဘုန်းတော် ဂုဏ်တော်တို့ကို ရုပ်တရားတို့ဖြင့် မဖွင့်ဆိုအပ်။ ရုပ်တရားဟူသည် ကန့်သတ်မှုရှိ၏။ မပြီးမပြည့်စုံ။ အလ္လာဟ်၏ ဂုဏ်တော်တို့ကို ရုပ်တရားဖြင့် လူသားတို့ ဖွင့်ဆိုခဲ့မှုကြောင့် သောဝ်ဟီဒ် နိစ္စသစ္စတရားနှင့် အလ္လာဟ်၏ လမ်းညွှန်တော်တို့သည် မူရင်းမှ သွေဖည်မှုတို့ ဖြစ်ကုန်ကြတော့သည်။ ပြီးပြည့်စုံမှု မရှိကြတော့ချေ။
ဥပမာ………. အလ္လာဟ်အရှင်မြတ်သည် ၆ ရက်နှင့် စကြဝဠာ အရာခပ်သိမ်းကို ဖန်ဆင်းသည်ဟုဆို၏။ ကုရ်အာန်က သုံးသော ‘အိုက်ယမ်း’ (ရက်များ)ဟူသည် အလွန်ရှည်လျားသောကာလကို ဆိုလိုခြင်းဖြစ်၏။ (ကုရ်အာန် ၃၂း၅။ ၇၀း၎)။ ၂၄ နာရီလျှင် တစ်ရက်ဟူသော တိုင်းတာမှုသည် ကမ္ဘာဂြိုဟ်နှင့် နေမင်းတို့ ဆက်စပ် တိုင်းတာမှုသာ ဖြစ်၏။ စကြဝဠာတစ်ခုလုံး၌ ၂၄ နာရီလျှင် တစ်ရက် မဟုတ်ချေ။ ထို့ကြောင့် ၆ ရက်ဟူသည် ကာလ၆ ခု (အဆင့် ၆ ဆင့်)ဖြင့် စကြဝဠာကြီးကို ထင်ရှားဖြစ်ပေါ်စေခြင်းကို ဆိုလို၏။ ကုရ်အာန်ကျမ်းမြတ်အတွင်း မပြီးမပြည့်စုံစွာ ဖော်ပြမှု အလျှင်းမရှိချေ။ (၇)ရက်လျှင် တစ်ပတ်ဟူသည် ကမ္ဘာအတွက်သာ ဖြစ်၏။ စကြဝဠာ၏ အချိန်သတ်မှတ်ချက် မဟုတ်။ ထို့ကြောင့် ကမ္ဘာအပါအဝင် စကြဝဠာကြီးကို ဖန်ဆင်း ဖြစ်ပေါ်စေမှုတွင် (၆)ရက်ပြီးသော် (၇)ရက်မြောက်ရောက်သည်ဟူ၍ ကုရ်အာန်က မဆိုချေ။
အလ္လာဟ်သည် စကြဝဠာခပ်သိမ်းကို ကာလ(၆)ခုဖြင့် ထင်ရှားဖြစ်ပေါ်စေပြီး မောပန်း၍ အနားယူခြင်းမရှိ။ မောပန်းခြင်း၊ အနားယူခြင်း၊ အိပ်ခြင်း၊ အို၊ နာ၊ သေခြင်းတို့သည် မပြီး မပြည့်စုံသော ရုပ်တ၇ားများ၏။ နိစ္စထာဝရ ပြီးပြည့်စုံသောအရှင်တွင် ထို မပြီး မပြည့်စုံသော ရုပ်တရားတို့ မရှိအပ်။ မောပန်း၊ အနားယူခြင်းရှိသော အရှင်ကို လူသားတို့ မည်သို့ကိုးကွယ် အားကိုးထိုက်သနည်း။ ထို့ကြောင့် ကုရ်စီတော်အာယာသ်တွင် အလ္လာဟ်က “အလ္လာဟ် မောပန်း၍ အနားယူသည်”ဟူသော လူသားတို့၏ အဆိုကို မဟုတ်ကြောင်း အသိပေးထား၏။ ထို့ပြင် အလ္လာဟ်သည် ဖန်ဆင်းခံတို့၏ တောင်းဆိုချက်ကို မေတ္တာ ကရုဏာတော်ဖြင့် ပေးလျက်ရှိကြောင်း အောက်ပါ အာယာသ်တော်များတွင် ကြည့်ပါ။
“မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် အထံတော်၌သာလျှင် မိမိတို့၏ လိုအင်ဆန္ဒများကို) တောင်းခံကြကုန်၏။ နေ့စဉ် ထိုအရှင်မြတ်သည် (စကြဝဠာနှင့်ယှဉ်သော) အရေးကိစ္စကို ဆောင်ရွက်လျက်ရှိနေတော်မူ၏” (ကုရ်အာန် ၅၅း၂၉)
“အရာခပ်သိမ်းတို့ကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် ထိုအရှင်မြတ်၏ လက်တော်အတွင်း၌သာ ရှိ၏” (ကုရ်အာန် ၃၆း၈၃)
“ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏လက်တော်၌သာလျှင် ရှိ၏။ မုချဧကန် အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်တည်း” (ကုရ်အာန်၃း၂၆)
အလ္လာဟ်အရှင်မြတ်၏ လက်တော်ဟူသည် အလ္လာဟ်တွင် လူသားတို့ကဲ့သို့ လက်ရှိခြင်း (ရုပ်တရား)ကို ဆိုလိုခြင်း မဟုတ်။ အလ္လာဟ်၏ စွေဖာသ် ဂုဏ်တော်များအရ စွမ်းဆောင်နိုင်မှုကို လူသားတို့ သိရှိနားလည်နိုင်ရန် တင်စားဖော်ပြထားသော ကုရ်အာန်၏ အသုံးအနှုန်းဖြစ်သည်။ အလ္လာဟ်၏ အရရှ်ပလ္လင်တော်သည် စကြဝဠာ အရာခပ်သိမ်းကို ဝန်းခြုံထား၏။ အလ္လာဟ်၏ ကုရ်စီတော် (ဉာဏ်တော်၊ အာဏာ)တို့သည်လည်း အရာခပ်သိမ်းကို လွှမ်းခြုံသက်ရောက်နေ၏။ အလ္လာဟ်၏ လက်တော် (ဘုန်းတော်အနန္တဖြင့် ကောင်းမြတ်ခြင်း မင်္ဂလာ အဖြာဖြာ ပေးနိုင်မှုနှင့် မေတ္တာ ကရုဏာတော်)တို့သည် အ၇ာခပ်သိမ်းအပေါ် ကျရောက်လျက်ရှိ၏။ အလ္လာဟ်သည် လူသားကို ထင်ရှား ဖြစ်ပေါ်စေခြင်းမှာ မေတ္တာ ကရုဏာပေးရန် ဖြစ်သည်။ အရာခပ်သိမ်းအပေါ် အလ္လာဟ်၏ မေတ္တာ ကရုဏာတော်များ လွှမ်းခြုံကျရောက်နေပါလျက် လူသားတို့မရခြင်းမှာ နိစ္စသစ္စသောဝ်ဟီဒ်ကို မရှာ၍ မသိ၊ သိသော်လည်း မကျင့်၍သာဖြစ်၏။ လူသားတို့၏ ဒုက္ခကြောင်းရင်းသည် လူသားတို့၏ လုပ်ရပ်ကြောင့်သာဖြစ်၏။ အလ္လာဟ်သည် လူသားကို လွတ်လပ်စွာ ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်ပေးထားပြီးဖြစ်၏။ သို့သော် လူသားတို့အားလုံး မိမိတို့၏ လုပ်ရပ်များနှင့် စပ်လျဉ်း၍ အလ္လာဟ်ထံတော်သို့သာ ပြန်၍ စစ်ဆေးခံရခြင်း၊ အကျိုး အပြစ်ပေးခြင်းခံရမည်သာဖြစ်၏။ အဏုမြူမှုန်လေးမှစ၍ အဆင့်ဆင့် သက်သေအချို့ကို ပြခဲ့ပြီးဖြစ်၏။ ထို့ကြောင့် အလ္လာဟ်သည် မိမိ၏လုပ်ရပ်များ (ဖန်ဆင်းမှု) အတွက် နောင်တရခြင်း မရှိ။ လူသားတို့၏ ငြင်းဆန်မှု၊ ဒုစရိုက်ပြုမှုတို့ကို လက်မှိုင်ချ၍ ကြည့်နေခြင်း မဟုတ်ချေ။ ကရုဏာတော်အနန္တဖြင့် အချိန်ပေးထားခြင်း၊ လမ်းညွှန်နေခြင်းသာဖြစ်သည်။
အလ္လာဟ်အရျင်မြတ်သည် လူသားတို့ကို မေတ္တာ ကရုဏာပေးရန် မပြီးမပြည့်စုံသောဘဝမှ နိစ္စထာဝရ ငြိမ်းချမ်းသော အဆင့်(ဂျန္နတ်)သို့ မြှင့်တင်ပေးရန် ထင်ရှားဖြစ်ပေါ်စေခြင်းဖြစ်သည်။ ထိုစီမံကိန်းတွင် အလ္လာဟ်သည် နေ့စဉ်နှင့်အမျှ မေတ္တာ ကရုဏာတော်ဖြင့် ဖန်ဆင်းခံတို့ အရေးကိစ္စကို ဆောင်ရွက်နေ၏။ လူသားတို့သည်လည်း မိမိအကျိုးအတွက်မိမိအပိုင်းကဏ္ဍမှ အလုပ် လုပ်ပေးရပေမည်။
အလ္လာဟ်သည် အရ်ရဟ်မားန် မဟာကရုဏာတော်ရှင်ဟူသော ဂုဏ်တော်နှင့်အညီ ဖန်ဆင်းခံအသီးသီးကို ၄င်းတို့၏ သဘာဝနှင့်အညီ စွမ်းရည်များ ပေးထား၏။ လမ်းညွှန် (ဝဟီ)များ ပေးထားပြီး ဖြစ်သည်။ လူသားသည်လည်း မိမိ၌ရှိသော ရုပ်-နာမ်-စွမ်းရည်တို့ဖြင့် အလုပ်လုပ်ရမည်။ အလ္လာဟ်ထံမှ ဝဟီလမ်းညွှန် (ကုရ်အာန်)လည်းရပြီးဖြစ်၏။ အချောင်ခို၍မရ၊ သူတစ်ပါးအားကိုး၍ မရချေ။
သို့မှသာ အလ္လာဟ်သည် အရ်ရဟီမ် အနန္တကောင်းခြင်းမင်္ဂလာတော်ရှင် ဟူသော ဂုဏ်တော်နှင့်အညီ ကောင်းမှုတစ်ခုအတွက် အကျိုးဆုလာဘ်များ အဆများစွာ ချီးမြှင့်မည်ဖြစ်၏။ ယုံကြည်ပါသည် ဆိုရုံသက်သက်ဖြင့် မပြီးချေ။ အလ္လာဟ်၏ လမ်းညွှန်အတိုင်း တစ်သဝေမတိမ်းဆောင်ရွက် လုပ်ကိုင်ကြရမည်။ အလုပ်လုပ်နိုင်သော စွမ်းရည်ရှိပါလျက် မလုပ်သူအတွက် အလ္လာဟ်၏ ဥပဒေအရ အကျိုးမရှိ။
လူသား၏ နဖ်စ် ဝိညာဉ်သည် သောဝ်ဟီဒ် အလ္လာဟ် တစ်ပါးတည်းရှိခြင်း (နိစ္စသစ္စာ)၏ မြေသြဇာပေါ်၌သာ သန့်စင်စွာ ရှင်သန်ကြီးထွားနိုင်၏။ အလ္လာဟ်တစ်ပါးတည်းထံမှ လမ်းညွှန်ဝဟီအလင်းကိုလက်ခံပါမှ ဖွံ့ဖြိုးတိုးတက်မည်။ မိမိရှိစွမ်းရည်တို့ဖြင့် ဝဟီအတိုင်းလုပ်ပါမှ ကောင်းမှု၏ အသီးအပွင့်တို့ကို အတိုင်းအဆမရှိ ခံစားကြရမည်ဖြစ်သည်။ ထို့ကြောင့် အရရှ်တော် အာယာသ်တော်တွင်……….
“အသင်တို့အဖို့ ထိုအရှင်မြတ်အပြင် ကူညီစောင်မမည့်သူ၊ ကြားဝင် အသနားခံပေးမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပြီ” (ကုရ်အာန် ၃၂း၎)

ကာလ (၆)ဆင့်

ကာလ (၆)ဆင့် အလ္လာဟ်အရှင်မြတ်သည် လောကစကြဝဠာခပ်သိမ်း၊ သက်ရှိသက်မဲ့ အပေါင်းကို ကာလ(၆)ဆင့်ဖြင့် ထင်ရှား ဖြစ်ပေါ်စေခြင်းနှင့် စပ်လျဉ်း၍ ယနေ့အထိ လူသားတို့၏ သိပ္ပံနှင့် ဉာဏ်က အကုန်အစင် မမီသေးချေ။ အာယာသ်တော်အချို့ကို ဖော်ပြပါမည်။
“ထို(အလ္လာဟ်)အရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း၊ မှန်ကန်တိကျစွာဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ ၄င်းပြင် ထိုအရှင်မြတ်က ဖြစ်စေ ဟူ၍မိန့်ကြားတော်မူသော နေ့တွင် ဖြစ်သွားလတ္တံ့” (ကုရ်အာန် ၆း၇၃)
အလ္လာဟ်အရှင်မြတ်သည်ပင် မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်အကြား ရှိသမျှတို့ကို လည်းကောင်း၊ ၆ ရက်တွင် ဖန်ဆင်းတော်မူခဲ့ပြီးနောက် အရရှ်ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့၏”(ကုရ်အာန် ၃၂း၎)
“စင်စစ် ထိုအရှင်မြတ်၏ အရရှ်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်။ (အရာခပ်သိမ်းကို ဖန်ဆင်းရခြင်းကား) ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာ ဖြစ်၏” (ကုရ်အာန် ၁၁း၇)
“ထိုအရှင်မြတ်၏ ကုရ်စီတော် (ဉာဏ်တော်၊အာဏာတော်)တို့သည် အာကာသကောင်းကင်များနှင့်တကွ ကမ္ဘာဂြိုဟ် တစ်ခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏” (ကုရ်အာန် ၂း၂၅၅)
“ထိုအရှင်မြတ်သည် မိုးကောင်းကင်(၇)ထပ်ကို အထပ်ထပ် ဖန်ဆင်းတော်မူခဲ့၏။ အသင်တို့သည် အရ်ရဟ်မားန်အနန္တ၊ ကရုဏာတော်ရှင်၏ ဖန်ဆင်းမှုတွင် ကွာခြားမှု၊ မဆီလျှော်မှုဟူ၍ လုံးဝတွေ့ရမည် မဟုတ်” (ကုရ်အာန်၆၇း၃)
“ပြောလော့ အသင်တို့သည် ကမ္ဘာဂြိုဟ်ကို နှစ်ရက်(ကာလနှစ်ခု)ဖြင့် ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်အား သွေဖည်ငြင်းပယ်ကြသလော့။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်ထားကြလေသလော့။ ထိုအရှင်မြတ်သည်ပင် စကြဝဠာလောကခပ်သိမ်းတို့ကို ဆင့်ကဲဖြစ်စဉ်အရ ဖန်ဆင်း မွေးမြူတော်မူသော အရှင်ဖြစ်တော်မူ၏”
“၄င်းပြင် အရှင်မြတ်သည် ကမ္ဘာဂြိုဟ်ဝယ် လေးလံသောတောင်များကို ယင်းကမ္ဘာဂြိုဟ်အပေါ်၌ ပြုလုပ်ထားတော်မူခဲ့၏။ ထို့ပြင် ယင်းကမ္ဘာဂြိုဟ်ဝယ် အကျိုးကျေးဇူးများကို ပွားများစေတော်မူခဲ့၏။ ထို့ပြင် ယင်းကမ္ဘာဂြိုဟ်၌ပင် ၄င်းမှ ထွက်သော အစာအာဟာရများကို တိုင်းတာသတ်မှတ်တော်မူခဲ့၏။ (ယင်းအမှုကိစ္စ အလုံးစုံတို့မှာ) လေးရက်(ကာလ ၄-ခု)၌ ပြီးမြောက်ခဲ့၏။ (ဤသည်) မေးမြန်းသူတို့အဖို့ ညီမျှ(သောအဖြေ)ဖြစ်၏” (ကုရ်အာန် ၄၁း၉-၁၀)
“၄င်းပြင် ထိုအရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့၏။ ထိုအချိန်တွင် ယင်းမိုးကောင်းကင်သည် မီးခိုး၊ အခိုး အငွေ့သာဖြစ်နေခဲ့၏။ ထိုအခါ ထိုအရှင်မြတ်သည် မိုးကောင်းကင်ကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း၊ အသင်တို့ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ လာကြကုန်ဟု မိန့်ကြားတော်မူခဲ့ရာ ယင်းတို့က ကျွန်တော်မျိုးတို့သည် ကျေနပ်စွာလာခဲ့ကြပါပြီဟု လျှောက်ထားခဲ့ကြလေသည်”
“ထို့နောက် အရှင်မြတ်သည် ယင်းမိုးကောင်းကင်ကို နှစ်ရက်(ကာလ ၂-ခု) ၌ (၇)ထပ် ပြုလုပ်တော်မူခဲ့၏။ ထို့ပြင် မိုးကောင်းကင် အသီးသီး၌ ၄င်းတို့နှင့်သက်ဆိုင် သင့်မြတ်သော ဝဟီလမ်းညွှန် အမိန့်တော် အသီးသီးကို ထုတ်ပြန်တော်မူခဲ့၏။ ထို့ပြင် ငါ အ၇ှင်မြတ်သည် အနီးဆုံး (ဖြစ်သော အောက်ဆုံး) မိုးကောင်းကင်ကို ကြယ်နက္ခတ်တို့ဖြင့် တန်ဆာဆင်ယင်တော်မူခဲ့၏။ ထိန်းသိမ်းတော်မူခဲ့၏။ ဤသည် အလွန်တရာ နိုင်နင်း လွမ်းမိုးတော်မူသော အရှင်၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်၏ သက္ကဒီရ် စီမံသတ်မှတ်ပြဋ္ဌာန်းမှုပင်ဖြစ်၏” (ကုရ်အာန် ၄၁း၁၁-၁၂) ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အနီးဆုံး (အောက်ဆုံး) ဖြစ်သော မိုးကောင်းကင်ကို မီးအိမ်များဖြင့် တင့်တယ်သိုက်မြိုက်စွာ ဆင်ယင်ထားတော်မူသည့်ပြင် အရှင်မြတ်သည် ယင်းမီးအိမ်များကို ရှိုဿွာန် မိစ္ဆာကောင်များအား ပစ်ခတ်ရန် လက်နက်ကိရိယာများ ပြုလုပ်တော်မူခဲ့၏” (ကုရ်အာန် ၆၇း၅)
“ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို အသင်တို့ မမြင်နိုင်ကြသော တိုင်များဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ၄င်းပြင် ထိုအရှင်မြတ်သည် ကမ္ဘာဂြိုဟ်၌ ယင်းကမ္ဘာဂြိုဟ်သည် အသင်တို့နှင့်တကွ ယိမ်းယိုင်မသွားစေရန် လေးလံသော တောင်များကို (ကျောက်ဆူးသဖွယ်)ချ ထားတော်မူခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းကမ္ဘာဂြိုဟ်ဝယ် သတ္တဝါ အမျိုးမျိုးတို့ကို ပြန့်ပွားစေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကိုချပေးသနားတော်မူပြီးနောက် ယင်းကမ္ဘာဂြိုဟ်၌ ကောင်းမြတ်သော (သီးနှံ သစ်ပင်) အမျိုးမျိုးတို့အား ပေါက်ရောက်စေတော်မူပေသည်။ ဤသည်ကား အလ္လာဟ်၏ ဖန်ဆင်းခံ၊ ဖန်ဆင်းမှုများပင်၊ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အပြင် အခြားမည်သူတို့ကို မည်သည့်အရာများ ဖန်ဆင်းခဲ့ကြသည်ကို ငါ့အားပြသကြကုန်လော့။ ထိုသို့ အလျင်းမဟုတ်ချေ။ စင်စစ် မတရားသူတို့သည် ထင်ရှားစွာသော လမ်းမှား၌ပင် ရှိကြကုန်၏” (ကုရ်အာန် ၃၁း၁၀ မှ ၁၁)
“ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ကို ခြောက်ရက် (ကာလ၆ ခု)ဖြင့် ဖန်ဆင်းတော်မူခဲ့သော အရှင်ဖြစ်၏။ ထို့နောက် ထိုအရှင်မြတ်သည် အရရှ်ပလ္လင်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ (တစ်နည်း ထို့နောက်အလ္လာဟ်၏ ဘုန်းတော် အာဏာတော်တို့သည် ဖန်ဆင်းခံခပ်သိမ်းတို့အပေါ် သက်ရောက်လေတော့သည်။) ထိုအရှင်မြတ်သည် ကမ္ဘာဂြိုဟ်၌ ဝင်သောအရာကိုလည်းကောင်း၊ ယင်းကမ္ဘာဂြိုဟ်မှထွက်သော အရာကို လည်းကောင်း၊ မိုးကောင်းကင်မှ ဆင်းသောအရာကို လည်းကောင်း၊ ယင်းမိုးကောင်းကင်၌ တက်သော အရာကို လည်းကောင်း သိတော်မူ၏။ ၄င်းပြင် အသင်တို့ ရှိကြသော မည်သည့်နေရာ၌မဆို ထိုအရှင်မြတ်သည် အသင်တို့နှင့်အတူ ရှိနေတော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုလုပ်သမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏” (ကုရ်အာန် ၅၇း၎)
“အကယ်၍သာ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်တို့သည် တိမ်းပါးရွေ့လျားသွားခဲ့သော် အလ္လာဟ်မှတစ်ပါး မည်သူကမျှ ယင်းတို့ကို မုချထိန်သိမ်းနိုင်မည် မဟုတ်ချေတကား” (ကုရ်အာန် ၃၅း၄၁)
>မဟာပေါက်ကွဲမှုကြီး မည်သူ ပြုလုပ်ခဲ့သနည်း
အဏုမြူမှုန်ကလေးအတွင်းမှ ဓာတ်ငွေ့များ လည်ပတ်ရာလမ်းကြောင်းများ၊ နိယာမများနှင့် အာကာသ စကြဝဠာကြီးတွင် ဂြိုဟ် ကြယ်၊ နက္ခတ်တာရာများ မိမိတို့ကိုယ်တိုင် လည်ပတ်နေမှု၊ အရှိန်မှန်စွာ ရွေ့လျားနေမှု၊ သတ်မှတ်ထားရာ လမ်းကြောင်းများရှိမှု၊ အချိန်မှန်စွာ သွားလာနေမှု၊ စကြဝဠာကြီးကျယ်ပြန့်ကားနေမှု၊ လူသားတို့ မထိုးဖောက်နိုင်မှု စသည်တို့မှ စကြဝဠာကြီး၏ အစ မဟာပေါက်ကွဲမှုအထိ ကုရ်အာန်ကျမ်းမြတ်၏ ဖော်ပြချက်ကို သိပ္ပံပညာက ထောက်ခံနေပြီး ဖြစ်သည်။
သို့သော် မည်သည့်အရာ (သို့မဟုတ်) မည်သူက မဟာပေါက်ကွဲမှုကြီးကို ဖြစ်စေခဲ့သနည်း။ စကြဝဠာအတွင်း ရုပ်နှင့် စွမ်းအင်တို့ကို မည်သည့်အရာက ဖြစ်စေခဲ့သနည်း စသည်တို့ကို သိပ္ပံပညာက မဖြေနိုင်သေးချေ။ စင်စစ် ကုရ်အာန်၏ အာယာသ်တို့ကို နှလုံးသား တံခါးပိတ်၍ မဆင်ခြင်၍သာ ဖြစ်သည်။ စကြဝဠာကြီးသည် ဒုတိယအကြိမ် အစိတ်အပိုင်းတစ်ခုတည်း ပြန်ဖြစ်ဦးမည်။ စကြဝဠာအသစ်ဖြစ်၍ လူသားတို့ တရားစစ်ဆေးခံရမည့် နေ့တော်ကြီးကို ရောက်ဦးမည်ဖြစ်သည်။ ကိယာမသ် ကဏ္ဍတွင် အသေးစိတ်ကြည့်ပါ။
“စင်စစ် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်သည် မူလကပူးကပ်လျက် ရှိခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းနှစ်ခုလုံးကို တစ်ခုစီ ခွဲခြားတော်မူခဲ့၏။ (ဤအချက်ကို) မယုံကြည်သူတို့ မသိမမြင်ခဲ့ကြ လေသလော့….” (ကုရ်အာန် ၂၁း၃၀)
“စင်စစ် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား ကြည်ညိုလေးစားအပ်သည့်အတိုင်း ကြည်ညိုလေးစားခြင်း မပြုခဲ့ကြ။ စင်စစ် ကိယာမသ် ရှင်ပြန်ထရမည့် နေ့တွင် ကမ္ဘာဂြိုဟ် တစ်ခုလုံးမှာ ထိုအရှင်မြတ်၏ လက်တစ်ဆုပ်စာပင် ရှိမည်သာမက မိုးကောင်းကင်များမှာလည်း ထိုအရှင်မြတ်၏ လက်ယာ လက်တော်တွင်းဝယ် လိပ်ထားလျက်ပင် ရှိကြပေမည်။ ထိုအရှင်မြတ်မှာမူကား ၄င်းတို့ တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြသည်တို့မှ လုံးဝစင်ကြယ်သန့်ရှင်းတော်မူသည့်ပြင် ထိုအရှင်မြတ်သည် (ထို အရာတို့ထက် အတိုင်းမရှိ) မြင့်မြတ်လှတော်မူပေသတည်း” (ကုရ်အာန် ၃၉း၆၇)

စကြဝဠာများမှသက်ရှိများ

စကြဝဠာများမှသက်ရှိများ “၄င်းပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ကို ခြောက်ရက်တွင် ဖန်ဆင်းတော် မူခဲ့လေသည်။ စင်စစ် ထိုအရှင်မြတ်၏ အရရှ် ပလ္လင်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်။ (စကြဝဠာခပ်သိမ်း၊ အရာခပ်သိမ်းကို ဖန်ဆင်းရခြင်းကား) ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံး ဖြစ်သည်ကို စမ်းသပ်တော်မူရန် ဖြစ်ပေသည်။ (ကုရ်အာန် ၁၁း၇)
“၄င်းပြင် ထိုအရှင်မြတ်သည် သက်သေလက္ခဏာတော်တို့အနက် တစ်ပါးအပါအဝင် ဖြစ်သည်။ မိုးကောင်းကင်များကို ဖန်ဆင်းခြင်းသည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို ဖန်ဆင်းခြင်းသည် လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်နှစ်ခုလုံးတွင် ဖြန့်ထားတော်မူသော သက်ရှိ အပေါင်းတို့အား ဖန်ဆင်းတော်မူခြင်းသည် လည်းကောင်း၊ ထို့ပြင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောအခါ ယင်းတို့အား စုရုံးခြင်းကို လည်းကောင်း ပြုစွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၄၂း၂၉)
“မိုးကောင်းကင်များ၌ လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ လည်းကောင်း “ရှိကြသောသူဟူသမျှ” တို့သည် အရ်ရဟ်မားန် အနန္တ ကရုဏာတော်ရှင်၏ ရှေ့တော်မှောက်တွင် ကျွန်အဖြစ်နှင့် လာရောက်ရမည့် သူချည်းသာဖြစ်ကုန်၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် ၄င်းတို့အား ဝန်းခြုံ၍ထားတော်မူသည့်ပြင် ၄င်းတို့အား ရေတွက်၍လည်းထားတော်မူ၏။ စင်စစ် ထိုသူ အသီးသီးတို့သည် ကိယာမသ် ရှင်ပြန်ထမည့် နေ့တွင် တစ်ဦးချင်း လာရောက်ရမည့် သူများသာလျှင် ဖြစ်ကြကုန်၏” (ကုရ်အာန် ၁၉း၉၃-၉၅)
ရုပ်စကြဝဠာကြီးအတွင်း သက်ရှိနှင့် သက်မဲ့ဟူ၍ရှိရာ သက်မဲ့များကို ရုပ်နှင့် စွမ်းအင်အသွင်ဖြင့် တွေ့မြင်နိုင်သည်။ ဥပမာ- မီး(ရုပ်)သည် ပူလောင်စေသော (စွမ်းအင်) သတ္တိရှိ၏။ ကျမ်းမြတ်ကုရ်အာန် (၂၁း ၃၀)၏ ပထမပိုင်းတွင် အလ္လာဟ်သည် စကြဝဠာ အရာခပ်သိမ်းတို့ကို အစုအဝေးတစ်ခုတည်းမှ ခွဲထုတ်ခဲ့ခြင်းကို ခေတ်သစ်သိပ္ပံ၏ မဟာပေါက်ကွဲမှု သီအိုရီက ထောက်ခံနေ၏. ထို့အတူ ထိုအာယာသ်၏ ဒုတိယ ပိုင်းကို ခေတ်သစ်သိပ္ပံ၏ “သက်ရှိတို့၏ အစသည် ရေမှ ဖြစ်ကြောင်း” အဆိုက ထောက်ခံနေပြန်သည်။ အလ္လာဟ်က ငြင်းပယ်သူတို့အား သက်သေများကို တွေ့ပါလျက် မတွေ့မမြင်ကြဘူးလော၊ ဆင်ခြင်ယုံကြည်ခြင်း မရှိကြပါသလောဟု ဆိုထား၏။ သို့သော် သိပ္ပံက အသက်ဟူသည် မည်သည့်အရာဖြစ်ကြောင်း တိကျစွာ မဖော်ပြနိုင်ချေ။
“အလ္လာဟ်၏ ‘အရရှ်ပလ္လင်တော်သည် ရေပေါ်၌ရှိခဲ့သည် ” ဟူသော ကုရ်အာန်၏အဆိုကို ယနေ့ လူသားတို့ တိကျသော ပြန်ဆိုချက်ကို မပေးနိုင်သေးချေ။ ယေဘုယျအားဖြင့် ပြန်ဆိုမှုမှာ သက်ရှိခပ်သိမ်းသည် ရေမှ စတင်တိုးတက်ခဲ့၍ စကြဝဠာအတွင်းရှိ သက်ရှိအားလုံးအပေါ် အလ္လာဟ်၏ ဘုန်းတော် (အရရှ်)နှင့် အာဏာတော်တို့ သက်ရောက်ခြင်းနှင့် မည်သည့်သက်ရှိမျှ အလ္လာဟ်နှင့် ကင်းကွာ၍ မရဘဲ အလ္လာဟ်ထံသို့သာ ပြန်ကြရမည် ဖြစ်ခြင်းကို ဆိုလိုသည်။
ကမ္ဘာဂြိုဟ်ပေါ်တွင် သက်ရှိအဖြစ် သစ်ပင်ပန်းမန် လောက၊ တိရစ္ဆာန်လောကနှင့် လူသားတို့ဟူ၍ (၃)မျိုးတွေ့နိုင်သည်။ ယနေ့ သိပ္ပံက အခြားကမ္ဘာ၊ စကြဝဠာများတွင် သက်ရှိများရှိ-မရှိ စူးစမ်းးလျက်ရှိ၏။ ဖော်ပြပါ ကုရ်အာန် အာယာသ်တော်များအရ အလ္လာဟ်သည်မိုးကောင်းကင် (စကြဝဠာ)များနှင့် ကမ္ဘာဂြိုဟ်နှစ်မျိုးလုံးတွင် သက်ရှိများကို သတ်မှတ်၍ ဖန်ဆင်းဖြန့်ကြဲချထားကြောင်း သက်သေအဖြစ် ကြည့်ရန်ဆိုထား၏။ လူသားတို့ကို ဖန်ဆင်းထားမှု သဘာဝမှာ ရေ၊ မြေ၊ လေ၊ မီး အာကာသဓာတ် စသည်တို့ဖြင့် ဖွဲ့စည်းထားသော်လည်း ခန္ဓာကိုယ်မှာ ထူးခြားစွာ အသွင်ဖြစ်နေ၏။ ထို့ အတူအခြား ကမ္ဘာလောကများမှ သက်ရှိတို့မှာလည်း ရေမှပင် စတင်ခဲ့သော်လည်း လူသားတို့၏ သဘာဝနှင့် တူညီလိမ့်မည်ဟုလည်း မဆိုနိုင်။ ကုရ်အာန် (၉၅း၎) အရ လူသားသည် စကြဝဠာအတွင်း အကောင်းဆုံး ပုံစံဖွဲ့စည်းမှုဖြင့် အလ္လာဟ်က ပြလုပ်ထားကြောင်း ဆိုထားသည်။
အလ္လာဟ်အလိုတော်ရှိက စကြဝဠာတွင်းမှ သက်ရှိများကို စုရုံးစေတော်မူနိုင်၏ဟု ဆိုထားရာ ဤရုပ်လောက၌ပင် တစ်ဦးနှင့်တစ်ဦးကိုဆုံစည်းပေးမည်လော (သို့မဟုတ်) ကိယာမသ် ရှင်ပြန်ထမည့်နေ့တော်တွင်သာ စုရုံးမည်လော ဆိုသည်ကို စောင့်ကြည့်ရန်သာရှိ၏။ သိပ္ပံလောကမှလည်း ကြိုးစားနေကြ၏။ သက်ရှိတို့၏ အရေအတွက်မှာ အလ္လာဟ်၏ သက္ကဒီရ် သတ်မှတ်ချက်အရ ဖြစ်ပေါ်နေ၏။ ထို့ကြောင့် ဖို နှင့်မ ပေါင်းစပ်တိုင်း သန္ဓေသားမရခြင်းသာ ဖြစ်၏။
>စကြဝဠာ (၇)ထပ်နှင့် လမ်းများ၊ တံခါးပေါက်များ
မိုးကောင်းကင် (၇)ထပ် ဟူ၍ ကုရ်အာန်ကျမ်းမြတ် အတွင်းအကြိမ် (၂၀) ကျော် ဖော်ပြထား၏ ။ အာရဗီစာပေအရ (ခုနှစ်)ဂဏန်းသည် အမှန်တကယ် ခုနှစ်(သို့) များပြားမှုကို ဆိုလို၏။ အောက်ပါ အာယာသ် ၂-ခုမှာ သုတေသနပြုဖွယ်၊ စဉ်းစားဖွယ်ရာ ဖြစ်၏။
“၄င်းပြင် ငါအရှင်မြတ်သည် အသင်တို့အထက်ဝယ် လမ်းခုနှစ်သွယ်ကို ဖန်ဆင်းတော်မူခဲ့၏” (ကုရ်အာန် ၂၃း၁၇)
“ငါအရှင်မြတ်သည် လမ်းများစွာရှိသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏” (ကုရ်အာန် ၅၁း၇)
စကြဝဠာအတွင်း ဂြိုဟ်၊ နက္ခတ်များတို့သည် ၄င်းတို့အတွက် အလ္လာဟ်သတ်မှတ်ထားရာ လမ်းကြောင်းများတွင် ပုံမှန်သွားနေကြောင်း ဖော်ပြပြီးဖြစ်၏။ သို့သော် ဖော်ပြပါ အာယာသ် ၂-ခုက ဆိုသောလမ်းကြောင်းများမှာ ဂြိုဟ်နက္ခတ်တို့၏ သွားလမ်း (Orbit) ကိုသာ ဆိုလေသလော သို့တည်းမဟုတ်၊ စကြဝဠာများ တစ်ခုနှင့်တစ်ခု ဆက်စပ်သော လမ်းများကိုပင် ဆိုလေသလော ဟူသည်ကို ရှာဖွေသင့်၏။ (ကုရ်အာန် ၁၅း၁၄။ ၇၈း၁၉) တို့တွင် တံခါးပေါက်များနှင့် ရှိသောဘလက်ဟိုး (Black Hole) ခေါ် စကြဝဠာ၏ တွင်းနက်ကြီးများနှင့် ဆက်စပ်ကောင်း ဆက်စပ်နေပေမည်။ (ကိယာမသ်ကဏ္ဍတွင်ကြည့်ပါ)။ ကုရ်အာန် ၅၅း၃၃ အရ လူသားတို့သည် ရုပ်စကြဝဠာကြီးကို အလ္လာဟ်ထံမှ စွမ်းအားအထူးရသူများ ထိုးဖောက်နိုင်စွမ်း ရှိမည်ဟုဆိုလိုသည်။ ဥပမာ မလာအိကဟ် စကြဝဠာတမန်တော် ဂျီဘရာအီလ်သည် အလ္လာဟ်ထံမှ တရားရောင်းခြည် ဝဟီလမ်းညွှန်တို့ကို ကမ္ဘာမြေရှိလူသား တမန်တော်တို့ထံ ပို့ဆောင်ပေး၏၊ လူသားတို့တွင် နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် စကြဝဠာ(၇)ထပ်ကိုဖြတ်၍ အလ္လာဟ်ထံ (အကွယ်မှတွေ့ရန်) မိအ်ရာဂ်ျခရီးကြွမြန်းတော်မူခဲ့၏။
>လူသားတို့၏ ကမ္ဘာဂြိုဟ်ထဲသို့ အခြား ကမ္ဘာများစွာရှိခြင်း
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်ခုနှစ်ထပ်ကိုလည်း ဖန်ဆင်းတော်မူခဲ့၏။ ၄င်းပြင် ကမ္ဘာဂြိုဟ်ကိုလည်း ယင်းကဲ့သို့ပင် (ဖန်ဆင်းတော်မူခဲ့၏)၊ ယင်း မိုးမြေတို့အကြားဝယ် အမိန့်တော် (အမရ်)များ ဆင်းသက်လေသည်” (ကုရ်အာန် ၆၅း၁၂)
အထက်ပါ အာယာသ်တော်အရ စကြဝဠာများစွာ ဖန်ဆင်းထားသကဲ့သို့ (မစ္စလဟွန်းန- ယင်းသို့ကဲ့သို့ပင်) ကမ္ဘာဂြိုဟ်များကိုလည်း များစွာ ဖန်ဆင်းထားသည်ဟု ဆိုလိုခြင်း ဖြစ်သလော။ သို့မဟုတ် မိုး(၇)ထပ်၏ သဘာဝကဲ့သို့ပင် ကမ္ဘာဂြိုဟ်၏ သဘာဝကိုဖန်ဆင်းထားသလော။ ယနေ့ သိပ္ပံပညာက ကမ္ဘာဂြိုဟ်ကဲ့သို့ သက်ရှိနေနိုင်သော ဂြိုဟ်မျိုး စကြဝဠာအတွင်း၌ ရှိမရှိကို ရှာဖွေ စူးစမ်းဆဲဖြစ်သည်။ များစွာသော သိပ္ပံပညာရှင်တို့က ရှိလိမ့်မည်ဟု ယုံကြည်နေကြလေသည်။ “မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ ရှိသမျှတို့သည် လည်းကောင်း၊ မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်၏ အကြားဝယ် ရှိသမျှတို့သည်လည်းကောင်း၊ မြေအောက်၌ ရှိသမျှတို့သည် လည်းကောင်း ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာလျှင် ဖြစ်ကုန်၏” (ကုရ်အာန် ၂၀း၆)
အထက်ပါ အာယာသ်တော်များအရ မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်အကြားရှိ အရာများသည် မည်သည့်အရာဖြစ်သည်ကို သိပ္ပံပညာက ရှာဖွေ ဆန်းစစ်သင့်သောအရာ ဖြစ်ပေသည်။
>ရှိုဿွာန်နှင့် မီးကျီ
“ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အနီးဆုံး(အောက်ဆုံး) ဖြစ်သော မိုးကောင်းကင်ကို မီးအိမ်များဖြင့် တင့်တယ်သိုက်မြိုက်စွာ ဆင်ယင်ထားတော်မူသည့်ပြင် အရှင်မြတ်သည် ယင်းမီးအိမ်များကို ရှိုဿွာန် မိစ္ဆာကောင်များအား ပစ်ခတ်ရန် လက်နက်ကိရိယာများ ပြုလုပ်တော်မူခဲ့၏…..” (ကုရ်အာန် ၆၇း၅)
“ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းမိုးကောင်ကို နှင်ထုတ်ခြင်းခံရသော ရှိုဿွာန် အသီးသီးတို့မှ ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။ သို့ရာတွင် အကြင်ရှိုဿွာန်ကောင် (တစ်ဦးဦး) သည် တိတ်တဆိတ် (စကား)နားထောင်ခဲ့ပါလျှင် (ခိုးဝှက် နားထောင်ခဲ့ပါလျှင်) လင်းဝင်းသော မီးတောက်မီးလျှံသည် ယင်း၏နောက်သို့ (ထပ်ကြပ်မကွာ) လိုက်လေတော့သတည်း” (ကုရ်အာန် ၅း၁၇း၁၈)
စမာအတ်ဒုနိယာ ခေါ် ကမ္ဘာဂြိုဟ်၏ မိုးကောင်းကင် နယ်နိမိတ် သတ်မှတ်ချက်ကို အလ္လာဟ်၏ အထူးစွမ်းအားပေးသူ (ခွင့်ပြုသူ)များမှ တစ်ပါး ထိုးဖောက်နိုင်စွမ်း မရှိချေ။ အလ္လာဟ်သည် စောင့်ကြပ်ရန် မလာအိကဟ် ကောင်းကင်တမန်တော်တို့အား အဆင်သင့် တာဝန်ခွဲပေးထားပြီးဖြစ်၏။ အမိန့်တော်များ ပေးထားပြီးဖြစ်၏။ ရှိုဿွာန် မည်သူနည်း။ ကုရ်အာန် ၁၁၄း၆ အရ ရှိုဿွာန်သည် လူသားတို့အတွင်း၌ လည်းရှိ၏။ ဂျင်န်များအတွင်း၌လည်းရှိသည်ဟု ဆိုထား၏။ မကောင်းမှုအတွက် သတင်းများ နားထောင်ရန် သတ်မှတ်နယ်နိမိတ်ကို ကျော်လွန်က (ယှိဟဘ်) မီးတောက် မီးလျှံ လိုက်၏ဟု ဆိုထား၏။ တိကျသော ဖွင့်ဆိုမှုကို မပေးနိုင်သေးချေ။ လူသားတို့ အသိဉာဏ် မြင့်မားလာက အလ္လာဟ်၏ သက်သေလက္ခဏာတို့ကို ပို၍ သိလာမည်သာဖြစ်၏။
ယနေ့ လူသားတို့သည် ကမ္ဘာ၏ ဝန်းကျင်လောက်သာ သုတေသနပြုဆဲဖြစ်၏။ နေမိသားစုကိုပင် ပြီးပြည့်စုံစွာ မသိကြသေးချေ။ တွေ့ရှိမှုအသစ်များ တွေ့ဆဲဖြစ်၏။ လူမပါသော Voyager 2 အာကာသယာဉ်သည် ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် နေမိသားစု၏ ဂြိုဟ် (၉)လုံးအနက် (၇)ခုမြောက် အဝေးဆုံးဂြိုဟ် ယူရေးနပ်စ်အနီးသာ ရောက်သေး၏။ ကမ္ဘာပတ် လမ်းကြောင်းတွင်ရှိ လူသားတို့၏ ထောက်လှမ်းရေး ဂြိုဟ်တုများမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကမ္ဘာမှ လူသားတို့၏ သတင်းများကိုသာ (လျှို့ဝှက်) စုံစမ်း နားထောင်နိုင်မည်။ အလ္လာဟ်ထံမှ သတင်းစကားတို့ကိုကား မရနိုင်ချေ။ အလ္လာဟ်ရှိကြောင်း သက်သေများကိုကား ရှာတွေ့နိုင်မည် ဖြစ်ပေသတည်း။

သဘာဝတရားနှင့် ရည်ရွယ်ချက်

သဘာဝတရားနှင့် ရည်ရွယ်ချက် “ယင်း(မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်) အကြားဝယ် (အလ္လာဟ်၏) အမိန့်တော် (အမရ်)များ သက်ဆင်းလေသည်။ (ယင်းသို့ဖြစ်ရခြင်းမှာ) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူကြောင်းကို လည်းကောင်း။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အသိဉာဏ်တော်ဖြင့် အမှန်ပင် ဝန်းခြုံလျှက် ရှိတော်မူကြောင်းကို လည်းကောင်း အသင်တို့ သိရှိကြအံ့သောငှာ ဖြစ်ပေသည်။” (ကုရ်အာန် ၆၅း၁၂)
ရုပ်စကြဝဠာ အတွင်းသက်မဲ့တို့သည် ရုပ်နှင့် စွမ်းအင်များအဖြစ် အသွင်ပြောင်းလဲခြင်းများဖြင့် တည်ရှိနေကြ၏။ ဥပမာ ရေကိုအပူပေးသော် အငွေ့ဖြစ်လာ၏။။ ရေကို အအေးခံသော် ရေခဲဖြစ်လာ၏။ ရေခဲကို အပူပေးသော် ရေဖြစ်၏။ မည်သူ တစ်စုံတစ်ယောက်ကမျှ ရုပ်နှင့် စွမ်းအင် အသစ်တို့ကိုလည်း ဖန်တီးယူ၍မရတော့။ လုံးဝဖျောက်ပစ်ခြင်းကိုလည်း မပြုနိုင်တော့။ ရုပ်နှင့် စွမ်းအင်တို့သည် အလ္လာဟ်၏ သတ်မှတ်ချက် သက္ကဒီရ်အတိုင်း ရှိနေ၍ အလ္လာဟ့် အမိန့်တော် အမရ် အတိုင်းနာခံနေကြ၏။ လူသားတို့ ရှာမတွေ့သေးသော ရုပ်နှင့် စွမ်းအင်တို့ကိုသာ သိပ္ပံက ရှာဖွေတွေ့ရှိနေခြင်း ဖြစ်၏။ အရာအားလုံးကို အလ္လာဟ်သည် စီမံသတ်မှတ်ပြီး ဖြစ်သည်။
သဘာဝတရားတို့သည် အလ္လာဟ်၏ သတ်မှတ်ချက်နှင့် အမိန့်အတိုင်းနာခံနေကြရ၏။ သဘာဝတရားကိုယ်တိုင်က အသိဉာဏ်ရှိ၍ မဟုတ်။ ဥပမာ မီးသည် ရေကို ဆူပွက်စေရာတွင် လောင်နိုင်သော စွမ်းအင်ရှိ၍သာဖြစ်၏။ ရေကို ဆူပွက်စေလိုသော ဆန္ဒနှင့် ရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ အလ္လာဟ်၏အမိန့် နာခံနေမှုသာဖြစ်၏။ သို့သော် အိမ်ရှင်မတစ်ဦး ရေနွေးတည်ရာတွင် ရေနွေးရလိုသော ဆန္ဒနှင့် ရည်ရွယ်ချက်ရှိ၏။ ရေကိုလိုသလောက် ချင့်ချိန်၍ အိုးထဲထည့်၏။ မီး လိုအပ်သလောက်သာ ဖို၍ မီးဖိုပေါ်တင်ရ၏။ ထိုသောအခါမှ မီးသည် သဘာဝအတိုင်း ရေကို ဆူပွက်စေလေသည်။ ထို့ကြောင့် သတ်မှတ်မှုနှင့် စနစ်တကျ ဖြစ်ပေါ်မှုတို့သည် အသိဉာဏ်၊ ဆန္ဒ၊ ရည်ရွယ်ချက် တို့ကြောင့်သာ ဖြစ်ပေါ်လာကြရ၏။ သဘာဝတရားကြောင့် ဖြစ်ပေါ်လာရခြင်း မဟုတ်ချေ။ ထို့ကြောင့် နိယာမတရားတို့ဖြင့် စနစ်တကျ ရှိနေသော စကြဝဠာခပ်သိမ်းနှင့် သက်ရှိသက်မဲ့တို့သည် အလိုလို၊ သဘာဝအလျောက် ဖြစ်လာခြင်း မဟုတ်ဘဲ အလ္လာဟ်၏ ဉာဏ်တော်၊ ဘုန်းတော်၊ အမိန့်တော်နှင့် ရည်ရွယ်ချက်တို့ကြောင့်သာ ဖြစ်ပေါ်လာခြင်းသာ ဖြစ်၏။
သဲကန္တာရအလယ်ဝယ် အလွန်ကြီးကျယ်ခန်းနားသော နန်းတော်ကြီး တစ်ခုကို တွေ့အံ့။ နန်းတော်ကြီး၏ အဝတွင် ပုံမှန်သွားနေသော နာရီကြီး တစ်လုံးကို တွေ့အံ့။ မည်သူ တစ်ဦးတစ်ယောက်ကမျှ အလိုလို ဖြစ်ပေါ်လာသည်ဟု ဆိုကြမည် မဟုတ်ချေ။ ဖြစ်စေလိုသော ဆန္ဒ၊ အသုံးပြုလိုသော ရည်ရွယ်ချက်၊ ကျွမ်းကျင်သော အသိဉာဏ် စွမ်းရည်တို့ဖြင့်သာ ပြုလုပ်ထားကြောင်း၊ လူတိုင်း၏ ဆင်ခြင်တုံတရားက သိကြ၏။ “သူ့အလိုလို ဖြစ်လာတာပါ”ဟု ဆိုသူကို လူသားတို့က မည်သို့ဆိုကြမည်နည်း။ ကျွန်ုပ်တို့၏ ဆင်ခြင်တုံတရားကို တစ်ဆင့်မြင့်၍ ဆင်ခြင်ကြစို့။ အာကာသ ဟင်လင်းပြင်ကြီးဝယ် သတ်မှတ်မှုများ၊ နိယာမ ဥပဒေသများဖြင့် စနစ်တကျရှိနေသော အလွန်ကြီးမားသည့် ကမ္ဘာ၊ ဂြိုဟ်၊ လ၊ နက္ခတ် တာရာများနှင့် ၄င်းတို့၏ ဆန်းကြယ်သော စနစ်ကျသော ဖွဲ့စည်းတည်ဆောက်ထားမှုများသည် အလိုအလျောက်ဖြစ်လာသည်ဟု ဆိုနိုင်ပါမည်လော။ နန်းတော်ကြီးထက်ဝယ် ပို၍ဆန်းကြယ်ပေသေးသည်။
အဏုမြူမှုန်ကလေးအတွင်း၌ အလယ်ဗဟိုရှိပရိုတွန်နှင့် နျူထရွန်တို့သည် အီလက်ထရွန်တို့က သတ်မှတ်ရာလမ်းကြောင်းများမှ စနစ်တကျ (နာရီလက်တံများသဖွယ်) လှည့်ပတ်နေကြ၏။ လစန္ဒာသည် ကမ္ဘာကို ဗဟိုထား၍ တစ်လ တစ်ကြိမ် ပုံမှန်၊ အချိန်မှန်ပတ်နေ၏။ ဂြိုဟ်ကြီး၉ လုံးသည် နေကို ဗဟိုပြု၍ နာရီလက်တံများသဖွယ် အချိန်၊ အရှိန်၊ လမ်းမှန်စွာ သတ်မှတ်ချက်တို့ဖြင့် ပတ်နေ၏။ ကျွန်ုပ်တို့၏ ဂလက်ဆီတွင် နေအပါအဝင် ကြယ်များတို့သည် ကျွန်ုပ်တို့၏ ဂလက်ဆီကို ဗဟိုပြု၍ ပှံမှန်ပတ်နေကြ၏။ အားလုံးတို့သည် သတ်မှတ်မှုနှင့် အမိန့်တစ်ခုတည်းကိုသာ နာခံနေကြ၏။ သဘာဝအလျောက် အလိုလို ဖြစ်နေသည်ဟု ဆိုနိုင်မည်လော့။
နာရီတစ်လုံး၏ အစိတ်အပိုင်းတို့ကို တစ်စစီ ဖြုတ်၍ ဘူးတစ်ခုထဲ့သို့ထည့်၍ တစ်သက်လုံး လှုပ်နေပါက အချိန်မှန်သွားနေသော စနစ်ကျနေသော နာရီတစ်လုံးကား ဖြစ်မလာနိုင်ပါ။ အိမ်ဆောက်ပစ္စည်း အားလုံးကို မြေပေါ်ပုံထားပါက ဆောက်သူမရှိဘဲ စနစ်ကျသော အိမ် နန်းတော်ကြီး မည်သည့်အခါမျှ ဖြစ်မလာနိုင်ပါ။ ဤမျှစနစ်ကျနေသော အဏုမြူမှုန်မှသည် စကြဝဠာကြီးအထိ ပြုသူမရှိဘဲ အလိုလို ဖြစ်မလာချေ။ ထို့ကြောင့် သတ်မှတ်မှုများ၊ စနစ်တကျ ရှိနေမှုများနှင့် တစ်ခုတည်းသော စည်းမျဉ်း ဥပဒေသနိယာမများကို နာခံနေသော စကြဝဠာကြီးသည် အလ္လာဟ်အရှင်မြတ်၏ ဖြစ်စေလိုသော အလိုတော်ဆန္ဒ အရာခပ်သိမ်းကို လွှမ်းခြုံနိုင်သော အကြွင်းမဲ့ သိတော်မူသော ဉာဏ်တော် အရာခပ်သိမ်းကို အကြွင်းမဲ့ လွယ်ကူစွာ ပြုနိုင်တော်မူသော ဘုန်းတော် အရာခပ်သိမ်းတို့အပေါ် အကြွင်းမဲ့ သက်ရောက်နိုင်တော်မူသော အမိန့်တော် ၊ ဂုဏ်ရည်တူဟူ၍ ကာလ၊ ဒေသ၊ လောကမရွေး မရှိသော ဂုဏ်တော်အနန္တကို ပိုင်ဆိုင်တော်မူသော နိစ္စထာဝရ တစ်ပါးတည်းသော အရှင် အလ္လာဟ်၏ စီမံကိန်း ရည်ရွယ်ချက်တို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရခြင်းဖြစ်သည်။
ထို့ကြောင့် အရာခပ်သိမ်းသည် တစ်ပါးတည်းသော အလ္လာဟ်၏ အလိုတော်၊ ဘုန်းတော်၊ ဉာဏ်တော်၊ ဂုဏ်တော်တို့ဖြင့် ရည်ရွယ်ချက်ပါသော ဖန်ဆင်းထားမှုဖြစ်၏။ ရည်ရွယ်သည်ကား အလ္လာဟ်၏ ကရုဏာတော် အနန္တဖြင့် လူသားတို့အား နိစ္စထာဝရ ဒုက္ခကင်းဝေးရာ ငြိမ်းချမ်းမှုရသော ပြီးပြည့်စုံသော အဆင့်သို့ မြှင့်တင်ပေးရန် ဖြစ်၏။ လူသားတို့သည် မိမိဘဝတစ်လျောက်လုံး အီဘာဒတ်ခေါ် တစ်ပါးတည်းသော အလ္လာဟ်နှင့် လမ်းညွှန်ကို ကျွန်ခံမှု၊ နာခံမှုကိုသာ ပြုရမည်ဖြစ်၏။ သို့မှသာ ပန်းတိုင်အစစ်အမှန်သို့ ရောက်မည်။
“ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်ကို သက်ဝင်ယုံကြည် ကြကုန်၏။ ၄င်းပြင် အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူ ဆောက်တည်ကြကုန်၏။ ထိုသူတို့သည် အရ်ရဟ်မားန် အနန္တ ကရုဏာတော်ရှင်၏ ချစ်ကြည်မြတ်နိုးခြင်း၊ ဆုမင်္ဂလာတော်ကို ရလတ္တံ့” (ကုရ်အာန် ၁၉း၉၆)
“ထို အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း မှန်ကန်သော ရည်ရွယ်ချက်နှင့်တကွ ဖန်ဆင်းတော်မူခဲ့လေသည်။ (ကုရ်အာန် ၁၆း၃)
ဆုတကာဆုတို့တွင် အလ္လာဟ်၏အချစ်ကိုရမှုထက် သာလွန်သော ဆုရှိပါဦးမည်လော။ အလ္လာဟ့် အချစ်အတွက် ကုရ်ဗာနီခေါ် စွန့်လွှတ်မှု မပြုသင့်ပါသလော။ အလ္လာဟ်၏ ချစ်မြတ်နိုးမှုရပါက မည်သည့် အရာမျှပင် မလိုချေတကား….။

အခန်း (၁၂) နေ၊ လ၊ ကြယ်တို့၏ သက်သေ လက္ခဏာများ

အခန်း (၁၂) နေ၊ လ၊ ကြယ်တို့၏ သက်သေ လက္ခဏာများ ၄င်းပြင် ထိုအရှင်မြတ်သည်ပင်လျင် အသင်တို့အကျိုးငှာ ညဥ့်နှင့် နေ့ကို လည်းကောင်း၊ နေနှင့် လကို လည်းကောင်း (အလ္လာဟ်၏) အမိန့်တော်ကို လိုက်နာစေတော်မူခဲ့၏။ ထို့ပြင် ကြယ် နက္ခတ်တို့သည်လည်း ထိုအရှင်မြတ်၏ အမိန့်တော်ဖြင့် လိုက်နာစေခြင်းကို ခံခဲ့ကြရပြီးဖြစ်၏။ ဧကန်အမှန် ဤသည်၌ နားလည်ကြကုန်သော သူတို့အဖို့ (အလ္လာဟ်ရှိတော်မူကြောင်း) သက်သေလက္ခဏာတော်များ ရှိကြပေသည်။ (ကုရ်အာန် ၁၆း၁၂)
စကြဝဠာဝတ်ကျောင်းတော်ကြီး “ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတောမူသော အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ကမာဂြိုဟ်ကို လည်းကောင်း၊ (၆) ရက်တွင် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် အရရှ်ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် နေ့ကို ညဥ့်ဖြင့် ဖုံးအုပ်တော်မူလေသည်။ ထိုညဥ့်သည် ၄င်းတို့၏ နောက်မှလျင်မြန်စွာရောက်ရှိလာလေသည်. ၄င်းပြင် နေကို လည်းကောင်း၊ လစန္ဒာကို လည်းကောင်း၊ ကြယ်နက္ခတ်တို့ကို လည်းကောင်း မိမိ၏ သြဇာခံများအဖြစ် (ဖန်ဆင်းတော်မူခဲ့၏)။ ဖန်ဆင်းမှုသည် လည်းကောင်း၊ အမိန့်အာဏာတော်သည် လည်းကောင်း ထိုအရှင်မြတ်၌သာလျှင် ရှိသည်ကို ကောင်းစွာ မှတ်ယူကြလေကုန်။ စကြဝဠာခပ်သိမ်းတို့ကို ထင်ရှားဖြစ်ပေါ်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူချေ သတည်း” (ကုရ်အာန် ၇း၅၄)
>နေနှင့်လတို့၏ ရွေ့လျားရခြင်း အကြောင်းရင်း
“ထိုအရှင်မြတ်သည် ညဥ့်၏ အမှောင်မိုက်အတွင်းမှ နံနက်မိုးသောက်ချိန်ကို ခွဲထုတ်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ၄င်းပြင် ထိုအရှင်မြတ်သည်ပင် ညဥ့်အချိန်ကို (လူသတ္တဝါအပေါင်းတို့) အနားယူရန် ပြုလုပ်ထားတော်မူ၏။ နေနှင့် လစန္ဒာကိုလည်း (နေ့ရက် လများ) တွက်ချက်နိုင်ရန် အတိုင်း အတာနှင့်ပြုလုပ်ထားတော်မူ၏။ ဤသည် ဘုန်းတော်နှင့် ပြည့်စုံတော်မူသော အလုံးစုံကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်၏ သက္ကဒီရ် စီမံခန့်ခွဲမှုပင်တည်း” (ကုရ်အာန် ၆း၉၆)ြ
ကယ်များရွေ့လျားရခြင်း အကြောင်းရင်း
“….ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ နက္ခတ်တာရာများကို ကုန်းမြေနှင့် သမုဒ္ဒရာပင်လယ်၏ အမှောင်များတွင် လမ်းမှန်သိရစေခြင်းငှာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ် ငါအရှင်မြတ်သည် (မိမိ၏) သက်သေသာဓကများကို စဉ်းစားဆင်ခြင်သိနားလည်သောသူတို့အဖို့ အသေးစိတ်ရှင်းလင်း ဖော်ပြတော်မူခဲ့လေသတည်း” (ကုရ်အာန် ၆း၉၇)
စကြဝဠာများအနက် “စမာအတ်ဒုနိယာ” ခေါ် အောက်ဆုံးထပ်တွင် ကျွန်ုပ်တို့၏ ဂလက်ဆီက ရှိနေ၏။ ကျွန်ုပ်တို့၏ ဂလက်ဆီကြီး၏ အစွန်းတစ်နေရာတွင် ကမ္ဘာဂြိုဟ်ပါဝင်သော နေမိသားစုရှိနေ၏။ နေ၊ လ၊ ကြယ်များအားလုံးသည် အလ္လာဟ်၏ သတ်မှတ်မှု သက္ကဒီရ်အတိုင်း ဖြစ်ပေါ်လာရ၏။ စကြဝဠာကို အလ္လာဟ်က ဝဟီလမ်းညွှန်ပေးကတည်းက မိမိတို့လုပဆောင်ရမည့် တာဝန်များကို သိပြီးဖြစ်၏။ ၄င်းတို့အားလုံးသည် အလ္လာဟ်၏ အမိန့်တော် အမရ်-ကိုနာခံသူ (မုစ်လင်မ်)များဖြစ်ကြ၏။ လူသားတို့ကိုလည်း အလ္လာဟ်ရှိတော်မူကြောင်း သက်သေလက္ခဏာများပေးနေရင်း အလ္လာဟ်၏ ဝဟီလမ်းညွှန် ကုရ်အာန်ကို နာခံကြရန် သက်သေပြနေ၏။ လူသား အကျိုးဆောင်နေကြ၏။
>ဂြိုဟ်နက္ခတ်တို့ သွားရာလမ်းများ
“စင်စစ် ထိုအရှင်မြတ်သည်ပင် ညဥ့်နှင့်နေ့ကိုလည်းကောင်း နေနှင့် လကို လည်းကောင်း ဖန်ဆင်းတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ (ထိုဂြိုဟ်နက္ခတ်) အသီးသီးတို့သည် (မိမိတို့သက်ဆိုင်ရာ) ဂြိုဟ်နက္ခတ်လမ်း အသီးသီးတွင် လှည့်ပတ်သွားလာ လှုပ်ရှားလျက်ပင် ရှိကြကုန် သတည်း” (ကုရ်အာန် ၂၁း၃၃)
“သူရိယနေသည်လည်းကောင်း၊ လစန္ဒာသည်လည်းကောင်း အတွက်အချက် အချိန်နှင့်ကိုက်ညီစွာ (သွားလာလှုပ်ရှားလျက်) ရိကြကုန်၏” (ကုရ်အာန် ၅၅း၅)
လသည်ကမ္ဘာကို တစ်လတစ်ကြိမ်ပတ်နေကြောင်းကို လူသားတို့သိခဲ့ကြသော်လည်း နေသည်မည်သည့်အရာကို ပတ်နေကြောင်း (နေပတ်လမ်း)ကို မသိကြ။ ယနေ့ ခေတ်သစ် သိပ္ပံက နေသည်ကျွန်ုပ်တို့၏ ဂလက်ဆီ၏ ဗဟိုကို နှစ်ပေါင်း ၂၂၅ သန်းတွင် တစ်ကြိမ်ပတ်နေကြောင်း ရှာဖွေတွေ့ရှိချက်သည် အလ္လာဟ်နှင့် ကျမ်းမြတ် ကုရ်အာန်ကို ထောက်ခံမှုသာဖြစ်၏။
ထို့ပြင် ၄င်းတို့အသီးသီး၏ လမ်းကြောင်းများ အချိန်များ၊ သွားနေသော ပြင်းထန်လှသည့် အလျှင်များသည် အလ္လာဟ်၏ သတ်မှတ်ချက် အတိုင်း စနစ်တကျဖြစ်ကြောင်း တွေ့ရပေသည်။ ထို့ပြင် အထက်ပါ အာယာသ်တော် ၂၁း၃၃ တွင် “ယပ်စဗဟူန်း”ဟူသည် ဂြိုဟ်နက္ခတ် အသီးသီးသည် ကိုယ်တိုင်လည်ပတ် လှုပ်ရှားရင်းရွေ့လျားမှုကို ပြဆိုထား၏။ ဂြိုဟ်နက္ခတ်များ မိမိတို့၏ ဝင်ရိုးပေါ်တွင် လည်နေရင်း မိမိတို့ပတ်လမ်းတွင် ရွေ့လျားမှုကို သိပ္ပံကတွေ့ရှိထောက်ခံခြင်းသာဖြစ်၏။
>နေ နှင့် လ ခွဲခြားပြမှု
“အလ္လာဟ်အရှင်မြတ်သည် မိုးခုနှစ်ထပ်ကို မည်သို့မည်ပုံ အထပ်ထပ် ဖန်ဆင်းတော်မူခဲ့သည်ကို အသင်တို့သည် လေ့လာဆင်ခြင် တွေ့မြင်ခဲ့ကြသည်မဟုတ်လော့။ ၄င်းပြင် ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်များ၌ လ ကို နူရ်လင်းရောင်ခြည် ဖြစ်စေတော်မူခဲ့သည်။ ထို့ပြင် နေကို စီရာဂ်ျ မီးရှုးမီးတိုင် ပြုလုပ်တော်မူခဲ့သည်” (ကုရ်အာန် ၇၁း၁၅-၁၆)
အတိတ်ခေတ်က လူတို့သည် နေနှင့်လ နှစ်ခုလုံးသည် ကိုယ်ပိုင် အလင်းရောင်များ လွှင့်ထုတ်ပေးနေသည်ဟု ထင်ခဲ့ကြ၏။ ဖန်ဆင်းရှင် အလ္လာဟ်က နေသည်ကိုယ်ပိုင် အလင်းရောင်လွှတ်ထုတ်သော စီရာဂ်ျ ဖြစ်ကြောင်းနှင့် လသည် ကိုယ်ပိုင်အလင်းရောင်မရှိသော နူရ်ဖြစ်ကြောင်း ကုရ်အာန်တွင်း၌ ဖော်ပြလိုက်၏။ ထိုအချက်ကို သိပ္ပံပညာက ရှာဖွေတွေ့ရှိမှုသည် ကုရ်အာန်နှင့် ကျမ်းရှင် အလ္လာဟ်ကို ထောက်ခံမှုများသာဖြစ်၏။
>နေမင်း၏ သက်တမ်း ကုန်ဆုံးမှု
“…(ယင်း နေနှင့်လ) အသီးသီးမှာ သတ်မှတ်ပြဋ္ဌာန်းအပ်သော အချိန်ကာလတိုင်အောင် သွားလာလှုပ်ရှားလျက်ပင် ရှိပေမည်။ (ကုရ်အာန် ၃၁း၂၉)
“နေသည် ခေါက်လိပ်ခြင်းကိုခံရသောအခါ (အလင်းရောင်မဲ့သွားသောအခါ) ထို့ပြင် ကြယ်တာရာများ ပျက်သုဉ်းသောအခါ…..” (ကုရ်အာန် ၈၁း၁-၂)
အထက်ပါ အာယာသ်တော်များအရ နေသည် သတ်မှတ်ထားသော အချိန်ကာလအတွက်သာဖြစ်၏။ ထာဝရ မဟုတ်ပေ။ အချိန်တန်က ခေါက်လိပ်ခြင်းခံရမည်။ အလင်းရောင် မဲ့သွားမည်။ (ထိုနေ့ကား စကြဝဠာ၏ နေက်ဆုံးနေ့တော်ကြီးဖြစ်သည်) နေသည် ကြယ်တစ်စင်းပင် ဖြစ်သည်။ ယနေ့ သိပ္ပံ၏တွေ့ရှိချက်များအရ များစွာသော ကြယ်များ သက်တမ်းကုန်ဆုံး၍ ပေါက်ကွဲပျက်စီးမှုကို တွေ့ရပြီးဖြစ်သည်။ ခေါက်လိပ်ခြင်းနှင့် စပ်လျဉ်း၍ စကြဝဠာအတွင်း ထူးဆန်းသော စကြဝဠာ၏ တွင်းနက်ကြီးများ (Black Holes) ကိုလည်း ရှာဖွေ တွေ့ရှိပြီးဖြစ်၏။ စင်စစ် လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ကျော်က ကုရ်အာန်နှင့် ဖန်ဆင်းရှင် အလ္လာဟ်ကို ထောက်ခံနေခြင်းသာ ဖြစ်၏။
>ကြယ်များ
“ (ငါအရှင်မြတ်သည်) မိုးကောင်းကင်ကို လည်းကောင်း၊ ညဥ့်အချိန်၌ လသာသောအရာကို လည်းကောင်း သက်သေထူတော်မူ၏။ စင်စစ် ညဥ့်အချိန်၌လာသော အရာကား အဘယ်အရာနည်း။ အသင်သိပါသလော။ ယင်းသည် (ထွင်းဖောက်) လင်းဝင်းတောက်ပသော ကြယ်တာရာများပင်” (ကုရ်အာန် ၈၆း၁-၃)
အထက်ပါ အာယာသ်တော်များအရ ကြယ်(နဂျမ်)ကို “ဆာကီဘ်”ဟူသော စာလုံးဖြင့်တွဲ၍ ကိုယ်ပိုင် လောင်ကျွမ်းတောက်ပသော အလင်းရောင်အဖြစ် ပြဆိုထားမှုကို ယနေ့ သိပ္ပံက ထောက်ခံဦးချနေပြန်သည်။ (Shooting Star) များနှင့်ပတ်သက်၍ ကုရ်အာန် ၃၇း၁၀ နှင့် ၇၂း၈-၉ တို့တွင် ရှိဟာဘွန်း ဆာကိဘ် ဟူ၍ ဖော်ပြထားသည်။

Friday 24 August 2012

ဂြိုဟ်များ

ဂြိုဟ်များ “စင်စစ် ငါအရှင်မြတ်သည် အကောင်းဆုံးဖြစ်သော မိုးကောင်းကင်ကို “ကဝါကီဘ်” ကြယ်နက္ခတ်များ ဟူသော အဆင်အယင်ဖြင့် တန်ဆာ ဆင်ယင်တော်မူခဲ့သည်။ (ကုရ်အာန် ၃၇း၇)
ကုရ်အာန်အတွင်း ဂြိုဟ်များအကြောင်း သီးသန့်ဖော်ပြထားခြင်း မရှိပါ။ သိပ္ပံဖတ်စာအုပ်ကြီး မဟုတ်၍ဖြစ်သည်။ လူသားတို့အတွက် လိုအပ်သည်ကိုသာ ဖော်ပြထား၏။ တစ်ဖက်မှ လူသားကို အသိဉာဏ် တို့းမြှင့်ပေးခြင်းဖြင့် ရှာဖွေစေ၏။ အထက်ပါ အာယာသ်တော်တွင် “ကဝါကီဘ်” ဟူသည် ကြယ်နက္ခတ်၊ ဂြိုဟ်အားလုံးကို စုပေါင်းဖော်ပြထားခြင်း ဖြစ်သည်။ ထို့အတူ (ကုရ်အာန် ၈၂း၁-၂) တွင်လည်း ကဝါကီဘ် ကိုသုံးထား၏။ (စကြဝဠာ၏ နောက်ဆုံးနေ့နှင့် စပ်လျဉ်း၍)
“မိုးကောင်းကင်သည် အက်ကွဲသောအခါ ၄င်းပြင် ကဝါကီဘ် ကြယ်နက္ခတ်များသည် ကြွေကျသောအခါ” (ကုရ်အာန် ၈၂း၁-၂) ကုရ်အာန်သည် ထာဝရအံ့ဖွယ်ဖြစ်သည်။ အတိတ်ခေတ်က ဖွင့်ဆို၍ မရသော အာယာသ်တော်များကို လူသားတို့ အသိတိုးလာသည်နှင့်အမျှ အလ္လာဟ်၏ သက်သေများကို ပို၍ တွေ့လာ သိလာလေဖြစ်၏။
လူဆရာမရှိသော အွမ္မီ တမန်တော်
လူသားတို့အတွင်း ပွင့်ခဲ့သော နေက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်သည် အွမ္မီ ခေါ် စာပေ သင်ကြား တတ်မြောက်သူ မဟုတ်ခဲ့ကြောင်း ကမ္ဘာသမိုင်း အထင်အရှားပင်။ စင်စစ် တမန်တော်မြတ်သည် စကြဝဠာခပ်သိမ်း၊ လောကခပ်သိမ်း၊ ကာလခပ်သိမ်းနှင့် ယှဉ်သော နိစ္စသစ္စာတရားကို သက်သေသာဓများဖြင့် လူသားတို့အား ဟောကြားရမည်ဖြစ်ရာ လူသား ဆရာတိုင်း၏ အတွေးအခေါ်များမှ ကင်းစင်နေစေရန် အလ္လာဟ်အရှင်မြတ်၏ ကြိုတင်စီမံချက်သာဖြစ်၏။ တမန်တော်မြတ်၏ နှုတ်မှတစ်ဆင့် အလ္လာဟ်က ကုရ်အာန်ကို လူသားထုအား ဝဟီလမ်းညွှန်အဖြစ် ချပေးခဲ့၏။ တမန်တော်မြတ် ပွင့်တော်မူသောအခါ မယုံကြည်သူ မက္ကာဟ်မြို့သားအချို့က တမန်တော်မြတ်ကို ပညာစမ်းသည့်အနေဖြင့်
“အစ္စရာအီလ် လူမျိုးတို့ အဘယ်ကြောင့် အီဂျစ်ပြည်ကို သွာခဲ့ကြသနည်း” ဟု မေခွန်းထုတ်ကြသည်။ တမန်တော်မြတ်ကို မဖြေနိုင်ဟု ၄င်းတို့က ထင်ခဲ့ကြ၏။ အရှက်တကွဲဖြစ်စေလို၍ မေးခြင်းဖြစ်၏။ ထိုသောအခါ အလ္လာဟ်အရှင်မြတ်သည် စူရဟ်ယူစုဖ် (စူရာဟ်အမှတ် ၁၂)ကို ချပေးတော်မူလေသည်။ တမန်တော် ယူစုဖ်နှင့် အစ္စရာအီလ်များ၊ အီဂျစ်ပြည် ဆက်စပ်မှုကို ရုပ် နာမ် သင်ခန်းစာများ ပေး၍ ချပေးတော်မူခဲ့လေသည် စူရဟ်ယူစုဖ်အတွင်း အာယာသ်တော် တစ်ခုမှာ…
“တစ်ရံရောအခါဝယ် (တမန်တော်)ယူစုဖ်သည် မိမိ၏ ဖခမည်းတော် (တမန်တော် ယအ်ကုဘ်)အား ပြောဆို လျှောက်ထားခဲ့လေသည်။ အို…ဖခမည်းတော်၊ ဧကန်စင်စစ် ကျွန်ုပ်သည် ကောင်ကဘ် (ကြယ်တာရာ ဂြိုဟ်နက္ခတ်) ဆယ့်တစ်လုံးနှင့် သူရိယနေကို လည်းကောင်း၊ လစန္ဒာကို လည်းကောင်း မိမိအား စဂျီဒဟ်ပျပ်ဝပ်ဦးချလျက် ရှိကြသည်ကို (အိပ်မက်တွင်) ကျွန်ုပ် မြင်မက်ခဲ့ရပါသည်ဟု ပြောပြခဲ့၏” (ကုရ်အာန် ၁၂း၎) ပြင်သစ်နိုင်ငံမှ ဒေါက်တာ မောရစ်ဘူကေးလ်စ်သည် The Bible Quran and Science ဟူသော စာအုပ်ကို (၁၉၇၆) ခုနှစ်တွင် ရေးသား ထုတ်ဝေခဲ့၍ ကုရ်အာန်၏ သမိုင်းကြောင်းနှင့် ကုရ်အာန်၏ ဖော်ပြချက်များကို သိပ္ပံနှင့် ဆန်းစစ်မှုများကိုပြု၍ သက်သေပြကာ ကုရ်အာန်သည် အလ္လာဟ်ထံမှ ကျမ်းအစစ်အမှန်ဖြစ်ကြောင်း ဖော်ပြခဲ့လေသည်။ စာအုပ်ရေပေါင်းများစွာ ယနေ့တိုင် ရိုက်ထုတ်လျက်ရှိ၏။
များစွာသော ကုရ်အာန်၏ ဖော်ပြချက်တို့ကို သိပ္ပံ၏ တွေ့ရှိချက်တို့က ထောက်ခံနေကြောင်း ဖော်ပြ၍ ကုရ်အာန်သည် အနောက်တိုင်းသား အချို့တို့ စွပ်စွဲသလို အခြားကျမ်းများမှာ ကူးချခြင်း မဟုတ်။ ကျမ်းစစ်ကျမ်းမှန် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အထက်ပါ အာယာသ်တော်နှင့် စပ်လျဉ်း၍လည်း စဉ်းစားရန် အချက်တစ်ချက်ကို ဖော်ပြခဲ့၏။
သမိုင်းကြောင်းအရ တမန်တော် ယူစုဖ်တွင် ညီနောင် (၁၁)ဦး ရှိ၏။ ထို့ကြောင့် ကောင်ကဘ်(၁၁)လုံးသည် ညီနောင် (၁၁)ဦးကို ဖော်ညွှန်း၍ နေနှင့် လသည် သူ၏ဖခင်နှင့် မိခင်ကို ဆိုလိုကြောင်း အများစုက ဖွင့်ဆိုကြသည်။ ထိုအာယာသ်တော် အရပင် တမန်တော် ယူစုဖ်သည် နောင်အခါ အီဂျစ်ပြည်တွင် ‘ဝဇီရ်’ အုပ်ချုပ်သူဖြစ်ခဲ့၏။ သို့သော် အခြားအဓိပ္ပာယ်များ ရှိမရှိကို တပ်အပ်မဆိုနိုင်သေး။ ဥပမာ နေမိသားတွင် ဂြိုဟ်ကြီး (၉)လုံးသာ ရှာတွေ့သေးသည်။ နေနှင့် အဝေးဆုံး နောက်ဆုံးဂြိုဟ် (ပလူတို)ကို ၁၉၃၁ ခုနှစ်ကမှ ရှာတွေ့ခဲ့၏။ ပလူတိုဂြိုဟ်၏ အပြင်ဘက် (နေမိသားစုအတွင်း) အခြားဂြိုဟ် ရှိမရှိ သိပ္ပံက မပြောနိုင်သေး။ သိပ္ပံပညာရှင်များစွာတို့ ရှာဖွေဆဲဖြစ်၏။
ကျွနုပ်တို့၏ နေမိသားစုအတွင်း ကောင်ကဘ် (၁၁)လုံး(နောက်ထပ် ၂လုံး) ရှိမရှိကို ရှာဖွေကြည့်ရန်သာရှိ၏။ အကယ်၍ မဟုတ်ပါက ထိုအာယာသ်တော်သည် တမန်တော် ယူစုဖ်၏ ညီနောင်(၁၁)ဦးကိုသာ သီးခြား ဆိုလိုခြင်း သက်သက်သာ ဖြစ်ပေမည်။
>နေကြက်၊ လကြက်ခြင်းနှင့် အယူသီးမှု
“နေသည် လကိုမမီနိုင်ပေရာ ထိုနည်းတူ ညဥ့်သည်လည်း နေ့ကိုကျော်လွန်နိုင်သည် မဟုတ်။ စင်စစ် (ယင်းတို့) အသီးသီးတို့သည် ဂြိုဟ်နက္ခတ်သွားရာလမ်းတစ်ခုစီ၌ ကူးခပ်သွားလာ၍ နေကြကုန်သတည်း” (ကုရ်အာန် ၃၆း၄၀) အတိတ်ခေတ် သိပ္ပံမထွန်းကားမီ နေနှင့် လတို့ တိုက်ခိုက်နိုင်မှု မရှိကြောင်း ပြဆိုထားသော အာယာသ်ဖြစ်သည်။ လစန္ဒာသည် ကမ္ဘာနှင့်နေ၏ကြား ရောက်က နေ၊ လ၊ ကမ္ဘာတစ်တန်းတည်းဖြစ်နေပြီး လ၏အရိပ် ကမ္ဘာပေါ်ထိုးကျ၍ ‘နေကြတ်’ခြင်း ဖြစ်ပေါ်၏။ ကမ္ဘာသည် နေနှင့် လကြားထဲရောက်သွားပါက နေ၊ ကမ္ဘာ၊ လ၊ တစ်တန်းတည်းဖြစ်နေပြီး ကမ္ဘာ၏အရိပ် လပေါ်ထိုးကျကာ လကြတ်ခြင်း ဖြစ်ပေါ်၏။
တမန်တော်မြတ် မုဟမ္မဒ်သခင်၏ သားတော် (အီဘရာဟီမ်) ကွယ်လွန်ချိန်နှင့် နေကြတ်ချိန်တိုက်ဆိုင်ခဲ့၍ လူအချို့က {ကြီးကျယ်လှသော တမန်တော်ကြီး၏ သားတော်သေ၍ နေပင်ကြတ်ချေပြီ } ဟူ၍ပြောဆိုမှုကို တမန်တော်မြတ်က နေကြတ်ခြင်းတို့သည် သဘာဝတရားတို့သာ ဖြစ်ကြ၏။ လူပုဂ္ဂိုလ်တစ်ဦး မွေးခြင်း၊ သေးခြင်းနှင့် မဆိုင်ကြောင်း သွန်သင်ခဲ့လေသည်။ သိပ္ပံခေတ် မရောက်မီကပင် အစ္စလာမ် တမန်တော်သည် အယူသီးမှုကို ဆင်ခြင်တုံ့တရားဖြင့် အစားထိုးစေခဲ့၏။ အစ္စလာမ်သည် လူသားတို့ကို အလင်းပေးနေသည်။ သိပ္ပံကလည်းထောက်ခံနေ၏။
>နေနှင့်လတို့၏ လူသားအကျိုးဆောင်ရွက်မှုနှင့် သင်ခန်းစာ
“၄င်းပြင် ထိုအရှင်မြတ်သည် နေကို လည်းကောင်း၊ လစန္ဒာကို လည်းကောင်း အမြဲမပြတ် သွားလာ လှည့်လည်စေလျက် အသင်တို့ အကျိုးကို လိုက်နာစေတော်မူခဲ့သည်။” (ကုရ်အာန် ၁၄း၃၃)
နေ၊ လ၊ ကြယ်တို့သည် အသွင်အမျိုးစုံဖြင့် လူသားတို့ အကျိုးကိုဆောင်ရွက်နေ၏။ လူ၊ တိရစ္ဆာန်၊ ရေသတ္တဝါနှင့် သစ်ပင်ပန်းမန် အားလုံးတို့၏ အသက်သည် နေ၏ စွမ်းအင်ပေါ်တွင် မူတည်သည်။ ရာသီဥတုပြောင်းလဲမှု နှစ်၊ လ၊ ရက်၊ အချိန်ရေတွက်နိုင်မှု၊ ကြည်နူးဖွယ် လရောင်ရရှိမှု၊ လဆွဲအားကြောင့် ဒီရေအတက်အကျဖြစ်မှု၊ နေ့ညများစွာသော အကျိုး သက်ရောက်မှုတို့သည် နေနှင့် လတို့ကြောင့် လူသားတို့ ခံစားနေရသော အကျိုးကျေးဇူးများတည်း။
နေမင်းကြီးသည် အလ္လာဟ်သတ်မှတ်ပေးထားသော လောင်စာတို့ကို လောင်ကျွမ်းရင်း နေမိသားစုရှိ ဂြိုဟ်များထံ အပူနှင့် အလင်းရောင်များ လွှတ်ထုတ်ပေးနေ၏။ နေ၊ လ နှင့် ကမ္ဘာတို့သည်လည်း ၄င်းတို့အတွက် အလ္လာဟ်က သတ်မှတ်ပေးထားသော ဝဟီလမ်းညွှန်အတိုင်း သတ်မှတ်ထားရာလမ်းကြောင်း အချိန် အလျင်တို့ဖြင့် နာခံသူ မုစ်လင်မ်များအဖြစ် သွားလာလှုပ်ရှားနေကြ၏။ နေနှင့် ကမ္ဘာ အလွန်နီးကပ်၍ အပူရှိန်တိုးခြင်း၊ ဝေးကွာ၍လွန်း၍ အအေးပိုခြင်း စသည့် အန္တရာယ်များမှ လူသားတို့ ကင်းလွတ်နေပေသည်။
“ထိုအ၇ှင်မြတ်သည် စိမ်းစိုသောသစ်ပင်မှ အသင်တို့အကျိုးငှာ မီးကို ဖန်ဆင်းတော်မူခဲ့ရာ ယခုသော်ကား အသင်တို့သည် ထိုသစ်ပင်မှ မီးမွှေးကြကုန်သတည်း” (ကုရ်အာန် ၃၆း၈၀)
လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ ကျော်က ကုရ်အာန်ကို ယနေ့ သိပ္ပံပညာက ထောက်ခံချေပြီ။ နေမှ စွမ်းအင်ကိုယူ၍ သစ်ပင် ပန်းမန် သီးနှံများ သစ်တောကြီးများ စိမ်းလန်းစိုပြေစွာ သီးပွင့် ရှင်သန်ကြ၏။ နေမှ စွမ်းအင်ကို သိုလှောင်၍ ဓာတုဗေဒ (Photo Synthesis) နည်းဖြင့် စွမ်းအင် ပြောင်ကြသည်။ နောက်ဆုံးတွင် လူသားတို့၏ အိမ်နှင့် စက်မှုလုပ်ငန်းကြီးများအတွက် မီးသွေး၊ ကျောက်မီးသွေး၊ ဓာတ်ငွေ့၊ လောင်စာဆီများအဖြစ် အဆင့်ဆင့် ပြောင်းလဲကာ တူးဖော် ရရှိနိုင်သည်။
အလ္လာဟ်အရှင်မြတ်သည် လူသားကို စကြဝဠာ လောကခပ်သိမ်းတွင် အဆင့်မြင့်ဆုံး ဖန်ဆင်းခံအဖြစ် ဖန်ဆင်းထား၍ ကမ္ဘာမြေကို ဆက်ခံသူ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတော်မူသည်။ စကြဝဠာလောကခပ်သိမ်းရှိ အရာအားလုံးသည် လူသား၏လက်အောက်ခံ၊ အသုံးချခံများသာ ဖြစ်သည်။ လူသား၏ ကိုးကွယ်ရာများမဟုတ်ချေ။ လောကခပ်သိမ်းရှိ အရာခပ်သိမ်းသည်လည်း အလ္လာဟ်ထံတော်မှ ဝဟီလမ်းညွှန် ရရှိသည့်အတိုင်း နာခံနေကြ၍ စကြဝဠာ တစ်ခုလုံး သဟဇာတ ဖြစ်ကာ သာယာလှပနေ၏။ အရာခပ်သိမ်းသည် အလ္လာဟ်ကို နာခံသူမုစ်လင်မ်များ ဖြစ်၏။
လူသား၏ ရုပ်ခန္ဓာကိုယ်ကြီး အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်အတိုင်း နာခံနေ၍ မုစ်လင်မ် (နာခံသူ) ဖြစ်နေ၏။ လူသား၏ နဖ်စ်ဝိညာဉ်အတွက် ဝဟီလမ်းညွှန်ကို လူသား နဗီတို့ထံမှတစ်ဆင့် ပေးခဲ့ရာ ကုရ်အာန်သည် နောက်ဆုံး ဝဟီလမ်းညွှန်ဖြစ်၏။ ဖန်ဆင်းရှင် အလ္လာဟ်သည် ဖန်ဆင်းခံ လောကအသီးသီးတို့၏ သဘာဝနှင့်အညီ ဝဟီလမ်းညွှန် အသီးသီးကို ပေးထားခြင်းဖြစ်၏။ လူသားကိုလည်း လူ့သဘာဝနှင့်အညီ ဝဟီလမ်ညွှန်အသီးသီးကို ပေးထာခြင်းဖြစ်၏။ လူသားအားထို ဝဟီလမ်းညွှန်အတိုင်း နာခံ၍ ဘဝ တည်ဆောက်နိုင်ရန် ရုပ် နာမ် နှစ်ပါးလုံးအတွက် လိုအပ်ချက်များကို ဖန်ဆင်းပေးထား၏။ လူသားအား လုပ်နိုင်သော စွမ်းအားလည်း ပေးထား၏။ ထို့ကြောင့် မိမိအသုံးချနိုင်သော လက်လှမ်းမီသော အရာများ အတွင်းမှ သက်သေလက္ခဏာများကို ဆင်ခြင်၍ ကျေးဇူးတော်ရှင် အလ္လာဟ်ကို နာခံသူ မုစ်လင်မ် ဖြစ်ရပေမည်။

အခန်း(၁၃) ကမ္ဘာဂြိုဟ်၏ သက်သေလက္ခဏာများ

အခန်း(၁၃) ကမ္ဘာဂြိုဟ်၏ သက်သေလက္ခဏာများ
“ထိုနေ့တွင် ယင်းကမ္ဘာဂြိုဟ်သည် မိမိ၏သတင်းစကားများကို ပြောပြပေမည်။ အကြောင်းသော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၄င်း (ကမ္ဘာဂြိုဟ်)အား (ယင်းကဲ့သို့ပြုရန်) ဝဟီအမိန့် ထုတ်ပြန်တော် မူခြင်းကြောင့်ဖြစ်အံ့” (ကုရ်အာန် ၉၉း၎-၅)
“စင်စစ်သော်ကား ယုံကြည်လိုသော သူတို့အဖို့ ကမ္ဘာဂြိုဟ်၌ များစွာသော သက်သေလက္ခဏာများ ရှိကုန်၏” (ကုရ်အာန် ၅၁း ၂၀)
“ထိုအရှင်မြတ်သည်ပင်လျင် အသင်(လူသား)တို့အား ကမ္ဘာဂြိုဟ်၏ ကိုယ်စားလှယ် (ခလီဖာ)များ အဖြစ် ချီးမြှင့်တော်မူခဲ့လေသည်” (ကုရ်အာန် ၆း၁၆၅)
ကမ္ဘာဂြိုဟ်သည် မုစ်လင်မ်
အလ္လာဟ်အရှင်မြတ်သည် စကြဝဠာလောကခပ်သိမ်းကို “ကဒရ်” တိုင်းတာသတ်မှတ်၍ အမရ် စီမံမှုအမိန့်တော်ဖြင့် အဆင့်ဆင့် ထင်ရှားဖြစ်ပေါ်စေခဲ့သည်။ ဖန်ဆင်းခံ အသီးသီးတို့ထံ ၄င်းတို့အား မည်သည့် အတွက်ကြောင့် မည်သို့သော သဘာဝဖြင့် ဖန်ဆင်းထားကြောင်း မည်သို့ ဘဝတည်ဆောက် နာခံရမည့်အကြောင်း ဝဟီလမ်းညွှန်များကို သက်ဆိုင်ရာသဘာဝများနှင့်အညီ ချပေးတော်မူ၏။
ကမ္ဘာဂြိုဟ်သည်လည်း မိမိ၏ ဖန်ဆင်းရှင်ထံမှ ဘဝတည်ဆောက်ရန် နည်လမ်းကို ဝဟီလမ်းညွှန်အမိန့်ကို ရခဲ့ပြီးဖြစ်သည်။ ထိုလမ်းညွှန် အတိုင်းနာခံသူ (မုစ်လင်မ်) တစ်ဦးဖြစ်နေသည်။ တစ်နည်း အစ္စလာမ်ကို ကျင့်သုံးနေ၏။ လူသားသည် ထို ကမ္ဘာဂြိုဟ်ကို ဆက်ခံသူ ခလီဖဟ်အဖြစ် အလ္လာဟ်က ခန့်ထားခြင်းခံရ၏။ ထို့ကြောင့် လူသားသည် အလ္လာဟ်၏ ကမ္ဘာမြေပေါ်တွင်နေလျက် အလ္လာဟ် ချီးမြှင့်ထားသော ကျေးဇူးများကို ခံစားနေပါလျက် မိမိ၏ ကျေးဇူးတော်ရှင် အလ္လာဟ်နှင့် အလ္လာဟ်၏ ဝဟီလမ်းညွှန် ကုရ်အာန်ကို မည်သို့ငြင်းမည်နည်း။
ကမ္ဘာကြီးသည် ၄င်းအတွက် ဖန်ဆင်းရှင်အလ္လာဟ်က သတ်မှတ်ထားသည့် ဝဟီလမ်းညွှန်အတိုင်း နာခံလျက် စကြဝဠာကြီး အတွင်း အချိန်၊ အလျင်၊ လမ်းကြောင်းများဖြင့် သွားလာလျက် သဟဇာတ ဖြစ်နေ၏။ ကမ္ဘာဂြိုဟ်ကို ဆက်ခံသူ လူသားတို့သည်လည်း မိမိတို့အား ဖန်ဆင်းခံထားရသည့် သဘာဝနှင့်အညီ အလ္လာဟ် ချမှတ်ပေးသော ဝဟီလမ်းညွှန် ကုရ်အာန်အတိုင်း နာခံ ဆောင်ရွက်၍ ဘဝတည်ဆောက်ကာ ဤရုပ်လောကနှင့် တမလွန် ၂ ဘဝလုံးတွင် ပြီးပြည့်စုံသော ငြိမ်းချမ်းမှု အမှန်ပင် ရပေမည်။
လူသား၏ သဘာဝနှင့်အညီ အလ္လာဟ် ချပေးထားသော ကုရ်အာန်၏ လမ်းညွှန်နှင့် ဆန့်ကျင်၍ ဘဝတည်ဆောက်က ကျေးဇူးတော်ရှင် အလ္လာဟ်ချမှတ်ထားသော သဘာဝ၏ နိယာမတရားတို့ကို ဆန့ကျင်ခြင်းဖြစ်၍ ဒုက္ခနှင့် ဆုံးရှုံးမှုတို့ အမှန်ပင် ခံစားကြရပေမည်။ အလ္လာဟ်ကို ဤလောကမှ လူသားတို့ မမြင်နိုင်သော်လည်း အလ္လာဟ် အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို ကမ္ဘာဂြိုဟ် အနှံ့အပြားတွင်
မဟာကရုဏာတော်ရှင် အလ္လာဟ်
အလ္လာဟ်သည် လူသားကို မေတ္တာကရုဏာပေးရန် အတွက်သာ ဖန်ဆင်းထားခြင်း ဖြစ်၏။ အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း ဤဘဝကို တည်ဆောက်ခြင်းဖြင့် တမလွန်တွင် နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှုကို ရစေမည်ဖြစ်၏။ ကမ္ဘာဂြိုဟ်ဝယ် အလ္လာဟ်၏ သက်သေလက္ခဏာများကို ရှာဖွေဆင်ခြင်ကာ ယုံကြည်မှု (အီမာန်) တိုးပွားစေ၏။ ကျေးဇူးတော်များကို စနစ်တကျ အသုံးချစေ၍ အလ္လာဟ်ကို ကျေးဇူးတင်စေ၏။ ဆင်ခြင်တုံတရားကို အသုံးချစေ၏။
“၄င်းတို့သည် ကမ္ဘာဂြိုဟ်ကို မကြည့်ရှု မဆင်ခြင်ခဲ့ကြလေသလော………” (ကုရ်အာန် ၂၆း၇)
“ထို့ပြင် ထိုအရှင်မြတ်သည်ပင် ကမ္ဘာဂြိုဟ်ကို ဖြန့်ခင်းတော်မူခဲ့သော အရှင်ဖြစ်တော်မူပေသည်။ ၄င်းပြင် ထိုအရှင်မြတ်သည်ပင် ထိုကမ္ဘာဂြိုဟ်၌ တောင်များကို လည်းကောင်း၊ မြစ်ချောင်းတို့ကို လည်းကောင်း ပြုလုပ်ဖန်ဆင်းတော် မူခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်း ကမ္ဘာဂြိုဟ်၌ သီးနှံပင် အသီးသီးကို (ဖို-မ လိင်) နှစ်မျိုးစီ ဖန်ဆင်းတော်မူခဲ့သည်။ ထိုအရှင်မြတ်သည် ညဥ့်ကို နေ့ဖြင့် ဖုံးအုပ်တော်မူခဲ့၏။ ဧကန်မလွဲ ဤသည်တို့ကို စဉ်းစားဆင်ခြင်သူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများ ရှိချေသည်” (ကုရ်အာန် ၁၃း၃)
“ထို့ပြင် ငါအရှင်မြတ်သည် ယင်း ကမ္ဘာဂြိုဟ်၌ သတ်မှတ်ထားပြီး ဖြစ်သော အရာဝတ္ထုတိုင်းကို ပေါက်ရောက် ဖြစ်ထွန်းစေတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို ကမ္ဘာဂြိုဟ်၌ အသင်တို့အဖို့ လည်းကောင်း အသက်မွေးဝမ်းကျောင်းမှုများကို ပြုလုပ်(စီမံ) ထားတော်မူခဲ့၏”
“စင်စစ် မည်သည့် အရာမျိုးမဆို ငါအရှင်မြတ် အထံတော်၌ ထိုအရာဝတ္ထု (ဖြစ်ပေါ်ထုတ်လုပ်စေ၍ မကုန်ခန်းနိုင်အောင်) အစုလိုက် အပြုံလိုက် ရှိပေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ထိုအရာဝတ္ထုကို သတ်မှတ်ထားသော သတ်မှတ်တိုင်းတာမှုနှင့် အညီသာလျှင် ချပေးတော်မူ၏။ (ကုရ်အာန် ၁၅း၁၉-၂၀-၂၁)
လူတိုင်းအတွက် စားနပ်ရိက္ခာသတ်မှတ်ချက်
“ထို့ပြင် မိုးကောင်းကင်၌ အသင်တို့ စားနပ်ရိက္ခာသည် လည်းကောင်း၊ အသင်တို့အား ကတိပေးခြင်း ခံရလေသော(တမလွန်တွင် ရကြမည့်) အရာသည်လည်းကောင်း ရှိပေသည်။” (ကုရ်အာန် ၅၁း၂၂) လူသားတို့ ရုပ်ပိုင်းဆိုင်ရာ အသက်ဆက်ရေးအတွက် ရေနှင့်သီးနှံများ ပေါက်ရောက်စေသော မိုးရေနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ အောင်မြင်ရေးအတွက် ဝဟီလမ်းညွှန်တို့သည် မိုးကောင်းကင်မှ ချပေး၏။ အလ္လာဟ်ထံမှ ချပေးသော ရိက္ခာတိုင်သည် စနစ်တကျ အသုံးချသူတို့အတွက် ဝဟီလမ်းညွှန်နာခံသူတို့ အတွက် ပူပင်စရာမလိုအောင် ပေါများလှသည်။ မြေပေါ်မြေအောက်မှ သီးနှံများ၊ ရေနှင့် သယံဇာတများ အလ္လာဟ်ပေးသမျှ ရနိုင်သည်။ အလ္လာဟ်၏ လမ်းညွှန်မှ သွေဖည်ခြင်းအတွက် ဒုက္ခများကျရောက်ခြင်း ဖြစ်သည်။ လူဦးရေ မည်မျှများစေကာမူ အလ္လာဟ်သည် (ကဒရ်)တိုင်းတာ သတ်မှတ်ပေးထားတော်မူ၏။ အလ္လာဟ်ကို ယုံကြည်လက္ခံသူတို့အတွက် လူဦးရေ တိုးပွားမှုနှင့် စားနပ်ရိက္ခာ ရှားပါးမှုပြဿနာ မရှိချေ။ အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း အလုပ်လုပ်၍သာ တည်ဆောက်ရန်သာ ရှိ၏။ စားနပ်ရိက္ခာ ရှားပါးမည်စိုး၍ သားသမီးများကို သတ်ဖြတ်ခြင်းကို ကုရ်အာန်က ပြင်းထန်စွာ တားမြစ်ထား၏။ (ကုရ်အာန် ၆း၁၄၀)
“၄င်းပြင် အသင်တို့သည် စီးပွားရေး ကျပ်တည်းမှုကို စိုးရိမ်သောကြောင့် မိမိတို့၏ သားသမီးများကို မသတ်ဖြတ်ကြကုန်လင့်။ (စင်စစ်) ငါအရှင်မြတ်သည်ပင် ၄င်းတို့အား လည်းကောင်း၊ အသင်တို့အား လည်းကောင်း၊ စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူ၏။ ဧကန်မလွဲ ၄င်းတို့အား သတ်ဖြတ်ခြင်းအား အလွန်ကြီးလေးသော ပြစ်မှုပင် ဖြစ်၏။ (၁၇း၃၁)
“စင်စစ် အသင်တို့၌ သက်ရောက်လေ့ရှိသော ဘေးဒုက္ခဟူသမျှတို့သည် အသင်တို့၏ လက်များ ဆည်းပူးခဲ့ကြသော အပြုအမူတို့ကြောင့်ပင် သက်ရောက်ခဲ့ကြသည်သာ”
ရင်သွေးမမွေးမီ မိခင်၌ နို့မထွက်ချေ။ ရင်သွေးမွေးသောအခါ ရင်သွေးငယ်အတွက် ရိက္ခာအဖြစ် မိခင်၏ သားမြတ်မှ နို့ချိုကို အလ္လာဟ်က ထါက်စေတော်မူခဲ့လေသည်။
>ဆေးနှင့်ဖော်မြူလာ
အလ္လာဟ်သည် ‘အရ်ရဟ်မားန်-မဟာကရုဏာတော်ရှင်’ ဟူသောဂုဏ်တော်နှင့်အညီ ဖန်ဆင်းခံ လူသားတိုင်း၏ ရုပ်နာမ် နှစ်ပါးလုံး အတွက် ဘဝအခြေခံ လိုအပ်ချက်များကို ပေးထားပြီးဖြစ်၏။ အလ္လာဟ်၏ ဝဟီလမ်းညွှန်နှင့်အညီ နာခံဆောင်ရွက်သူ မုစ်လင်မ်အတွက်မူကား ‘အရ်ရဟီမ် ဟူသော ဂုဏ်တော်နှင့်အညီ ဤဘဝ၊ တမလွန် ၂ ဘဝ လုံးအတွက် အတိုင်းအဆမရှိ ချီးမြှင့်တော်မူလေသည်။
ကုရ်အာန်ကျမ်းမြတ်သည် ရုပ်နာမ် ဒုက္ခဝေဒနာရှင်တိုင်းအတွက် ပျောက်စေသော ဆေးဖြစ်၏။ ဤဘဝနှင့် တမလွန်အတွက် ပြီူပြည့်စုံသော ငြိမ်းချမ်းမှုကိုပေးသည့် ဖော်မြူလာ လမ်းညွှန်လည်း ဖြစ်၏။ ဆေး (သို့မဟုတ်) ဖော်မြူလာသည် တိကျစွာ လိုက်နာအသုံးချသူကိုသာ ထိရောက်သော အကျိုးဖြစ်၏။
“ထိုအရှင်မြတ်သည်ပင် အသင်တို့အကျိုးငှာ ကမ္ဘာဂြိုဟ်ကို တစ်ဆင့် အသုံးချခံ လက်အောက်ခံ ပြုလုပ်ထားတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်းကမ္ဘာဂြိုဟ်၏ သွားလာရာ (ာကည်း၊ ရေ၊ လေ) လမ်းများ၌ လှုပ်ရှားသွားလာကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ် ချီးမြှင့် ပေးသနားတော်မူသော ရိက္ခာကို စားသုံးကြလေကုန်။ စင်စစ် (သေပြီးနောက်) ရှင်ပြန်ထမြောက်၍ ထိုအရှင်မြတ်ထံတော်သို့ပင် ပြန်လည်ရောက်ရှိကြအံ့ သတည်း” (ကုရ်အာန် ၆၇း၁၅)
“ပြောလော အသင်တို့သည် ကမ္ဘာဂြိုဟ်ဝယ် လှည့်လည်သွားလာ၍ ထိုအ၇ှင်မြတ်သည် ဖန်ဆင်းခြင်းကို မည်သို့စတင် ထင်ရှားဖြစ်ပေါ်စေတော်မူသည်ကို ကြည့်ရှု့ လေ့လာကြလေကုန်။ ထို့နောက် တစ်ဖန် ထိုအရှင်မြတ်သည် နောက်တစ်ကြိမ် ထပ်မံ၍ပင် ဖန်ဆင်းတော်မူမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏” (ကုရ်အာန် ၂၉း၂၀)
အလ္လာဟ်က ဖန်ဆင်းခံလူသားအား ဖန်ဆင်းခြင်း၏ အစနှင့် သက်သေလက္ခဏာတို့ကို ဉာဏ်ပညာ၊ အသိပညာရပ်များကို အသုံးချ၍ ရှာဖွေသုတေသနပြု လေ့လာစေ၏။ ရှာဖွေသူတို့အတွက် တွေ့ရှိမည်သာ ဖြစ်ပေသည်။

တောင်ကြီးများ၏သက်သေ

>တောင်ကြီးများ၏သက်သေ
“ငါအရှင်မြတ်သည်သာလျှင် ကမ္ဘာဂြိုဟ်ကို အခင်းပြုလုပ်တော်မူခဲ့သည် မဟုတ်လော့။ ၄င်းပြင် တောင်များကို သပ်များ၊ ငုတ်များ (အဖြစ်ပြုလုပ်တော်မူခဲ့သည် မဟုတ်လော့)” (ကုရ်အာန် ၇၈း၆-၇)
“ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို အသင်တို့ မြင်နေကြသည့်အတိုင်း တိုင်များမပါဘဲ ဖန်ဆင်းတော်မူခဲ့၏။ ၄င်းပြင် ထိုအရှင်မြတ်သည် ကမ္ဘာဂြိုဟ်၌ ယင်းကမ္ဘာဂြိုဟ်သည် အသင်တို့နှင့်တကွ ယိမ်းယိုင်မသွားစေရန်၊ လေးလံသောတောင်များကို (ကျောက်ဆူးများသဖွယ်) ချထားတော်မူ၏……” (ကုရ်အာန် ၃၁း၁၀) အထက်ပါ အာယာသ်တော်များအရ ဖန်ဆင်းရှင် အလ္လာဟ်သည် မိုးကောင်းကင်အတွင်းရှိနေ၊ လ၊ ကြယ်၊ နက္ခတ်တာရာ အားလုံးကို တိုင်များမရှိဘဲ အလ္လာဟ်သတ်မှတ်ရာနိယာမ သဘာဝ(အား)များဖြင့် စနစ်တကျ သွားလာလှုပ်ရှားနေစေသည်။ လူသားတို့ နေထိုင်ရာ ကမ္ဘာဂြိုဟ်သည်လည်း တည်နေသောအရာ မဟုတ်ဘဲ လှုပ်ရှားနေသော အရာဖြစ်ကြောင်း ဆိုထားသည်။
အလ္လာဟ်က ကမ္ဘာမြေကို ကော်ဇောသဖွယ် ဖြန့်ခင်းထား၍ တောင်ကြီးများကို တိုင်များသဖွယ် စိုက်ထား၏ ဟုဆိုသည်။ ကောဇောပေါ်တွင် ငုတ်များစိုက်က ကော်ဇောသည် မရွေ့နိုင်ချေ။ ထို့ကြောင့် ကမ္ဘာဂြိုဟ်သည် လည်ပတ်ရွေ့လျားလှုပ်ရှားနေသော်လည်း တောင်ကြီးများကို ငုတ်သဖွယ်စိုက်ထား၍ လူသားတို့ မယိမ်းမယိုင်ဘဲရှိနေကြောင်းဆိုထားသည်။ ခေတ်သစ်သိပ္ပံက ထောက်ခံပြန်ချေပြီ။
ယနေ့ သိပ္ပံ၏ တွေ့ရှိချက်များမှာ ကမ္ဘာဂြိုဟ်သည် ၂၄ နာရီလျှင် တစ်ပတ်ကျ မိမိ၏ဝင်ရိုးပေါ်တွင် လည်ပတ်နေသော်လည်း လူသားတို့သည် မြေဆွဲအားကြောင့် လွင့်စဉ် မသွားချေ။ ကမ္ဘာဂြိုဟ်သည် အပေါ်ယံ မြေမျက်နှာပြင်သာလျှင် မာကျောသော အခင်းသဖွယ်ဖြစ်၍ အတွင်းပိုင်းတို့သည် ပူပြင်းသော အရည်များဖြစ်သည်။ ဘူမိဗေဒအရ ကော်ဇောသဖွယ် အပေါ်ယံ ပထဝီမြေလွှာကို တောင်ကြီးများက တိုင်များသဖွယ် လေးလံစွာစိုက်ထူထား၍ ကမ္ဘာကြီးပြင်းထန်စွာ လည်ပတ်နေသော်လည်း အပေါ်ယံမျက်နှာပြင်သည် အောက်ခံအရည်ပေါ်တွင် တည်ငြိမ်စွာရှိနေခြင်းဖြစ်၏။
(“ထိုအရှင်မြတ်သည်) မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ် နှစ်ခုလုံး၏အကြား ရှိသမျှတို့ကို လည်းကောင်း အဆင့်ဆင့် ဖန်ဆင်း၍ စိုးပိုင်တော်မူသောအရှင်၊ ထိုမှတစ်ပါး နေထွက်ရာအရပ်များကို အဆင့်ဆင့် ဖန်ဆင်း၍ စိုးပိုင်တော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၃၇း၅)
အထက်ပါ အာယာသ်တော်အရ စကြဝဠာအတွင်း၌ ကမ္ဘာဂြိုဟ်အပြင် နေ (ကြယ်)ကို ဗဟိုပြု၍နေသော ဂြိုဟ်များ (နေထွက်ရာအရပ်များ) ရှိနေသေးကြောင်း ဖော်ပြထားပေသည်။ ကျွန်ုပ်တို့၏ နေမိသားစုအတွင်း ဂြိုဟ် ၉ လုံး (ကမ္ဘာအပါအဝင်)ကို တွေ့ပြီး ဖြစ်သည်။ နေမိသားစုအတွင်း နောက်ထပ် ဂြိုဟ်များ ရှိမရှိ ရှာဆဲဖြစ်သည်။ နေမိသားစု၏ ပြင်ပတွင်လည်း ရှာဆဲဖြစ်သည်။
“(ထိုအရှင်မြတ်သည်ပင်) နေထွက်ရာ အရပ်နှစ်ခု၊ နေဝင်ရာ အရပ် နှစ်ခုလုံးကို အဆင့်ဆင့် ဖန်ဆင်း စိုးပိုင်တော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၅၅း၁၇)
“ထိုအရှင်မြတ်သည် ညဥ့်ကိုနေ့အပေါ် (ယုကောင်ဝိရု) ‘ရစ်ပတ်လွှမ်းခြုံ’ တော်မူ၏။ ထိုနည်းတူ နေ့ကို ညဥ့်ပေါ်၌ ရစ်ပတ်လွှမ်းခြုံတော်မူ၏……” (ကုရ်အာန် ၃၉း၅)
နေ့နှင့်ည ကမ္ဘာကို လွှမ်းခြုံဖုံးအုပ်ရာတွင် ခေါင်းကို အဝတ်ရစ်ပတ်သကဲ့သို့ ‘ကွိုင်’ သဖွယ် ရစ်ပတ်ထားကြောင်းကို ‘ယုကောင်ဝိရု’ ဟူသော အရဗီ ကြိယာတစ်လုံးဖြင့် ဖော်ပြထားပေသည်။ ယနေ့ အာကာသ သိပ္ပံက အာကာသထဲမှ လကမ္ဘာပေါ်မှ ကမ္ဘာဂြိုဟ်ကို ကြည့်ရာတွင် ကမ္ဘာဂြိုဟ်သည် လုံးဝန်းသော သဏ္ဍာန်ရှိ၏။ ကမ္ဘာဂြိုဟ်သည် မိမိ၏ ဝင်ရိုးပေါ်တွင် 23-12 ဒီဂရီ တိမ်းစောင်းလျက် ၂၄ နာရီ တစ်ပတ်ကျ လည်နေ၏။ နေမင်းကြီးသည် အဆက်မပြတ် ထွန်းလင်းလျက် ရှိ၏။ ထို့ကြောင့် နေနှင့် မျက်နှာမူရာ ကမ္ဘာ၏ အစိတ်အပိုင်း ထစ်ဝက်သည် နေ့ဖြစ်၍ ကျန်တစ်ခြမ်းမှာ ညဖြစ်နေ၏။ ကုရ်အာန်မှ ပြဆိုသည့်အတိုင်း နေ့၏ အလင်းနှင့် ည၏ အမှောင်တို့မှာ ကမ္ဘာကို ကွိုင်သဖွယ် ရစ်ပတ် ဖုံးအုပ်ထားသည်။ အတိတ်ခေတ် ဥရောပသားတို့က ကမ္ဘာသည် ပြားသောသဏ္ဍာန် ရှိသည်ဟု ယုံကြည်နေချိန်တွင် မုစ်လင်မ် တက္ကသိုလ်များတွင် ကမ္ဘာသည် လုံးဝန်းသော သဏ္ဍာန် ရှိကြောင်း သင်ကြားနေခဲ့ကြပေသည်။
ကမ္ဘာဂြိုဟ်သည် နေကို ဗဟိုပြု၍ (၃၆၅)ရက်နှင့် (၆)နာရီတွင် တစ်ပတ်ကျ မိမိ၏ လမ်းကြောင်းမှ သွားလာ လည်ပတ်နေသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာကြီးသည် အနောက်မှ အရှေ့သို့ ၂၄ နာရီ တစ်ပတ်ကျ မိမိ၏ ဝင်ရိုးပေါ် ၂၃-၁၂ ဒီဂရီ တိမ်းစောင်းလျက် လည်ပတ်မှုကြောင့် အရှေ့အရပ်မှ နေထွက်လာသည်ကို မြင်ရခြင်း ဖြစ်သည်။ နေက ကမ္ဘာကို ပတ်နေခြင်း မဟုတ်ချေ။
တစ်နှစ်တာပတ်လုံး နေထွက်ရာနှင့် နေဝင်ရာ အရပ်တို့ကို စောင့်ကြည့်က နေထွက်ရာအရပ်သည် တစ်သမတ်တည်း မဟုတ်ဘဲ နေရာများစွာ ပြောင်းလဲနေသည်ကို တွေ့ရမည်။ နေဝင်ရာ အရပ်သည်လည်း နေရာများစွာ ပြောင်းလဲနေသည်ကို တွေ့ရ၏။ နေထွက်ရာအရပ်ဖြစ်စေ နေဝင်ရာအရပ်ဖြစ်စေ အစွန်းနှစ်ခုကြားတွင် ပြောင်လဲနေခြင်း ဖြစ်သည်။ စင်စစ် ကမ္ဘာသည် ၂၃-၁၂ ဒီဂရီ တိမ်းစောင်း၍ လည်နေသည်ကို တစ်နှစ်တစ်ကြိမ် မိမိ၏ လမ်းကြောင်းမှ ပတ်နေ၍ဖြစ်ပြီး ရာသီဥတုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အမှန်တရား ရှာဖွေသူတို့အား ဖန်ဆင်းရှင် အလ္လာဟ်က လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ကျော်က ကုရ်အာန်တွင်း၌ နေထွက်ရာ အရပ်များ၊ နေဝင်ရာ အရပ်များကို ဖန်ဆင်းစိုးပိုင်တော်မူသော အရှင်သည် အလ္လာဟ်သာဖြစ်ကြောင်း ပြဆိုထားခြင်း ဖြစ်သည်။
“သို့ရာတွင် ထိုအရှင်မြတ်သည် အကြင်သူအား လမ်းမှား၌ပင် ထားရှိရန် ရည်စူးတော်မူပါလျှင် ထိုအရှင်မြတ်သည် ထိုသူ၏ ရင်(စိတ်နှလုံး)ကို အလွန့်အလွန် ကျဉ်းကျပ်စေတော်မူအံ့။ ထိုသူသည် မိုးကောင်းကင်သို့ တက်ရဘိသကဲ့သို့ ဖြစ်နေအံ့…..” (ကုရ်အာန် ၆း၁၂၅)
ဖန်ဆင်းရှင် အလ္လာဟ်သည် လူသားကို လွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့်နှင့် ဆင်ခြင်တုံတရား ပေးထားပြီးနောက် လူသားက မိမိကိုယ် မိမိစတင် မပြောင်းလဲသမျှ အလ္လာဟ်ကလည်း ပြောင်းလဲ မပေးချေ။ လူသားသည် မိမိ၏ အရှင်သခင် အလ္လာဟ်ကို လက္ခံ နာခံရန် ဆန့်ကျင်ပါက မိမိ၏ စိတ်နှလုံးကို မိမိဘာသာ အကျဉ်းချသူနှင့်သာ တူပေမည်။ ထို အာယာသ်တော်အရ မိုးကောင်းကင်သို့ တက်ရာတွင် (ရင်) အသက်ရှုကျပ်လာခြင်းကို သိပ္ပံပညာက အထက်သို့ တက်လေလေ ဖိနှိပ်အား ကျလေ ဖြစ်ကြောင်း တွေ့ရှိရပေသည်။
“အသင် မမြင်ခဲ့လေသလော့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး)ရေကို ချပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ထိုရေဖြင့် အရောင်အသွေး အမျိုးမျိုး ကွဲပြား ခြားနားသော သစ်သီးဝလံများကို ထွက်စေတော်မူခဲ့၏။ ထို့အတူ တောင်များ၌လည်း လိုင်းများ (အလွှာများ)ရှိကြပေရာ အချို့မှာ အဖြူ အချို့မှာ အနီများဖြစ်ကြသည့်ပြင် ၄င်းတို့၏ အရောင်များမှာ အထူးထူး အပြားပြား ဖြစ်ကြ၏။ အချို့မှာ အလွန် မည်းနက်၏။ ထို့ပြင် လူသားများ၊ တွားသွား သတ္တဝါများနှင့် ကုလားအုတ် ကျွဲနွား တိရစ္ဆာန် စသည်တို့တွင်လည်း အရောင်အဆင်း အမျိုးမျိုး ရှိကြပေသည်။ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်၏ ကျွန်များအနက် အသိပညာရှိသူများသာလျှင် မှန်ကန်စွာ ကြောက်ရွံ့ခန့်ညား ရိုသေကြကုန်၏။” (ကုရ်အာန်၃၅း၂၇-၂၈)
သိပံ္ပပညာ တိုးတက်လာသည်နှင့်အမျှ တောင်ကြီးများအတွင်းနှင့် မြေအောက်မှ ရေနံ၊ ရွှေ၊ ငွေ၊ ကျောက် သံ ပတ္တမြား စသည့် အသွင်မျိုးစုံ အရောင်မျိုးစုံ ရှိသည့် သယံဇာတ ပစ္စည်းများ ထုတ်ဖော်သုံးစွဲနိုင်ပေသည်။ လူသားတို့သည် ထိုပစ္စည်းများကို ပိုင်သူ ပြုလုပ်သူများ မဟုတ်ကြပေ။ ကျေးဇူးတော်ရှင် အလ္လာဟ်က လူသားတို့အကျိုးငှာ ပေးထားခြင်း ဖြစ်၏။
အလ္လာဟ်က သယံဇာတပစ္စည်းတို့အား လူသားတို့အကျိုးအတွက် ထုတ်ဖော်သုံးစွဲစေသည်။ ရွှေဟူသည်မှာ ဤဘဝအတွက် အသုံးအစွဲသာ ဖြစ်သည်။ တွယ်တာစရာ မဟုတ်ပေ။ အလ္လာဟ့်လမ်းတော်တွင် သုံးစွဲရန်ဖြစ်သည်။ တစ်ဦးတည်း သိမ်းဆည်း၍ လူသားတို့ အကျိုး လျစ်လျူရှုရန် မဟုတ်ပေ။ စင်စစ်မူကား ရုပ်တရားတို့၏ နောက်ကွယ်မှ သစ္စာတရားတို့ကို ဆင်ခြင်သိမြင်သူ ပညာရှင်(အာလင်မ်)တို့သည်သာ မှန်ကန်သူ၊ အောင်မြင်သူများ ဖြစ်ပေမည်။ (၃း၁၄။ ၃၁း၂၀။ ၄၃း၃၅)
“ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းကမ္ဘာဂြိုဟ်ဝယ် မြင့်စွင့်လှစွာသော တောင်များကို စိုက်ထူတော်မူသည်။ ၄င်းပြင် ငါအရှင်မြတ်သည် အသင်တို့အား ချိုမြသော ရေကို တိုက်ကျွေးတော်မူ၏” (ကုရ်အာန် ၇၇း၂၇)
တောင်ကြီးများသည် လူသားတို့အတွက် ရေချိုကို သိုလှောင်၍ တဖြည်းဖြည်း ထုတ်ပေးခြင်း။ အရိပ်နှင့် အကာအကွယ်ပေးခြင်း၊ အရောင်မျိုးစုံ အသွင်မျိုးစုံရှိသော သယံဇာတပစ္စည်းများကို ထုတ်ပေးခြင်း၊ မိုးရွာစေခြင်း စသည့် လုပ်ငန်းများစွာတို့ဖြင့် လူသားတို့အကျိုးပြုနေကြပေသည်။ လူသားတို့ကို သိ၍ ညှာတာ၍ တောင်ကြီးများက အကျိုးပြုနေကြခြင်း မဟုတ်ချေ။ ဖန်ဆင်းရှင် အလ္လာဟ်၏ သက်မှတ်ချက် အမိန့်တော်များကို နာခံ၍ တောင်များက လူတို့အကျိုး ပြုနေကြခြင်း ဖြစ်၏။ စင်စစ် အလ္လာဟ်က လူသားကို ဖန်ဆင်းထား၍ ကျန်အရာအားလုံးက လူသားကို အကျိုးပြုနေခြင်း ဖြစ်၏။ နောက်ကွယ်၌ မှန်ကန်သော ရည်ရွယ်ချက်ကား ရှိနေပေသည်။ (ကုရ်အာန် ၁၆း၈၁။ ၃၅း၂၇)
“အကယ်၍သာ ငါအရှင်မြတ်သည် ဤကျမ်းမြတ် ကုရ်အာန်ကို တစ်စုံတစ်ခုသော တောင်ပေါ်၌ ချထားပေးတော်မူခဲ့ပါလျှင် ထိုတောင်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သောကြောင့် နိမ့်ကျလျှက် အပိုင်းပိုင်းဖြစ်လျှက် ရှိသည်ကို အသင်သည် အမှန်ပင် တွေ့မြင်ရပေမည်။ စင်စစ် ငါအရှင်မြတ်သည် လူတို့ သုံးသပ် ဆင်ခြင်စဉ်းစားကြအံ့သောငှာ ယင်းဥပမာပုံဆောင်ချက်များကို ခိုင်းနှိုင်းဖော်ပြတော်မူ၏” (ကုရ်အာန် ၅၉း၂၁)
ကုရ်အာန်အရ တောင်များသည် ယင်းတို့၏ ဖန်ဆင်းရှင်ကို သိလျက် ကြောက်ရွံ့ ရိုသေစွာ နာခံနေကြ၏။ သို့သော် လူသားတို့က ၄င်းတို့၏ ဘာသာစကားကို နားမည်ကြ။ ဥပမာ အလ္လာဟ်၏ တမန်တော်ဖြစ်သူ ဒါဝုဒ်(ဒေးဗစ်)သည် တောင်များ၊ ငှက်များနှင့် အတူ ဖန်ဆင်းရှင် အလ္လာဟ်၏ ဘုန်းတော်တို့ကို ချီးမွမ်း သီဆိုခဲ့ကြ၏။ (၃၈း၁၈။ ၃၄း၁၀)။ ထို့ကြောင့် တောင်များ၊ ကျောက်တုံးကြီးများ၌ ထူးဆန်းသော သဘာဝအချို့ ရှိနိုင်သော်လည်း အလ္လာဟ်၏ သက်သေလက္ခဏာများသာ ဖြစ်၏။ လူသားတို့၏ ကိုးကွယ်ရာများ မဟုတ်ချေ။ (ကုရ်အာန် ၂း၇၄)
နိစ္စထာဝရ ပြီးပြည့်စုံနေသော အလ္လာဟ်အရှင်မြတ်ကို မတည်မြဲသော မပြီးမပြည့်စုံသော လူသားတို့က ဤရုပ်လောကတွင် မမြင်နိုင်ချေ။ သာမန်လူသား မဆိုထားဘိ၊ အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်တော်များကို လက္ခံနိုင်သော အလ္လာဟ်၏ နဗီတို့သည်ပင် တိုက်ရိုက်မမြင်နိုင်ချေ။ ဥပမာ နဗီတမန်တော် မူဆာ(မိုးဇက်)သည် အလ္လာဟ်ကို တိုက်ရိုက်မြင်လိုကြောင်း ပန်ကြားရာ အလ္လာဟ်က မမြင်နိုင်ကြောင်း အာယာသ်တော်ပေး၏။ အလ္လာဟ်ထံမှ ဘုန်းတော်ကို တောင်ပေါ်တွင် ထင်ရှားစေသောအခါ တောင်သည်လည်း အစိတ်စိတ်ဖြစ်၍ တမန်တော် မူဆာသည်လည်း မေ့မြောခဲ့ရသည်။ ထို့ကြောင့် ဖန်ဆင်းရှင် အလ္လာဟ်ရှိကြောင်းကို တိုက်ရိုက် မမြင်နိုင်သော်လည်း အလ္လာဟ်၏ နဗီတို့ထံမှ တစ်ဆင့်ပေးသော ဝဟီလမ်းညွှန်များနှင့် ဖန်ဆင်းခံလောခပ်သိမ်းတွင်ရှိ သက်သေလက္ခဏာတော်များမှ တစ်ဆင့်သာသိနိုင်ပေသည်။ (ကုရ်အာန် ၇း၁၄၃)
“……..ကမ္ဘာဂြိုဟ်သည် ပြင်းထန်စွာ တုန်လှုပ်သောအခါ ယင်းပထဝီမြေဖြင့် ထိုအရှင်မြတ်သည် အသင်တို့အား မြေမျိုစေတော်မူမည် မဟုတ်ဟူ၍ စိုးရိမ်ကြောင့်ကြမှု ကင်းကြပြီလော့” (ကုရ်အာန် ၆၇း၁၆)
အတိတ်ခေတ် လူသားမျိုးဆက်များစွာတို့အနက် အလ္လာဟ်ကို လည်းကောင်း အလ္လာဟ်စေလွှတ်သော နဗီတမန်တော်များနှင့် အလ္လာဟ်၏ ဝဟီလမ်းညွှန်တို့ကို ငြင်းပယ်ရုံသာမက မတရားမှုများ ကျူးလွန်ခဲ့ကြ၍ ဤရုပ်လော၌ပင် စတင်၍ ပြင်းထန်သော ဒုက္ခဆိုးများ ရင်ဆိုင်ခဲ့ကြရပေသည်။ (စာမျက်နှာ (….) နဗီတမန်တော်များကဏ္ဍတွင် ကြည့်) လူသားတို့သည် အလ္လာဟ်၏ ပထဝီမြေပေါ်မှနေ၍ အလ္လာဟ်ပေးထားသော ကျေးဇူးများကို ခံစားနေပါလျက် မိမိ၏ အရှင်သခင်ကို ငြင်းပယ်၍ မတရားမှုများပြုပါလျှင် အလ္လာဟ်၏ပြစ်ဒဏ်မှ မည်သို့ပင် ရှောင်စေပါမူ လွတ်မည် မဟုတ်ပေ။ (ကုရ်အာန် ၆၇း၁၅-၂၁)
>ရေ၏ သက်သေလက္ခဏာ
လူသားတို့နေထိုင်ရာ ကမ္ဘာဂြိုဟ်သည် လည်းကောင်း၊ သက်ရှိများအတွက် လည်းကောင်း၊ ရေ၏ အရေးကြီးပုံကို ကုရ်အာန်ကျမ်းမြတ်က ဖော်ပြထားသည်။
“မယုံကြည်သူများ မသိမမြင်ခဲ့ကြသလော့။ စင်စစ် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်သည် မူလက ပူးကပ်လျက် ရှိသည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းနှစ်ခုလုံးကို တစ်ခုစီခွဲခြားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ရေဖြင့် သက်ရှိခပ်သိမ်းကို ဖန်ဆင်းတော်မူခဲ့၏” (ကုရ်အာန် ၂၁း၃၀)
စကြဝဠာခပ်သိမ်းတို့သည် အစိတ်အပိုင်းတစ်ခုတည်းမှ ဖြစ်ပေါ်လာခဲ့၏။ ကမ္ဘာဂြိုဟ်သည်လည်း မူလအစိတ်အပိုင်း တစ်ခုတည်းမှ ခွဲထွက်လာခဲ့ခြင်းသာ ဖြစ်၏။ အလ္လာဟ်၏ ဘုန်းတော်နှင့် အမရ်စီမံမှု အမိန့်တော်တို့ကြောင့် သက်ရှိသက်မဲ့ခပ်သိမ်းတို့ အဆင့်ဆင့် ဆင့်ကဲဖြစ်ပေါ်ထင်ရှားလာလေသည်။ ကမ္ဘာဂြိုဟ်ပေါ်တွင်လည်း သက်မဲ့ရုပ်ပစ္စည်းများအတွင်း အလ္လာဟ်၏ ကဒရ် သတ်မှတ်ချက်အတိုင်း ဓာတုပြောင်းလဲမှုများ ဖြစ်ပေါ်၍ သက်ရှိများ စတင် ဖြစ်ပေါ်လာ၏။ အလ္လာဟ်သည် သက်ရှိအားလုံးကို ရေမှစတင် ဖြစ်ပေါ်စေခဲ့သည်။ ကုရ်အာန်၏ အသုံး(မာအ်)ရေဟူသည် ကောင်းကင်မှရေ၊ ပင်လယ်ရေ၊ အရည်များအားလုံးကို ရည်ညွှန်းသည်။ (ကုရ်အာန် ၂၀း၅၃။ ၂၄း၄၅)
သိပ္ပံပညာအရ စကြဝဠာ အတွင်း၌လည်းကောင်း၊ သက်ရှိများအတွင်း၌ လည်းကောင်း ၉၉ ရခိုင်နှုန်းမှာ အဓိကဒြပ်စင် ၆ မျိုး ပါဝင်သည်။ ဟိုက်ဒြိုဂျင်၊ အောက်စီဂျင်၊ ဟီလီယမ်၊ ကာဗွန်၊ နိုက်ထရိုဂျင်နှင့် နီယွန် တို့ဖြစ်ကြသည်။ ကမ္ဘာဂြိုဟ်တွင် တွေ့ရသော ဓာတုပစ္စည်းများနှင့် သုတေသနပြုဆဲ စကြဝဠာအတွင်းမှ ဓာတုပစ္စည်းများ ပျမ်းမျှအားဖြင့် တူညီနေကြောင်းတွေ့ရသည်။ သိပ္ပံပညာက သက်မဲ့ပစ္စည်းများမှာ အသက်ဆင့်ကဲ ဖြစ်ပေါ်လာကြောင်း လက္ခံသော်လည်း အသက်ဟူသည် အဘယ်နည်းဟူသည်ကို ဖွင့်ဆိုနိုင် ခြင်းမရှိချေ။
စကြဝဠာအတွင်း သက်ရှိနှင့် သက်မဲ့ဟူ၍ ၂ မျိုးတွေ့နိုင်၏။ အလ္လာဟ်သည် သက်မဲ့တို့ကို ရုပ်နှင့်စွမ်းအင်အသွင်ဖြင့် သဘာဝနိယာမ တရားများ သတ်မှတ်ထား၏။ ရုပ်နှင့် စွမ်းအင်တို့သည် ဖန်ဆင်းရှင် အလ္လာဟ်သတ်မှတ်ထားသော လမ်းညွှန်အတိုင်း နာခံဆောင်ရွက်လျက် မုစ်လင်မ် နာခံသူများ ဖြစ်နေကြ၏။
ကမ္ဘာဂြိုဟ်ပေါ်တွင် သက်ရှိများအဖြစ် သစ်ပင်ပန်းမန်လောက၊ တိရစ္ဆာန်လောကနှင့် လူသားများအဖြစ် ရုပ်/နာမ် အကောင်းဆုံး စွမ်းရည်များဖြင့် ဖန်ဆင်းထားရခြင်းဖြစ်၏။ သက်ရှိအားလုံးသည် ရေမှစတင်၍ ဆင့်ကဲဖြစ်စဉ်အရ ထင်ရှားဖြစ်ပေါ်ခဲ့ကြ၏။ အလ္လာဟ်၏ ကဒရ်သတ်မှတ်ချက်တွင် သက်ရှိအားလုံးကို ရေမှစတင်ခဲ့သည်ဖြစ်ရာ အလ္လာဟ်၏ ဘုန်းတော်နှင့် စီမံမှု အမိန့်တော်တို့သည် ရေပေါ်သက်ရောက်ခဲ့လေသည်။
“၄င်းပြင် ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း ကာလ ၆ခုဖြင့် (အဆင့်ဆင့်) ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူခဲ့၏။ စင်စစ် ထိုအရှင်မြတ်၏ အရရှ်ပလ္လင်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်” (ကုရ်အာန် ၁၁း၇)
အရရှ်ပလ္လင်တော်သည် အလ္လာဟ်၏ အကြွင်းမဲ့ တတ်စွမ်းနိုင်တော်မူသော ဘုန်းတော်အနန္တနှင့် အမရ်စီမံမှုအမိန့်တော်ကို ဆိုလိုသည်။ ရုပ်တရားကဲ့သို့ အလ္လာဟ် ထိုင်တော်မူသည့် ပလ္လင်ကြီး မဟုတ်ချေ။ အလ္လာဟ်သည် လူသားနှင့် တိရစ္ဆာန်များအပါအဝင် သက်ရှိအားလုံးကို ရေမှစတင်စေခဲ့၏။
သက်ရှိများရှိရာ ကမ္ဘာဂြိုဟ်သည် နေစကြဝဠာတွင် ကျန်ဂြိုဟ်(၈)လုံးနှင့် မတူဘဲ ကမ္ဘာ့မျက်နှာပြင်၏ (၇၁)ရာခိုင်နှုန်းမှာ ရေဖြင့်ဖုံးလွှမ်းထားခြင်းကို တွေ့နိုင်သည်။ လူ၊ တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်တို့သည် ရေမရက သေကြေကုန်ကြမည် ဖြစ်၏။ ယင်းအသီးသီးတို့၏ ရုပ်ခန္ဓာဖွဲ့စည်းပုံအားလုံးတွင် ရေကို အများဆုံး တွေ့ရသည်။ လူ့ခန္ဓာကိုယ်တွင် (၇၀)ရာခိုင်နှုန်းမှာ ရေဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင် သွေးထဲတွင်သာမက အမွှေးအမျှင်နှင့် အရိုးများအတွင်းထိ ရေဓာတ်ပါရှိသည်။ လူတစ်ဦးသည် တစ်နေ့လျှင် ၂ လီတာ လိုအပ်သည်။ ဆီသွားခြင်း၊ ချွေးထွက်ခြင်းနှင့် အသက်ရှုထုတ်ခြင်းတို့အတွက် လျော့သွားသော ရေကိုသောက်ခြင်းနှင့် အစားအစာ စားခြင်းတို့မှ ပြန်ရသည်။ စင်စစ် သစ်ပင်ပန်းမန် တိရစ္ဆာန်ပိုးမွှား အင်းဆက်အမျိုးမျိုးနှင့် လူသားတို့၏ ရုပ်ခန္ဓာသည် ဆဲလ်ကလေးများဖြင့် ဖွဲ့စည်းထားခြင်းသာဖြစ်သည်။ သက်ရှိတိုင်းတွင် အနည်းဆုံး ဆဲလ်တစ်ခုပါဝင်၍ သက်ဆိုင်ရာ သဘာဝအလိုက် များစွာပါဝင်သည်။ ဥပမာ လူ့ခန္ဓာကိုယ်တွင် ဆဲလ်ပေါင်း သန်းပေါင်း သန်း၆၀ ကျော်ပါဝင်၏။ ဆဲလ်အရွယ်အစား အမျိုးမျိုးရှိသည်။ ဆဲလ်တစ်ခုသည် ဓာတုဗေဒအရ ဒြပ်စင်များ စုပေါင်း ဖွဲ့စည်းထား၏။
ဆဲလ်တစ်ခုအတွင်း၌ ရေ (၇၇)ရာခိုင်နှုန်း ပါဝင်၍ ပရိုတင်း (၁၅)ရာခိုင်နှုန်း၊ အဆီ(၅)ရာခိုင်နှုန်း၊ ကာဘိုဟိုက်ဒရိတ် (၂)ရာခိုင်နှုန်း အခြားပစ္စည်းများ (၁)ရာခိုင်နှုန်းပါဝင်သည်။ ဆဲလ်တစ်ခုတိုင်းသည် မင်ဘရိန်း (Membrane) ခေါ် ပါးလွှာနူညံ့သော အလွှာအတွင်း၌ ရှိကြသည်။ ထိုဆဲလ်နှင့် ဆဲလ်ကို လွှမ်းအုပ်ထားသော အလွှာနှစ်ခုပေါင်း ‘ပရိုတိုပလာဇမ်’ ဟု ခေါ်သည်။ သက်ရှိတိုင်း၏ ဆဲလ်များတွင် ပါဝင်သည့် ရေအမျိုးအစားမှာ မတူညီချေ။ အနည်းဆုံး ၆၅ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်း အထက်ထိပါဝင်ကြသည်။ အဓိကအားဖြင့် ရေအများဆုံးပါဝင်သည့် ခြောက်သွေ့နေသော သစ်စေ့တစ်ခု၏ ဆဲလ်တစ်ခု အတွင်း၌ပင် ရေ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ ပါဝင်သည်။ စင်စစ် ရေမရှိဘဲ သက်ရှိမဖြစ်နိုင်။ ယခုအခါ သိပ္ပံပညာရပ်က ဆဲလ်တစ်ခုချင်းတိုင်းတွင် ဇီဝမျိုးရိုးဆိုင်ရာ ညွှန်ကြားချက်များပါဝင်သော အလွန်အံ့ဖွယ်ကောင်းသည့် ဒီအင်အေ (D.N.A) ခေါ် ဒြပ်ပေါင်းကို ရှာဖွေတွေ့ရှိ၏။ သက်ဆိုင်ရာ ဆဲလ်တစ်ခုချင်းသည် မိမိအတွင်း၌ ရှိနေသော ထို D.N.A ဒြပ်ပေါင်းရှိ ညွန်ကြားလွှာများ အတိုင်း နာခံဆောင်ရွက်နေကြပေသည်။ သို့သော် (D.N.A) ကိုယ်တိုင်က သက်ရှိမဟုတ်ဘဲ သက်မဲ့သာဖြစ်၏။ စင်စစ် ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်သည် အဏုမြူမှုန်ကလေးမှ စ၍အရာခပ်သိမ်းအထိ ကဒရ် သတ်မှတ်ထား၍ ဝဟီလမ်းညွှန်များ ပေးထားပြီးဖြစ်၏။ အရာခပ်သိမ်းကလည်း ဖန်ဆင်းရှင်အလ္လာဟ်ကို မုစ်လင်မ်အဖြစ် နာခံနေခြင်းသာဖြစ်၏။
သန်းပေါင်းများစွာသော ဂလက်ဆီကြီးများဖြင့် ရှိနေသော စကြဝဠာခပ်သိမ်းသည် အစိတ်အပိုင်းတစ်ခုတည်းမှ ဖြစ်ခဲ့ခြင်း၊ သက်ရှိအားလုံး ရေမှ စတင်ဖြစ်ပေါ်ခြင်း၊ သက်ရှိတို့၏ ဆဲလ်တို့တွင် D.N.A လမ်းညွှန်များ ပါဝင်နေခြင်း။ အရာခပ်သိမ်းသည် သဘာဝတရား၏ လမ်းညွှန်တစ်ခုတည်းကိုသာ နာခံနေမှု၏ နောက်ကွယ်တွင် ဖန်ဆင်းရှင် အလ္လာဟ်၏ ဘုန်းတော် ဂုဏ်တော်အနန္တကို မြင်တွေ့နိုင်ပေသည်။

ရေသံသရာလည်ခြင်း

ရေသံသရာလည်ခြင်း စကြဝဠာကြီးသည် အစိတ်အပိုင်း တစ်ခုတည်းမှ စတင်ခဲ့၍ သက်ရှိတိုင်း၏ အစမှာ ရေမှဖြစ်သည်ဟူသော ယနေ့သိပ္ပံ၏ အဆိုတို့မှာ ကုရ်အာန်ကို ထောက်ခံနေခြင်းသာ ဖြစ်၏။
သက်ရှိတို့နေထိုင်ရာ ကမ္ဘာဂြိုဟ်ပေါ်တွင် ရေသံသရာလည်ခြင်းနှင့် ပတ်သက်၍ ယခုခေတ် လူတို့အတွက် အဆန်းတကြယ် မဟုတ်ခဲ့သော်လည်း ၁၆ ရာစုနှစ်မတိုင်မီ ခေတ်အထိ လူသားတို့က မှားယွင်းစွာ အမျိုးမျိုး တွေးခေါ်ခဲ့ကြသည်။ ၁၆ ရာစုတွင် သိပ္ပံပညာရှင် ဘားနဒ်ပလစ်စီ (Barnard Palissy) က ရေသံသရာလည်မှုကို သိပ္ပံနည်းကျစွာ ရှာဖွေတွေ့ရှိခဲ့သည်။ စင်စစ် (၇)ရာစုက ကျရောက်ခဲ့သော ကုရ်အာန်နှင့် ကျမ်းရှင် အလ္လာဟ်အရှင်မြတ်ကို ထောက်ခံမှုသာ ဖြစ်၏။
“အသင်မမြင်ခဲ့လေသလော၊ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့၏။ ထို့နောက် ထိုရေကို မြေ၌ရှိသော ရေကြောများဝယ် ဝင်သွားစေတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုရေဖြင့် အမျိုးမျိုး အစားစားဖြစ်သော ကောက်ပဲသီးနှံကို ထွက်စေတော်မူ၏” (ကုရ်အာန် ၃၉း၂၁)
ကမ္ဘာပေါ်ရှိရေများ (အထူးသဖြင့် ပင်လယ်သမုဒ္ဒရာရှိရေများ)သည် နေ၏ အပူရှိန်ကြောင့် အငွေ့ပြန်ကာ ကောင်းကင်ယံတွင် တိမ်အဖြစ် စုဝေးကြသည်။ လေတို့က သယ်ဆောင်ပေးကြသည်။ ကမ္ဘာပေါ်သို့ မိုး၊ နှင်း၊ မြူများမဖြစ် ပြန်ကျလာ၏။ မြစ်ချောင်းများမှ လည်းကောင်း မြေအောက်မှသော် လည်းကောင်း ပင်လယ်သမုဒ္ဒရာများအတွင်း ပြန်စီးဝင်ကြသည်။ ဤသို့ဖြင့် ရေသံသရာလည်နေမှုကို ကုရ်အာန် အာယာသ်တော် များစွာတွင် တွေ့နိုင်ပေသည်။ (ကုရ်အာန် ၅၀း၉-၁၁။ ၂၃း၁၈-၁၉။ ၁၅း၂၂။ ၃၅း၉။ ၃၀း ၄၈)
“ထိုအရှင်မြတ်သည် မိုးကောင်းကင်မှရေကို ရွာသွန်းစေတော်မူ၏။ ထိုအခါ မြစ်ချောင်းများသည် မိမိတို့၏ အဝင်အဆံ့နှင့် လျော်ညီစွာ အထွေထွေ စီးဆင်းကြလေသည်။ တစ်ဖန် ပြင်းထန်စွာစီးသော ထိုရေစီးသည် ရေမြုပ်ကို ရေပေါ်သို့ ဆောင်၍လာလေသည်။” (ကုရ်အာန် ၁၃း၁၇)
တိမ်၊ မိုး၊ လေတို့၏ သက်သေများ
ကောင်းကင်ယံ သင်ပုန်းကြီးသည် အသွင်မျိုးစုံ၊ ပုံစံမျိုးစုံဖြင့် လူသားတို့အကျိုးကို ဆောင်ရင်း တရားပြနေပေသည်။ တိမ်တိုက်ကြီးများ၊ ယင်းတို့ကို သယ်ဆောင်၍ လိုရာသို့ ပို့ဆောင်ပေးနေသော လေများ၊ မိုးရွာသွန်းမှုများ အားလုံးတို့သည် တစ်ပါးတည်းသော အလ္လာဟ်၏ အမိန့်တော်ကို နာခံလျက် စနစ်တကျ ဖြစ်ပေါ်နေ၏။ ကမ္ဘာပေါ်တွင် သက်ရှိအားလုံးအတွက် ချိုမြသော ရေကိုပေးခြင်း၊ သစ်ပင်ပန်းမန်တို့ ရှင်သန်ကြီးထွားခြင်း၊ တိရစ္ဆာန်အမျိုးမျိုးကို ရှင်သန်ကြီးထွားစေခြင်းတို့ဖြင့် လူသားတို့ကို အကျိုးပြုနေခြင်းမှာ လူသားတို့၏ ဘဝလိုအပ်ချက်တို့သိ၍ သနား၍မဟုတ်ဘဲ၊ ၄င်းတို့၏ ဖန်ဆင်းရှင် အလ္လာဟ်၏ သတ်မှတ်ချက်အမိန့်တော်ကို နာခံနေကြခြင်းသာ ဖြစ်၏။
“မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ် ရွာသွန်းစေသော မိုးရေ၌ လည်းကောင်း၊ ထိုမြေပြင်၌ ပေါက်ဖွားပျံ့နှံစေသော တိရစ္ဆာန် အမျိုးမျိုး၌ လည်းကောင်း၊ လေများကို တိုက်ခတ်စေတော်မူခြင်း၌ လည်းကောင်း မိုးနှင့်မြေကြားဝယ် (အလ္လာဟ်၏ အမိန့်တော်ကို) နာခံလျက်ရှိကြသော မိုးတိမ်များ၌ လည်းကောင်း။ စဉ်းစားဆင်ခြင်သိမြင် သူတို့အဖို့ မုချဧကန် သက်သေလက္ခဏာတော်များရှိ၏” (ကုရ်အာန် ၂း၁၆၄)
“ထို့ပြင် ငါအရှင်မြတ်သည် ကောင်းကင်မှ (မိုး)ရေကို အတိုင်းအတာ သတ်မှတ်ချက်ဖြင့် ချပေးတော်မူခဲ့၏။ တစ်ဖန် ငါအရှင်မြတ်သည် ထိုမိုးရေကို ပထဝီမြေဝယ် ရပ်တည်စေတော်မူ၏၊ စင်စစ် ငါအရှင်မြတ်သည် ထိုမိုးရေကို ကုန်ခန်းစေခြင်းငှာ တတ်စွမ်းနိုင်တော်မူ၏” (ကုရ်အာန် ၂၃း၁၈)
“၄င်းပြင် ငါအရှင်မြတ်သည် ရေများကို သယ်ဆောင်လျက်ရှိသော လေများကို စေလွှတ်တော်မူခဲ့လေသည်။ တစ်ဖန် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကို ရွာသွန်းစေတော်မူခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် အသင်တို့အား ထိုရေကိုပင် တိုက်ကျွေးတော်မူခဲ့လေသည်။ စင်စစ် အသင်တို့သည် ထိုရေကို စုဆောင်းသိုလှောင်နိုင်ကြသည့်သူများ မဟုတ်ကြချေ” (ကုရ်အာန် ၁၅း၂၂)
“အကယ်၍ အသင်တို့၏ရေသည် (မြေဝယ်) တိမ်မြုပ်သွားခဲ့ပါလျှင် အသင်တို့ထံ ကြည်လင်စီးထွေသောရေကို မည်သူ ယူလာအံ့နည်း” (ကုရ်အာန် ၆၇း၃၀)
မိုးရေ
“အသင်တို့သည် မိမိတို့သောက်သုံးကြကုန်သော ရေကိုမြင်ခဲ့ကြလေသလော့၊ ထိုရေကို အသင်တို့ကိုယ်တိုင် မိုးတိမ်မှ ရွာသွန်းစေကြသလော့၊ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် ရွာသွန်းစေတော်မူသော အရှင်ဖြစ်တော်မူပါသလော့၊ အကယ်၍သာ ငါအရှင်မြတ် အလိုရှိတော်မူပါလျှင် ထိုရေကို ရေငန်၊ ရေခါး ပြုလုပ်တော်မူမည်သာ၊ သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ကျေးဇူးမတင်ကြသနည်း” (ကုရ်အာန် ၅၆း၆၈-၇၀)
သိပ္ပံပညာ တိုးတက်လာသည်နှင့်အမျှ ယခုအခါ မိုးတုများကို လူသားတို့ ရွာသွန်းစေနိုင်သော အခြေသို့ ရောက်ပေပြီ။ သို့သော် လူသားတို့၏ မိုးတုရွာသွန်းမှုသည် အလ္လာဟ်အရှင်မြတ်၏ တိုင်းတာမှုများဖြင့် လိုအပ်ပါက လိုအပ်သလို လျင်မြန်စွာ ရွာသွန်းစေမှု၊ ရွေ့လျားမှု စသည်တို့ကို ပြုနိုင်စွမ်း မရှိချေ။ လူသားတို့၏ စွမ်းရည်မှာ အကန့်အသတ်အတွင်းမှသာ ဖြစ်၏။ အလ္လာဟ်သည် ဖန်ဆင်းခံလူသားကို အတိုင်းအတာတစ်ရပ်အထိသာ သဘာဝတရားကို အောင်နိုင်စွမ်းပေးထားခြင်းသာ ဖြစ်၏။ ပြင်သစ် မိုးလေဝသပညာရှင် M.A.Facy က Encyclopedia Universalis တွင် Precipitations ဟူသော ခေါင်းစဉ်အောက်တွင် မိုးရွာသွန်းစေနိုင်သော တိမ်တစ်ခု၏ အရည်အချင်းများ မရှိသောတိမ်တစ်ခု သို့မဟုတ် မှန်ကန်သော အဆင့်ဆင့်တိုးတက်ပြောင်းလဲသည့် အဆင့်သို့ မရောက်သေးသည့် တိမ်တိုက်တစ်ခုမှ မိုးရွာသွန်းစေနိုင်မည် မဟုတ်ကြောင်း ဖော်ပြထား၏။ ထို့ကြောင့် ပြင်သစ်ဆေး သိပ္ပံပညာရှင် ဒေါက်တာ မောရစ်ဘူကေလ်စ် ကလည်း လုံလောက်သော သဘာဝ အခြေအနေများမရှိဘဲလျက် လူသားတို့သည် မည်သည့်အခါမျှ (Preeipitation Process) ကို ပြုနိုင်မည် မဟုတ်ဟု ဆိုထားသည်။
မိုးလေဝသ ပညာရှင်တို့သည် ရာသီဥတုအခြေအနေကို ယေဘုယျအားဖြင့်သာ မှန်းဆနိုင်ကြ၏။ မည်သူမျှမည်သည့် တိကျသောနေရာ အတွက် မိုးရေမည်မျှကျမည်ကို တိကျစွာ မဆိုနိုင်ချေ။ မိုးရေသည် အလ္လာဟ်၏ တိုင်းတာချက်ဖြင့်သာ ကျရောက်လာသည်။ ပုရွက်ဆိတ် တစ်ကောင်အတွက် လိုအပ်သော မိုးတစ်စက်ကို အလ္လာဟ်ချပေးသည်ကို မည်သူသိနိုင်အံ့နည်း” (ကုရ်အာန် ၃၁း၃၄)(အစ္စလာမ့်ယုံကြည်ချက်)
>လေ
အလ္လာဟ်သည် တည်ငြိမ်သောလေ၊ တိုက်ခတ်သောလေ စသည်တို့ကို လူ၊ တိရစ္ဆာန်နှင့် သစ်ပင်စသည့်သက်ရှိတို့ အခမဲ့ ရှုရှိုက်နိုင်ရန် ပြုပေးထားသည်။ လေတို့သည် တိမ်တိုက်အား လိုရာစေ၍ ကမ္ဘာ့ဥယျာဉ်တို့ကို မိုးရေဖျန်းစေ၏။ လှေသင်္ဘောများကို မြစ်ချောင်း၊ ပင်လယ်သမုဒ္ဒရာများအတွင်း လိုရာပို့ဆောင်ပေး၏။ လူသားတို့၏ ဆက်သွယ်ရေးလုပ်ငန်းများကို ကြားခံဆောင်ရွက်ပေး၏။
လေသည် အသွင်ပြောင်း၏ ။ တည်ငြိမ်မှုမရှိ၊ သို့သော် လူသားတို့၏ ဘဝလိုအပ်ချက်များကို ဆောင်ရွက်နေခြင်းသည် လူသားတို့ကို သိ၍သနား၍ မဟုတ်ဘဲ ၄င်း၏ ဖန်ဆင်းရှင် အလ္လာဟ်၏ အမိန့်တော်သတ်မှတ်ချက်များကို နာခံနေခြင်းသာ ဖြစ်၏။ ပြင်းထန်စွာ တိုက်ခတ်သောလေများ မရှိကလည်း မိုးရွာသွန်းစေမည့် မိုးတိမ်တို့ကို ပင်လယ်သမုဒ္ဒရာများထံမှ ကုန်းပေါ်သို့ ပို့နိုင်မည် မဟုတ်ချေ။
“ထိုမှတစ်ပါး ညဥ့်နှင့် နေ့ကိ ပြောင်းလဲခြင်း၌ လည်းကောင်း၊ အလ္လာဟ်သည် ကောင်းကင်မှ (မိုးရွာသွန်းစေ၍) စားနပ်ရိက္ခာချပေးတော်မူခြင်း၊ တစ်ဖန်ယင်းမိုးရေဖြင့် ပထဝီမြေကို သွေ့ခြောက်သေလွန်ပြီးနောက် ရှင်ပြန်(စိမ်းလန်း)စေတော်မူခြင်း၌ လည်းကောင်း လေများကို (အရပ်ခပ်သိမ်းသို့) ပြောင်းလဲ တိုက်ခတ်စေခြင်း၌ လည်းကောင်း၊ သိနားလည်ကြသော သူတို့အဖို့ သက်သေလက္ခဏာတော်များသည် ရှိကြကုန်သတည်း” (ကုရ်အာန် ၄၅း၅)
အသင်တို့ပေါ်ဝယ် ထိုအရှင်မြတ်သည် ကျောက်စရစ်မိုး လေပြင်းမုန်တိုင်း ကျရောက်စေတော်မူမည် မဟုတ်ဟူ၍ စိုးရိမ်ခြင်းကင်း ကြလေပြီလော။ သို့ဖြစ်လျှင် မကြာမြင့်မီ ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှုသည် မည်သို့ရှိခဲ့သည်ကို သိရှိကြပေမည်။ စင်စစ် ၄င်းတို့ အလျှင်ရှိခဲ့ကြသော သူတို့လည်း (အလ္လာဟ်အရှင်မြတ်)ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်မှာမည်သို့ရှိခဲ့ပေသနည်း” (ကုရ်အာန် ၆၇း၁၇-၁၈)
“အမှန်သော်ကား အလ္လာဟ်သည် ၄င်းတို့အား မတရားနှိပ်စက်ခဲ့သည် မဟုတ်ပေ။ သို့ရာတွင် ၄င်းတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ညှဉ်းပန်းလျက် ရှိခဲ့ကြကုန်သတည်း” (ကုရ်အာန် ၂၉း၄၀)
မိုးကြိုးလျှပ်စစ်
“၄င်းပြင် ထိုအရှင်မြတ်သည်ပင် လေများကို (မိမိ၏ကရုဏာတော်အဖြစ်) မိုးမရွာမီ ရှေ့ပြေးသတင်းကောင်းအဖြစ် စေလွှတ်တော်မူခဲ့၏” (ကုရ်အာန် ၂၅း၄၈)
“ထိုအရှင်မြတ်သည်ပင် အသင်တို့အား လျှပ်စစ်ပြက်ခြင်းကို ကြောက်မက်ဖွယ်ရာ အဖြစ် လည်းကောင်း၊ မျှော်လင့်ချက် အဖြစ်လည်းကောင်း ပြုတော်မူသော အရှင်ဖြစ်တော်မူ၏။ ထို့ပြင် လေးလံသောလှစွာသော မိုးတိမ်များကို မြှင့်မြှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ၄င်းပြင် မိုးချုန်းသံသည် ထိုအရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်းနှင့် အတိုင်း အဆမရှိ သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဘာဝနာ စီးဖြန်းလေသည်။ ထို့အတူ မလာအိကဟ် ကောင်းကင်တမန်တို့သည်လည်း ထိုအရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်းအားဖြင့် (ဘာဝနာစီဖြန်းကြကုန်၏။) ထို့ပြင် ထိုအရှင်မြတ်သည် မိုးကြိုးသွားများကို စေလွှတ်တော်မူပြီးနောက် မိမိအလိုရှိတော်မူသောသူ၏ အပေါ်၌ ယင်းမိုးကြိုးသွားကို ကျရောက်စေတော်မူ၏။ သို့ပါလျှက် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ငြင်းခုံလျက်ရှိကြ၏။ စင်စစ် ထိုအရှင်မြတ်သည် (အကြွင်းမဲ့သိတော်မူသော ဉာဏ်တော်ဖြင့်) အရေးယူတော်မူသော၊ အားအင်အလွန်ကြီးမားတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၁၃း၁၂-၁၃)
ကောင်းကင်ယံတွင် မည်းမှောင်နေသော တိမ်တောင်ကြီးများ မိုးလုံးညံမျှ အလ္လာဟ်ကို ကြွေးကြော်တသနေသော မိုးချုန်းသံများ၊ ဟိုမှသည်မှ တဝင်းဝင်းလက်နေသော လျှပ်စစ်များ မိုးကြိုးသွားများ၊ စသည့် တပ်မတော်ကြီးသည် မိမိတို့၏ အရှင်သခင် အလ္လာဟ်ကိုသာ နာခံနေကြသည်။ မိုးကြိုးသည်လည်း အလ္လာဟ် အမိန့်အတိုင်း သတ်မှတ်ရာကို ပစ်ခတ်၏။ အလ္လာဟ်သည် မဟာကရုဏာတော်ရှင်ဖြစ်တော်မူ၏။ လေတို့က မိုးတိမ်ကို သယ်ဆောင်ပေး၏။ မှောင်မိုက်နေသောတိမ်များ၊ လျှပ်စစ်များနှင့် မိုးချုန်းသံတို့သည် ကြောက်မက်ဖွယ်ဖြစ်သော်လည်း စင်စစ် မိုး(ကရုဏာတော်)ကျမည့် မျှော်လင့်ချက်ပေးခြင်း ဖြစ်၏။ မိုးကြိုးသည် ဆန့်ကျင်သူတို့အတွက် ပြစ်ဒဏ်ဖြစ်၏။ ထို့အတူ ခေတ်အဆက်ဆက် နဗီတမန်တော်တို့ထံ အလ္လာဟ်ထံမှ ကရုဏာတော် ဝဟီလမ်းညွှန်များကို သတင်းကောင်းနှင့် သတိပေးချက်အဖြစ် ချပေးတော်မူလေသည်။
အလ္လာဟ်၏ ကရုဏာမိုး ဝဟီ
နောက်ဆုံး နဗီတမန်တော်ချုပ်သခင်သည်လည်း ကိယာမသ် ရှင်ပြန်ထရမည့်နေ့မတိုင်မီ နောက်ဆုံး သတိပေး နှိုးဆော်သူဖြစ်သည်။ အလ္လာဟ်ထံမှ နောက်ဆုံး ဝဟီလမ်းညွှန် ကုရ်အာန်သည် လက္ခံသူတို့အတွက် အလ္လာဟ်ထံမှ ကရုဏာာတော်မိုး ရမည်ဖြစ်၍ ငြင်းပယ်သူတို့အတွက် မိုးကြိုးသွားထက်ပင်ဆိုးသည့် ဂျဟန္နမ်၏ ဒုက္ခတရားကို ရင်ဆိုင်ရပေမည်။
“၄င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် မိမိ၏ကရုဏာတော်(မိုး) မရွာမီ အလျှင် လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ် စေလွှတ်တော်မူသော အရှင်ဖြစ်တော်မူ၏။ နောက်ဆုံးတွင် ထိုလေများသည် လေးလံသော မိုးတိမ်များကို သယ်ပိုး ယူဆောင်လာသောအခါ ငါအရှင်မြတ်သည် ထိုမိုးတိမ်ကို ခြောက်သွေ့ လျက်ရှိသော မြို့ရွာဒေသသို့မောင်းနှင် (ပို့ဆောင်)တော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမိုးတိမ်ဖြင့် ရေကို ချပေးတော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ထိုရေဖြင့် သစ်သီးဝလံ ပန်းမန်မျိုးစုံကို ထွက်စေတော်မူ၏။ ဤနည်း အတိုင်းပင် ငါအရှင်မြတ်သည် သေသူတို့အား (ကိယာမသ် ရှင်ပြန်ထကြရမည့်နေ့တွင်) ထွက်စေတော်မူအံ့၊ သို့မှသာ အသင်တို့ တရားရကြလိမ့်မည်။” (ကုရ်အာန် ၇း၅၇)
လူသားသည် မြေမှစတင်၍ ဆင့်ကဲဖြစ်စဉ်အရ ဖန်ဆင်းခြင်း ခံထားရသည်။ မြေမှထွက်သောအရာများကို မှီဝဲစားသုံးကြရသည်။ သေသော်မြေသာ ဖြစ်ကြရ၏။
“ဧကန်မလွဲ ယင်း(သေနေသော) ပထဝီမြေကို (မိုးရေချ၍) ရှင်စေတော်မူသော အရှင်မြတ်သည်ပင်လျှင် ဧကန်အမှန် သူသေတို့ကို (ကိယာမသ်နေ့၌) ရှင်စေတော်မူမည့် အရှင် ဖြစ်စေတော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏” (ကုရ်အာန် ၄၁း၃၉)
မည်သူမဆို မိမိ၏ နဖ်စ်တည်းဟူသောမြေ၌ တစ်ပါးတည်းသော အလ္လာဟ်ကိုလက္ခံ၍ အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း စိုက်ပျိုးကျင့်ကြံက နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှု အသီးအပွင့်တို့ကို နှစ်ဘဝလုံးတွင် ခံစားကြရမည်ဖြစ်သည်။ အလ္လာဟ်၏ ဝဟီကျရောက်ပါလျက် ငြင်းဆန်ခြင်း၊ မကျင့်သုံးခြင်းတို့၏ ဆိုးကျိုးရလာဒ်ကို မိမိသာ ခံစားရပေမည်။
အဏ္ဏဝါ ရေလွှာတို့၏ သက်သေများ
“အရှင်မြတ်သည် ကမ္ဘာဂြိုဟ်ကို မှီတင်းနေထိုင်ရာ ပြုလုပ်တော်မူသော အရှင်(ဖြစ်တော်မူ၏။) ယင်း ပထဝီမြေ၏ အကြား၌ စီးထွေးနေသော ရေပြင်များကို ပြုလုပ်တော်မူခဲ့၏။ ၄င်းပြင် ယင်း ပထဝီမြေ (တည်ငြိမ်စေရန်) တောင်များကို ပြုလုပ်တော်မူခဲ့သည်။ ထိုမှတစ်ပါး အရှင်မြတ်သည် ကြီးသော ရေပြင်နှစ်ခုကြားဝယ် အတားအဆီးကို ပြုလုပ်တော်မူခဲ့၏။ ထိုအရှင်မြတ်နှင့် အတူ (အခြား နှိုင်းယှဉ်)ဆည်းကပ်ကိုးကွယ်ရာ ရှိပါသေးသလော၊ အလျှင်းမရှိချေ။ စင်စစ် ၄င်းတို့အနက် များစွာသော သူတို့သည် မသိနားမည်ကြပေ” (ကုရ်အာန် ၂၇း၆၁)
“ထို့ပြင် ထိုအရှင်မြတ်သည် သင်္ဘောများကို အသင်တို့အကျိုးငှာ ပြုလုပ် စီရင်ထားတော်မူ၏။ သို့မှသာ ထိုသဘောင်္များသည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ပင်လယ်သမုဒ္ဒရာ၌ သွားလာစေအံ့သောငှာ ဖြစ်၏။ ထိုနည်းတူ မြစ်ချောင်းများကိုလည်း (အလ္လာဟ်အမိန့်တော်နာခံစေလျက်) အသင်တို့အကျိုးငှာ နိုင်နင်းစေတော်မူခဲ့သည်။” (ကုရ်အာန် ၁၄း၃၂)
“၄င်းပြင် အဏ္ဏဝါရေလွှာနှစ်ခုသည် မတူညီကြပေ။ ဤ(ရေလွှာတစ်ခု၏ရေ)မှာ ချိုမြိန်၏၊ ရေငတ်ပြေစေ၏။ ထိုရေကို သောက်သုံးရာတွင်လည်း လွယ်ကူ၍ အဝင်ကောင်းလှ၏။ သို့ရာတွင် ဤ (ရေပြင်တစ်ခု၏ ရေမှာ)မူကား ငန်၏။ ခါး၏။ သို့ရာတွင် အသင်တို့သည် (ထိုရေချို၊ ရေငန်ရေဖြင့်) အသီးသီးမှ လတ်ဆတ်သော အသားများကို စားသုံးကြကုန်၏။ ၄င်းပြင် အသင်တို့သည် (ထိုရေပြင်များမှ) မိမိတို့ ဝတ်ဆင်ကြကုန်သော လက်ဝတ်လက်စား တန်ဆာများကို ထုတ်ယူကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ရှာဖွေ ဆည်းပူးကြအံ့သောငှာ ထိုရေပြင်၌ သဘောင်္များ ရေကိုခွဲ၍ သွားလာလျက် ရှိကြသည်ကိုလည်း အသင်တို့ တွေ့မြင်ရပေမည်။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတော်ကို သိတတ်ကြအံ့သတည်း” (ကုရ်အာန် ၃၅း၁၂)
“ပင်လယ်သမုဒ္ဒရာများ၌ (ရွေ့လျားနေသော) တောင်များပမာ အထင်အရှားရှိနေသော သဘောင်္များမှာလည်း ထိုအရှင်မြတ်၏ အာဏာစက်အတွင်း၌ ရှိကြ၏” (ကုရ်အန် ၅၅း၂၄)
ကုရ်အာန်ကျမ်းမြတ်တွင် အဏ္ဏဝါ ရေပြင်များနှင့် စပ်လျဉ်း၍ သိပ္ပံနှင့် ဆန့်ကျင်သော အယူသီးသော ဖော်ပြချက်များ အလျင်းမရှိချေ။ သိပ္ပံက ထောက်ခံသော အလ္လာဟ်၏ ဘုန်းတော် ဂုဏ်တော်တို့ကို ဖော်ပြသော အာယာသ်တော် (လက္ခဏာတော်)များစွာ ရှိ၏။ ကမ္ဘာပေါ်ရှိ မြစ်ချောင်းများကို ကြည့်လျှင် မြစ်ကြောင်း တစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်း သောက်သုံးရေနှင့် လမ်းပန်း ဆက်သွယ်ရေး စသည်တို့ကို အကျိုးဖြစ်ထွန်းစေသည်။ ကမ္ဘာဂြိုဟ်သည် ၂၄ နာရီတစ်ပတ်ကျ ပြင်းထန်စွာ လည်ပတ်နေသော်လည်း ပင်လယ်သမုဒ္ဒရာကြီးတို့ လွင့်စဉ်မသွားချေ။ ရေတက် ရေကျ ဒီရေတို့သည် လည်းကောင်း ပင်လယ်တွင်း၌ ရေပူ ရေအေးစီးကြောင်းများသည် လည်းကောင်း စနစ်တကျ ဖြစ်ပေါ်နေ၏။ ၄င်းတို့အပေါ်ဝယ် လေးလံသော သဘောင်္ကြီးများက လူများ၊ ပစ္စည်းများ သယ်ဆောင်လာကာ လမ်းဖောက်စရာ စရိတ်မလိုဘဲ သယ်ဆောင်နေကြသည်။ ပင်လယ်တို့ ရာသီဥတုများတို့ကိုလည်း ပြုပြင်နေကြသည်။
ရေအောက်တွင်လည်း မကုန်ခန်းနိုင်လောက်သော စားသုံးဖွယ် ပစ္စည်းများနှင့် အဖိုးတန် သယံဇာတတို့ ရှိနေ၏။ မြစ်ချောင်းတို့သည် ရေချိုများ ဖြစ်ကြ၍ ရေငန်ပင်လယ်များနှင့် ဆက်စပ် စီးထွေနေသော်လည်း အလ္လာဟ်သည် ရေချိုနှင့် ရေငန်ကို ရောခြင်းမရှိဘဲ တားပေး၏။ စင်စစ် ကမ္ဘာ့ အဏ္ဏဝါ ရေပြင်တို့က လူသားတို့အား အကျိုးပြုနေခြင်းမှာ လူသားတို့၏ ဘဝလိုအပ်ချက်ကို သိ၍ သနား၍မဟုတ်ဘဲ ၄င်းတို့၏ အရှင်သခင် အလ္လာဟ်ကို နာခံသူ (မုစ်လင်မ်)များ ဖြစ်နေ၍ ဖြစ်၏။ တစ်ချိန်တည်းမှာပင် အလ္လာဟ်၏ သက်သေ လက္ခဏာတော်၊ ကျေးဇူးတော်များ အဖြစ် လူသားကို သင်ခန်းစာပေးနေ၏။
“ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏ သားသမီးများကို ဂုဏ်သိမ်ထူးကဲ မြင့်မြတ်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ကုန်းပေါ်၌ လည်းကောင်၊ ရေပြင်၌ လည်းကောင်း (အစီးအနင်းမျိုးစုံကို) စီးနင်းစေတော်မူခဲ့၏” (ကုရ်အာန် ၁၇း၇၀) “ထို့ပြင် ငါအရှင်မြတ်သည် ၄င်းတို့အဖို့ ထိုသဘောင်္ကဲ့သို့သော၊ ၄င်းတို့ စီးနင်းကြသော အခြားအရာ (ယာဉ်အစီးအနင်း) များကိုလည်း ဖန်ဆင်းထားတော်မူ၏” (ကုရ်အာန် ၃၆း၄၂)