Thursday, 30 August 2012
သဘာဝတရားနှင့် ရည်ရွယ်ချက်
သဘာဝတရားနှင့် ရည်ရွယ်ချက်
“ယင်း(မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်) အကြားဝယ် (အလ္လာဟ်၏) အမိန့်တော် (အမရ်)များ သက်ဆင်းလေသည်။ (ယင်းသို့ဖြစ်ရခြင်းမှာ) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူကြောင်းကို လည်းကောင်း။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အသိဉာဏ်တော်ဖြင့် အမှန်ပင် ဝန်းခြုံလျှက် ရှိတော်မူကြောင်းကို လည်းကောင်း အသင်တို့ သိရှိကြအံ့သောငှာ ဖြစ်ပေသည်။” (ကုရ်အာန် ၆၅း၁၂)
ရုပ်စကြဝဠာ အတွင်းသက်မဲ့တို့သည် ရုပ်နှင့် စွမ်းအင်များအဖြစ် အသွင်ပြောင်းလဲခြင်းများဖြင့် တည်ရှိနေကြ၏။ ဥပမာ ရေကိုအပူပေးသော် အငွေ့ဖြစ်လာ၏။။ ရေကို အအေးခံသော် ရေခဲဖြစ်လာ၏။ ရေခဲကို အပူပေးသော် ရေဖြစ်၏။ မည်သူ တစ်စုံတစ်ယောက်ကမျှ ရုပ်နှင့် စွမ်းအင် အသစ်တို့ကိုလည်း ဖန်တီးယူ၍မရတော့။ လုံးဝဖျောက်ပစ်ခြင်းကိုလည်း မပြုနိုင်တော့။ ရုပ်နှင့် စွမ်းအင်တို့သည် အလ္လာဟ်၏ သတ်မှတ်ချက် သက္ကဒီရ်အတိုင်း ရှိနေ၍ အလ္လာဟ့် အမိန့်တော် အမရ် အတိုင်းနာခံနေကြ၏။ လူသားတို့ ရှာမတွေ့သေးသော ရုပ်နှင့် စွမ်းအင်တို့ကိုသာ သိပ္ပံက ရှာဖွေတွေ့ရှိနေခြင်း ဖြစ်၏။ အရာအားလုံးကို အလ္လာဟ်သည် စီမံသတ်မှတ်ပြီး ဖြစ်သည်။
သဘာဝတရားတို့သည် အလ္လာဟ်၏ သတ်မှတ်ချက်နှင့် အမိန့်အတိုင်းနာခံနေကြရ၏။ သဘာဝတရားကိုယ်တိုင်က အသိဉာဏ်ရှိ၍ မဟုတ်။ ဥပမာ မီးသည် ရေကို ဆူပွက်စေရာတွင် လောင်နိုင်သော စွမ်းအင်ရှိ၍သာဖြစ်၏။ ရေကို ဆူပွက်စေလိုသော ဆန္ဒနှင့် ရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ အလ္လာဟ်၏အမိန့် နာခံနေမှုသာဖြစ်၏။ သို့သော် အိမ်ရှင်မတစ်ဦး ရေနွေးတည်ရာတွင် ရေနွေးရလိုသော ဆန္ဒနှင့် ရည်ရွယ်ချက်ရှိ၏။ ရေကိုလိုသလောက် ချင့်ချိန်၍ အိုးထဲထည့်၏။ မီး လိုအပ်သလောက်သာ ဖို၍ မီးဖိုပေါ်တင်ရ၏။ ထိုသောအခါမှ မီးသည် သဘာဝအတိုင်း ရေကို ဆူပွက်စေလေသည်။ ထို့ကြောင့် သတ်မှတ်မှုနှင့် စနစ်တကျ ဖြစ်ပေါ်မှုတို့သည် အသိဉာဏ်၊ ဆန္ဒ၊ ရည်ရွယ်ချက် တို့ကြောင့်သာ ဖြစ်ပေါ်လာကြရ၏။ သဘာဝတရားကြောင့် ဖြစ်ပေါ်လာရခြင်း မဟုတ်ချေ။ ထို့ကြောင့် နိယာမတရားတို့ဖြင့် စနစ်တကျ ရှိနေသော စကြဝဠာခပ်သိမ်းနှင့် သက်ရှိသက်မဲ့တို့သည် အလိုလို၊ သဘာဝအလျောက် ဖြစ်လာခြင်း မဟုတ်ဘဲ အလ္လာဟ်၏ ဉာဏ်တော်၊ ဘုန်းတော်၊ အမိန့်တော်နှင့် ရည်ရွယ်ချက်တို့ကြောင့်သာ ဖြစ်ပေါ်လာခြင်းသာ ဖြစ်၏။
သဲကန္တာရအလယ်ဝယ် အလွန်ကြီးကျယ်ခန်းနားသော နန်းတော်ကြီး တစ်ခုကို တွေ့အံ့။ နန်းတော်ကြီး၏ အဝတွင် ပုံမှန်သွားနေသော နာရီကြီး တစ်လုံးကို တွေ့အံ့။ မည်သူ တစ်ဦးတစ်ယောက်ကမျှ အလိုလို ဖြစ်ပေါ်လာသည်ဟု ဆိုကြမည် မဟုတ်ချေ။ ဖြစ်စေလိုသော ဆန္ဒ၊ အသုံးပြုလိုသော ရည်ရွယ်ချက်၊ ကျွမ်းကျင်သော အသိဉာဏ် စွမ်းရည်တို့ဖြင့်သာ ပြုလုပ်ထားကြောင်း၊ လူတိုင်း၏ ဆင်ခြင်တုံတရားက သိကြ၏။ “သူ့အလိုလို ဖြစ်လာတာပါ”ဟု ဆိုသူကို လူသားတို့က မည်သို့ဆိုကြမည်နည်း။ ကျွန်ုပ်တို့၏ ဆင်ခြင်တုံတရားကို တစ်ဆင့်မြင့်၍ ဆင်ခြင်ကြစို့။
အာကာသ ဟင်လင်းပြင်ကြီးဝယ် သတ်မှတ်မှုများ၊ နိယာမ ဥပဒေသများဖြင့် စနစ်တကျရှိနေသော အလွန်ကြီးမားသည့် ကမ္ဘာ၊ ဂြိုဟ်၊ လ၊ နက္ခတ် တာရာများနှင့် ၄င်းတို့၏ ဆန်းကြယ်သော စနစ်ကျသော ဖွဲ့စည်းတည်ဆောက်ထားမှုများသည် အလိုအလျောက်ဖြစ်လာသည်ဟု ဆိုနိုင်ပါမည်လော။ နန်းတော်ကြီးထက်ဝယ် ပို၍ဆန်းကြယ်ပေသေးသည်။
အဏုမြူမှုန်ကလေးအတွင်း၌ အလယ်ဗဟိုရှိပရိုတွန်နှင့် နျူထရွန်တို့သည် အီလက်ထရွန်တို့က သတ်မှတ်ရာလမ်းကြောင်းများမှ စနစ်တကျ (နာရီလက်တံများသဖွယ်) လှည့်ပတ်နေကြ၏။ လစန္ဒာသည် ကမ္ဘာကို ဗဟိုထား၍ တစ်လ တစ်ကြိမ် ပုံမှန်၊ အချိန်မှန်ပတ်နေ၏။ ဂြိုဟ်ကြီး၉ လုံးသည် နေကို ဗဟိုပြု၍ နာရီလက်တံများသဖွယ် အချိန်၊ အရှိန်၊ လမ်းမှန်စွာ သတ်မှတ်ချက်တို့ဖြင့် ပတ်နေ၏။ ကျွန်ုပ်တို့၏ ဂလက်ဆီတွင် နေအပါအဝင် ကြယ်များတို့သည် ကျွန်ုပ်တို့၏ ဂလက်ဆီကို ဗဟိုပြု၍ ပှံမှန်ပတ်နေကြ၏။ အားလုံးတို့သည် သတ်မှတ်မှုနှင့် အမိန့်တစ်ခုတည်းကိုသာ နာခံနေကြ၏။ သဘာဝအလျောက် အလိုလို ဖြစ်နေသည်ဟု ဆိုနိုင်မည်လော့။
နာရီတစ်လုံး၏ အစိတ်အပိုင်းတို့ကို တစ်စစီ ဖြုတ်၍ ဘူးတစ်ခုထဲ့သို့ထည့်၍ တစ်သက်လုံး လှုပ်နေပါက အချိန်မှန်သွားနေသော စနစ်ကျနေသော နာရီတစ်လုံးကား ဖြစ်မလာနိုင်ပါ။ အိမ်ဆောက်ပစ္စည်း အားလုံးကို မြေပေါ်ပုံထားပါက ဆောက်သူမရှိဘဲ စနစ်ကျသော အိမ် နန်းတော်ကြီး မည်သည့်အခါမျှ ဖြစ်မလာနိုင်ပါ။ ဤမျှစနစ်ကျနေသော အဏုမြူမှုန်မှသည် စကြဝဠာကြီးအထိ ပြုသူမရှိဘဲ အလိုလို ဖြစ်မလာချေ။ ထို့ကြောင့် သတ်မှတ်မှုများ၊ စနစ်တကျ ရှိနေမှုများနှင့် တစ်ခုတည်းသော စည်းမျဉ်း ဥပဒေသနိယာမများကို နာခံနေသော စကြဝဠာကြီးသည် အလ္လာဟ်အရှင်မြတ်၏ ဖြစ်စေလိုသော အလိုတော်ဆန္ဒ အရာခပ်သိမ်းကို လွှမ်းခြုံနိုင်သော အကြွင်းမဲ့ သိတော်မူသော ဉာဏ်တော် အရာခပ်သိမ်းကို အကြွင်းမဲ့ လွယ်ကူစွာ ပြုနိုင်တော်မူသော ဘုန်းတော် အရာခပ်သိမ်းတို့အပေါ် အကြွင်းမဲ့ သက်ရောက်နိုင်တော်မူသော အမိန့်တော် ၊ ဂုဏ်ရည်တူဟူ၍ ကာလ၊ ဒေသ၊ လောကမရွေး မရှိသော ဂုဏ်တော်အနန္တကို ပိုင်ဆိုင်တော်မူသော နိစ္စထာဝရ တစ်ပါးတည်းသော အရှင် အလ္လာဟ်၏ စီမံကိန်း ရည်ရွယ်ချက်တို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရခြင်းဖြစ်သည်။
ထို့ကြောင့် အရာခပ်သိမ်းသည် တစ်ပါးတည်းသော အလ္လာဟ်၏ အလိုတော်၊ ဘုန်းတော်၊ ဉာဏ်တော်၊ ဂုဏ်တော်တို့ဖြင့် ရည်ရွယ်ချက်ပါသော ဖန်ဆင်းထားမှုဖြစ်၏။ ရည်ရွယ်သည်ကား အလ္လာဟ်၏ ကရုဏာတော် အနန္တဖြင့် လူသားတို့အား နိစ္စထာဝရ ဒုက္ခကင်းဝေးရာ ငြိမ်းချမ်းမှုရသော ပြီးပြည့်စုံသော အဆင့်သို့ မြှင့်တင်ပေးရန် ဖြစ်၏။ လူသားတို့သည် မိမိဘဝတစ်လျောက်လုံး အီဘာဒတ်ခေါ် တစ်ပါးတည်းသော အလ္လာဟ်နှင့် လမ်းညွှန်ကို ကျွန်ခံမှု၊ နာခံမှုကိုသာ ပြုရမည်ဖြစ်၏။ သို့မှသာ ပန်းတိုင်အစစ်အမှန်သို့ ရောက်မည်။
“ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်ကို သက်ဝင်ယုံကြည် ကြကုန်၏။ ၄င်းပြင် အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူ ဆောက်တည်ကြကုန်၏။ ထိုသူတို့သည် အရ်ရဟ်မားန် အနန္တ ကရုဏာတော်ရှင်၏ ချစ်ကြည်မြတ်နိုးခြင်း၊ ဆုမင်္ဂလာတော်ကို ရလတ္တံ့” (ကုရ်အာန် ၁၉း၉၆)
“ထို အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း မှန်ကန်သော ရည်ရွယ်ချက်နှင့်တကွ ဖန်ဆင်းတော်မူခဲ့လေသည်။ (ကုရ်အာန် ၁၆း၃)
ဆုတကာဆုတို့တွင် အလ္လာဟ်၏အချစ်ကိုရမှုထက် သာလွန်သော ဆုရှိပါဦးမည်လော။ အလ္လာဟ့် အချစ်အတွက် ကုရ်ဗာနီခေါ် စွန့်လွှတ်မှု မပြုသင့်ပါသလော။ အလ္လာဟ်၏ ချစ်မြတ်နိုးမှုရပါက မည်သည့် အရာမျှပင် မလိုချေတကား….။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment