Monday 10 September 2012

ခေတ်အဆက်ဆက် တမန်တော်တို့ စုပေါင်းသက်သေ

ခေတ်အဆက်ဆက် တမန်တော်တို့ စုပေါင်းသက်သေ (“ ငါအလ္လာဟ် အရှင်မြတ်သည်)‘သီးန်’ အပင်ကို လည်းကောင်း၊ သံလွင်ပင်ကို လည်းကောင်း သက်သေထူတော်မူ၏။ ထို့ပြင် ဆိုင်းနိုင်းတောင်ကို သက်သေထူတော်မူ၏။ ထို့ပြင် ဤဘေးရန်ကင်းသော (မက္ကာ)မြို့တော်ကို သက်သေထူတော်မူ၏” (ကုရ်အာန် ၉၅း၁-၃)
အထက်ပါ အာယာသ်တော်များတွင် လူသားတို့၏ အရှင်အလ္လာဟ်သည် ‘သီးန်’ဟူသော အပင်၊ သံလွင်ပင်၊ ဆိုင်းနိုင်းတောင်နှင့် မက္ကာမြို့တော်တို့ကို သက်သေတည်၍ လူသားတို့အား အီမာန်သက်ဝင်ယုံကြည်၍ အလ္လာဟ်၏ လမ်းညွှန်ကို နာခံကြရန် ညွှန်ကြားထားပေသည်။ သံလွင်ပင်များ ပေါက်ရောက်ရာ သံလွင်တောင်ကုန်း (ဂျေရုစလင်)တွင် မရ်ယမ်သခင်မ၏သားတော် တမန်တော်အီစာ ပွင့်တော်မူခဲ့သည်။ ဆိုင်းနိုင်းတောင်ပေါ်ဝယ် တမန်တော်မူစာသည် အလ္လာဟ်ထံမှ လမ်းညွှန်ရခဲ့သည်။ မက္ကာမြို့တော်တွင် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်တော်မူခဲ့သည်။
သီးန် ဟူသော အပင်အောက်(သို့) အနီး၌ မည်သည့် တမန်တော် ပွင့်ခဲ့သနည်း။ သီးန်ဟူသော အပင်ကို သဖန်းပင်၊ ညောင်ပင် စသည်ဖြင့် ပညာရှင်တို့က ဖွင့်ဆိုကြလေသည်။ စင်စစ် ခေတ် အဆက်ဆက် ကမ္ဘာ့ဒေသ အသီးသီးတွင် ပွင့်ခဲ့ကြသမျှသော နဗီ တမန်တော် အသီးသီးတို့သည် အလ္လာဟ့်ထံမှ အဆင့်အမြင့်ဆုံး ဝဟီ ဉာဏ်တော် အလင်းရောင် ချီးမြှင့်ခြင်း ခံခဲ့ကြရပြီး တရားအလင်းပြ ပုဂ္ဂိုလ်များ ဖြစ်လာကြသည်။ လူသားရှိရာ နေရာ ဒေသ မရွေး တရုတ်၊ အန္ဒိယ၊ အာဖရိက၊ အရှေ့ အလယ်ပိုင်း စသည့် ဒေသတိုင်းတွင် နဗီတမန်တော်များ ပွင့်ခဲ့သည်သာ ဖြစ်၏။ အလ္လာဟ် တစ်ပါးတည်းကိုသာ နာခံကိုးကွယ်ရန်သာ သင်ကြားခဲ့ကြသည်။
ယနေ့ ကမ္ဘာပေါ်တွင် သက်ဆိုင်ရာ နဗီ တမန်တော်တို့၏ နောက်လိုက်များအတွင်း အမျိုးမျိုးကွဲပြားနေကြသော်လည်း ထိုခေတ် အဆက်ဆက်၌ ပွင့်ခဲ့ကြသော နဗီတမန်တော်များ၊ သက်သေ လက္ခဏာများ၊ ဆန့်ကျင်ခဲ့ကြသူတို့၏ ဘဝနိဂုံးနှင့် သက်သေ သင်ခန်းစာများ၊ ထို နဗီတမန်တော်တို့ တစ်ဦးကိုတစ်ဦး ခေတ်အဆက်ဆက် ထောက်ခံ အတည်ပြုချက်များ စသည်တို့သည် စကြဝဠာ လောကခပ်သိမ်းတို့၏ တစ်ပါးတည်းသော အရှင် အလ္လာဟ်ရှိကြောင်း စဉ်းစားသူတို့ အတွက် သက်သေပင် ဖြစ်၏။
မျိုးနွယ်ဒေသဆိုင်ရာ တမန်တော်များခေတ် ကုန်ဆုံးခြင်း
ရှေးယခင်ကာလများက ကမ္ဘာပေါ်တွင် နေထိုင်ခဲ့ကြသော လူသားမျိုးနွယ်များစွာတို့သည် တစ်နေရာနှင့် တစ်နေရာ အလှမ်းကွာဝေးခြင်း၊ ယခုခေတ်ကဲ့သို့ကား၊ ရထား၊ လေယာဉ်ပျံ၊ တယ်လီဖုန်း၊ ကြေးနန်း စသော လမ်းပန်းဆက်သွယ်ရေး မရှိခဲ့ခြင်း စသည်တို့ကြောင့် မျိုးနွယ် တစ်ခုနှင့်တစ်ခု ဆက်ဆံမှုနည်းပါးခဲ့ကြသည်။ ကမ္ဘာ၏ မည်သည့် အရပ်တွင် မည်သူတို့ နေထိုင်ကြသည်ကိုပင် အလုံးစုံ မသိခဲ့ကြချေ။ ထို့ကြောင့် အတိတ်ခေတ် ကာလအသီးသီး၌ ပွင့်ခဲ့ကြသော နဗီတမန်တော် အသီးသီးတို့သည်လည်း သက်ဆိုင်ရာမျိုးနွယ်ဒေသ၊ ကာလ အသီးသီးအတွက်သာ သီးသန့်ပွင့်ခဲ့ကြရ၏။
အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ နာခံကိုးကွယ်ရမည်ဟူသော အခြေခံ သောဝ်ဟီဒ်တရား တူသော်လည်း ကျင့်စဉ်များသည် သက်ဆိုင်ရာ ခေတ်ကာလ ဒေသရှိ လူတို့၏ အသိဉာဏ်ယဉ်ကျေးမှုနှင့် လျော်ညီသော တရားလမ်းညွှန်တို့ကို ပေးခဲ့ကြလေသည်။ ခေတ်တိုင်းအတွက် ကျင့်စဉ်မဟုတ်ခဲ့ချေ။
သက်ဆိုင်ရာ နဗီတမန်တော်များ မရှိတော့သောအခါ သက်ဆိုင်ရာ မျိုးနွယ်များစွာတို့က မိမိတို့ မျိုးနွယ်သည်သာ မြင့်မြတ်သောကြောင့် မိမိတို့သာ နဗီတမန်တော်များရကြ၏ ကျန် လူသား မျိုးနွယ်တို့မှာ နိမ့်ကျ၏။ တမန်တော်များ မရကြဟု နှိမ့်ချမြင်လာ၏။ ထို အတ္တတရားများမှ တစ်ဆင့် မိမိတို့၏ အာဏာ၊ စည်းစိမ် လောဘတို့အတွက် အလ္လာဟ်၏ လမ်းညွှန် အလင်းတို့ကို ပြုပြင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းတို့ ပြုလာ၏။ လူသား မျိုးနွယ်များအကြား စော်ကား ကျူးကျော်မှုတို့ ဖြစ်လာ၏။
မိမိတို့ မျိုးနွယ်တွင်းမှ တမန်တော်မှလွဲ၍ အခြား မျိုးနွယ်များတွင် ပွင့်ခဲ့ကြသော နဗီတို့ကို အသိအမှတ် မပြုကြတော့၊ အချို့မှာလည်း အကြည်ညိုလွန်ကာ အလ္လာဟ်၏ နဗီတမန်တော်တို့ကို အလ္လာဟ်နှင့် ယှဉ်တွဲ ကိုးကွယ်ခြင်း၊ အလ္လာဟ်ကို ဖျောက်ကာ နဗီကိုသာ ကိုးကွယ်ခြင်းတို့ ဖြစ်လာ၏။ အချို့မှာ မိမိတို့မတရား ကျူးလွန်ရန် အတွက် အလ္လာဟ်၏ နဗီများသည်ပင် မတရားမှုများ ပြုခဲ့ကြသည်ဟု လုပ်ကြံပြောဆိုလာကြ၏။ အချို့မှာ တွေဝေကာ နေ၊ လ၊ နက္ခတ်တာရာများ၊ သစ်ပင်၊ တောတောင်၊ တိရစ္ဆာန်များ၊ ပင်လယ် သမုဒ္ဒရာများ၊ မမြင်နိုင်သော စွမ်းအင်များကို ကိုးကွယ်လာကြ၏။
အလ္လာဟ်သည် လောကတွင် တရားအလင်း မှေးမှိန်တိုင်း နဗီတမန်တော်များကို ပွင့်စေခဲ့၏။ ရှေး တမန်တော်များစွာတို့မှာ လူသားထုတစ်ရပ်လုံးနှင့် ဆိုင်သော ခေတ်တိုင်းအတွက် နောက်ဆုံး တမန်တော်ချုပ်ကြီးတစ်ပါး ပွင့်မည့်အကြောင်း သတင်းကောင်းများ ပေးခဲ့ကြပေသည်။

No comments:

Post a Comment