Tuesday 7 August 2012

နဗူဝပ်သ် (နဗီဘွဲ့)နှင့် ရီစာလတ်သ် (ရစူတမန်တော်ဘွဲ့)

နဗူဝပ်သ် (နဗီဘွဲ့)နှင့် ရီစာလတ်သ် (ရစူတမန်တော်ဘွဲ့) ဖန်ဆင်းရှင် အလ္လာဟ်သည် ဖန်ဆင်းခံ လူသားတို့နှင့် ဆက်သွယ်သည်ဟု ဆိုရာတွင် အလ္လာဟ်၏ နဗီတမန်တော်များကို ဆက်သွယ်ခြင်းနှင့် နဗီတမန်တော် မဟုတ်သော လူသား(အချို့)ကို ဆက်သွယ်ခြင်း ဟူ၍ အဓိက နှစ်မျိုးရှိသည်။ အလ္လာဟ်ထံမှ ဝဟီလမ်းညွှန် အမိန့်တော်ကို ဘာသာစကားအသွင် (သို့) စာပေအသွင်ကို တမန်တော်ကြီးများသာ ရကြသည်။ အလ္လာဟ်ပေးပို့လိုသော အသိ၊ သတင်း၊ အမှန်တရားတို့ကို ပေးပို့ခံ လူသား၏ စိတ်နှလုံးတွင်း၌ ထင်ရှားစွာ ပေါ်လာခြင်းကို အလ္လာဟ်၏ နဗီတမန်တော်များနှင့် ရူဟ် ဝိညာဉ်ဆိုင်ရာ အဆင့်မြင့်သည့် ဝလီ သူတော်စင်များလည်း ရနိုင်သည်။ သို့သော် အလ္လာဟ်၏ နဗီတမန်တော်များ ရသော ဝဟီလမ်းညွှန်အမိန့်နှင့် ဝလီသူတော်စင်တို့ ရသော ဝဟီ ၂မျိုးကာ ကွာခြားမှုရှိသည်။ နဗီတမန်တော်ဟူသည် အရှိတရားနှင့် လူ့ဉာဏ်မမီနိုင်သော အကွယ်တရားများအတွင်းမှ အမှန်တရား(သစ္စာ)များနှင့် စပ်လျဉ်း၍ အလ္လာဟ်ထံတော်မှ အမြင့်ဆုံးဉာဏ်တော် ချီးမြှင့်ခံရသူမျာ ဖြစ်ကြသည်။ နဗီတမန်တော်တို့သည် လူသားတို့အား အလ္လာဟ်ထံမှ တရားအလင်းတို့ကို တာဝန်အဖြစ် ပြန်လည် ဟောကြားကြရမည့်သူများ ဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်ထံတော်မှ အမှန်တရားများနှင့်အတူ ကျင့်ရန် ကျင့်စဉ်များကို တိကျစွာ၊ ရှင်းလင်းစွာ၊ ပြည့်စုံစွာ ရကြ၏။
အလ္လာဟ်ထံတော်မှ ဖြစ်ကြောင်းကိုလည်း သက်သေလက္ခဏာတော်များ ချီးမြှင့်ခံကြရ၏။ ၄င်းတို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်မှုများ မဟုတ်၊ လူဆရာတို့၏ သင်ကြားချက်များမဟုတ်၊ လူသားတစ်ဦးချင်းအတွက် မဟုတ်ဘဲ လူသားထုအားလုံး အမှောင်ထုမှ အလင်းသို့ ပို့ဆောင်ရန်ဖြစ်သည်။ နဗီတမန်တော်တို့ထံမှတစ်ဆင့် လူသားများထံ ဝဟီလမ်းညွှန်တို့ မှန်ကန်တိကျစွာ ရောက်ရန် အလ္လာဟ်၏ စောင့်ကြပ်မှုအတွင်း၌ ရှိ၏။
“သို့ရာတွင် ထိုအရှင်မြတ်သည် မိမိကျေနပ်နှစ်သက် (ရွေးချယ်)တော်မူသော ရစူလ်တမန်တော်တစ်ပါးအား (အကွယ်နှင့်ဆင်ခြင်တုံတရား၏ အလွန်ရှိ တစ်စုံတရာကို သိစေလိုတော်မူပါလျင်) ဧကန်အမှန် ထိုအရှင်မြတ်သည် ရစူလ်တမန်တော်၏ ရှေ့၌ လည်းကောင်း နောက်၌ လည်းကောင်း စောင့်ကြပ်သူကို စေလွှတ်တော်မူ၏” (ကုရ်အာန် ၇၂း၂၇) ကုရ်အာန်ကျမ်းတော်မြတ်အရ အလ္လာဟ်သည် ဖန်ဆင်းခံလောကခပ်သိမ်းတို့အား သက်ဆိုင်ရာ သဘာဝများနှင့် အညီ ဝဟီလမ်းညွှန်အသီးသီး ပေးထားကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။
ဥပမာ မိုးကောင်းကင် စကြဝဠာ အသီးသီးအား ဝဟီလမ်းညွှန်ပေးခြင်း။ (ကုရ်အာန် ၄၁း၁၁-၁၂)။ ကမ္ဘာ့ဂြိုဟ်အား ဝဟီပေးခြင်း (ကုရ်အာန်၉၉း၆)။ တိရစ္ဆာန်လောကသို့ ဝဟီပေးခြင်း (ကုရ်အာန် ၁၆း၆၈-၆၉) မလာအိကဟ် ကောင်းကင်တမန်တော်တို့အား ဝဟီပေးခြင်း (ကုရ်အာန် ၈း၁၂)။ စသည်တို့ ဖြစ်ကြပေသည်။
လူ့လောကတွင် နဗီတမန်တော်တို့အား အမြင့်ဆုံး ဝဟီလမ်းညွှန်ကို တိကျပြတ်သား ရှင်လင်းစွာ သက်သေလက္ခဏာများနှင့်အတူတကွ ပေးသည်။ သို့သော် နဗီတမန်တော် မဟုတ်သော လူများထံသို့လည်း အဆင့် အသီးသီးအလိုက် သက်ဆိုင်၇ာ သဘာဝနှင့်အညီ ဝဟီအဆင့်ဆင့် အသီးသီး ပေးတော်မူ၏။ လူသားတစ်ဦးချင်း၏ နဖ်စ် ဝိညာဉ်သို့ အကောင်းအဆိုး၏ အသိပေးခြင်း (ကုရ်အာန် ၉၁း၇-၈) နဗီတမန်တော် မူဆာကို မွေးဖွားစဉ် ကလေးငယ်ကို နိုင်းမြစ်ထဲ မျှောချရန် တမန်တော်မူဆာ၏ မိခင်ထံသို့ ဝဟီပေးတော်မူခြင်း။ (ကုရ်အာန် ၂၈း၇)
နဗီတမန်တော် ယူစုဖ်ကို အိမ်မက်အဖြစ် အသိပေးခြင်း။ (ကုရ်အာန် ၁၂း၎-၅။ ၉း၁၁၀) နဗီတမန်တော် ယူစုဖ်လက်ထက်က မုစ်လင်မ် မဟုတ်သူ အီဂျစ်ဘုရင်ကြီးအား ရုအ်ယာအိပ်မက်အဖြစ် အသိပေးတော်မူခြင်း။ (ကုရ်အာန် ၁၂း၄၃-၄၇) ခေတ်အဆက်ဆက် လူသားအသီးသီးတို့အား နဗီတမန်တော်များမှ တစ်ဆင့် ဝဟီအလင်းပေးတော်မူခြင်း။ (ကုရ်အာန် ၄း၁၆၄-၁၆၅။ ၁၀း၄၈)
တမန်တော် အီဆာ၏ ဆွဟာဘဟ်ကြီးများကို ဝဟီ အမိန့်ပေးခဲ့ခြင်း။ (ကုရ်အာန် ၅း၁၁၁) အလ္လာဟ်သည် လူသားထံ ဝဟီဆက်သွယ်ပုံ ၃ မျိုး။ (ကုရ်အာန် ၄၂း၅၁) ထို့ကြောင့် အထက်ပါ အာယာသ်တော်များအရ၊ နဗီမဟုတ်သူ လူသားတို့ထံ အဆင့်နိမ့်သော ဝဟီပေးခြင်း၊ ရုအ်ယာအိပ်မက်ဖြင့် အသိပေးခြင်း၊ နဖ်စ်ဝိညာဉ်အတွင်း လျှပ်တစ်ပြက် အသိပေးခြင်း စသည့် ဆက်သွယ်မှုများကို အလ္လာဟ်ပြုနေကြောင်း သိသာနိုင်သည်။
သို့သော် အထူးသတိထားရသည်မှာ အလ္လာဟ်၏ နဗီများထံ အလ္လာဟ်ချပေးသနားတော်မူသော အဆင့်မြင့်ဆုံး ဝဟီလမ်းညွှန်ပေးခြင်းမှာ နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်ပွင့်ပြီးနောက် (နဗူဝသ်တံခါး) လုံးဝပိတ်သွားခဲ့ချေပြီ၊ တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် ကိယာမသ် ရှင်ပြန်ထရမည့်နေ့တိုင် ခေတ်အသီးသီးအတွက် ပြီးပြည့်စုံသော ဝဟီလမ်းညွှန်အပြင် ကုရ်အာန်ကို အလ္လာဟ်ထံမှ ရခဲ့ပြီး ဖြစ်သည်။ အလ္လာဟ်ကိုယ်တိုင်လည်း မပျက်စီးရန် စောင့်ရှောက်ထားပြီး ဖြစ်သည်။
သို့သော် နဗီတမန်တော် အဆင့် မရှိသော မုစ်လင်မ် ဝလီသူတော်စင် အဆင့်ရှိသူတို့မှာ နဗီများရသော ဝဟီထက် အဆင့်နိမ့်သော ဝဟီလမ်းညွှန်အသိများ အလ္လာဟ်ပေးလိုတော်မူက ရနိုင်သည်။ သို့သော် ဝလီအဆင့်ရှိ သူတော်စင်တို့ရသော ဝဟီလမ်းညွှန်မှာ မည်သည့်အခါမျှ ကုရ်အာန်ကျမ်းမြတ်နှင့် ဆန့်ကျင်၍ မရချေ။ ကုရ်အာန်၏အလင်းရောင်အောက်တွင်သာ ဖွင့်ဆိုရမည်။ အဘယ့်ကြောင့်ဆိုသော် ကုရ်အာန်သည်သာ အလ္လာဟ်ထံမှ နောက်ဆုံးနှင့် ပြီးပြည့်စုံသော ဝဟီလမ်းညွှန် ဖြစ်၍ ဖြစ်သည်။ အလ္လာဟ်၏ နဗီတမန်တော်များထက် မည်သည့် ဝလီသူတော်စင်နှင့် အီမမ်ရှေ့ဆောင်များမှ မသာလွန်နိုင်ချေ။ ခေတ် အဆက်ဆက်တွင် အလ္လာဟ်သည် လူသားများအတွက် ဥပဒေလမ်းညွှန် ပြင်ပေးခြင်း၊ ဖျက်သိမ်းခြင်း၊ ထပ်တိုးခြင်း စသည်တို့ကို နဗီတမန်တော်များ ပွင့်စေ၍သာ ပြုပေးလေသည်။ နဗီတမန်တော် မဟုတ်သူများမှ တစ်ဆင့်မည်သည့် အခါမျှ ပြုပြင်ပြောင်းလဲပေးခြင်း ထုံးစံမရှိချေ။
အကယ်၍ ဝလီသူတော်စင်အမည်ခံသူတစ်ဦး သို့မဟုတ် အီမမ်ရှေ့ဆောင်အမည်ခံသူ တစ်ဦးက ကုရ်အာန်နှင့် ဆန့်ကျင်လျက်ရှိသော လမ်းညွှန်အသိ တစ်ခုခုကို ပြောဆိုနေက စင်စစ် အလ္လာဟ်ထံမှ ဝဟီမဟုတ်ချေ၊ ၄င်း၏ တီထွင်မှုများသာ ဖြစ်ပေသည်။ အကယ်၍ ဝလီအဆင့်ရှိသူတစ်ဦးသည် အလ္လာဟ်ထံမှ အဆင့်နိမ့် ဝဟီလမ်းညွှန်ကို ရခဲ့သည့်တိုင်အောင် ကုရ်အာန်၏ ဝဟီလမ်းညွှန် အလင်းအောက်တွင် မဖွင့်ဆိုက လူကိုဖျက်ဆီးတတ်သော ရှိုဿွာန်၏ ဝဟီလမ်းညွှန်အောက်သို့ ရောက်သွားလေသည်။ ရှိုဿွာန်သည်လည်း ၄င်း၏ ဝဟီလမ်းညွှန် ပေးတတ်ကြောင်း (ယူတွန်း) အလ္လာဟ်က ကုရ်အာန်မှတစ်ဆင့် သတိပေးထားသည်။ (ကုရ်အာန် ၆း၁၂၁)

No comments:

Post a Comment