Friday 4 May 2012

နှလုံးသားကို ဂဏန်းညှပ်သွားခြင်း

နှလုံးသားကို ဂဏန်းညှပ်သွားခြင်း လန်ဘားက နံပြားရိုက်၏ ဂျာနူးက နံပြားကြိုက်၏။ ဂျာနူးနံပြားဝယ်ရန် ဝင်လာလျှင် လန်ဘားက ဂျာနူးမေရီဂျန်ဟု အော်ဆို၏။ ရိုက်သူနှင့် ကြိုက်သူတို့မှာ “အချစ်အိမ်တီးရှော့”တွင် ခဏခဏဆုံကြသော အခါ ဗလီဆရာမှာ ဤလအတွက် အပိုဝင်ငွေတိုးသွား၏။ အန်ဆွာရီအသင်းကလည်း နိကာဟ်စာချုပ်ရောင်းလိုက်ရ၍ အမှုဆောင်အစီရင်ခံစာအတွက် အမှတ်တစ်မှတ်တိုးသွား၏။ ရပ်သူရပ်သာများအတွက်လည်း “ရိုဇီရိက္ခာ တိုးပါစေသား” ဟုသော ဆုတောင်းဒိုအာက ကဗူလ်ဖြစ်သွားရ၏။ ဂျာနူးတို့မင်္ဂလာပွဲမှာ ရေခဲမုန့်တဝကြီး စားကြရ၏။ အဟောတဝ… သြော် ကောင်းလေစွ။ ဤအထိကား တကယ်ပဲ ကောင်းပါ၏။ ဂျာနူးကား အလှကြိုက်၏။ မိဘအိမ်မှာတုံးကတော့ ဘမဆို နှစ်ခေါက်မပူဆာရ။ လိုတိုင်းတ, ရရသည်သာ။ ကိုလန်ဘားနှင့်မူ သူ့နှုတ်ဖျားက ချော့လုံးမက်လုံးကလေးများနှင့်သာ လိုချင်စိတ်ကို တိတ်တိတ်ဖြေသိမ့်ရရှာ၏။ ခါနာမနိမ်းတစ်မယ်ကိုး။ မိဘနှစ်ပါးကလည်း ဆုံးရှာပြီဆိုတော့ ပူဆာရမည့်လမ်းကလည်း ပိတ်ခဲ့ပြီ။ ဤတွင် မဂျာနူးမှာ နှစ်လုံးရောဂါ ဝင်လာတော့သည်။ “လန်ဘားဘိုင်ရေ… ကဗရ်စတာန်မှာနေတဲ့ မတ်စတန်းက တကယ်စွမ်းဆိုပဲ။ အိမ်ပင့်ရအောင်ရှင့်၊ ချဲဂဏန်းပေး မှန်တယ်ဆိုပဲ”ဟု တစ်နေ့ မဂှာနူးက ပန်ကြားလာသည်။ ကိုလန်ဘားကား နှစ်ခါမပြောရ။ သို့နှင့် မတ်စတန်းကြီး အိမ်ပေါ်ရောက်လာသည်။ လဆန်းရက်က ၂ရက်ပဲ လိုတော့သည်။ သုံးလုံးအတွက် ဂဏန်းပေးလာသည်။ “ဟရာမ်မီ” နိုင်ပြီ ဟုစာသားလေးနှင့်။ “အင်း… ‘ဟ’က ၆၊ ‘ရကောက်က’ ၄၊ ‘မ’က ၅ ဆိုတော့“၆၄၅” ရသည် စာမတတ်သော ဂျူးဘီခါလာက နံသင့်ဂဏန်းကောက်ပေး၏။ သူကစာသာမတတ်တာ။ ပါဝါလည်းသိ၏။ နက္ခတ်လည်းသိသည်။ ထူးပ ထူးပ။ လန်ဘား ဂျာနူးတို့နှင့် နီးစပ်သမျှ ပုပုကွကွတို့က အစိတ်ဖိုး ငါးဆယ်ဖိုး၊ တစ်ရာဖိုး ဝိုင်းထိုးကြရာ အားလုံး ဝက်ဝက်ကွဲ ပေါက်ကြသည်ဟူသတတ်။ ဂျာနူးနားတွင်ပင် နားကပ်က သက်သေထူထားပြီးပဲနော့။ ယခုအခါ လန်ဘားတို့ဇနီးမောင်နှံမှာ ဝင်ငွေကောင်းနေကြပြီ မတ်စတန်ကြီးကိုလည်း အိမ်ပေါ်တင်ထားလိုက်ပြီ ဆင်ဖြူတော်မှီပြီး ကြံစုပ်ကြရန် ဖြစ်သည်။ အိမ်တွင် ကက်ဆက်သံပင် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကြားနေရချေပြီ။ ဘာဘာပြောမယ် မှတ်ထား ချဲဆိုတာ လောင်းကစား ဟရာမ်ပဲ။ ရှိုက်ဿွာန်အလုပ်ပဲ၊ ဒါကြောင့် ချဲဂဏန်းပေးရာမှာတောင် ညစ်ညမ်းတဲ့ စကားတွေသုံးပြီး ပေးရတာ ဒါမှ ဘာဘာရဲ့အမလ်လဲ မထိခိုက်တော့သလို လူတွေရဲ့ ဒုက္ခကိုလဲ တစ်ဖက်တစ်လမ်းက ကယ်တင်ရာရောက်တာပတဲ့။ မတ်စတန်ကြီးက ဤနှယ်စကား အစချီရင်းမှ အတိတ်ပေးလာသည်။ ထူးသည်က မြန်မာလိုမပေးဘဲ။ ဟိန္ဒူ စတန်နီစကားဖြင့် ပေးခြင်းပင်၊ ယခုလဲကြည့်လေ “လန်ဘား ဆာလာ ကတ္တီးခါယား”တဲ့ မြန်မာပြန်သော် “အရှည်ကြီး ယောက္ခမ အီအီးစား၏” ဆိုပဲ “ဟေ့ ဘာဘာကြီးက ဒီအတိတ်ကိုပေးတုံးက လန်ဘားမျက်နှာကို မျက်လုံးက မရွှေစတမ်း စိုက်ကြည့်နေဆိုပဲ။ ဒါဆို ပတ်လည်မရိုက်နဲ့။ ဒဲ့ထိုးလို့ ပြောတာတဲ့ဟဲ့သိလား” ဟု ဂျူဘီးခါလာက အခါပေး၏။ မျက်လုံးက လည်နေရင်တော့ “ပတ်လည်ရိုက်ရသတဲ့” သြော်… သူ့အထာနဲ့ သူပဲကိုး။ နာတီဘူက ‘လ’က ၄၊ ‘ဘ’က ၅၊ ‘ဆလိမ်’က ၃၊ ‘လ’က ၄၊ ‘တဝမ်းပူ’က ၇၊ နောက် ‘ခကွေး’က ၂၊ ‘ယ’က၄ ဟု ဂဏန်းကို ဖော်ပေးသည်။ ရှေ့ဆုံးက လနှင့် နောက်ဆုံးက ‘ယပလက်’က ၄၄။ ဘာဘာက ငါးကွက်ပေးရိုးထုံးစံ ရှိဆိုပဲ။ ရှေ့ဆုံးက ‘နငယ်’ နောက်ဆုံးက ‘လ’ကိုတွဲပြီး နောက်ဆုံးတစ်ကွက် တွက်ရသတဲ့။ ကိုယ့်သဘောနဲ့ကိုယ် အတိတ်ကောက် ဂဏန်းဖော်ကြသည်။ ဒါဆို ၄၅၊ ၃၄၊ ၂၇၊ ၂၄၊နဲ့ ၄၄ ရတာပေါ့။ အပူးတစ်ကွက်တောင်ပါတယ်တော့။ ထိုးကြပြန်ပြီ တအုံးအုံး ပေါက်ကြပြန်ပြီ တရုံးရုံး နူဂျမ်ဘူက ‘က’ လို့ ရှကူးရ်ဘိုင်က ခုန်လို့ တဝါးဝါး တဟားဟားနဲ့ပေါ့ နှစ်လုံးထီ သုံးလုံးအတွက် အတိတ်ကောက်ပုံ အမျိုးမျိုးကား လေ့လာပြီး မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုသော် သင့်ရာ၏ဟု ဆိုရမည်ထင်။ နှစ်လုံးထီစထွက်မည့်နေ့ မတိုင်ခင်ညက လမ်းထိပ် အ.မ.က(၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဆုံးသည်။ အသက်က ၆၃ နှစ်တဲ့။တစ်ရပ်ကွက်လုံး ၆၃ကို တိုးတိုးကျိတ်ကျိတ် ထိုးခဲ့ကြရာ အားလုံးပေါက်ကြဆိုပဲ… ဒါတစ်နည်း။ မမောရွမ်းက ကလေးကို သန်ဆေးကျွေး၏ ပထမနေ့မှာ ကလေးက အီအီးပါတော့ သန်ငါးကောင်တစ်ခါ သုံးကောင်တစ်ခါကျ၏။ ညဘက်မှာ ၁ကောင်ထပ်ကျ၏။ အဲဒါကို အတိတ်ကောက်ပြီး ၅၃၁ ထိုးလိုက်ရာ၂၅/ဖိုးပေါက်၏တဲ့။ ရူးတဲ့လူတွေရူးနေအောင် တိုက်ဆိုင်မှုတွေကလည်း အူမြူးစရာပါလား ဟရို့….။ အဲ..ပေါက်သူများတွင် သတင်းထူးတစ်ခုရှိသေးသည်။ ဟာဂျီဆပ်ခယ်မ မလိုင်လီက ၂၅ ကျပ်ဖိုး ပေါက်၏ ဤအတွက် ငွေအဆ ၈၀ ဆိုတော့နှစ်ထောင်ရ၏။ ဤငွေနှစ်ထောင်ကို သူ့အဒေါ်စုထားသော ငွေ ၂၀၀၀ နှင့်လဲလိုက်သည်။ ချဲငွေက ဟရာမ်ဆိုတော့ ဟလာလ်ဖြစ်အောင်လုပ်တာတဲ့။ သြော်… တွလားက်မှာတင်မဟုတ်… ညလိုက်မအိပ်ရလို့ တော်သေးရဲ့…။ ချဲမှာလည်း ဟလာလာ ရှိပါလားနော့။ မတ်စတန်းက အတော်ဟုတ်နေပြီ လန်ဘားအိမ်ဝယ် နေ့နေ့ညည လူစည်နေပြီ။ “အလ္လာဟ်က လူတိုင်းကို သူ့ရိုဇီနဲ့သူ မျှပေးထားတာ ဒါကြောင့် နံပါတ်ပေးရမှာလဲ တစ်ဘက်သား ထမင်းအိုးကို ရိုက်ခွဲရာမရောက်အောင် သတိထားရသေးတယ်။ ဒီအတွက်ပဲ ဘာဘာ တစ်ကွက်ထဲမပေးဘဲ ငါးကွက်ပေးရတာဟု ဆိုလိုက်သေးသည်။ လူတွေကတော့ ဘာဘာ့အပေါ် ဤစကားကြောင့် ပိုပြီး အယုံအကြည်တိုးသွားကြသည်။ လန်ဘားက ချဲစာရွက်အတိတ်ကို မိတ္တူကူးပြီးရောင်းရာ ဂျာနူးမှာ ငွေရွှင်နေ၍ အူမြူးမဆုံးတော့ မြူးမှာပေါ့အေ့… အပေါ်စက်အောက်စက်တောင် အိမ်မှာရောက်နေပြီပဲ။ မတ်စတန်းအား ရေပူရေချမ်းကမ်းရသည်ကို သူ့ခမျာ မောရပမ်းရမှန်းမသိ ဒို့မတ်စတန်းက ဂျက်ကီရှရော့လို ခန့်သားတော့”ဟု ပြုံးဖြီးဖြီးနဲ့ ရီစရာတော့အကောင်းသား။ တစ်ခါက မတ်စတန်းကြီးက နှစ်လုံးထီအတွက် အတိတ်ပေး၏။ “အာပုံ အာပုံ ကြည့်စမ်းသေချာ”တဲ့ ဤအတိတ်ကိုကြားပြီး အမျိုးသမီးမှာ မိမိတို့ထမီပဲ ပေါက်နေလို့လားဟု မလုံမလဲ ဟိုကြည့် ဒီကြည့် ကြည့်မိကြသေး၏။ ထိုစကားပါ အက္ခရာများ အပါအဝင်နှင့် အဆုံးတို့ကို နံသင့်ဂဏန်းရွေးရာတွင် ၁၅၊ ၂၃၊ ၆၂ နှင့် ဟူ၍ ငါးကွက်ရသည်။ ကဲ ကဲ လန်ဘားတို့နှင့် တစ်အိမ်ကျော်မှ မူဆာဘိုင်နှင့် နာတီဘူတို့အိမ်ကို ငဲ့စောင်းကြည့်လိုက်ပါဦး၊ “အို ကိုမူဆာကလဲ… ဘာဘာက စာလုံးတူ နှစ်လုံးပေးရင် နံပါတ်တူရာနှစ်လုံးစီကိုတွဲပြီး အပူးထိုးရမှာ။ ဒီအပတ်မှာက ‘အာပုံ’က နှစ်ခါပါတယ်လေ။ ‘အ’နှစ်လုံးက ၁၁၊ ‘ပ’စောက် နှစ်လုံးက ၅၅ ပေါ့ရှင်” မူဆာဘိုင်ကလည်း ပြန်အထွန့်တက်၏။ “ဟဲ့ကောင်မ၊ နင်ဘာသိလို့လဲ ဘာဘာက ဘယ်တော့မဆို ဒဲ့ပဲပေးတာ” ဇွတ်ငြင်း၏ “ဒဲ့ပေးရင် တစ်ကွက်နဲ့စာလုံးမတူအောင် ပေးတာရှင့် ရှင်ဘာသိလဲ”ဟု နာတီးဘူက ပြန်ပက်၏ သို့နှင့် ရုံမသွင်းရဘဲနှင့် နာတီးဘူနှင့် မူဆာဘိုင်တို့မှာ ခါတိုင်းကဲ့သို့ “ချစ်သူများနေ့” မဆင်နွဲနိုင်တော့ဘဲ၊ ချဲရမ်းသဖြင့် ပွဲကြမ်းသောနေ့ ဖြစ်သွား၏။ အရပ်က သူတို့ရန်ပွဲကို ဝိုင်းပြီးပြန်ဖြေလိုက်ရ၏။ ရှမ်ရှုးနာနာက ချဲကိုလုံးဝမကြိုက်။ ဒီတော့ နာတီးတို့လင်မယားအား “နင်တို့ ဘာဘာတို့စွမ်းရင် သိန်း ၃၀၀ပေါက်ဂဏန်းကို ရအောင်တောင်းကြပါလား” ဟု ဆူပူမာန်မဲပြီး ဗျစ်တောက် ဗျစ်တောက် ထွက်သွားချေသည်။ လန်ဘားတို့ရပ်ကွက်မှာတော့ ချဲဘာဘာက အားလုံးထက် သတင်းပိုကြီးနေသည်။ ဝါသိင်္ခ၊ ကွမ်ယင်မယ်တော်၊ ရွှေကျွန်း၊ ရွှေကြွက်နှင့် ကွန်ပြူတာ အားလုံးကို ကျော်ဖြတ်သွားခဲ့ပြီ သို့နှင့် ရောက်လာပြန်ပြီ တစ်ပတ် ထိုင်းချဲအတွက် ပေးလာသည်က… “ကြာကူရီ ပိုင်ပြီဟေ့”တဲ့ ဒီတော့ ထိုးရမှာက ၂၂၇ ပေါ့ ဒီတော့ပေါ့နော် ဘာဘာအရမ်းမှန်တာဆိုပြီး အိမ်ပေါင်ပြီးထိုး၏။ နာကပ်ဆွဲကြိုးရောင်းပြီးထိုး၏ ချေးငှားပြီး ထိုး၏။ ပေါက်လိုက်ရင်တော့ဟု အိပ်မက်တွေအမျိုးမျိုး မက်နေကြသည်။ ကလေးများသည်ပင် ဟက်ပီးဝေါလ်သွားရန် ရှုခင်းသာသွားရန် ဟန်တပြင်ပြင် ဖြစ်နေကြတော့သည်။ ချဲထွက်ရန် တစ်ရက်သာအလိုတွင် ဂျာနူးက ကိုလန်ဘားကိုပြောပြီး သူတို့ပိုင်အပေါ်စက် အောက်စက်ကို ယူသွားကာ သူငယ်ချင်းသမီး မင်္ဂလာဆောင်အိမ်တွင့်ဖွင့်ရန်ဆိုကာ အိမ်မှညအိပ် ထွက်သွား၏။ လန်ဘားဘိုင်ကား ချဲစာရွက်မိတ္တူကူးရောင်းနေရသည်မို့ မလိုက်အားရှာ မိုးကောင်းတုံး ရေခံရတာလေ။ ဘာဘာကလည်း ကဗရ်စတန်တွင် အဓိဋ္ဌာန်ဝင်ရန်ဆိုကာ ချဲထွက်မည့်နေ့နံနက်စောစောကပင် အိမ်မှထွက်သွားခဲ့သည်။ ငယ်ငယ်ကကျောင်းခဏခဏပြေးသော မဲကိုကိုသည်ပင် ယခုစာကျက်မပျင်းတော့ စာမှန်မှန်ကျက်နေပြီ မဲကိုကိုဆို၍ ရုပ်ရှင်မင်းသား ရဲကိုကိုနှင့် မမှားသင့်ပေ။ သွားတစ်နေရာမှ လွဲရင် တစ်ကိုယ်လုံး အသားအရောင်က မဲနေ၍ မဲကိုကိုဟု အရပ်ထဲက ခေါ်ကြခြင်းဖြစ်သည်။ ယခုသူက စာကျက်နေသည်။ ဘာစာလဲ က၊ ခ၊ ဂ၊ ဃ၊ င၊ ၁နက္ခတ်က ၈၊ ၁ပါဝါက ၆၊ ၂နက္ခတ်က၄၊ ၂ပါဝါက ၇ဟု စာကျက်နေခြင်းသာ။ ဟော… ချဲထွက်ပါပြီ၊ ဒီတစ်ခါတော့ တက်တက်စင်အောင် လွဲသွားပြီလေ။ အိမ်ပေါင်သူက အိမ်ထွက်သွား၏။ ရွှေပေါင်သူက ရွှေထွက်သွား၏။ အတိုးနှင့် ကြွေးယူထိုးသူများမှာလည်း အသက်ထွက်တော့မည်သို့ အောက်စီဂျင်သွင်းရ၏။ အထွက်အပြင်းဆုံးကတော့ ကိုလန်ဘားပင်။ မဂျာနူးနှင့် မတ်စတန်းကြီးတို့မှာ တူစုံလက်တွဲ၍ “အချစ်တီးကမ္ဘာသစ်”ဆီသို့ ထွက်သွားကြပြီလေ။ သူ့ခမျာ “အချစ်အိမ်တီးရှော့”တွင် နံပြားရိုက်ရင်း ဂျာနူး မေရီဂျန် (ဂျာနူး ငါ့အသက်လေး)ဟူသော သီချင်းမလွေးနိုင်တော့ ဠင်းတမှိုင် မှိုင်နေရှာပြီ။ “နှစ်လုံး”ရောဂါကြောင့်… “နှလုံးသား”ကို ဂဏန်းညှပ်သွားရပြီလေ။ ဇာတ်ပေါင်းသော်…. ဂဏန်းတို့ဖြင့် ပျော်မွေ့ခဲ့ကြသော မတ်စတန်းကြီး ဂျာနူးနှင့် လန်ဘားတို့အုပ်စုမှာ ဂဏန်းသုံးလုံးပါပုဒ်မနှင့်ပင် စီမံချက်ဝင်ခံလိုက်ရ၍ ထောင်နန်းစံကြရရှာသည်။ သြော်… ဟရာမ်ဖက်၍ အခြေပျက်ရတာလား… ဗိုင်သုလ်မာစနစ် ကွယ်ပျောက်နေတာကြောင့်လား… မုအာခတ်စနစ် ယိုယွင်းသွားရတဲ့ ရလာဒ်ပေပဲလား ဆိုတာကိုတော့…။ (ပရဝင်း)

No comments:

Post a Comment