Tuesday 11 September 2012

လက်ဝါးကပ်တိုင်တွင် မသေသော တမန်တော် အီစာ

လက်ဝါးကပ်တိုင်တွင် မသေသော တမန်တော်အီစာ အစ္စရာအီလ်မျိုးနွယ်တို့ သမိုင်းတွင် တမန်တော်မူစာ ပွင့်စဉ်ကလည်း ဆင်ခြင်မျိုးစုံပေးကာ ဒုက္ခပေးခဲ့ကြသည်။ အခြား တမန်တော်များစွာ ပွင့်သော်လည်း ပြစ်မှုကျူးလွန်မြဲ ကျူးလွန်ကြသည်၊ တမန်တော် အီစာ၏မိခင် မရ်ယမ်သခင်မကိုလည်း မတရားစွပ်စွဲထားကြသည်။ တမန်တော်အီစာ၏ အစ်ကိုဝမ်းကွဲတမန်တော် ယဟ်ယာနှင့် အခြားတမန်တော်များစွာတို့ကိုလည်း လုပ်ကြံခဲ့ကြသည်။ တမန်တော် ယဟ်ယာ {JOHN} မရှိ၍ တမန်တော်အီစာက ဆက်လက်၍ တရားဟောကြားသောအခါ မိမိတို့ကိုယ်ကို ပြုပြင်ရန် မကြိုးစားကြဘဲ တမန်တော်အီစာကိုလည်း သတ်ရန် ကြိုးပမ်းကြတော့သည်။ (ကုရ်အာန် ၄း၁၅၃-၁၅၄)
“ထိုမှတစ်ပါး ယင်းအစ္စရာအီလ်တို့က ဧကန်စင်စစ် ကျွန်ူပ်တို့သည် မရ်ယမ်၏သား အလ္လာဟ်၏ ရစူတမန်တော် မစီဟ်အီစာကို သတ်ဖြတ်ခဲ့ကြသည်ဟု ပြောဆိုခြင်းကြောင့် (ငါအရှင်မြတ်သည် ယင်း သူတို့ကို ပြစ်ဒဏ် အမျိုးမျိုးခတ်တော်မူခဲ့၏) အမှန်စင်စစ် ၄င်းတို့သည် နဗီတမန်တော်အီစာကို သတ်ဖြတ်နိုင်ခဲ့ကြသည်လည်း မဟုတ်ချေ။ လက်ဝါးကပ်တိုင် တင်နိုင်ခဲ့ကြသည်လည်းမဟုတ်ချေ။
အမှန်ကား ၄င်းတို့အဖို့(ထို ကဲ့သို့ဖြစ်သကဲ့သို့) ထင်စေခြင်း ခံခဲ့ရလေသည်။ ၄င်းပြင် မုချဧကန် ထိုနဗီတမန်တော် အီစာနှင့် ပတ်သက်၍ ကွဲလွဲငြင်းခုံကြသော သူတို့ကား ဒွိဟ သံသယ ရှုပ်ထွေးမှု၌သာ(နစ်မွန်းလျက်) ရှိနေကြမည်မှာ မလွဲဧကန်တည်း။ (မမှန်ကန်သော ထင်မြင်ယူဆချက်ကို လိုက်နာနေခြင်းမှတစ်ပါး(တိကျမှန်ကန်သော) အသိတရားဟူ၍ အလျင်းမရှိချေ။ စင်စစ် (ထိုသူတို့သည် ထိုနဗီတမန်တော် အီစာ) အား မုချဧကန် သတ်ဖြတ်နိုင်ခဲ့ကြသည် မဟုတ်ပေ”။ (ကုရ်အာန် ၄း၁၅၇)(အစ္စလာမ့်ယုံကြည်ချက်)
အစ္စရာအီလ်မျိုးနွယ်တို့သည် အလ္လာဟ်ချပေးသော ကျမ်းများကိုပြင်ခြင်း၊ အလ္လာဟ်၏ တမန်တော်တို့ကို ဒုက္ခပေးခြင်းကို ပြုခဲ့ကြ၏။ ယင်း လူမျိုးတို့သည်သာ ကမ္ဘာပေါ်၌ အလ္လာဟ်၏ ရွေးချယ်ခံ လူမျိုးဖြစ်သည်။ ကျန်လူမျိုးတို့ကို အရိုင်းသဖွယ် နိမ့်ကျသူများအဖြစ် သတ်မှတ်ခဲ့ကြသည်။ အစ္စရာအီလ်မဟုတ်သော လူသားမျိုးနွယ်များအတွင်း တမန်တော်ပွင့်ခြင်း မရှိဟု သတ်မှတ်သည်။
သို့သော် ယင်းတို့တွင်းမှ တမန်တော် အီစာပွင့်၍ ၄င်းတို့၏ အမှားကို တရားအလင်းပေးသောအခါတွင်လည်း မိခင် မရ်ယမ်သခင်မကိုလည်း မတရားစွပ်စွဲ၍ သားတော် တမန်တော်အီစာကိုလည်း လက်ဝါးကပ်တိုင် တင်၍ သတ်ရန်ကြံစည်ခဲ့ကြသည်။ သို့သော် အလ္လာဟ်က ၄င်းတို့ တမန်တော်အီစာကို လက်ဝါးကပ်တိုင်တင်ခြင်း၊ သတ်ခြင်းနှင့် စပ်လျဉ်း၍ ၄င်းတို့အထင်များ၊ အပြောများ လုံးဝမဟုတ်ဟု ဆိုထား၏
အလ္လာဟ်၏ သားတော်မဟုတ်သော တမန်တော်အီစာ
မရ်ယမ် သခင်မ၏ သားတော်အီစာသည် အစ္စရာအီလ်လူမျိုး တမန်တော်တစ်ပါးဖြစ်ပြီး အစ္စရာအီလ်တို့ကို တရားပြရန် ပွင့်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာဦး လူ့သမိုင်းအစမှစ၍ ခေတ်အသီးသီး မျိုးနွယ်အသီးသီး၌ အလ္လာဟ်က တမန်တော်များ ပွင့်စေခဲ့ရာ တမန်တော်အီစာသည် ၁၂၄၀၀၀ သော နဗီတမန်တော်များအနက် ဒုတိယ နောက်ဆုံး {Second last} တမန်တော်ဖြစ်၏။
ရှေးတမန်တော်များနည်းတူ အလ္လာဟ်တစ်ပါးတည်းကိုသာ ကိုးကွယ်၍ အလ္လာဟ်၏ လမ်းညွှန်ဝဟီကို နာခံရန် မိမိမှာ အလ္လာဟ်၏ နဗီတမန်တော် တစ်ဦးသာ ဖြစ်ကြောင်း သက်သေလက္ခဏာများဖြင့် အလင်းပေးခဲ့ခြင်း ဖြစ်သည်။ လူ့သမိုင်းတွင် ဒုတိယနောက်ဆုံးတမန်တော်ဖြစ်၍ ၄င်းမရှိသည့် နောက်ခေတ်တွင် တမန်တော်ချုပ် အဟ်မဒ်(သို့) မုဟမ္မဒ်သခင်ပွင့်တော်မူမည့် သတင်းကောင်းလည်း ပေးခဲ့သည်။
တမန်တော်အီစာမတိုင်မီ ပွင့်ခဲ့ကြသော အစ္စရာအီလ်မျိုးနွယ် တမန်တော်များ အပါအဝင် အခြား နဗီတမန်တော် အပေါင်းသည် တုနှိုင်းဖက်ကင်းသော ဂုဏ်ရည်တူ အလျင်းမရှိသော တစ်ပါးတည်းသော အလ္လာဟ်ကိုသာ သက်ဆိုင်ရာ ဘာသာစကား အသီးသီးဖြင့် ခေါ်ဝေါ်ကိုးကွယ် နာခံကြသည်။ အလ္လာဟ်ထံတွင် သားတော် သမီးတော်၊ ဇနီးတော် စသည့် ကန့်သတ်မှု၊ ရုပ်တရား၊ လိုလားတောင့်တခြင်းတို့မှ ကင်းရှင်းကြောင်းကိုသာ သင်ခဲ့ကြ၏။ မည်သူကမျှ အလ္လာဟ်ထံတွင် သားတော်ရှိသည်ဟု မဟောကြားခဲ့ချေ။ တမန်တော် အီစာကိုယ်တိုင်လည်း မိမိမှာ အလ္လာဟ်၏ သားတော်ဟု မဆိုခဲ့ချေ။ အလ္လာဟ်၏ ဖန်ဆင်းခံ နဗီတမန်တော်တစ်ပါးသာ ဖြစ်ကြောင်း ဆိုခဲ့လေသည်။
သို့သော် တမန်တော်အီစာ မရှိတော့သည့်နောက်ပိုင်း လူသားတို့တွင် တမန်တော်အီစာကို အလ္လာဟ့် တမန်တော်အဖြစ် ယုံကြည်သော အုပ်စုနှင့် အလ္လာဟ်၏ သားတော်အဖြစ် ယုံကြည်သောအုပ်စု ကွဲခဲ့ကြလေသည်။ တမန်တော် အီစာထံ အလ္လာဟ်ချပေးသော အင်ဂျီလ်ကျမ်းမှာလည်း မူရင်း ဟီဘရူးစာပေဖြင့် မူရင်းကျမ်း ကမ္ဘာပေါ်တွင် မရှိတော့ချေ။ ဂရိ၊ လက်တင်နှင့် အင်္ဂလိပ် စာပေများ အဖြစ်သာ ကွဲပြား ခြားနားစွာ ကျန်ခဲ့လေသည်။ သို့သော် တမန်တော်အီစာ မရှိသည့်နောက် ၄င်း၏ နောက်လိုက်တပည့်များအနက် “ဘရ်နာဘတ်စ်”သည် ဦးဆောင်သူ ဖြစ်လာခဲ့၏။
ထိုပုဂ္ဂိုလ်ကြီး ပြုစုသောကျမ်း {Gospel Barnabas} ကို လက်တင်စာပေဖြင့် သြစတြီးယားနိုင်ငံ ဗီယာနာမြို့ စာကြည့်တိုက်ကြီးအတွင်း ယနေ့တိုင်တွေ့နိုင်ပေသည်။ ၁၉၀၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်မှ {Mr. and Mrs. Ragg} တို့က လက်တင်စာပေမှ အင်္ဂလိပ် ဘာသာပြန်ထုတ်ဝေခဲ့ရာ အလ္လာဟ် တစ်ပါးတည်းရှိကြောင်း၊ အီစာသည် အလ္လာဟ်၏ နဗီတမန်တော်သာ ဖြစ်ကြောင်းနှင့် ၄င်းက တမန်တော် မုဟမ္မဒ်သခင် ပွင့်ပေါ်မည့်အကြောင်း ဟောကြားချက်များပါဝင်ကြောင်း တွေ့ရပေသည်။

No comments:

Post a Comment