Saturday 4 August 2012

ဇကားသ်

မဟာကရုဏာတော်ရှင် အလ္လာဟ်သည် လူသားထု တစ်ရပ်လုံး အကျိုးအတွက် ကမ္ဘာဂြိုဟ်ဝယ် များစွာသော အရာတို့ကို ဖန်ဆင်းထားတော်မူ၏။ (ကုရ်အာန် ၂း၂၉) လူသားတို့အားလည်း အလ္လာဟ်၏ ကျေးဇူးတော်များကို ရှာဖွေသုံးစွဲရန် ညွှန်ကြားထား၏။ (ကုရ်အာန် ၆၂း၁၁) သို့သော် (တရားဝင်) သမ္မာအာဇီဝကိုသာ စားရမည်။ ကူသန်း ရောင်ဝယ်မှုကို ခွင့်ပြု၏။ အတိုးစားခြင်းကို ပြင်းထန်စွာ တားမြစ်ထားသည်။ (ကုရ်အာန် ၂း၂၇၅) လောကခပ်သိမ်းရှိ အရာခပ်သိမ်းသည် အလ္လာဟ်၏ ပိုင်ဆိုင်မှုသာဖြစ်၏။ လူသားတို့ ရုပ်လောကတွင် ရရှိနေသော အရာခပ်သိမ်းသည် အလ္လာဟ်ထံမှ ခေတ္တ အမာနတ် လွှဲအပ်နှံထားခြင်းသာ ဖြစ်၏။ အလ္လာဟ်၏ ဝဟီလမ်းညွှန်နှင့်အညီ သာသနာနှင့် လူသားအကျိုးအတွက် အသုံးချရမည်။ အလ္လာဟ်လမ်းညွှန်နှင့်အညီ မသုံးစွဲဘဲ လူတစ်ဦး (သို့မဟုတ်) အုပ်စုတစ်စုကသာ လက်ဝါးကြီးအုပ်ထားမှု စည်းစိမ်များ သိုလှောင်ထားမှုကို အလ္လာဟ်က တားမြစ်ထားသည်။ ပြင်းထန်သော လောင်ကျွမ်းမှုကို ခံရမည်ဟု သတိပေးထားသည်။ (ကုရ်အာန် ၁၀၄း၂-၇။ ၉း၃၄-၃၅) “ယင်းသူတို့သည် မည်မျှလောက် (အလ္လာဟ့် လမ်းတော်တွင်) ပေးကမ်း လှူဒါန်းရပါမည်နည်းဟု အသင် (မုဟမ္မဒ်)အား လာရောက် မေးမြန်းကြကုန်၏။ ဖြေလော့…. မိမိတို့အတွက် (လိုအပ်သည်ထက်) ပိုလျံသည်ကို (လှူဒါန်းကြကုန်လော့)…. ” (ကုရ်အာန် ၂း၂၁၉) အလ္လာဟ်သည် လူသားအား အလ္လာဟ်ပေးထားသည့် စည်းစိမ်ကို စေးနှဲတွန့်တိုစွာထားခြင်းနှင့် မိမိထံတွင် ဘာမျှမလုပ်ဆောင်နိုင်တော့သော အခြေအနေကို ရောက်အောင် လှူဒါန်းခြင်းတို့ကို တားမြစ်ထားသည်။ (ကုရ်အာန် ၁၇း၂၈) မိမိအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း၍ ပိုလျံသော စည်းစိမ်တို့ကို လိုအပ်နေရှာသော ဖန်ဆင်းခံလူသားတို့ကို ပြန်လည်လှည့်ပတ်စေရမည်။ ထိုသို့ လှူဒါန်းလှည့်ပတ်မှုအတွက် လှူဒါန်းသူ၏ ပစ္စည်း လျော့သွာမည် မဟုတ်ဘဲ ဤဘဝ၌ပင် တိုးပွားလာမည်၊ တမလွန်ဘဝအတွက် ဆိုဖွယ်ရာ မရှိဟူ၍ အလ္လာဟ်ကိုယ်တိုင် ကတိပေးထားတော်မူသည်။ (ကုရ်အာန် ၂း၂၆၁-၂၆၅) ထို့ကြောင့် အလ္လာဟ်ကို ယုံကြည်အားကိုးသူ တစ်ဦးသည် စည်းစိမ်အပေါ်စွဲလမ်းမှုကင်း၍ ဆုံးရှုံးမှု၊ တိုးပွားမှုတို့ကို မတုန်လှုပ်တော့ချေ။ ‘ဇကားသ်’ ဟူသော စာလုံးကို ကုရ်အာန်တွင် သန့်ရှင်းမှု၊ စင်ကြယ်မှု၊ ဟူသော အဓိပ္ပါယ်ဖော်ဆောင်၍ သုံးစွဲထားသည်။ (ကုရ်အာန် ၂း၁၂၉။ ၃း၁၆၃။ ၉း၁၀၃။ ၆၂း၁၂) နဖ်စ်ဝိညာဉ်၏ သန့်စင်မှုနှင့် အောင်မြင်မှု (ကုရ်အာန် ၉၁း၉)။ အပြစ်မှစင်ကြယ်မှု (ကုရ်အာန်၁၉း၁၂-၁၃) ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားမှုကိုလည်း တွေ့ရ၏။ ထို့ကြောင့် ဇကားသ် တရားဝင်ဒါနပြုခြင်းဟူသည် စည်းစိမ်ဥစ္စာ ငွေကြေးအပေါ် တွယ်တာမှုနှင့် အတ္တတို့ကို စင်ကြယ်သန့်ရှင်းစေ၍ မိမိ၏ နဖ်စ်ဝိညာဉ်ကို ပြစ်မှုများမှ သန့်ရှင်းစင်ကြယ်စေပြီး အောင်မြင်မှုရစေခြင်း ဖြစ်သည်။ “ထို့ပြင် အသင်တို့သည် ဆွလားသ်ဝတ်ပြုခြင်းကို အမြဲတစေ ဆောက်တည်ကြလေကုန်၊ ၄င်းပြင် ဇကားသ်တရားဝင် သန့်စင်မှုဒါနကြေးများကို ပေးဆောင်ကြလေကုန်။ (ကုရ်အာန် ၂း၁၁၀) အလ္လာဟ်သည် ကုရ်အာန်ကျမ်းမြတ်မှတစ်ဆင့် မုစ်လင်မ်တို့အား ‘ဇကားသ်’ သန့်စင်မှုဒါနပြုကြရန် မပြုမနေရတာဝန်အဖြစ် အကြိမ်များစွာ ဖော်ပြထား၏။ ဇကားသ်ငွေစားထိုက်သူ (၈)မျိုးကို ကုရ်အာန် ၉း၆၀ တွင် အလ္လာဟ်က ဖော်ပြထား၏။ (၁) ဖုကရာ- ငွေအနည်းငယ်သာရှိ၍ မလောက်ငသော်လည်း လက်ဖြန့်မတောင်းသူ။ (၂) မစာကီန်- ဘဝလိုအပ်ချက်အတွက် ငွေကြေး လုံးဝမရှိသူ ဆင်းရဲသားများ။ (၃) အစ္စလာမ်နိုင်ငံများတွင် ဇကားသ် လိုက်လံကောက်ခံနိုင်ရန် နိုင်ငံတော်မှ တာဝန်ပေးခြင်း ခံရသူများ။ (၄) အစ္စလာမ် သာသနာကို နှလုံးသားမှ တကယ်ယုံကြည်၍ ပြောင်းလာသူများ အစ္စလာမ်ကို လက္ခံပါက ၄င်း၏ ပတ်ဝန်းကျင်က ထိုသူ၏ ဘဝလိုအပ်ချက်တို့ကို ဖျက်ဆီးမည် ဖြစ်၍ အခက်တွေ့နေသူများ။ (၅) ကျွန်ပြုခံနေရသူများ၊ ကျွန်အဖြစ်မှ လွတ်မြောက်ရန် ငွေကြေး မရှိသူများ။ (၆) ကြွေးတင်နေသူများ (ရိုးသား၍ ကြွေးဆပ်ရန် မရှိသူများကို ဆိုလိုသည်)။ (၇) အလ္လာဟ်၏ သာသနာ့လမ်းတော် လိုအပ်ချက်များအတွက်။ (၈) ခရီးသည်များ- ငွေကြေး အခက်အခက် တွေ့နေသူ ခရီးသည်များ။ ဇကားသ်သည် အစ္စလာမ့်လူနေမှုနှင့် စီးပွားရေးစနစ်၏ အခြေခံ အချက်တစ်ချက် ဖြစ်၏။ အစ္စလာမ်၏ ဒုတိယ မဏ္ဍိုင်ကြီးလည်း ဖြစ်၏။ ပညာနှင့် ဥစ္စာငွေကြေး ရှိသူတို့အား ရှိသည့်အလျောက် တရားတော်နှင့်အညီ ကြိုးစား စီးပွားရှာဖွေစေ၍ ရရှိလာသော အကျိုး အမြတ်ကို ကုရ်အာန်က ညွှန်ကြားသော လူတန်းစားသို့ ထောက်ပံ့၍ လူမှုရေး၊ လုံခြုံမှုပေးခြင်း ဖြစ်သည်။ ကုရ်အာန်တွင် အလှူဒါနအမျိုးအစားအားလုံးကို ခြုံ၍ ‘ဆွဒကဟ်’ ဟု သုံးထား၏။ ဇကားသ်ကိုလည်း တရားဝင် ဆွဒကဟ် အဖြစ်သုံးစွဲထားလေသည်။ ကုရ်အာန် (၉း၁၀၃) အရ တမန်တော်မြတ်ကို နိုင်ငံအကြီးအကဲအဖြစ် ဇကားသ်အား တာဝန်ယူ လက္ခံစေ၏။ (ကုရ်အာန် ၉း၆၀) အရ နိုင်ငံတွင် လိုက်လံကောက်ခံသူ အရာရှိများ ခန့်အပ်ထားစေသည်။ ထို့ကြောင့် ဇကားသ်ကို မုစ်လင်မ်နိုင်ငံများတွင် နိုင်ငံတော် အစိုးရသို့ မုစ်လင်မ်ပြည်သူတို့က ပေးကြရ၍ အစိုးရမှ တစ်ဆင့် ကုရ်အာန်က ဖော်ပြထားသည့် လိုအပ်သူ နိုင်ငံသားများကို ထောက်ပံ့ရလေသည်။ ဇကားသ်သည် အမြတ်ခွန်မဟုတ်ချေ။ အလ္လာဟ်ကို နာခံသူတိုင်းအပေါ် အလ္လာဟ်ချမှတ်ထားသော တာဝန်ဖြစ်၏။ မုစ်လင်မ်နိုင်ငံမဟုတ်သော နိုင်ငံများရှိ မုစ်လင်မ်တို့သည်လည်း ကုရ်အာန်၏ အနှစ်သာရအရ သက်ဆိုင်ရာ ဒေသတစ်ခု၏ အဖွဲ့အစည်းတစ်ခုက ဦးဆောင်လက်ခံ၍ မိမိတို့၏ အသိုင်းအဝန်းတွင်းမှ လိုအပ်သူများကို ပြန်လည် ထောက်ပံ့ရမည် ဖြစ်၏။ ဆွလားသ်ကဲ့သို့ပင် ဂျမာအသ်က စုပေါင်းဆောင်ရွက်ရပေမည်။ ဇကားသ်စနစ်သည် ဆင်းရဲသားများကို ရေသာခိုစေသော သူတောင်းစားဝါဒ ပွားများရေးကို ဖြစ်စေသော စနစ်မဟုတ်ချေ။ ဇကားသ်စားထိုက်သူ တစ်ဦးလျင်း ၅/ ၁၀- စသည်ဖြင့် တစ်နပ်စာခွဲပေးရသည့် စနစ်မဟုတ်ချေ။ သက်ကြီးရွယ်အို ကလေးငယ်နှင့် နာမကျန်း ဖြစ်သူတို့ကိုသာ ငွေကြေးအသွင် လက်ခံစေ၍ ကျန်ဇကားသ်စာထိုက်သူတို့အား စီးပွားရေး အလုပ်အကိုင် ပညာရေး၊ လူမှုရေးအသွင်ဖြင့် ထူထောင်ပေးမှုသာ ဖြစ်၏။ ဇကားသ်လက္ခံသူသည်လည်း မိမိကိုယ်တိုင် အနာဂတ်တွင် ဇကားသ် ထုတ်နိုင်အောင်ကြိုးစားရမည် ဖြစ်၏။ ဇကားသ်သည် ပေးသူနှင့် လက္ခံသူအားလုံး မုစ်လင်မ်ဖြစ်ရမည်။ ကျန်အလှူများကို မုစ်လင်မ် မဟုတ်သူ လူသားတို့အား မိမိအတိုင်းအတာအလျောက် ပေးရမည်ဖြစ်သည်။ တစ်နှစ်တာ စုဆောင်းရရှိငွေ၊ ရွှေနှင့်ငွေ၊ လယ်ယာထွက်ကုန်နှင့် တိရစ္ဆာန်စသည့် ပိုင်ဆိုင်မှုပစ္စည်း သဘာဝအလျောက်ထုတ်ရမည့် အချိုးအစားကို အစ္စလာမ်နိုင်ငံတော်နှင့် အစ္စလာမ်ပညာရှင်တို့က အသီးသီး သတ်မှတ်ထားလေသည်။

1 comment: