Showing posts with label နဖ်စ်ဝိညာဉ်. Show all posts
Showing posts with label နဖ်စ်ဝိညာဉ်. Show all posts

Monday, 17 September 2012

နဖ်စ်သည် ဖျက်ပစ်ရန်မဟုတ် ပြုပြင်လေ့ကျင့်ရန်

နဖ်စ်သည် ဖျက်ပစ်ရန်မဟုတ် ပြုပြင်လေ့ကျင့်ရန်
သို့သော် နဖ်စ်ဝိညာဉ်သည် ဖျက်ဆီးပစ်အပ်သော မလိုလားအပ်သော အရာကား မဟုတ်၊ နဖ်စ်၏ သဘာဝမှာ မဖွံ့ဖြိုးသော်လည်း ထိန်းသိမ်းလေ့ကျင့်ပေးက အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်၍ လူသားကို အဆင့်မြင့်သည်ထက် မြင့်အောင် ပန်းတိုင်ပို့ပေးမည့် စွမ်းအင်သာ ဖြစ်သည်။ ဥပမာ-မြင်းရိုင်းတစ်ကောင်ကို လေ့ကျင့်ထိန်းသိမ်းခြင်း မရှိဘဲစီးသူကို အန္တရာယ်ဖြစ်စေသည့်ပြင် လိုရာပန်းတိုင်သို့မရောက်။ စနစ်တကျ ယဉ်ပါးအောင် လေ့ကျင့်ပေးသော် လိုရာပန်းတိုင်သို့ ပို့ပေးလေသည်။ အလ္လာဟ်သည်လည်း လူသားကို နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှုပန်းတိုင် ရောက်ရန် နဖ်စ်ကို စီးနင်းအသုံးပြုရာယာဉ်အဖြစ် ပေးထား၏။ မိမိ၏ နဖ်စ်ကို မိမိဘာသာ ပြုပြင်ထိန်းသိမ်း လေ့ကျင့်အသုံးချရပေမည်။
“အမှန်ပင် အသင်တို့သည် တစ်ဆင့်မှ တစ်ဆင့်သို့ တက်ကြရပေမည်” (ကုရ်အာန် ၈၄း၁၉)
“စင်စစ် ထိုနဖ်စ်ကို သပ္ပာယ ဖြစ်အောင် စင်ကြယ်သန့်ရှင်းစေခဲ့သောသူသည် အောင်မြင်ခဲ့လေပြီ။ သို့ရာတွင် ထိုနဖ်စ်ကို( မကောင်းမှုများတွင်) နစ်မြုပ်စေခဲ့သောသူသည် ပျက်စီး ဆုံးရှုံးခဲ့ချေပြီတကား” (ကုရ်အာန် ၉၁း၉-၁၀)
“နဖ်စ်သည် လူသားကို နိမ့်သည်ထက်နိမ့်အောင် မကောင်းမှုအတွက် တိုက်တွန်းသော်လည်း ရူဟ်သည် နဖ်စ်နှင့် ဆန့်ကျင်ဘက် ကောင်းမှုအတွက်အားများကိုသာ သက်ရောက်စေသည်။ လူသားကို အလ္လာဟ်နှင့် နီးသည်ထက်နီးအောင် အဆင့်မြင့်သည်ထက် မြင့်အောင်ပြုသောစွမ်းအားဖြစ်သည်။ အလ္လာဟ်သည် လူသား၏ နဖ်စ်ကိုပြည့်ဝ စုံလင်အောင်ပြုလုပ်ပြီးနောက် အကောင်းနှင့် အဆိုး၊ ကောင်းမှုနှင့် ပြစ်မှုကိုသိစေသော ဆင်ခြင်တုံ့တရားကို လူသား၌ ထည့်သွင်းပေးခဲ့သည်။ အကောင်းနှင့်အဆိုးကို လူသား၏
လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ဖြင့် ရွေးချယ်ပြုလုပ်စေသည်။“ကလ်ဘ်”ဟူသည် လူသား၏ ရုပ်အင်္ဂါနှလုံးကို ခေါ်သည်မဟုတ်။ စိတ်နှလုံးသားကို ခေါ်သည်။ ကလ်ဘ်စိတ်နှလုံးသည် ခံစားမှု၊ နားလည်မှုဆင်ခြင်တုံတရား၊ ဉာဏ်စဉ် အဆင့်ဆင့်တွေးတောကြံဆမှု၊ မှတ်ဉာဏ်စသည်တို့သည် ညွှန်ကြားသည့် အရာဖြစ်သည်။ နဖ်စ်သည်မကောင်းမှုကို စေ့ဆော်၍ အခြားတစ်ဖက်မှ ရူဟ်သည် အလ္လာဟ်သိစိတ်ကို စေ့ဆော်ပေရာ ကလ်ဘ်စိတ်နှလုံးသည် ဆင်ခြင်တုံတရားနှင့် ဉာဏ်အဆင့်ဆင့်ဖြင့် ရွေးချယ်ပြုလုပ်ရမည် ဖြစ်ပေသည်။
>‘ကလ်ဘ်’ စိတ်နှလုံးနှင့် လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်
ထို့ကြောင့် လူသား၏ ကလ်ဘ်စိတ်နှလုံးသည် လူသား၏ပြစ်မှု၊ ကောင်းမှုအစုစုတို့အတွက် တာဝန်ရှိ၏။ အလ္လာဟ်သည် ထိုကလ်ဘ် စိတ်နှလုံးကို လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ခွင့်ကို ပေးထားသည်။ နဖ်စ် မကောင်းမှုစေ့ဆော်ချက်ကို ရွေးချယ်နိုင်သလို ရူဟ်၏ အလ္လာဟ်သိစိတ် ကောင်းမှုပြုလိုစိတ်၊ မကောင်းမှု ရှောင်ရှားလိုစိတ်ကိုလည်း ရွေးချယ်နိုင်ပေသည်။ (ကုရ်အာန် ၉၁း၈၊ ၃၂း၉၊ ၁၈း၂၉) “ဤဂျန္နသ်သည် (အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်သူ (ထိုအရှင်မြတ်၏ အမိန့်တော်များ)ကို စောင့်စည်း သူတိုင်းအဖို့ ဖြစ်သည်ဟူ၍ အသင်တို့အား ကတိပေးခြင်းခံကြရသော အရာပင်ဖြစ်သည်။ ထိုသူသည် အရ်ရဟ်မားန် မဟာ ကရုဏာတော်ရှင်အား မမြင်ဘဲလျက်( ဆင်ခြင်တုံ့တရားနှင့် ဉာဏ်လွှာ အဆင့်ဆင့်တို့ဖြင့် မဝန်းခြုံနိုင်သော်လည်း) ကြောက်ရွံရိုသေခဲ့ကြ၏။
ထိုမှတစ်ပါး ထိုသူသည် (အလ္လာဟ် သိစိတ်ဘက်သို့) ပြန်လှည့်သောစိတ်နှလုံး(ကလ်ဘ်)ကို ယူလာခဲ့သည်။ ထိုသူတို့သည် ဤသို့မိန့်ခြင်းခံရမည်။ အသင်တို့သည် ယင်းဂျန္နသ်ထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှုသို့ ငြိမ်းချမ်း သာယာစွာ ဝင်ရောက်ကြလေကုန်။ ဤ (နေ့)သည် အမြဲထာဝစဉ် နေထိုင်ရမည့်နေ့ (စတင်မည်)ဖြစ်၏။ ၄င်းတို့အဖို့ ယင်းဂျန္နသ်တွင် ၄င်းတို့ အလိုရှိသောအရာဟူသမျှ ရရှိရုံမျှမက
ငါအရှင်မြတ်ထံတော်၌ (၄င်းတို့မသိသော အရာများတို့ထက်) ပိုမို၍ပင် ရှိချေသတည်း” (ကုရ်အာန် ၅၀း၃၂-၃၅) ရူဟ်ဝိညာဉ်၊ နဖ်စ်ဝိညာဉ်နှင့် ကလ်ဘ်စိတ်နှလုံးတို့သည် သီးခြားစီ ရှိနေသော အရာများမဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ဆက်စပ်ဖြစ်နေသော စွမ်းအင်သာဖြစ်ပေသည်။ နဖ်စ်ဝိညာဉ်ကို နိစ္စထာဝရ ပြီးပြည့်စုံသောငြိမ်းချမ်းမှု ဂျန္နသ်သို့ တိုးတက်စေမှု၊ သို့တည်းမဟုတ် ပူဆွေး ဝမ်းနည်းလောင်ကျွမ်းမှုဒုက္ခ ဂျဟန္နာမ်သို့ ဆုတ်ယုတ်စေမှုသည် ကလ်ဘ်စိတ်နှလုံး၏ လွတ်လပ်စွာ ရွေးချယ်၍ ပြုလုပ်သော ကောင်းမှုနှင့် ပြစ်မှုများပေါ်တွင်မူတည်သည်။ ရူဟ်၏ စေ့ဆော်ချက်ဖြစ်သော အလ္လာဟ် သိစိတ်ကို အခြေခံ၍ ကောင်းမှု ပြုကျင့်ရန် စိတ်နှလုံးက ရွေးချယ်ခဲ့သော် နဖ်စ်၏ ပြစ်မှု စေ့ဆော်မှုကို ထိန်းသိမ်းနိုင်ပြီဖြစ်၍ နဖ်စ်သည် တဖြည်းဖြည်း စင်ကြယ်သန့်ရှင်းလာပြီး နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှုဂျန္နသ်သို့ဝင်နိုင်သော အခြေအနေသို့ ဖွံ့ဖြိုးတိုးတက်လာလေတော့သည်။
> နဖ်စ်၏ သဘာဝနှင့် လျော်ညီသော ဝဟီလမ်းညွှန်လိုအပ်ချက်
လူသားတို့၏ ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာ အဆင့်ဆင့်တို့မှာ အစွမ်းထက်လှသော်လည်း အရာခပ်သိမ်းကို လွှမ်းခြုံ ထိုးဖောက်သိနိုင်စွမ်း မရှိချေ။ ထို့ကြောင့် ဖန်ဆင်းရှင် အလ္လာဟ်ကိုသိရန် အမှားအမှန်ကို မှန်ကန်စွာ ခွဲခြားတတ်ရန်၊ နဖ်ဝိညာဉ်အတွက် ဝဟီလမ်းညွှန်ကိုခေတ် အသီးသီးတွင် လူသားနဗီတမန်တော်တို့ထံမှ တစ်ဆင့် ချပေးလေသည်။ နဖ်စ်တို့၏ သဘာဝကို အကြွင်းမဲ့ သိတော်မူသော အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်သည်သာ လူသားတိုင်း၏ နဖ်စ် ဝိညာဉ်ကို နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှုသို့ ပို့ဆောင်နိုင်ပေသည်။
တစ်နည်းဆိုသော် နဖ်စ်သည် ‘သောဝ်ဟီဒ်’ ခေါ် တစ်ပါးတည်းသော အလ္လာဟ် အရှင်မြတ်သည် နိစ္စထာဝရ ပြီးပြည့်စုံစွာ ရှိနေမှု နိစ္စသစ္စာကို လက်ခံမှသာ သန့်စင်မှုရပြီး ထိုအလ္လာဟ် လမ်းညွှန်အမိန့်ကို နာခံကျင့်ကြံသူ (မုစ်လင်မ်)ဖြစ်မှသာ စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုကို ရပေမည်။ အလ္လာနှင့် နီးစပ်မှု တဖြည်းဖြည်း ရလာသည်။ ဒုက္ခတရားများနှင့် တဖြည်းဖြည်း ဝေးလာသည်။ ထူးခြားကောင်းမြတ်သည့် စွမ်းအင်တို့သည် ထိုသူ၏ အတွင်း၌ ပေါ်ပေါ်က်လာ၏။
နောက်ဆုံး၌ ကုရ်အာန်ကျမ်းမြတ်အရ အလ္လာဟ်နှင့် နီးစပ်သူ (ဝလီ)အဖြစ်သို့ ရောက်ရှိပြီး ပူဆွေး ဝမ်းနည်းဖွယ်၊ ကြောက်ရွံစိုးရိမ်ဖွယ် ဒုက္ခများမှကင်း၍ ငြိမ်းချမ်းမှုကို ဤဘဝ၌ပင် စတင်ခံစားရပေတော့သည်။ တမလွန်တွင်ကား ဆိုဖွယ်ရာမရှိပြီ၊ ‘ဝလီ’ဟူသည် သီးခြား လူတန်းစား မဟုတ်၊ သီးခြားကျင့်စဉ် မဟုတ်၊ အလ္လာဟ်၏ ဆန္ဒတော်နှင့်အညီ မိမိ၏ နဖ်စ်ကို အရောင်ဆိုးသူ၊ တစ်နည်းဆိုသော် အလ္လာဟ် လမ်းညွှန် (ကုရ်အာန်)နှင့် အညီ ဘဝတည်ဆောက်၍ အလ္လာဟ်၏ နှစ်မြို့မှုရသူ အလ္လာဟ်နှင့် နီးစပ်သူကို ခေါ်သည်။ (ကုရ်အာန် ၂း၂၅၇။ ၃း၆၈။ ၆း၁၂၇)
“(ကျွန်ုပ်တို့ကို) အလ္လာဟ် အရှင်မြတ်သည် ဆေးရောင်ခြယ်ထားလေပြီ၊ ထိုအလ္လာဟ်ထက် သာလွန် ကောင်းမွန်စွာ ဆေးရောင်ခြယ်နိုင်သူ မည်သူရှိအံ့နည်း” (ကုရ်အာန် ၂း၁၃၈)
“စင်စစ် အကြင်သူတို့သည် (အလ္လာဟ်ကို) သက်ဝင်ယုံကြည် ကြကုန်၏။ ၄င်းပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ကြကုန်၏။ ထိုသူတို့သည် အရ်ရဟ်မားန် မဟာကရုဏာတော်ရှင်၏ ချစ်မြတ်နိုးခြင်း ဆုမင်္ဂလာတော်ကို ရကြလတ္တံ့” (ကုရ်အာန် ၁၉း၉၆)

နဖ်စ်နှင့် လူသားမျိုးနွယ်-အမြင့်မြတ်ဆုံးလူသား မည်သူနည်း

နဖ်စ်နှင့် လူသားမျိုးနွယ်-အမြင့်မြတ်ဆုံးလူသား မည်သူနည်း
“အလ္လာဟ်၏ အဆွေတော် ဝလီများအပေါ်၌ ကြောက်ရွံ စိုးရိမ်ဖွယ်ရာလည်း ရှိမည်မဟုတ်။ ဝမ်းနည်းပူဆွေးကြရမည်လည်း မဟုတ်ချေ” (ကုရ်အာန် ၁၀း၆၂)
“အို လူသားအပေါင်းတို့…ထိုအရှင်မြတ်သည် အသင်တို့အား နဖ်စ်တစ်ခုတည်းမှ ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့ပြင် ထိုနဖ်စ်မှ ၄င်း၏ ကြင်ရာကြင်ဖက် ကိုလည်း ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့နောက် ထိုနှစ်ဦးတို့မှ များပြားလှစွာသော ယောကျာင်္းမိန်းမ တို့ကို ပျံ့ပွားစေတော်မူခဲ့လေသည်။” (ကုရ်အာန် ၄း၁)
“ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ အချင်းချင်း တစ်ဦးကိုတစ်ဦး သိကြစေရန် မျိုးစုအသီးသီး၊ မျိုးနွယ်အသွယ်သွယ်တို့ကို ပြုလုပ်တော်မူခဲ့၏။ စင်စစ် အသင်တို့အနက် အလ္လာဟ်ထံတော်တွင် အမြင့်မြတ်ဆုံး သူသည်ကား သက္ကဝါတရား ထားသူ(အလ္လာဟ် သိစိတ်ဖြင့် ကောင်းမှုပြုကာ ပြစ်မှုရှောင်သူ) သာလျင် ဖြစ်သည်။ စင်စစ် အလ္လာဟ်သည် အကြွင်းမဲ့ သိတော်မူသော အကြွင်းမဲ့ ကြားတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၄၉း၁၃)
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ၊ အသားအရောင် မရွေး၊ မျိုးနွယ်မရွေး၊ ဒေသမရွေး၊ နိုင်ငံမရွေး လူသားတိုင်းကို အလ္လာဟ်သည် နဖ်စ်ဝိညာဉ် တစ်ခုတည်း၊ အမျိုးအစား တစ်မျိုးတည်းမှ စတင်ဖန်ဆင်း၍ ပြန့်ပွားစေခဲ့ခြင်းသာ ဖြစ်သည်။ လူသားတိုင်း မည်သူမဆို နဖ်စ်ဝိညာဉ် တစ်ခုစီ ပိုင်ဆိုင်ကြသည်။ အဆင့်အတန်း မြင့်မြတ်မှုကို လိင်(ကျား/မ)အားဖြင့်သော် လည်းကောင်း၊ အသားအရောင် ဖြင့်သော်လည်းကောင်း၊ မျိုးနွယ်ဖြင့်သော် လည်းကောင်း၊ ဒေသစွဲဖြင့်သော် လည်းကောင်း၊ ဆုံးဖြတ်၍ မရချေ။
အမျိုးသမီးသည် အမျိုးသားထက် နိမ့်ကျသည်ဟူ၍မရှိ၊ အမျိုးသမီးကို အမျိုးသား၏ နံရိုးမှ ဖန်ဆင်းသဖြင့် အမျိုးသမီးသည် ကောက်၏ဟူသော အဆိုမရှိ။ ကျမ်းတော်မြတ် ကုရ်အာန် အရ“အီစ်ရာအီလ်” မျိုးနွယ်တို့သည် ၄င်းတို့သည်သာလျင် မျိုးနွယ်အရ အလ္လာဟ်၏ ရွေးချယ်သော မြင့်မြတ်သည့်လူမျိုး ဖြစ်သည်ဟူ၍လည်း မရှိ၊ အလ္လာဟ်ထံတော်တွင် အမြင့်မြတ်ဆုံး လူသားဟူသည် အလ္လာဟ် သိစိတ် အမြဲထားကာ မိမိ၏နဖ်စ်ကို မကောင်းမှုများမှ စင်ကြယ် သန့်ရှင်းစေ၍ ကောင်းမှုပြုခြင်း အဆင့်အတန်းဖြင့်သာ ဆုံးဖြတ်ပေမည်။ အစ္စလာမ်တွင် လူသား အားလုံးကို ကမ္ဘာ့ အိမ်ထောင်စုကြီးအဖြစ်သာ သတ်မှတ်ခြင်းဖြင့် လူလူချင်း မတရား အဆင့်အတန်းခွဲမှု တံတိုင်းကြီးကို ဖြိုဖျက်ထားသည်။
နဖ်စ်နှင့်ဆိုင်သော ဝဟီသည် အဘယ်ကြောင့် တမန်တော်များထံ ကျသနည်း
အလ္လာဟ်သည် လူသားကို ဖန်ဆင်းထားသသည့် သဘာဝနှင့် လျော်ညီသော လမ်းညွှန်(ကုရ်အာန်)နှင့် ဘဝတည်ဆောက်မှု လမ်းစဉ် ဒီန်အစ္စလာမ်ကို ပေးထား၏။ (၃၀း၃၀)။
လူသား အာလုံးသည် နဖ်စ်သဘာဝ အမျိုးအစား တစ်ခုတည်းမှသာ ဖြစ်ကြသည်။ လူ့သဘာဝအရ ကြင်ဖော် ရှိနေသည်။ လူသား၏ ရုပ်ခန္ဓာ အစိတ်အပိုင်း အားလုံးသည် အလ္လာဟ်၏ ကရုဏာတော်အဖြစ် ပေးထားသော ကျေးဇူးတော်များ ဖြစ်သလို စနစ်တကျ သုံးစွဲရန် တပ်ထားသော‘အမာနသ်’လွှဲအပ်မှုလည်း ဖြစ်သည်။ ဥပမာ မျက်စိရှိပါလျက် မကြည့်ဘဲ ပိတ်ထားခြင်း မပြုအပ်သလို မကြည့်အပ်သောအရာ တို့ကိုလည်း မကြည့်အပ်ချေ။ အလ္လာဟ်သည် လူသားအားလုံး သဘာဝကို စနစ်တကျ အသုံးချစေသည်။
ထို့ကြောင့် လိင်အင်္ဂါများ အပါအဝင် ရုပ်ခန္ဓာ အစိတ်အပိုင်း အားလုံးကို အလ္လာဟ်၏ လမ်းညွှန်အတိုင်း သဘာဝတရားနှင့် အညီအသုံးချရမည်သာဖြစ်သည်။ လူ့သဘာဝအရကြင်ဖော်ရှိသည့်အလျောက် ဇနီးနှင့်ခင်ပွန်း သားသမီးနှင့် မိဘ၊ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ၊ မျိုးနွယ်များ၊ နိုင်ငံများ၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ စသော ဆက်ဆံမှုတို့မှာ သဘာဝ အလျောက် မလွှဲမရှောင်သာဘဲ ပေါ်လာရ၏။ (ကုရ်အာန် ၂၅း၅၄။ ၇း၁၈၉။ ၄း၁။ ၄၉း၁၃)
လူမှုအဆောက်အအုံ တည်ဆောက်ရာတွင် လူ့ယဉ်ကျေးမှု တိုးတက်မှုသည် လူသား၏ နဖ်စ်ဝိညာဉ် တိုးတက်မှု ပေါ်တွင် အခြေခံသည်။ ထို့ကြောင့် အလ္လာဟ်၏ ဝဟီလမ်းညွှန်တိုင်းတွင် (ယခုနောက်ဆုံး ကုရ်အာန်ကျမ်းမြတ်တွင်) ဖန်ဆင်းရှင် အလ္လာဟ်နှင့် ဖန်ဆင်းခံလူသားတို့၏ တာဝန်နှင့် အခွင့်အရေးများ၊ လူ့သဘာဝအရ တစ်ဦးတစ်ယောက်တည်း ငြိမ်းချမ်း၍ မရ၊ မိမိ၏ အသိုင်းအဝိုင်းမှသည် လူသားတစ်ရပ်လုံး ငြိမ်းချမ်းမှုရရန် စုစုပေါင်းကျင့်ကြံမှရသည်။ စုပေါင်း၍ မကောင်းမှု တားမြစ် ကာကွယ်ခြင်း၊ ကောင်းမှု စုပေါင်းပြုခြင်း စသည်တို့ပြုရမည်။
ထို့ကြောင့် လူ့ အသိုင်းအဝန်း တစ်ရပ်လုံး စုပေါင်း ကျင့်ကြံနိုင်ရန် ဗဟိုထိန်းချုပ်မှု တစ်ရပ်လိုသည်။ အလ္လာဟ်သည် လူသားတွင်းမှ တမန်တော်များကို ပွင့်စေ၍ နဖ်စ်နှင့်ဆိုင်သော ဝဟီကျမ်းများကို ပေးကာ စံပြလုပ်ပြစေသည်။ အစ္စလာမ်တွင် တစ်ဦးကောင်း ကျင့်စဉ်မရှိပါ။ မိမိသည် အလ္လာဟ်နှင့် နီးစပ်အောင် ကျင့်ကြံနိုင်သော အခြေအနေ ရှိသလို မိမိ၏ကြင်ဖော် သားသမီး၊ မိဘ၊ မိတ်ဆွေ ပတ်ဝန်းကျင် အားလုံးကို ထိုအခြေအနေမျိုး ရောက်အောင် ပြုပြင်ပေးရန် တာဝန်ရှိပေသည်။
ပြစ်မှုစေ့ဆော်သော နဖ်စ်ကို ပေးထားခြင်းသည် အလ္လာဟ် တရားသလော
အလ္လာဟ်သည် မဟာကရုဏာတော်ရှင်ဟု ဆိုပါလျက်နှင့် လူသားကို ပြစ်မှုစေ့ဆော်သော နဖ်စ်ဝိညာဉ်ကို ပေးထားခြင်းသည် တရားပါသလော။ ထို့ပြင် ပြင်ပမှ ရှိုဿွာန်စွမ်းအင် သည်လည်း လူသားကို မကောင်းမှုပြုရန် အလ္လာဟ်ကို မေ့စေ၍ စေ့ဆော်ရန် အလ္လာဟ်က ခွင့်ပြုထားသည်မှာ တရားပါသလော။ (ကုရ်အာန် ၁၂း၅၃။ ၅း၉၄။ ၁၁၄း၎။ ၈း၄၈)
အလ္လာဟ်သည် မဟာကရုဏာတော်ရှင်နှင့် အလွန်တရားမျှတတော်မူသော အရှင်ဖြစ်တော်မူသည်။ လူသားကို ဒုက္ခပေးရန် ဖန်ဆင်းထားခြင်း မဟုတ်ပါ။ ကရုဏာ ပေးရန်သာ ဖြစ်ပါသည်။ နဖ်စ်၏ မကောင်းမှုပြုရန် စေ့ဆော်သော စွမ်းအင်ထက် ရူဟ်နှင့် ကလ်ဘ် စိတ်နှလုံးစွမ်းအင်ကို ပိုမိုပေးထားပေသည်။ သို့ပါလျက် အသုံးမချက၊ မှားယွင်းက လူသား၏ တာဝန်သာဖြစ်သည်။
ထို့ပြင် နဖ်စ်တိုင်းကို ၄င်းထမ်းနိုင်သော ဝန်ထက် ပိုမထမ်းခိုင်းချေ။ လူသား၏ နဖ်စ်ကို မကောင်းမှု စေ့ဆော်သော ပြင်ပမှ ရှိုဿွာန် စွမ်းအင် သည်လည်း လူသားတို့သည် ပြစ်မှုကျူးလွန်ခဲ့မိ၍ မှန်ကန်သော နောင်တတရားဖြင့် အလ္လာဟ်ထံ ပြန်လှည့်၍ ဝန်ချတောင်းပန်က မဟာကရုဏာတော်ရှင်သည် နောင်တရသူအား ခွင့်လွှတ်တော်မူလေသည်။
“စင်စစ် အလ္လာဟ်သည် လူသားတို့အား အနည်းငယ်မျှ နှိပ်စက်ကလူပြုသည် မဟုတ်ချေ။ စင်စစ် လူသားတို့သည် မိမိတို့ ကိုယ်ကိုမိမိတို့ နှိပ်စက်ကလူ ပြုကြကုန်၏” (ကုရ်အာန် ၁၀း၄၄)
“အလ္လာဟ်သည် မည်သည့်နဖ်စ်ကိုမျှ ထိုသူ၏ စွမ်းအားထက် ပို၍တာဝန်ပေးတော်မမူချေ” (ကုရ်အာန်၂း၂၈၆)
“စင်စစ် အီမာန် သက်ဝင်ယုံကြည်၍ မိမိတို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်အား ယုံကြည်အားထားကြသော သူတို့အပေါ်၌ ရှိုဿွာန်သည် လုံးဝ သြဇာအာဏာ မရှိချေ။ ယင်း ရှိုဿွာန်၏ သြဇာအာဏာသည်ကား ၄င်းအား အဆွေခင်ပွန်းဖွဲ့သော သူတို့နှင့် ၄င်း၏(ဖြားယောင်းမှု) ကြောင့် အခြားအရာများကို အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်သူတို့အပေါ်၌သာ ရှိပေသတည်း” (ကုရ်အာန် ၁၆း၉၉-၁၀၀)

Sunday, 16 September 2012

နဖ်စ်၏ တိုးတက်မှု အဆင့်(၃)ဆင့်

နဖ်စ်၏ တိုးတက်မှု အဆင့်(၃)ဆင့်
“အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအပေါ်၌ ကရုဏာတရားကို သတ်မှတ်ပြဋ္ဌာန်း ထားရှိတော်မူ၏။ စင်စစ် အသင်တို့အနက် မည်သူမဆို မသိနားမလည်၍ မကောင်းမှုကို ပြုမိ၏။ ထို့နောက် သူသည် ဝန်ချတောင်းပန်၍ မိမိကိုယ်ကို မိမိပြုပြင်ခဲ့၏။ သို့ဖြစ်လျင် မုချ ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော အရှင်၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်ပင် ဖြစ်တော်မူ၏” (ကုရ်အာန် ၆း၅၄)
လူသားတိုင်း နဖ်စ်ဝိညာဉ်၌ ဖွံ့ဖြိုးတိုးတက်မှုအဆင့်(၃)ဆင့် ရှိသည်။

(၁)နဖ်စ်-အမ်မာရတ်(၁၂း၅၃) သည် လူသား၏ ‘ကလ်ဘ်’စိတ်နှလုံးကို မကောင်းမှုပြုရန် စေ့ဆော်သော နဖ်စ် အဆင့်ဖြစ်သည်။ ထိုအဆင့်၌ စစ်ဆေးခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း မရှိက လုံးဝ ဆုံးရှုံးမှုသို့ ဆုတ်ယုတ်နိမ့်ဆင်းလေတော့သည်။
(၂) နဖ်စ်-လောင်ဝါမဟ် “ထိုမှတစ်ပါး ငါ(အလ္လာဟ်)အရှင်မြတ်သည် (လူသား၏ မိမိကိုယ်မိမိ) လွန်စွာ ပြစ်တင်ဆုံးမတတ်သော နဖ်စ်ကို သက်သေထူ ကျိန်ဆိုတော်မူ၏။ (ကုရ်အာန် ၇၅း၂)။
ဤနဖ်စ်လောင်ဝါမဟ် အဆင့်မှာ လူသားသည် ပြစ်မှုကိုဆင်ခြင်သိလာ၍ ပြစ်မှုကျူးလွန်မှုကို ဆန့်ကျင်သောအဆင့် ဖြစ်သည်။ နောင်တတရားရ၍ မိမိကိုယ်မိမိ ပြုပြင်ပြီးနောက် အလ္လာဟ်ထံ ခွင့်လွှတ်မှုနှင့် ကောင်းခြင်းမင်္ဂလာ တောင်းခံသော နဖ်စ်အဆင့် ဖြစ်သည်။
(၃) နဖ်စ်မုသွမအင်းနဟ်. သည် အဆင့်မြင့်ဆုံး လုံးဝတည်ငြိမ်သွားသော နဖ်စ်အဆင့် ဖြစ်သည်။ ရုပ်ခန္ဓာ လွန်မြောက်သော် ဂျန္နသ်သို့ ဝင်ရောက်နိုင်သော အခြေအနေအဆင့် ဖြစ်သည်။
“အို…တည်ငြိမ်သော နဖ်စ်ဝိညာဉ်” အသင်သည် မိမိ၏ အရှင်မြတ်ထံတော်သို့ ကျေနပ်လျက်၊ ထိုအရှင်မြတ်၏ ကျေနပ်မှုကိုလည်း ခံယူလျက် ပြန်သွားလေလော့၊ ထို့နောက် အသင်သည် ငါအရှင်မြတ်၏ ကျွန်တို့တွင်ပါဝင်လေလော့၊ ၄င်းပြင် အသင်သည် ငါအရှင်မြတ်၏ ဂျန္နသ်(နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှု) သို့ ဝင်ရောက်လေလော့” (ကုရ်အာန် ၈၉း၂၇-၃၀)
ရူဟ်-နဖ်စ်နှင့် ကလ်ဘ်စွမ်းအင် ဆက်စပ်မှု
ရူဟ် ဝိညာဉ်နှင့် စပ်လျဉ်း၍ ကုရ်အာန် ကျမ်းတော်မြတ်တွင်…အလ္လာဟ်က၊ ရူဟ်သည် အလ္လာဟ်၏ အမရ်စီမံမှု အမိန့်တော်အရ ဖြစ်ကြောင်း(၁၇း၈၅)။ ရူဟ်စွမ်းအင်ကို လူသားအားလုံးကို ချီးမြှင့်ထားကြောင်း(၁၅း၂၉)။ မရ်ယမ် သခင်မ၏ သားတော် တမန်တော် အီစာအားလည်း ပေးထားကြောင်း(၂း၈၇)။
အလ္လာဟ်ကို သက်ဝင်ယုံကြည်သူတို့၏ ကလ်ဘ် စိတ်နှလုံးကို အလ္လာဟ်သည် ရူဟ် စွမ်းအင်ဖြင့် အားဖြည့်တော်မူကြောင်း (၅၈း၂၂)။ ကုရ်အာန်ကျမ်းတော်မြတ်ကို ရူဟ် ဟူ၍ လည်းကောင်း(၄၂း၅၂)။
မလာအိကဟ်များနှင့် တွဲဖက်၍ ဖော်ပြထားခြင်း(၇၀း၎။ ၇၈း၃၈။ ၉၇း၎) စသည် ဖြင့်တွေ့နိုင်ပေသည်။ ထို့ကြောင့် ရူဟ်ဝိညာဉ်၏ စွမ်းအင်သည် လူသားကို အဆင့်မြင့်သည်ထက်မြင့်အောင် အလ္လာဟ်သိစိတ်ကို အားဖြည့်သော စွမ်းအင်ဖြစ်ပေသည်။
နဖ်စ်နှင့် စပ်လျဉ်း၍ ကုရ်အာန်တွင် အလ္လာဟ်မိန့်တော်မူ၏။ အလ္လာဟ်သည် လူသားကို ကမ္ဘာမြေ၏ ခလီဖဟ် ကိုယ်စားလှယ် အဖြစ် ချီးမြှင့်ထား၍ ကမ္ဘာမြေ၏ သဘာဝနှင့်အညီ နေနိုင်ရန် နဖ်စ်ဝိညာဉ်ကိုလည်း လူသားတို့၌ ဖြစ်ပေါ်စေသည်။ (၂း၃၀။ ၄း၁) မဖွံ့ဖြိုးသေးသော နဖ်စ်၏ ကမ္ဘာမြေကို တွယ်တာစိတ်နှင့် လောဘ လွန်ကဲမှုတို့ကြောင့် မကောင်းမှုတို့ကို တိုက်တွန်းလေ့ ရှိသည် (၄း၁၂၈။ ၁၂း၅၃။ ၅၉း၉)။ နဖ်စ်ကို ဖန်ဆင်းရသည့် သဘာဝနှင့် အညီ အလ္လာဟ်သည် ပြည့်ဝစုံလင်အောင် ပြုထား၏။
နဖ်စ်၏ စိတ်တွင်းဝယ် ကောင်းမှုနှင့် မကောင်းမှုတို့၏ အသိ (ဆင်ခြင်တုံတရား) တို့ကို ထည့်ပေးထား၏ (၉၁း၇-၈)။ နဖ်စ်သည် မလိုလားအပ်သော အရာ မဟုတ်ဘဲ အလ္လာဟ်လမ်းညွှန်နှင့်အညီ ထိန်းသိမ်းပြုပြင်က သန့်စင်လာ၍ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာနိုင်၏ (၈၄း၁၂။ ၉၁း၉-၁၀)
ဤလောကတွင် အလ္လာဟ်သည် နဖ်စ်တိုင်း (လူတိုင်း)ကို ၄င်းတို့နိုင်သော ဝန်ထက် ပိုမပေးထားပါ၊ (၂း၂၀၆၊ ၇း၄၂။ ၂၃း၆၂)။ လူသားတိုင်း နဖ်စ်ဝိညာဉ် တစ်ခုစီပိုင် ကြ၍ မိမိတို့ ပြုလုပ်သောကောင်းမှုနှင့် ပြစ်မှုများအတွက် တာဝန်ရှိကြ၏။ (၃း၃၀။ ၇၄း၃၈)။
လူတိုင်းသည် နိစ္စထာဝရပြီး ပြည့်စုံသောငြိမ်းချမ်းမှု ဂျန္နသ်သို့ဝင်ရန် မိမိ၏နဖ်စ်ကို မြင့်သည်ထက်မြင့်အောင်၊ သန့်စင်သည်ထက် သန့်စင်ဖွံ့ဖြိုးအောင် ကြိုးစားရမည်ဖြစ်၏။ (၁၂း၅၃။ ၇၅း၂။ ၈၉း၂၇)။
နဖ်စ်ဝိညာဉ်တိုင်း သေခြင်းတရား၏ အရသာကို မြည်းစမ်းကြရမည်။ (၂၀း၃၅)။
ရှင်ပြန်ထရမည့်နေ့တွင် နဖ်စ်ဝိညာဉ်တိုင်း မိမိတို့လုပ်ရပ်အတွက် အလ္လာဟ်ထံတော်တွင် အစားပေးခြင်းခံရမည် ဖြစ်၏။ (၁၆း၁၁၁)။ ဂျန္နသ်သို့ လူသားတို့သည် တည်ငြိမ်သော အဆင့်ရောက်မှသာ ဝင်ရမည် ဖြစ်၏။ (၈၉း၂၇-၃၀)။
လူသားတိုင်းတွင် ရှိသော‘ကလ်ဘ်’စိတ်နှလုံးနှင့် စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်၌ ကလ်ဘ်သည် စိတ်နှင့်ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာ ကြားခြင်းနှင့် မြင်ခြင်း၊ နဖ်စ်၏ ကောင်းမှုနှင့် မကောင်းမှုတို့၏ အသိ ဆင်ခြင်တုံတရား၊ ဟက္ကမဟ်ခေါ် ဉာဏ်၊ လွတ်လပ်စွာရွေးချယ်ဆုံးဖြတ် ခွင့်နှင့် လုပ်ပိုင်ခွင့် စသည်တို့ကို ဦးဆောင် ညွှန်ကြားသော စွမ်းအင်အဖြစ် ဖော်ပြထားသည်။ (ကုရ်အာန် ၃၂း၉။ ၉၁း၈။ ၂း၂၆၉။ ၁၀း၁၁၀- ၉၈။ ၄း၇၉-၈၀။ ၁၈း၂၉။ ၃၉း၄၁)။
ကလ်ဘ်သည် ရူဟ်၏ အလ္လာဟ်သိစိတ် တိုက်တွန်းချက်နှင့် မဖွံ့ဖြိုးသေးသော နဖ်စ်၏ မကောင်းမှုပြုရန် တိုက်တွန်းချက်ကိုခံရသည်၊ မိမိနှစ်သက်ရာကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်။ တာဝန်ရှိသည်။ ထိုလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ဖြင့် မဖွံ့ဖြိုးသေးသော နဖ်စ်၏ မကောင်းမှုစေ့ဆော်ချက်ကို နာခံပါက မိမိ၏ နဖ်စ်ကို နိမ့်သည်ထက်နိမ့်အောင် ဆုတ်ယုတ်ပျက်စီးစေခြင်းသာဖြစ်ပြီး နောက်ဆုံး နဖ်စ်သည် တစ်ဖြည်းဖြည်းနှင့် ဂျန္နသ်တည်းဟူသော နိစ္စထာဝရ ပြီးပြည့်စုံသည့် ငြိမ်းချမ်းမှုနှင့်သော် လည်းကောင်း၊ အလ္လာဟ်နှင့်သော် လည်းကောင်း ဝေးသည်ထက်ဝေး၍ ဒုက္ခပူလောင်မှုနှင့် နီးသည်ထက် နီးသွားစေ၏။
အကယ်၍ ကလ်ဘ် စိတ်နှလုံးသည် မဖွံ့ဖြိုးသေးသော နဖ်စ်၏ မကောင်းစေ့ဆော်မှုနှင့် လောဘ တို့ကို ဆန့်ကျင်၍ ရူဟ်၏ တိုက်တွန်းချက် အလ္လာဟ်သိစိတ်ကို နာခံကာ မိမိ၏ နဖ်စ်ကို ပြုပြင်ထိန်သိမ်း လေ့ကျင့်ပေးက နဖ်စ်သည် သန့်စင်သည်ထက် သန့်စင်လာ၍ ဖွံ့ဖြိုးသည်ထက် ဖွံဖြိုးလာကာ နိစ္စထာဝရပြီး ပြည့်စုံသော ဂျန္နသ်နှင့်သော် လည်းကောင်း၊ အလ္လာဟ်နှင့်သော် လည်းကောင်း နီးသည်ထက် နီးလာကာ ဒုက္ခပူလောင်မှု ဂျဟန္နမ်နှင့် ဝေးသည်ထက် ဝေးလာပေတော့သည်။
ထို့ကြောင့် လူသားတိုင်း၏ နဖ်စ်ကို ဆုတ်ယုတ်စေမှုနှင့် တိုးတက်စေမှုသည် ကလ်ဘ်စိတ်နှလုံး၏ အရည်အချင်း စွမ်းအင်တို့ဖြင့် ရွေးချယ် ဆုံးဖြတ်မှုအပေါ် မူတည်သည်။ (၁၀း၁၀၈။ ၃၉း၄၁)။ အလ္လာဟ်ကို အီမာန်သက်ဝင်ယုံကြည်မှုသည် ကလ်ဘ်စိတ်နှလုံးတွင်းသို့ ဝင်အောင်ပြုရမည် ဖြစ်ကြောင်း (၄၉း၁၄)။ အလ္လာဟ်ထံတော်မှ တရားအလင်းဗျာဒိတ် တို့ကို မကြားနိုင် မမြင်နိုင်သော စိတ်နှလုံးတို့ကို ဖုံးအုပ်ခြင်း ခံရသော စိတ်နှလုံးဟု လည်းကောင်း (၇း၁၇၉။ ၄၀း၅)။
အလ္လာဟ်ကို လက်မခံသော နဖ်စ်အမ်မာရတ်၏ မကောင်းစေ့ဆော်မှုကို နာခံသော မုစ်လင်မ် အယောင်ဆောင်သော စသည့် ကလ်ဘ်စိတ်နှလုံးများကို ရောဂါရှိသော နှလုံးများဟု လည်းကောင်း (၂း၁၀။ ၅း၅၅။ ၈း၄၉။ ၂၂း၅၃။ ၂၄း၅၀)။
နဖ်စ်ကို ဂျန္နသ်သို့ဝင်နိုင်စေရန် အလ္လာဟ်ဘက် ပြန်လှည့်သော နှလုံး(၅၀း၃၂-၃၅)။ လူတစ်ကိုယ်၌ စိတ်နှလုံးနှစ်ခု မရှိကြောင်း (၃၃း၎)။ ကိယာမသ်နေ့တွင် ချောက်ချားနေမည့် စိတ်နှလုံးများ (၇၉း၉)။ စသည်ဖြင့် ကုရ်အာန်၌ ဖော်ပြထား၏။