Saturday 4 August 2012

အီဘာဒတ် နှင့် အချစ်

အလ္လာဟ်သည် စကြဝဠာလောကခပ်သိမ်း၊ သက်ရှိသက်မဲ့ ခပ်သိမ်းတို့ကို ထင်ရှားဖြစ်ပေါ်စေပြီးနောက် သက်ဆိုင်ရာသဘာဝများနှင့်အညီ အရာခပ်သိမ်းကို ဝဟီလမ်းညွှန်မှုပေးတော်မူ၏။ လူသားကိုလည်း မည်သည့် သဘာဝဖြင့် ဖန်ဆင်းထား၍ မိမိ၏ပန်းတိုင် ဂျန္နသ်နိစ္စထာဝရ ငြိမ်ချမ်းမှုရအောင် မည်သို့ပြုရမည်ကိုလည်း လမ်းညွှန်ဝဟီ ချပေးတော်မူ၏။ အစ္စလာမ်သာသနာသည် လူ့သဘာဝကို ဖန်ဆင်းသော အကြွင်းမဲ့သိတော်မူသော အလ္လာဟ်ထံမှ သာသနာဖြစ်ပေရာ လူ့သဘာဝကို ဆန့်ကျင်သော အလယ်အလတ် လမ်းဖြောင့်လမ်းမှန်မဟုတ်သော ကျင့်စဉ်များ မပါရှိပေ။ အလ္လာဟ်၏ မဟာကရုဏာတော်စီမံကိန်းအရ လူသားကို လွယ်ကူစွာပင် အလ္လာဟ်၏ ကရုဏာခံစားနိုင်ရန် ကျင့်စဉ်များသာ ပေးထား၏။ ကုရ်အာန် ၃၆း၃၆ တွင် အလ္လာဟ်က စကြဝဠာလောကခပ်သိမ်းရှိ ကျွန်ုပ်တို့သိသော၊ မသိသော အရာခပ်သိမ်းတွင် ဆန့်ကျင်ဖက်အရာ ဒွိစုံများ ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေထားကြောင်း ဆိုထား၏။ ဥပမာ- အပူနှင့်အအေး၊ အလင်းနှင့် အမှောင်၊ ဖိုနှင့်မ စသည်တို့ ဖြစ်သည်။ အက်တမ်ခေါ် အဏုမြူမှုန် ကလေးသည်ပင် အဖိုဓာတ်ဆောင် ပရိုတွန်နှင့် အမဓာတ်ဆောင် အီလက်ထရွန်ဖြင့် ဖွဲ့စည်းထား၏ သစ်ပင်ပန်းမန် လောက၊ တိရစ္ဆာန်လောကနှင့် လူ့လောကအသီးသီးတွင် ဖိုနှင့်မဟူ၍ ရှိနေပေသည်။ စကြဝဠာတစ်ခုလုံးတွင်လည်း ဆန့်ကျင်ဖက် ရုပ်နှင့် ဆန့်ကျင်ဖက် စွမ်းအင်တို့ဖြင့် ထိန်းသိမ်းကာ သဟဇာတ ဖြစ်နေ၏။ စည်းမဲ့ကမ်းမဲ့ ဖြစ်မနေကြချေ။ အဏုမြူမှုန်မှသည် စကြဝဠာလောကခပ်သိမ်း၊ သက်ရှိခပ်သိမ်းထိ ဒွိစုံ စနစ်တကျ ရှိနေခြင်း၊ သဟဇာတဖြစ်နေခြင်းမှာ ဘာမျှအကောင် အထည်မရှိ စကားမပြောသော သဘာဝတရားကြီးက ပြုထား၍ မဟုတ်ချေ။ တိုက်ဆိုင်မှုကြောင့်လည်း မဟုတ်ချေ။ ဘုန်းတော် ဉာဏ်တော်အနန္တဖြင့် ပြီးပြည့်စုံတော်မူသော အလ္လာဟ်က ရည်ရွယ်ချက်ဖြင့် စနစ်တကျ ဖန်ဆင်းထားခြင်းသာ ဖြစ်ပေသည်။ လူသားတွင် ရုပ်နှင့် နဖ်စ်ဝိညာဉ် တွဲဖက်ပါရှိပေရာ အလ္လာဟ်က ကုရ်အာန်မှတစ်ဆင့် ရုပ်နှင့် နဖ်စ်ဝိညာဉ်တို့၏ သဘာဝကို လင်းပြထား၏။ ငြိမ်းချမ်းမှုရရန် မည်သို့ ဆောင်ရွက်ရမည်ကိုလည်း ညွှန်ကြားပြီး ဖြစ်ပေသည်။ အလ္လာဟ်သည် လူသားကို စကြဝဠာ လောကခပ်သိမ်း၌ အကောင်းဆုံးပုံစံဖြင့် ဖန်ဆင်းထား၏။ ကမ္ဘာမြေ၏ ခလီဖဟ် ကိုယ်စားလှယ်အဖြစ် အုပ်ချုပ်ရန် စွမ်းရည်များ ပေးထား၏။ အလ္လာဟ်၏ ကရုဏာတော်ကို အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း အိဘာဒတ်ပြု တည်ဆောက်မှသာ ရယူနိုင်ပေသည်။ လူသား၏ ရုပ်သဘာဝမှာ မြေမှစတင်ခဲ့၍ ရုပ်သဘာဝအတိုင်း ဖိုနှင့်မ ဒွိစုံတို့ဖြင့် ဖြစ်ပေါ်လာရလေသည်။ သို့သော် နဖ်စ်၏ သဘာဝမှာ နဖ်စ်ဝိညာဉ် တစ်ခု၊ သို့မဟုတ် အမျိုးအစား တစ်ခုတည်းမှ စတင်ခဲ့ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ နဖ်စ်ဝိညာဉ်တစ်ခုစီ ပိုင်ဆိုင်ကြလေသည်။ (ကုရ်အာန် ၄း၁။ ၃၂း၇) လူသား၏ တာဝန်မှာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မိမိ၏ နဖ်စ်ဝိညာဉ်ကို ဖွံ့ဖြိုးတိုးတက်၍ ဂျန္နသ် နိစ္စထာဝရ ငြိမ်းချမ်းမှုသို့ ဝင်ရောက်နိုင်ရန် အလ္လာဟ်၏ ဝဟီလမ်းညွှန်မှုဖြင့် ကျင့်ကြံရန်သာ ဖြစ်သည်။ အစ္စလာမ်တွင် အမျိုးသားနှင့် အမျိုးသမီး လိင်အရ ကွဲပြားမှုကြောင့် အမျိုးသမီးကို နှိမ့်ချမှု အလျင်းမရှိချေ။ အလ္လာဟ်၏ ရှေ့တော်မှောက်ဝယ် သက္ကဝါ (အလ္လာဟ်သိစိတ်) ပိုရှိသူက သာလွန်မြင့်မြတ်မည် ဖြစ်ပေသည်။ “ထိုအရှင်မြတ်သည် အသင်တို့၏ အမျိုးအစားများအနက်မှပင် ကြင်လျာ၊ ကြင်ဖက်များကို ၄င်းတို့ထံတွင် အသင်တို့ အနားယူ စိတ်ချမ်းသာမှု ရရှိအံ့သောငှာ ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့စပ်ကြား၌ ချစ်ခြင်းမေတ္တာကို လည်းကောင်း၊ အကြင်နာ တရားကို လည်းကောင်း၊ စီမံပြုလုပ်ပေးသနားတော်မူခဲ့၏။ ဧကန်မလွဲ ဤသည်၌ ဆင်ခြင်သုံးသပ် စဉ်းစားကြကုန်သော သူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများ ရှိပေသတည်း (ကုရ်အာန် ၃၀း၂၁) အလ္လာဟ်သည် လူသားတို့ကို က၇ုဏာတော်ချီးမြှင့်ရန်သာ ဖန်ဆင်းထားခြင်းသာ ဖြစ်၏။ အလ္လာဟ်၏ ဖန်ဆင်းမှု အရာခပ်သိမ်းသည် လူသား၏ အကျိုးအတွက်သာ ဖြစ်၏။ လူသားတို့ ကြုံတွေ့နေကြသော ဒုက္ခဟူသရွေ့သည် လူသဘာဝနှင့်အညီ အလ္လာဟ်ချပေးထားတော်မူသော အလ္လာဟ်၏ ဝဟီလမ်းညွှန်ကို လက်မခံ ငြင်းပယ်မှုကြောင့်သာ ဖြစ်၏။ မည်သူမပြု မိမိမှုသာ ဖြစ်၏။ ထို့ကြောင့် အစ္စလာမ်သာသနာတွင် ရုပ်နှင့် နဖ်စ်ဝိညာဉ်တို့၏ သဘာဝနှင့်အညီ ကျင့်ကြံနိုင်သော ထိရောက်သည့် လမ်းစဉ်သာ ရှိ၏။ ရုပ်နှင့် နဖ်ဝိညာဉ်တို့၏ သဘာဝကို ဆန့်ကျင်သော ကျင့်စဉ်မရှိပေ။ ရုပ်နှင့် နဖ်စ်ဝိညာဉ်တစ်ခုခုကို ဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ၊ လုံးဝစွန့်လွှတ်သော ကျင့်စဉ်နှင့် စည်းမဲ့ကမ်းမဲ့ အလွဲသုံးစား အလွန်အကြူးပြုကျင့်မှုစသည့် အစွန်းရောက်သော ကျင့်စဉ်မျိုးမရှိဘဲ သဘာဝနှင့်အညီ မည်သို့စနစ်တကျ အသုံးချရမည်ကို သင်ကြားသော ကျင့်စဉ်သာ ရှိပေသည်။ အလ္လာဟ်သည် လူသားများ အကြားဝယ် အချစ်၊ သံယောဇဉ်၊ မေတ္တာတရားနှင့် ကြင်နာမှုစသည်တို့ကို ထည့်သွင်းပေးထား၏။ ယင်းတို့ကို မည်သို့စနစ်တကျ အသုံးချရမည်ကိုလည်း သင်ကြား၏။ အချစ်၊ ဖိုနှင့်မ ဆက်ဆံရေးကို အသုံးချမှုနှင့် နာမ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှု၊ အောင်မြင်မှုတို့ကို ခွဲခြားနားလည်ရန် သင်ကြားသည်။ ထိုတရားတို့ကို မိမိ၏ အတ္တ ဆန္ဒရမ္မက် နောက်လိုက်၍ အသုံးချက ဆုံးရှုံးမည်ဖြစ်ပြီး အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း အသုံးချက အိဘာဒတ်ဖြစ်၍ နဖ်စ်ဝိညာဉ်၏ အောင်မြင်ငြိမ်းချမ်းမှု မုချရပေမည်။ လူသားတို့၏ မပြီးမပြည့်စုံသော ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာ အဆင့်ဆင့်တို့ဖြင့် အမှားအမှန်ကို ပြီးပြည့်စုံစွာ မခွဲခြားနိုင်၍ အလ္လာဟ်က ဝဟီလမ်းညွှန် ချပေးရခြင်းသာ ဖြစ်၏။ မီးသည် ပူလောင်ကျွမ်းတတ်သည် မှန်သော်လည်း စနစ်တကျ အသုံးချက လူသား၌ အကျိုးကျေးဇူးများစွာ ခံစားနိုင်၏။ လူသား၏ ရုပ်ခန္ဓာတွင် မျက်စိ၊ ပါးစပ်၊ နှာခေါင်း၊ နား၊ ခြေ၊ လက်စသည်တို့ဖြင့် သက်ဆိုင်ရာ အင်္ဂါအစိတ်အပိုင်းတို့ကို ရှိပါလျက် အသုံးမချက အသုံးမချခြင်းအတွက် သဘာဝတရားက ဒဏ်ခတ်လေ့ရှိ၏။ ရှိပါလျက် စည်းကမ်းမဲ့ အလွဲသုံးပါကလည်း ဆိုးကျိုးရလာဒ်ကို သဘာဝတ၇ားက ဒဏ်ခတ်လေသည်။ ဥပမာ အစာမစားကလည်း ဒုက္ခရ၏။ အလွန်အကျူးစားကလည်း ဘေးဥပဒ်ရ၏။ စနစ်တကျ စားမှသာ ရုပ်ခန္ဓာ ဖွံ့ဖြိုးလေသည်။ ထို့အတူ ဖိုနှင့်မ သဘာဝ လိင်အင်္ဂါတို့ကိုလည်း အသုံးမချဘဲ စွန့်ပစ်ခြင်း၊ သို့မဟုတ် စည်းကမ်းမဲ့စွာ အသုံးချခြင်းတို့အတွက် သဘာဝကို ဆန့်ကျင်မှုအတွက် သဘာဝတရားက ဒဏ်ခတ်လေတော့သည်။ လူ့ဖွံ့ဖြိုးမှုကို ဟန့်တားလေတော့သည်။ မုစ်လင်မ်ခေါ် အလ္လာဟ်ကို နာခံသူ အမျိုးသား၊ အမျိုးသမီးတစ်ဦးသည် ကျန်အရာခပ်သိမ်းထက် အလ္လာဟ်ကို ပိုမချစ်သမျှ ကာလပတ်လုံး စစ်မှန်သော မုစ်လင်မ် မဖြစ်ချေ။ အလ္လာဟ်အတွက် အရာခပ်သိမ်းကို စွန့်လှူနိုင်သောအစွမ်း ရရှိပေမည်။ ဤအခြေခံ အောက်တွင်သာ အစ္စလာမ်၏ အိမ်ထောင်ရေးစနစ်၊ ဇနီးနှင့်ခင်ပွန်းတို့၏ တာဝန်ဝတ္တတရားများ၊ မိဘနှင့် သားသမီးတို့၏ တာဝန်ဝတ္တတရားများ၊ ဆွေမျိုးပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း အသီးသီးတို့၏ တာဝန်ဝတ္တရားနှင့် အခွင့်အရေးတို့ကို အလ္လာဟ်က သတ်မှတ်ပေးထားခြင်း ဖြစ်ပေသည်။ ကုရ်အာန်ကျမ်းတော်မြတ်ကို အလ္လာဟ်က လူသားထံ နောက်ဆုံး ဝဟီလမ်းညွှန်အဖြစ် ချပေး၍ တမန်တော်ချုပ် မုဟမ္မဒ်သခင်ကို စံပြအဖြစ် လက်တွေ့ဘဝတည်ဆောက်ပြစေရန် စေလွှတ်တော်မူခဲ့ပေသည်။ တမန်တော်မြတ်သည်လည်း အောင်မြင်စွာ တည်ဆောက်ပြသွားပေသည်။ အစ္စလာမ် သာသနာတွင် မိမိ၏ ဘဝတစ်လျောက်လုံး ကိုယ်, နှုတ်စိတ်နှလုံး အားလုံးတို့ဖြင့် ပြုမူပြောဆိုချက် အားလုံးသည် အိဘာဒတ် ဖြစ်ပေရာ၊ အိမ်ထောင်ရေးသည်လည်း အိဘာဒတ် တစ်ရပ်ပင် ဖြစ်သည်။ အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း တစ်သဝေမတိမ်း နာခံရမည် ဖြစ်သည်။ မုစ်လင်မ်တစ်ဦးသည် အလ္လာဟ်ကို မိမိ၏ ဖန်ဆင်းရှင် ကျေးဇူးတော်ရှင်အဖြစ် လက္ခံ၍ အလ္လာဟ်ကို နာခံသူ ဖြစ်သည်။ မုစ်လင်မ် မဟုတ်သူ တစ်ဦးသည် အလ္လာဟ်ကို ငြင်းပယ်သူ၊ သို့တည်းမဟုတ် လက္ခံသော်လည်း အလ္လာဟ်၏အမိန့်နှင့် ဆန့်ကျင်၍ အလ္လာဟ်ကို အခြားအရာများနှင့် တန်းတူထားကိုးကွယ်သူ ဖြစ်သည်။ အလ္လာဟ်ကို လက္ခံမှုနှင့် ငြင်းပယ်မှုသည် နှလုံးသားရေးရာ ပြဿနာ ဖြစ်ပေသည်။ မုစ်လင်မ် တစ်ဦးနှင့် မုစ်လင်မ် မဟုတ်သူတစ်ဦး အိမ်ထောင်ပြု၍ မုစ်လင်မ်မဟုတ်သူသည် မုစ်လင်မ် ဖြစ်မလာနိုင်ပါ။ ၄င်း၏ နှလုံးသားမှ အလ္လာဟ်တစ်ပါးတည်းကိုသာ လက္ခံမှသာ မုစ်လင်မ် ဖြစ်ပေသည်။ အိမ်ထောင်ရေးသည် အီဘာဒတ်တစ်ရပ်ဖြစ်၍ အစ္စလာမ်တွင် မုစ်လင်မ်တစ်ဦးနှင့် မုစ်လင်မ် မဟုတ်သူ တစ်ဦး လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ထား၏။ ခံယူချက်၊ ယုံကြည်ချက် မတူသူနှစ်ဦးသည် အနီးကပ်ပေါင်းစပ်၍ မည်သို့ ဘဝတည်ဆောက် မည်နည်း။ အစ္စလာမ်အိမ်ထောင်ရေးသည် နဖ်စ်ဝိညာဉ်နှစ်ခု ပေါင်းစပ်၍ တည်ငြိမ်သော လူ့အဆောက်အအုံ တည်ဆောက်ကာ နဖ်စ်ဝိညာဉ်များ စုပေါင်း၍ အလ္လာဟ်၏ နှစ်သက်မှုကို ရှာဖွေခြင်းသာ ဖြစ်၏။ နှစ်ကိုယ့်တစ်စိတ် ဖြစ်ရမည့် ဇနီးမောင်နှံနှစ်ဦးသည် တစ်ယောက်တစ်လမ်း သွားနေပါက တဖြည်းဖြည်း လူ့အသိုင်းအဝန်းကိုပင် နောက်ဆုံး ထိခိုက်စေသည့် ပြဿနာရပ်များ ပေါ်ပေါက်လာလေတော့သည်။ အစ္စလာမ်သာသနာတွင် အဓမ္မစနစ်မရှိချေ။ ဘာသာခြားတို့ကို အိမ်ထောင်ပြု၍ သာသနာပြု၍လည်း မရချေ။ အလ္လာဟ်ကို မိမိကိုယ်တိုင်နားလည်၍ ရိုကျိုးလက္ခံမှသာ မုစ်လင်မ် ဖြစ်လာပေသည်။ ထို့အတူ မုစ်လင်မ် အမည်ခံတစ်ဦးအာလည်း အလ္လာဟ်ထက် ပိုချစ်သော အရာတွေ့၍ အစ္စလာမ်ကို စွန့်ခွာသွားခြင်းကို မတားမြစ်ချေ။ မိမိ၏ လုပ်ရပ်အတွက် မိမိသာ ဆိုးကျိုးခံစားရပေမည်။ အလ္လာဟ်နှင့် အစ္စလာမ်သာသနာတွင် ဆုံးရှုံးမှု အလျဉ်းမရှိချေ။ အလ္လာဟ်သည် ပြီးပြည့်စုံတော်မူပြီး ဖြစ်၏။ အိမ်ထောင်ရေးကြောင့် စိတ်နှလုံးကမပါဘဲ အစ္စလာမ်ထဲဝင်လာသူသည်လည်း အလ္လာဟ်၏ ရှေ့တော်မှောက်ဝယ် ဘာမျှတန်ဖိုး မရှိချေ။ အစ္စလာမ်အတွက်လည်း တန်ဖိုးမရှိချေ။ အစ္စလာမ်သာသနာသည် ရုပ်တရားတစ်ခုတည်းအပေါ် အခြေခံ၍ အချစ်နှင့် ကာမအတွက် အိမ်ထောင်ပြုခိုင်းခြင်း မဟုတ်ချေ။ အလ္လာဟ်ကို အိဘာဒတ်ပြုပြီး ငြိမ်းချမ်းရေးတရား တည်ဆောက်မည့် ခလီဖဟ် ကိုယ်စားလှယ် လူသားများ ပြန့်ပွားရေးအတွက်သာ ဖြစ်သည်။ တစ်ပါးတည်းသော အလ္လာဟ်ကို နှလုံးသားမှ လက္ခံသူ မုစ်လင်မ် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးသည်သာ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ပေသည်။ “ဓားမိုး၍ အစ္စလာမ်သာသနာဖြန့်သည်” “ဘာသာခြား အမျိုးသမီးတို့ကို ထိမ်းမြား၍ သာသနာဖြန့်သည်” စသော အဆိုတို့မှာ မုစ်လင်မ် အယောင်ဆောင် သာသနာဖျက် မုနာဖိက်တို့နှင့် အစ္စလာမ်ကို မလိုလားသူတို့၏ ဝါဒဖြန့်မှုသာ ဖြစ်သည်။ ၂၀ ရာစု ယဉ်ကျေးမှုဟု အမည်တပ်ထားသော အနောက်တိုင်းယဉ်ကျေးမှုကို ကြည့်၍ အစ္စလာမ်အိမ်ထောင်ရေးစနစ်ကို မဆုံးဖြတ်သင့်ချေ။ အနောက်တိုင်းတွင် အရှက်ကင်းမဲ့သော ဝတ်စားတန်ဆာ ဝတ်ခြင်း၊ အရက်သေစာ သောက်စားခြင်း၊ လောင်းကစားခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်းများကို လူ့အသိုင်းအဝိုင်းက ယဉ်ကျေးမှုအဖြစ် ပြုထား၏။ ဖိုနှင့်မ စည်းကမ်းမဲ့စွာ ကာမဆန္ဒတစ်ခုတည်းအတွက် တိရစ္ဆာန်သဖွယ် ပေါင်းသင်းကြသည်၊ ရွံရှာဖွယ် အပြုအမူတို့ကို ပြုကြ၏။ လိင်တူပေါင်းသင်းကြ၏။ အလ္လာဟ်၏ ဝဟီလမ်းညွှန်နှင့် ဆန့်ကျင်သော အပြုအမူများဖြစ်၍ ၄င်းတို့ထံသို့ အစ္စလာမ် သာသနာရောက်လာမည်ကို အလွန်စိုးရိမ်ကြသည်။ ထို့ကြောင့် အစ္စလာမ်သာသနာကို ခေတ်အဆက်ဆက် လုပ်ကြံဝါဒဖြန့်နေမှုသာ ဖြစ်ပေသည်။ သို့သော် ၄င်းတို့ လူ့အဖွဲ့အစည်းက လက္ခံ၍ ပြုနေသဖြင့် လူမှုလုံခြုံမှု မရှိတော့ဘဲ ကလေးငယ်ကျား/ မကလေးများပင် မတရား ကာမပြုကျင့်ခံနေရပေပြီ၊ အလ္လာဟ်ထံမှ ရောဂါဆိုများ၊ သဘာဝအန္တရာယ်များ တစ်ခုပြီးတစ်ခု ကျရောက်နေ၏။ ယခုနောက်ဆုံး အေအိုင်ဒီအက်စ် {AIDS} ရောဂါဆိုး ရနေပြန်လေပြီ။ ၄င်းတို့ကိုယ်ကို မပြုပြင်သမျှ နောက်ထပ် ဒုက္ခများ ဆိုက်ရောက်ဦးမည် ဖြစ်သည်။ ထို့အတူ ကာမဆန္ဒကို စွန့်ပယ်ခြင်းသည်လည်း မိမိ၏ ရုပ်သဘာဝကို ဆန့်ကျင်နေ၍ မိမိ၏နာမ်ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် အနှောင့်အယှက်ဖြစ်တော့၏။ ရုပ်နှင့်နာမ်တွဲထားသမျှ သဟဇာတဖြစ်အောင် ကျင့်ကြံရပေမည်။ မအိပ်၍လည်းမရ၊ မစား၍လည်း မရချေ။ ထို့ကြောင့် အလ္လာဟ်က ဖိုနှင့်မ တရားဝင် ‘နိကာဟ်’ ထိမ်းမြားင` ပေါင်းသင်းခွင့်ပေးထားခြင်း ဖြစ်ပေသည်။ တရားဝင် နိကာဟ်(ထိမ်းမြားမှု) မရှိဘဲ ဖိုနှင့်မ လုံးဝပေါင်းသင်းခွင့် မပြုပေ၊ ပြင်းထန်စွာတားမြစ်ထား၏။ ဤနည်းဖြင့်သာ မိမိကာမဆန္ဒကို ဖြေဖျောက်စေ၍ ရုပ်နှင့်နာမ် သဟဇာတဖြစ်စေသည့် စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက် မဖြစ်တော့ဘဲ သာသနာရေးရာတို့ကို ဆောင်ရွက်နိုင်လေတော့၏။ ဤကျမ်းငယ်တွင် အစ္စလာမ့် အိမ်ထောင်ရေးစနစ်နှင့် ကျင့်စဉ် အားလုံးကို ပြီးပြည့်စုံစွာ မဖော်ပြနိုင်ပါ၊ သဘောတရားအနည်းငယ်ကိုသာ ဖော်ပြထားခြင်း ဖြစ်ပါသည်။ အလ္လာဟ်သည် မုစ်လင်မ်တို့အတွက် ပြီးပြည့်စုံသော အိမ်ထောင်ရေး ကျင့်စဉ်ကို ချမှတ်ထားပေးပြီး ဖြစ်ပါသည်။ နာခံသူအတွက် ဒုက္ခကင်းဝေးစေ၍ ရုပ်နှင့်နာမ်ကို သဘာဝတရားနှင့် အညီ အောင်မြင်ငြိမ်းချမ်းမှုရမည် ဖြစ်ပေသည်။ အို…..လူသား အသင်၏ ရုပ်နှင့်နာမ်ကို ဤဘဝနှင့် တမလွန်တွင် မှန်ကန်ပြည့်စုံသော ငြိမ်းချမ်းမှု ရလိုက လက်ရှိ အသင်ရောက်နေရာတွင် ခေတ္တ ရပ်၍ ဆင်ခြင်ပါလော့…။ - အသင်သည် အဆင်းတန်ဆာ အလွန်လှပသော်လည်း အောက်ခြေ မခိုင်သော အဆောင်ပေါ်တွင် နေနေပါသလော့…။ - အသင်လျှောက်နေသော လမ်းသည် အသင်လိုရာသို့ ဖြောင့်တန်းစွာ ပို့နိုင်သောလမ်း ဟုတ်ပါသလော့၊ မည်သည့် အာမခံချက် ရှိသနည်း။ - အသင်သည် မိမိ၏ဆန္ဒ မိရိုးဖလာနှင့် ပတ်ဝန်းကျင်ကို ရေစုန်မျှောလိုက်နေခြင်းလော၊ သို့တည်းမဟုတ်၊ အမှန်တရားကို သိ၍ ပြုလုပ်နေခြင်းလော…။ - အသင်သည် သေခြင်းတရားကို ရှောင်နိုင်သူ ဖြစ်သလော…။ အောက်ခြေ မခိုင်သော အဆောင်တွင် အဆင်းတန်ဆာနှင့် ပတ်ဝန်းကျင်ဖြင့် ယစ်မူးနေကလည်း အဆင်းတန်ဆာနှင့် ပတ်ဝန်းကျင်နှင့် အတူပြိုကျ ပျက်စီးကြမည်သာ ဖြစ်၏။ အရာရာကို ဆန်းစစ်၍ သေခြင်းတရား မရောက်မီ အမှန်တရားကို ရှာဖွေပါလော့။ မနက်ဖြန်သည် သင့်အတွက် မဟုတ်ပါ။ ယနေ့သည် သင့်လက်ထဲတွင် ရှိနေ၏။ နေမင်း၏ အလင်းရောင် ရှိပါလျက် အသင်၏ အမြင်အာရုံဖြင့် မကြည့်က နေမင်း၏ အပြစ်မဟုတ်ပါ။ အလ္လာဟ်၏ အလင်းရောင် ကုရ်အာန်ကျမ်းမြတ်လည်း ရှိပါလျက် အသင် မကြည့်က အလ္လာဟ်၏အပြစ်လည်း မဟုတ်ပါ။ ဆုံးရှုံးမှုဟူသည် အသင့်ကြောင့်သာ ဖြစ်ပါသည်။ ထို့ပြင် သေပြီးနောက် လူသားအားလုံးသည်အလ္လာဟ် အရှင်မြတ်၏ ထံတော်သို့သာ ပြန်ရောက်ကြရပေမည်။ အသင်အဆင့်သင့် ဖြစ်ပြီလော။ ငြိမ်းချမ်းလုလင် { 7.4.87 } ဒုက္ခနှင့် ဆုံးရှုံးမှုနှင့် “စင်စစ် အသင်တို့၌ သက်ရောက်လေ့ရှိသော ဘေးဒုက္ခ ဟူသမျှတို့သည် အသင်တို့၏ လက်များ ဆည်းပူးခဲ့ကြသော အပြုအမူတို့ကြောင့်ပင် သက်ရောက်ခဲ့ကြသည်သာ” (ကုရ်အာန် ၄၂း၃၀) အလ္လာဟ်၏အမေး ‘သို့ပါလျက် ၄င်းတို့သည် ကျမ်းမြတ်ကုရ်အာန်ကို စေ့ငစွာ စဉ်းစားဆင်ခြင်သုံးသပ်ခြင်း မပြုကြသလော။ သို့တည်းမဟုတ်၊ (၄င်းတို့၏) စိတ်နှလုံးများပေါ်၌ သော့ခလောက်များ ခတ်ထားလျက် ရှိနေသလော” (ကုရ်အာန် ၄၇း၂၄) အလ္လာဟ်၏ ကတိတော် “အို…တည်ငြိမ်သော နဖ်စ်ဝိညာဉ်၊ အသင်သည် မိမိ၏ အရှင်မြတ်အထံတော်သို့ ကျေနပ်လျက် ထိုအရှင်မြတ်၏ ကျေနပ်မှုကိုခံယူလျက် ပြန်သွားလေလော့၊ ထို့နောက် အသင်သည် ငါအရှင်မြတ်၏ ကျွန်တို့တွင် ပါဝင်လေလော့၊ ၄င်းပြင် အသင်သည် ငါအရှင်မြတ်၏ ဂျန္နသ် နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှုသို့ ဝင်ရောက်လေလော့” (ကုရ်အာန် ၈၉း၂၇-၃၀)

1 comment: