Tuesday, 7 August 2012
ဘရ်ဇတ်ခ် ကြားအခြေအနေ
ဘရ်ဇတ်ခ် ကြားအခြေအနေ
ဖော်ပြပါ အာယာသ်တော်အရ ‘ဘရ်ဇတ်ခ်’ဟူသည် လူသား၏ သေခြင်းနှင့် ကိယာမသ် ရှင်ပြန်ထကြရမည့် နေ့တော်ကြီးမတိုင်မီ ကြားအခြေအနေကို ခေါ်ပေသည်။ လူ့သမိုင်းအစမှ ခေတ်အဆက်ဆက် သေပြီးသူများ၊ နောင် သေကြဦးမည့်သူအားလုံးသည် အလ္လာဟ်ကို လက္ခံသူဖြစ်စေ၊ ငြင်းပယ်သူဖြစ်စေ ထိုဘရ်ဇတ်ခ် ကြားအခြေအနေသို့ ရောက်ကြရလေသည်။ လူပြန်ဖြစ်ခြင်း၊ တိရစ္ဆာန်ဖြစ်ခြင်း၊ နတ်ဖြစ်ခြင်း၊ မလာအီကဟ်ဖြစ်ခြင်း စသည့် ဘဝကူးပြောင်းခြင်း မရှိပါ။ ထိုအခြေအနေတွင် သေသူအားလုံးတို့၏ နဖ်စ် ဝိညာဉ်တို့သည် ရှင်ပြန်ထကြရမည့် နေ့တိုင်အောင် ရှိနေကြပေသည်။
တမလွန်ဘဝတွင် လူသား၏ လက်ရှိ ရုပ်ခန္ဓာကိုယ်ကြီးဖြင့် ရှိနေခြင်း မဟုတ်ဘဲ နဖ်စ် ဝိညာဉ်အဖြစ် ရှိနေခြင်းသာ ဖြစ်၏။ ထိုနဖ်စ် ဝိညာဉ်သည် ရှင်ပြန်ထကြရမည့်နေ့တွင် မိမိ၏ကောင်းမှု၊ မကောင်းမှု အားလုံးတို့အတွက် အစားပေးခြင်း ခံကြရမည် ဖြစ်ပေသည်။
သို့သော် လက်ရှိရုပ်လောကသည် အချိန်နှင့် အာကာသ ကန့်သတ်မှု အတွင်း၌ရှိပြီး တမလွန်သည် လက်ရှိရုပ်လောက၏ အချိန်နှင့် အာကာသ ကန့်သတ်မှုတို့မှ ကင်းလွတ်နေပေရာ နဖ်စ် ဝိညာဉ်သည် ကိယာမသ် ရှင်ပြန်ထကြရမည့်နေ့ကို မည်မျှကြာအောင် စောင့်နေရသနည်း ဟူသော အချိန်ပြဿနာမရှိချေ။ ထိုသေသူ၏ ကဘရ်သည် မည်သို့ရှိသနည်းဟူသော နေရာ(အာကာသ) ပြဿနာလည်း မရှိချေ။ ရုပ်လောကမှ လူသားတို့ ဉာဏ်မမီနိုင်ချေ။ နဖ်စ်ဝိညာဉ်လောကကို ရုပ်တရား၏ အချိန်နှင့် အာကာသတို့ဖြင့် ဖော်ပြနိုင်စွမ်းလည်း မရှိချေ။ အလ္လာဟ်က ကုရ်အာန်တွင် အောက်ပါအတိုင်း ဥပမာပေး ပြဆိုထား၏။
“ထို (ကိယာမသ်)နေ့တွင် ၄င်းတို့သည် မိမိတို့မှာ ရုပ်လောကတွင်) နေ့၏ တစ်နာရီခန့်မျှသာ နေခဲ့ကြသည် (ဟု ထင်မှတ်ကြပေမည်) ” (ကုရ်အာန် ၁၀း၄၅)
ထို့အတူ တမလွန်၏ တစ်နေ့တာသည် ရုပ်လောက၏ နှစ်ပေါင်း တစ်ထောင်နှင့် ညီမျှ၏ (ကုရ်အာန် ၂၂း၄၇)။ ရုပ်လောက၏ နှစ်ပေါင်း ငါးသောင်းနှင့်ညီမျှ၏။ (ကုရ်အာန် ၇၀း၎) စသည်ဖြင့် တင်စားခိုင်းနှိုင်း ဖော်ပြထားပေသည်။ စင်စစ် တမလွန်ဘဝတွင် ရုပ်လောက၏ အချိန်နှင့် အာကာသ ကင်းလွတ်မှုကို တင်စားဖော်ပြခြင်းသာ ဖြစ်၏။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment