Showing posts with label မျိုးနွယ်စုများ. Show all posts
Showing posts with label မျိုးနွယ်စုများ. Show all posts

Thursday, 13 September 2012

အာရဗ်နှင့်အစ္စရာအီလ် မျိုးနွယ်များ

အာရဗ်နှင့်အစ္စရာအီလ် မျိုးနွယ်များ တမန်တော်ကြီး အီဘရာဟီမ်၏ သားအကြီးဖြစ်သော တမန်တော် အစ္စမာအီလ်မှ တစ်ဆင့် အာရဗ်မျိုးနွယ်များစွာတို့ ဆင်းသက်ပေါက်ဖွားခဲ့သည်။ တမန်တော် အီဘရာဟီမ်၏ သားငယ် အစ္စဟာက်မှ တစ်ဆင့် “အစ္စရာအီလ်” မျိုးနွယ်များစွာတို့ ဆင်းသက် ပေါက်ဖွားခဲ့ကြသည်။ အစ္စရာအီလ် မျိုးနွယ်များအတွင်း၌ တမန်တော် ယအ်ကုဘ်၊ ယူစုဖ်(JOSEPH)။ မူဆာ (MOSES)။ ဒါဒ်(DAVID)။ စူလိုင်မာန်(SOLOMON)။ ယဟ်ယာ(JOHN)။နှင့် မရ်ယမ် သခင်မ၏သားတော် အီဆာ(ခရစ်တော်)တို့ အပါအဝင် များစွာသော တမန်တော်များ ခေတ်အဆက်ဆက်၌ ပွင့်ပေါ်ခဲ့ကြလေသည်။
ထို့အတူ အန္ဒိယ၊ တရုတ်၊ အီဂျစ်၊ ဂရိ၊ အာဖရိက စသော လူသားမျိုးနွယ် အသီးသီး ခေတ်အသီးသီးတွင် ဖန်ဆင်းရှင် အလ္လာဟ်က လူသားတမန်တော်များ ပွင့်စေ၍ တရားအလင်းများ ပေးခဲ့သည်။ တမန်တော် အီဘရာဟီမ်နှင့် သားတော် အစ္စမာအီလ်တို့ ကအ်ဘဟ်ကျောင်းတော် တည်ဆောက်ပြီးစဉ် အလ္လာဟ်ထံတော်တွင် ဤကျောင်းတော်ရှိရာ ဒေသကို လုံခြုံငြိမ်းချမ်းစေရန်၊ စားနပ်ရိက္ခာပေါကြွယ်ဝစေရန် အလ္လာဟ်ကို နာခံသူမျိုးဆက်များပေးရန်၊
ထိုမျိုးဆက်တွင်းမှလည်း ရစူလ်တမန်တော်တစ်ပါး ပွင့်ပေါ်စေရန် ဆုဒုအာတောင်းဆိုခဲ့မှုကို အလ္လာဟ်က လက္ခံခဲ့တော်မူ၏။ ထိုဆုပန်မှုကြောင့် ခေတ်အဆက်ဆက် အခြား ကမ္ဘာ့ဒေသများတွင် တမန်တော်အသီးသီး ပွင့်ခဲ့၍ ကမ္ဘာ၏ နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် မက္ကာဟ်၌ ပွင့်ပေါ်တော်မူခဲ့ရလေသည်။
အီဂျစ်ဘုရင်ဖာရို၏ မမ်မီရုပ်အလောင်း သက်သေ
အီဂျစ်နိုင်ငံ အတိတ်ခေတ်က အုပ်ချုပ်ခဲ့သူ ဘုရင်တို့ကို ဖာရို(ဖစ်ရ်အောင်)ဟု ခေါ်သည်။ အီဂျစ်ဘုရင် ဖာရိုတို့သည် ထိုခေတ်က အစ္စရာအီလ် မျိုးနွယ်တို့ကို ကျွန်အဖြစ်ပြုထားခဲ့ကြသည်။ မွေးဖွားလာသော အစ္စရာအီလ်မျိုးနွယ်သား ယောကျာင်္းလေးများကို သတ်ပစ်သည် သမီးမိန်းကလေးများကိုသာ အရှင်ထားသည်။ အီဂျစ်တို့ကို အစ္စရာအီလ်မျိုးနွယ်တို့ တော်လှန်မည်စိုး၍ကြီးစွာသော စီမံချက်ဖြစ်ခဲ့သော်လည်း အလ္လာဟ်၏ စီမံချက်ကိုကား မကျော်လွှားနိုင်ခဲ့ချေ။
အစ္စရာအီလ်တို့ အတွင်းမှ တမန်တော် ဖြစ်လာမည့်မူဆာ (MOSES)သည် အီဂျစ်တို့က အစ္စရာအီလ်မျိုးနွယ်တို့မှ သားယောကျာင်္းကလေးများ သတ်နေချိန်တွင်ပင် မွေးဖွားခဲ့၏။ အလ္လာဟ်သည် မူဆာ၏ မိခင်အား ကလေးငယ်ကို နိုင်းမြစ်အတွင်း ပစ်ချရန် ဝဟီအကြံ ထည့်သွင်းပေးလေသည်။ အလွန် ချစ်စဖွယ်ကောင်းသော မူဆာကလေးကို ဖာရိုဘုရင်၏ အိမ်သူ အိမ်သားတို့ နိုင်းမြစ်တွင်းမှ ဆယ်ယူ ရရှိခဲ့၍ ဖာရိုဘုရင်၏ ဇနီးက ဖာရိုဘုရင်ကို ဖျောင်းဖျကာ နန်းတော်တွင်း၌ပင် ကြီးပြင်းစေခဲ့သည်။ အလ္လာဟ်၏ အံ့ဖွယ် စီစဉ်မှုပင် ဖြစ်သည်။
တမန်တော် မူဆာနှင့် စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်အတွင်း အလ္လာဟ်က နေရာများစွာတို့တွင် ဖော်ပြထား၏။ အလ္လာဟ်သည် မူဆာသခင်ကို တမန်တော်အဖြစ် ခန့်အပ်၍ ဝဟီလမ်းညွှန်နှင့် သက်သေလက္ခဏာများကို ချီးမြှင့်ကာ ဖာရိုဘုရင်နှင့် အီဂျစ်နိုင်ငံသားများ အစ္စရာအီလ်များကို တရားအလင်း ပြစေခဲ့သည်။ အီဂျစ် ယဉ်ကျေးမှု ထွန်းကားစဉ်……..ဖာရို ဘုရင်သည် အတတ်ပညာရှင်များ၊ စည်းစိမ် ဥစ္စာပစ္စည်းများနှင့် အာဏာကို ပိုင်ဆိုင်ထားစေရာ မိမိကိုယ်ကို လူသားတို့ ကိုးကွယ်ရာဟု ထင်နေခဲ့သည်။
တမန်တော် မူဆာသည် အလ္လာဟ် ချီးမြှင့်ထားသော အံ့ဖွယ်သက်သေလက္ခဏာများစွာတို့ဖြင့် ထိုခေတ်က ဖာရို၏ မှော်ဆရာများကို အနိုင်ယူကာ ဖန်ဆင်းရှင် အလ္လာဟ်ကိုသာ ကိုးကွယ်ရန်၊ ဖိနှိပ်ချုပ်ချယ်မှုများ ရပ်ဆိုင်းရန် အစ္စရာအီလ်တို့အား ကျွန်အဖြစ်မှ လွှတ်ပေးရန် ဖာရိုဘုရင်ကို တောင်းဆိုခဲ့သည်။ ဖာရို၏ မှော်ဆရာများ၊ အတတ်ပညာရှင်များသည် တမန်တော်မူဆာမှာ မှော်ဆရာ မဟုတ်ဘဲ အလ္လာဟ်၏ တမန်တော်များ ဖြစ်ကြောင်းလက္ခံခဲ့ကြ၏။
ဖာရိုဘုရင်မှာမူကား ၄င်း၏ နောက်လိုက်များနှင့်အတူ ဘာကိုမျှ ဂရုမစိုက်ဘဲ ပြစ်မှုကျူးလွန်မြဲ ကျူးလွန်နေခဲ့သည်။ ဖာရိုဘုရင်သည် ငြင်းဆန်ခဲ့မှုကြောင့် တိုင်းပြည်အတွင်း၌ နှစ်ပေါင်းများစွာ မိုးခေါင်ခြင်း၊ စားနပ်ရိက္ခာ ခေါင်းပါးခြင်း၊ ရောဂါဘယ ထူပြောခြင်း စသော ဘေးဒုက္ခ တစ်ခုပြီး တစ်ခု အလ္လာဟ်က သင်ခန်းစာအဖြစ် ချပေးခဲ့သည်။ တိုင်းပြည်တွင် ဘေးအန္တရာယ် ကျလာလျင် ဖာရိုဘုရင်သည် တမန်တော် မူဆာအား အလ္လာဟ်ထံတွင် တောင်းပန်ခိုင်း၏။ အလ္လာဟ်က ရပ်ပေးလိုက်သောအခါ ဖာရိုသည် ၄င်း၏ ယုတ်မာမှုများကို ဆက်လက်ပြုကျင့်၏။
နောက်ဆုံးတွင် အလ္လာဟ်သည် တမန်တော် မူဆာအား ၄င်းနောက်လိုက်များနှင့်အတူ ညအချိန်တွင် ထွက်ခွာရန် ဝဟီအမိန့်ပေးလေသည်။ တမန်တော် မူဆာနှင့် နောက်လိုက်တို့မှာ ပင်လယ်ကို အလ္လာဟ်၏ ကရုဏာတော်ဖြင့် ခြောက်သွေ့စွာ ဖြတ်ကူး လွတ်မြောက်သွားခဲ့ကြသော်လည်း နောက်မှလိုက်လာသော ဖာရိုဘုရင်နှင့် နောက်လိုက်တို့မှာ ပင်လယ်တွင်း၌ နစ်မြုပ်ပျက်စီးခဲ့ကြလေသည်။ (ကုရ်အာန် ၂၀း၅၆-၇၈)။ ဖာရိုသည် သေခါနီကျမှ အလ္လာဟ်ကို လက္ခံပါပြီဟု ဆိုသည်။ သို့သော် ထိုအချိန်ကျမှ လက္ခံမှုသည် အချည်းနှီးသာတည်း
“(အလ္လာဟ်မိန့်၏) ယခုမှဖြင့် အီမာန် သက်ဝင်ယုံကြည်လေသလော၊ အမှန်စင်စစ် အသင်တို့ ယခု(မနစ်မြုပ်မီ) အချိန်အထိ (ငါအရှင်မြတ်အား) မထီမဲ့မြင်ပြုခဲ့ရုံမျှမက ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သူတို့တွင်လည်း တစ်ဦးအပါအဝင် ဖြစ်လေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အသင်၏ နောင်လာနောက်သားတို့အဖို့ သံဝေဂရစေသော သက်သေလက္ခဏာတစ်ရပ်အဖြစ် အသင်၏ ရုပ်ကလာပ်ကို ယနေ့ကယ်တင်ထားတော်မူမည်” (ကုရ်အာန် ၁၀း၉၁-၉၂)
တမန်တော်မူဆာသည်နှင့် အီဂျစ်ဘုရင်တို့၏ သမိုင်းမှာ ကုရ်အာန်ကျမ်းမြတ် မရောက်မီ အလျင်နှစ်ပေါင်းထောင်နှင့်ချီ၍ ကြာခဲ့ပေပြီ။ သို့သော် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်သည် ခရစ်သက္ကရာဇ် ၆၁၀ မှ ၆၃၂ အတွင်း ပွင့်ပေါ်ခဲ့၍ အလ္လာဟ်ထံမှ ကုရ်အာန်ကျမ်းမြတ်ကို လက္ခံရရှိခဲ့သည်။ ထိုကုရ်အာန်ကျမ်းမြတ်အတွင်း ဖာရိုဘုရင်၏ ရုပ်ကလာပ်ကို အလ္လာဟ်ဆယ်ထားကြောင်း နောင်လာ နောက်သားတို့အတွက် (အလ္လာဟ်ကို မငြင်းဆန်ရန်) သက်သေလက္ခဏာအဖြစ် ပြုထားကြောင်း ဖော်ပြထားခဲ့၏။ သို့သော် ကုရ်အာန်ကျမ်း ကျပြီးနောက်နှစ်ပေါင်း ၁၃၀၀ ကျော်တိုင်အောင် ကမ္ဘာ့လူသားတို့ ဘုရင်၏ ရုပ်ကလာပ်ကို ရှာမမတွေ့ခဲ့ချေ။
၁၈၉၈ ခုနှစ်တွင် အီဂျစ်နိုင်ငံ၊ နိုင်းမြစ်ကမ်းရှိ (LUXOR)နှင့် မျက်နှာချင်းဆိုင်ရှိ (THEBES)ဂူများအတွင်း ဖာရိုဘုရင်၏ ရုပ်ကလာပ်ကို မမ်မီရုပ်အလောင်းအဖြစ် ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သဖြင့် ကုရ်အာန်ကျမ်းမြတ်သည် ဖန်ဆင်းရှင်အလ္လာဟ်ထံမှ လူသားတိုင်းအတွက် လမ်းညွှန်အမှန်ဖြစ်ကြောင်း ထင်ရှားသွားခဲ့ပေသည်။