Showing posts with label အစ္စလာမ့်သပ္ပံ. Show all posts
Showing posts with label အစ္စလာမ့်သပ္ပံ. Show all posts

Thursday, 20 September 2012

သစ်ပင်ပန်းမန် လောကနှင့် သက်ရှိသက်မဲ့အရာခပ်သိမ်းတို့ ဝဟီကို နာခံနေကြခြင်း

သစ်ပင်ပန်းမန် လောကနှင့် သက်ရှိသက်မဲ့အရာခပ်သိမ်းတို့ ဝဟီကို နာခံနေကြခြင်း
စကြဝဠာခပ်သိမ်းအတွင်းရှိသော လောကခပ်သိမ်းဝယ် သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့သည် ဖန်ဆင်းရှင်အလ္လာဟ်ထံတော်မှ သက်ဆိုင်ရာ ဖန်ဆင်းခံအသီးသီးကို မည်သည့်သဘာဝဖြင့် ဖန်ဆင်းထားကြောင်း၊ မည်သည့်အတွက်ကြောင့် ဖန်ဆင်းထားကြောင်းနှင့် ထိုသဘာဝ၊ အကြောင်းတရားတို့နှင့် လိုက်လျောညီထွေစွာ ကျင့်ဆောင်ကြရမည့် ဝဟီကို ချပေးထား၏။ ယင်းသက်ရှိသက်မဲ့ အရာခပ်သိမ်းတို့၏ အလ္လာဟ့်ဝဟီနှင့်အညီ အိဘာဒသ်ပြု (ဘဝတည်ဆောက်)နေမှုများ အနက် အချို့ကို လူသားတို့ သိနိုင်သော်လည်း အချို့ကို နားမလည်နိုင်ကြချေ။
“သူရိယ နေသည်လည်းကောင်း၊ စန္ဒာ လသည် လည်းကောင်း၊ အတွက်အချက်၊ အချိန်နှင့်ကိုက်ညီစွာ (နာခံသွားလာလှုပ်ရှားလျက်)ရှိကြ၏။ ကြယ်နှင့် ပင်စည်မပါသော အပင်ငယ်များသည် လည်းကောင်း၊ ပင်စည်ပါသော အပင်များသည် လည်းကောင်း အမိန့်နာခံ ပျပ်ဝပ်ဦးချ စဂျီဒဟ်ပြုလျက် ရှိကြကုန်၏” (ကုရ်အာန် ၅၅း၅-၆)
“မိုးခုနှစ်ထပ် သည်လည်းကောင်း၊ ကမ္ဘာဂြိုဟ်သည် လည်းကောင်း၊ ထို မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်၌ ရှိသူတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း ကျူးရင့်လျက် ရှိကြကုန်၏။ စင်စစ် (သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ်အား ချီးမွမ်းထောမနာ ပြုခြင်းနှင့်တကွ စင်ကြယ်သန့်ရှင်းတော်မူကြောင်း ရွတ်ဆိုကျူးရင့်လျက်ပင် ရှိကြကုန်၏။ သို့ရာတွင် အသင်တို့မှာမူကား ယင်းတို့၏ ပွားများတသမှုကို နားမလည်ကြချေ” (ကုရ်အာန် ၁၇း၄၄)
လူသားနှင့် ဝဟီ
လူသားတို့သည်လည်း စကြဝဠာလောကခပ်သိမ်းအတွင်းမှ အစိတ်အပိုင်း တစ်ခုဖြစ်ပေရာ အလ္လာဟ်၏ ဝဟီလမ်းညွှန် အမိန့်တော်နှင့် ကင်းကွာ၍မရချေ။ လူသားတို့ကို ထင်ရှားဖြစ်ပေါ်စေသော အလ္လာဟ်ရှိနေမှု၊ လူသားတို့ကို ထင်ရှားဖြစ်ပေါ်စေထားသော သဘာဝ၊ ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေရသည့် အကြောင်းရင်း၊ ယင်းသဘာဝနှင့် အကြောင်းရင်းတို့နှင့် လိုက်လျော ညီထွေသည့် ဘဝတည်ဆောက်မှုလမ်းညွှန် ဝဟီအမိန့်တော်ကို အလ္လာဟ်ထံတော်မှ ဖန်ဆင်းခံ လူသားတို့ထံသို့ ပို့ချရမည့်မှာ အမှန်ပင်ဖြစ်ပေသည်။
အကယ်၍သာ ဖန်ဆင်းရှင် အလ္လာဟ်ထံတော်မှ ဝဟီလမ်းညွှန်မှု မရခဲ့သော် လူသားတို့သည် အလ္လာဟ်ရှိနေမှု၊ မိမိတို့၏ သဘာဝ၊ မိမိတို့ထင်ရှားဖြစ်ပေါ်နေရသည့် အကြောင်းရင်း၊ ဘဝ၏အဓိပ္ပာယ်နှင့် ပန်းတိုင်စသည်တို့ကို နားမလည်တော့ဘဲ ဘဝနှင့် ဆန့်ကျင်သော ဘဝတည်ဆောက်မှုများ၊ အစွန်းရောက်သော ကျင့်စဉ်များ စသည်တို့ကို ပြုကြခြင်းဖြင့် လမ်းမှန်မရတော့ဘဲ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပေတော့မည်။ ထို့ကြောင့် မဟာကရုဏာတော်ရှင် အလ္လာဟ်က လူသားတို့ကို ဝဟီလမ်းညွှန် အမိန့်တော်ပို့ချတော်မူလေသည်။
“အလ္လာဟ် ညွှန်ကြားပြသတော်မူသော လမ်းညွှန်သည်သာလျင် မုချဧကန် ဖြောင့်မတ် မှန်ကန်သော တရားလမ်းစဉ်ပင်တည်း…” (ကုရ်အာန်၂း၁၂၀)
“သို့ဖြစ်ပေရာ အသင်(လူသား)သည် လူသားတို့အား အလ္လာဟ် အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သော သဘာဝတရားနှင့် အညီ မိမိ၏မျက်နှာကို (မှန်ကန်သော) “ဒိန်”(ဘဝတည်ဆောက်မှုလမ်းစဉ်) သာသနာပေါ်၌ အာရုံစိုက်လျက် ခိုင်ခံ့တည်တံ့စွာထားရှိပါလေ…” (ကုရ်အာန် ၃၀း၃၀)
လူသားသည် ဥပဒေသ နှစ်မျိုးဖြင့် အမိန့်ပေးခြင်း ခံရသည့် အက်တမ်ခေါ် အဏုမြူမှုန်များဖြင့်ဖွဲ့စည်း တည်ဆောက်ထားသော လူသား၏ ရုပ်ခန္ဓာမှာ ရုပ်ဥပဒေသဝဟီဖြင့် (စကြဝဠာကဲ့သို့ပင်) အမိန့်ပေးခြင်း ခံနေရသည်။ တစ်ချိန်တည်းမှာပင် လူသား၏ “နဖ်စ်ဝိညာဉ်”မှာ လူသားတစ်ဦးချင်းထံ သီးခြားပေးခြင်းမခံရသော ဝဟီအမိန့်တော်ဖြင့် လမ်းညွှန်မှုခံရလေသည်။
လူသားနဗီတမန်တော်များ
လူသားတစ်ဦးချင်းတိုင်းတွင် ပိုင်ဆိုင်သော “နဖ်စ်ဝိညာဉ်”ကို အလ္လာဟ်ပေးသော ဝဟီလမ်းညွှန်သည် လူသားထုတစ်ရပ်လုံး အသွင်ဖြင့်ပေးခြင်းခံရ၏။ လူသားတို့၏ ပထဝီမြေပေါ်ဝယ် လူဟူ၍ စတင်ထင်ရှားဖြစ်ပေါ်လာကတည်းက လူ့သမိုင်းစတင်ချိန်မှစ၍ ခေတ်အဆက်ဆက်၊ မျိုးနွယ်အသီးသီးတို့တွင် လူသားတွင်းမှ နဗီတမန်တော်များကို အလ္လာဟ်က ရွေးချယ်ပွင့်ပေါ် စေခဲ့သည်။
ထိုလူသား နဗီတမန်တော်များမှ တစ်ဆင့် သက်ဆိုင်ရာခေတ်၊ ဒေသရှိ လူသားမျိုးနွယ်တို့ လိုက်နာရန် လမ်းညွှန်ကို “ဝဟီ”အဖြစ် အလ္လာဟ်က ချပေးတော်မူခဲ့လေသည်။ ထိုနဗီ တမန်တော် အသီးသီးတို့သည် မိမိတို့ပွင့်ပေါ်ရာ ဒေသရှိ လူတို့နားလည်သော ဘာသာစကား ဖြင့်သာ ဟောကြားခဲ့ကြ၏။ ခေတ်အဆက်ဆက် ဒေသအသီးသီးတွင် တစ်သိန်း နှစ်သောင်းလေးထောင်သော နဗီတမန်တော်များ ပွင့်ခဲ့ကြသော်လည်း အခြေခံအားဖြင့် လမ်းညွှန်ဝဟီအမိန့်သည် အတူတူပင်ဖြစ်သည်။ စကြဝဠာနှင့်ယှဉ်သော အမှန်တရား “သောဝ်ဟီဒ်”ကိုသာ ဟောကြားခဲ့သည်။ အလ္လာဟ်တစ်ပါးတည်း၏ အမိန့်တော်ကိုသာ နာခံ၍ အီဘာဒသ်ပြု (ဘဝတည်ဆောက်)ရန် ဟောကြားခဲ့ကြသည်။
“စင်စစ်သော်ကား ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာကို စွန့်လွှတ်၍ (တစ်ပါးတည်းသော) အလ္လာဟ်ကိုသာလျင် ခဝပ်ကိုးကွယ် အီဘာဒသ်ပြုကြလေကုန်ဟု (ဟောကြားစေတော်မူခဲ့လေသည်)” (ကုရ်အာန် ၁၆း၃၆)
“စင်စစ် ငါအရှင်မြတ်သည် ရစူလ်တမန်တော်တိုင်းကို မိမိအမျိုးသားတို့ (ပြောဆိုသုံးစွဲသော) ဘာသာစကားနှင့်သာ (ငါအရှင်မြတ်၏ အမိန့်တော်များကို) ထင်ရှားစွာ ထုတ်ဖော်ပြောဆိုရှင်းပြရန် စေလွှတ်တော်မူခဲ့သည်” (ကုရ်အာန်၁၄း၎)
ထို့ကြောင့် ကမ္ဘာ့ဒေသများစွာ တို့တွင် (အလ္လာဟ် ဟူသော အရဗီဝေါဟာရ) စကြဝဠာခပ်သိမ်းတို့၏ အရှင်၏ အမည်နာမတော်ကို ဘာသာစကား အမျိုးမျိုးဖြင့် ခေါ်ဝေါ်နေကြ၏။ နဗီ-ရစူလ်ခေါ် သာသနာ့ အလင်းပြ ပုဂ္ဂိုလ်ဟူသော ဘွဲ့နာမကိုလည်း ဘာသာစကား အမျိုးမျိုးဖြင့် ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။

အခန်း(၄) “ဂိုက်ဘ်”ဉာဏ်စဉ်အဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့၏ အလွန်မှ အမှန်တရားများ

အခန်း(၄) “ဂိုက်ဘ်”ဉာဏ်စဉ်အဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့၏ အလွန်မှ အမှန်တရားများ

“ချီမွမ်းထောမနာခြင်း အပေါင်းတို့သည် လောကခပ်သိမ်းတို့ကို မဖြစ်ပေါ်မီကစ၍ ပြီးပြည့်စုံသည့်တိုင်အောင် အဆင့်ဆင့်ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာတည်း” (ကုရ်အာန် ၁း၂)
(“အလ္လာဟ်)သည် ဂိုက်ဘ် အကွယ်၌ ရှိသမျှတို့ကို လည်းကောင်း၊ အထင်အရှား ရှိသမျှတို့ကို လည်းကောင်း၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏…” (ကုရ်အာန် ၂၃း၉၂) (အစ္စလာမ့်ယုံကြည်ချက်)
အချိန်နှင့် အာကာသ ကန့်သတ်မှု
အလ္လာဟ်သည် လောကခပ်သိမ်း၊ အရာခပ်သိမ်းတို့၏ ဖန်ဆင်းရှင်ဖြစ်၏။ အလ္လာဟ်၏ ဖန်ဆင်းခံလောကများတွင် ရုပ်တရားတို့သည် အချိန်နှင့် အာကာသ (Time and Space) ကန်သတ်မှုဘောင်အတွင်း၌ ရှိကြ၏။
ထို့အတူ အချိန်ကန့်သတ်မှု၊ အာကာသ (နေရာ) ကန့်သတ်မှုက ကင်းလွတ်သော မလွှမ်းမိုးနိုင်သော ရုပ်မဟုတ်သည့် လောကများလည်းရှိ၏
ဂိုက်ဘ် ဟူသည် လူသားတို့၏ ဉာဏ်လွှာ အဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့ ဝန်းခြုံသိနိုင်စွမ်း မရှိသော်လည်း အမှန်တကယ် ရှိနေသော တရားများကို ခေါ်သည်။
ဥပမာ သောဝ်ဟီးဒ် ခေါ် နိစ္စထာဝရ ပြီးပြည့်စုံနေတော်မူသော တစ်ပါးတည်းသော အလ္လာဟ်ရှိမှု စကြဠာ လောကခပ်သိမ်းတို့ ထင်ရှား ဖြစ်ပေါ်နေရခြင်း အကြောင်းရင်း၊ အလ္လာဟ်၏ ဂုဏ်တော်များ၊ အလ္လာဟ်၏ အမရ် အမိန့်တော်နှင့် ဖန်ဆင်းတော်မူခြင်း၊ သက္ကဒီရ်ခေါ် အလ္လာဟ်၏ သတ်မှတ်မှုနှင့် အလ္လာဟ်၏ အကြွင်းမဲ့ သိတော်မူသော ဉာဏ်တော်၊ လူသား၏မွေးခြင်းနှင့် သေခြင်းတို့၏ ဆန်းကြယ်မှု၊ ဘဝ၏အဓိပ္ပာယ်နှင့် ပန်းတိုင်၊ သေခြင်း၏နောက်ကွယ်မှ တမလွန်၊ စကြဝဠာလောကခပ်သိမ်းတို့၏ နောက်ဆုံးနေ့တော်ကြီးနှင့် စကြဝဠာ အသစ်ဖြစ်ခြင်း၊ ရှင်ပြန်ထကြရမည့်အချိန်၊ တရားစီရင်မည့်နေ့တော်ကြီး၊ အစားပေးမည့်နေ့တော်ကြီး၊ ကောင်းမှုအတွက် ဂျန္နသ်ဆုလာဘ်၊ မကောင်းမှုအတွက် ဂျဟန္နမ်ပြစ်ဒဏ်ပေးမည်ဖြစ်ခြင်း စသည်တို့မှာ လူသားတို့ မည်မျှပင်ကြိုးပမ်း ကျင့်ကြံအားထုတ်သော်လည်း လူသားတို့၏ ဉာဏ်လွှာ အဆင့်ဆင့်ဖြင့် ထိုးထွင်း သိမြင်နိုင်စွမ်းမရှိသော ဆင်ခြင်တုံတရား၏ အလွန်မှ အမှန်တရားများ ဖြစ်ကြသည်။ လူသားတို့၏ ဘာသာစာပေဖြင့်လည်း ဖော်ပြ၍ မရနိုင်ချေ။