Friday, 1 February 2013

အလ္လာဟ်နှင့်သက်သေ

လူသား၏ ကန့်သတ်ချက်ရှိသော လွတ်လပ်စွာ ပြုပိုင်ခွင့်နှင့် ဒုက္ခတရား လူသားသည် လွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့်ကို အမှန်တကယ်ရထားသော်လည်း ဖန်ဆင်းခံ၏ သဘာဝအရ အကန့်အသတ်တွင်းမှသာ ဖြစ်သည်။ စကြဝဠာ လောကခပ်သိမ်းနှင့် ယှဉ်သော အလ္လာဟ်၏ စီမံကိန်းကို အလ္လာဟ်၏ တရားမျှတမှု၊ ကရုဏာတော်၊ အကြွင်းမဲ့သိတော်မူသော ဉာဏ်တော်၊ ဘုန်းတော်တို့ဖြင့် ပြုထားခြင်း ဖြစ်သည်။ လူသား၏ လွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့်သည် အလ္လာဟ်၏ စီမံကိန်းကိုကား ဖျက်ဆီးနိုင်စွမ်း မရှိ၊ အလ္လာဟ်၏ စီမံကိန်းအတွင်း၌သာ လွတ်လပ်စွာ ပြုလုပ်ပိုင်ခွင့် ပေးထား၍ စမ်းသပ်တော်မူခြင်း ဖြစ်၏။ လူသားသည် လူ့လောက မရောက်မီ မိမိ၏မိဘ၊ ပတ်ဝန်းကျင်၊ နိုင်ငံ၊ အသားအရောင်၊ ကျား/မ နှင့် သန္ဓေတည်ရမည့်အချိန် စသည်တို့ကို မရွေးချယ်နိုင်ချေ။ အလ္လာဟ်ပို့သည့် သားအိမ်သို့သာ သတ်မှတ်ချိန်၌ ဝင်ကြရသည်။ သေဆုံးချိန်ကို စက္ကန့်မျှပင် နောက်ရွေ့၍ မရချေ။ ထို့အတူ အသက်ရှင်စဉ် ကာလတွင် သုခ,များ ခံစားရသလို ဒုက္ခများလည်း ကြုံကြရ၏။ (ကုရ်အာန် ၅၂း၃၅-၃၆။ ၃း၆။ ၂၈း၆၈) လူသားတို့ထံ ကျရောက်သော ဒုက္ခများတွင် အကြောင်းများရှိပေသည်။ ပထမအချက်မှာ လူသားကိုယ်တိုင်က မှားယွင်းသည့်အတွက် အကျိုးဆက်အဖြစ် ဒုက္ခခံစားရခြင်း ဖြစ်သည်။ “စင်စစ်ဧကန် အလ္လာဟ်သည် (မိမိ၏) ကျွန်များအပေါ် မတရား ညှဉ်းပန်းနှိပ်စက်တော်မူသော အရှင်မဟုတ်ပေ” (ကုရ်အာန် ၃း၁၈၂) “စင်စစ်သောဝ်ကား အသင်တို့၌ သက်ရောက်လေ့ရှိသော ဘေးဒုက္ခဟူသရွေ့သည် အသင်တို့၏ လက်များ၊ ဆည်းပူးခဲ့ကြသော အပြုအမူတို့ကြောင့်ပင် သက်ရောက်ခဲ့သည်သာ၊ ထိုမှတစ်ပါး အလ္လာဟ်သည် များစွာသော ပြစ်မှုများကိုကား ခွင့်လွှတ်တော်မူ၏” (ကုရ်အာန် ၄၂း၃၀) ထို့ကြောင့် လူသားတိုင်းသည် မိမိထံ ဒုက္ခ သက်ရောက်လာတိုင်း မိမိသည် သဘာဝနှင့်အညီ ချပေးထားသော အလ္လာဟ်၏ လမ်းညွှန်နှင့် ဆန့်ကျင်သော အရာကို ပြုသည့်အတွက် ဒုက္ခရခြင်းသာဖြစ်၍ အမြန်ဆုံး ပြုပြင်ရပေမည်။ အလ္လာဟ်ထံမှ ခွင့်လွှတ်မှုကို တောင်းပန်ရမည် ဖြစ်ပေသည်။ အလ္လာဟ်၏ စမ်းသပ်မှုနှင့်ဒုက္ခတရား ဒုက္ခများ ကျရောက်ခြင်း၏ အခြားတစ်ချက်မှာ အလ္လာဟ်၏ စီမံကိန်းအရ အလ္လာဟ်ကို ယုံကြည်သူတို့အား စမ်းသပ်ခြင်း ဖြစ်ပေသည်။ “ငါအရှင်မြတ်သည် မှတ်တမ်းစာအုပ်တော်ကြီးတွင် ယင်း ဘေးဒုက္ခကို ဖြစ်ပေါ်စေခြင်း မခံရမီကပင် (ရေးသားထားခြင်း) မရှိဘဲလျက် မည်သည့်ဘေးဒုက္ခမျှပင် ကမ္ဘာဂြိုဟ်၌သော် လည်းကောင်း၊ အသင်တို့၏ ကိုယ်၌သော် လည်းကောင်း ကျရောက်နိုင်သည် မဟုတ်ပေ၊ ဧကန်အမှန် ဤသည် အလ္လာဟ်အရှင်မြတ်၌ လွယ်ကူလှပေသည်။ (ဤသည်ကို သိလော့) သို့မှသာ အသင်တို့သည် မိမိတို့ထံမှ လွတ်သွားသော အရာနှင့်စပ်လျဉ်း၍ ပူဆွေးခြင်းရှိကြမည်လည်း မဟုတ်၊ မိမိတို့အား ထိုအရှင်မြတ်က ချီးမြင့်ပေးသနားတော်မူသောအရာနှင့် စပ်လျဉ်း၍ (အလွန်အမင်း) ဝမ်းမြောက် မော်ကြွားခြင်းပြုကြမည်လည်း မဟုတ်ချေ။ အမှန်သော်ကား အလ္လာဟ်သည် မည်သည့် မာနထောင်လွှားသူ၊ ဂုဏ်မောက်သူကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ” (ကုရ်အာန် ၅၇း၂၂) “ထို့ပြင် အသင်တို့သည် အလ္လာဟ်၏ လမ်းတော်တွင် သတ်ဖြတ်ခြင်းခံရသူတို့ကို သူသေများ ဟူ၍ မပြောဆိုကြကုန်လင့်၊ အလျှင်းမဟုတ်။ စင်စစ် ထိုသူတို့သည် အလ္လာဟ်၏ ထံတော်တွင် ရှင်လျက်ပင် ရှိကြ၏။ သို့ရာတွင် အသင်တို့သည် (ထိုအကြောင်းကို) တွေးဆဆင်ခြင် သိမြင်နိုင်စွမ်း မရှိချေ။ ထို့ပြင် မလွဲ ဧကန် ငါအရျင်မြတ်သည် အသင်တို့ကို တစ်စုံတစ်ခုသော ကြောက်ရွံ့ စိုးရိမ်စေခြင်းဖြင့် သော်လည်းကောင်း၊ ငတ်မွတ်စေခြင်းအားဖြင့်သော်လည်းကောင်း၊ ဥစ္စာပစ္စည်းများ ဆုံးပါးစေခြင်းဖြင့် သော်လည်းကောင်း၊ အသက်ဆုံးရှုံးစေခြင်းဖြင့် သော်လည်းကောင်း၊ (ကြိုးပမ်းမှု၏) သီးနှံများ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း စမ်းသပ်တော်မူအံ့၊ သို့ရာတွင် (ထိုစမ်းသပ်မှုများ၌) ဆွဘရ်-ကြံ့ခိုင်မှုတရား ထားရှိသူတို့အား ဝမ်းမြောက်ဖွယ် မင်္ဂလာ သတင်းကိုပေးလော့၊ ထိုသူတို့သည် မိမိတို့ အပေါ်၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာသော အခါ ‘ဧကန် အမှန်ကျွန်ုပ်တို့သည် အလ္လာဟ်၏ အဖို့သာ ဖြစ်၍ မုချဧကန် ထိုအရှင်မြတ်အထံတော်သို့သာ ပြန်သွားကြရမည့်သူများသာ ဖြစ်ကြ၏’ဟု ဆိုလေ့ရှိကြကုန်၏” (ကုရ်အာန် ၂း၁၅၅-၁၅၆)

No comments:

Post a Comment