Saturday, 4 August 2012

ဟဂ်ျ

ဇကားသ်ထုတ်ခြင်းကို တစ်နှစ်ပတ်လုံး၏ လိုအပ်ချိန်တွင် ထုတ်နိုင်သည်။ မုစ်လင်မ်တို့သည် အထူးသဖြင့် လမြတ်ရမ်ဿွာန်၌ ထုတ်လေ့ ရှိကြသည်။ လမြတ်ရမ်ဿွာန်၌ ညစဉ် ဂျမာအသ်စုပေါင်း၍ ကျမ်းမြတ်ကုရ်အာန် အစမှအဆုံးကို တစ်လအတွင်း သရာဝီဆွလားသ်ဖြင့် ဖတ်ရွတ်ကြသည်။ ဤသို့ဖြင့် လမြတ်ရမ်ဿွာန် ကုန်ဆုံး၍ ရှောင်ဝလ်လတစ်ရက်နေ့သည် အီးဒ်နေ့ (အီဒုလ်ဖိရ်သိရ်) ဖြစ်၏။ ဤရှောင်ဝလ်လ၌ပင် ကမ္ဘာ့ မုစ်လင်မ်ထုသည် ဟဂ်ျပြုကြရန် စတင်လှုပ်ရှားနိုးကြားစ ပြုကြလေတော့သည်။ ဟဂ်ျသည် အစ္စလာမ့်မဏ္ဍိုင် (၅)ရပ်အနက် မပြုမနေရ ကျင့်စဉ်တစ်ခု ဖြစ်၏။ မုစ်လင်မ်တို့သည် နေ့စဉ် ဆွလားသ်(၅)ကြိမ် အတွက် မိမိတို့၏ နေအိမ်များ၌ တစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ မိမိတို့၏ မြို့ရွာများရှိ ဗလီဝတ်ကျောင်းတော်များ၌ စုပေါင်း၍ဖြစ်စေ၊ ဆွလားသ်ဝတ်ပြု တည်ဆောက်ကြ၏။ သို့သော် တစ်ပတ်တွင်တစ်ရက် သောကြာနေ့၌ မိမိတို့ မြို့ရွာရှိ ဂျာမိအ် ဗလီကြီးများ၌ မသွားမနေရ စုပေါင်း၍ ‘ဂျူမုအဟ်’ ဆွလားသ် ဝတ်ပြုကြရ၏။ အိမ်တွင် ဂျူမုအဟ်ဆွလားသ် မပြုရချေ။ ထိုမှတစ်ဆင့် နှစ်စဉ် လမြတ်ရမ်ဿွာန်အပြီး အီးဒ်နေ့တွင် မိမိတို့၏ မြို့ရွာများရှိ အီဒ်ဂါကွင်းပြင်များသို့ မုစ်လင်မ် အမျိုးသား အမျိုးသမီးတို့ ထွက်၍ အီးဒ်ဆွလားသ် စုပေါင်းဝတ်ပြု၍ ဒုအာတောင်းဆိုကြရ၏။ ပို၍ကြီးမားသော စုစည်းမှုကြီး ဖြစ်သည်။ သို့သော် နှစ်စဉ် ဇုလ်ဟဂ်ျလတွင် ကမ္ဘာ့ဒေသအသီးသီးရှိ အသားအရောင် ဘာသာစကား အသီးသီးဖြစ်သော ကမာ့္ဘမုစ်လင်မ် အမျိုးသား အမျိုးသမီးတို့သည် ဟဂ်ျကျင့်စဉ်ဖြင့် ကအ်ဘဟ်ကျောင်းတော် (မက္ကာမြို့)နှင့် အရဖတ်ကွင်းပြင်တို့၌ အကြီးမားဆုံးသော စုစည်းမှုကြီးကို ပြုကြရ၏။ အလ္လာဟ်ထံ ဟဂ်ျကျင့်စဉ်နှင့် ဆုတောင်း ဒုအာ ပြုကြရ၏။ ဟဂ်ျကာလမှာ အစ္စလာမ်ပြက္ခဒိန်၏ နောက်ဆုံးလဖြစ်သော ဇုလ်ဟဂ်ျလ၏ (၈)ရက်မှ (၁၂)ရက်နေ့ထိ (၅)ရက်တာ ကာလ ဖြစ်၏။ ထိုရက်များမရောက်မီ (၃) လလောက်အလို ရှောင်ဝလ်လမှ စ၍ ပြင်ဆင်ကြရ၍ ထိုအချိန်ကို ဟဂ်ျရာသီဟု ခေါ်သည်။ ယခုအခါ ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံဖြစ်သော မုစ်လင်မ်သန်းပေါင်းများစွာတို့အနက် နှစ်စဉ် နှစ်သန်းမျှလောက်သော မုစ်လင်မ်တို့ ဟဂ်ျပြုရန် သွားရောက်လေ့ရှိကြသည်။ “ဧကန်စင်စစ် (တစ်ပါးတည်းသော အလ္လာဟ်ကို ခဝပ်ကိုးကွယ်ရန်) လူသားတို့အဖို့ ဦးစွာ ပထမ တည်ဆောက်ထားသော အိမ်တော်သည်ကား ဗတ်ကဟ် (မက္ကာဟ်) မြို့တော်၌ တည်ရှိသော အိမ်တော်ပင်တည်း။ ထိုအိမ်တော်သည် ကောင်းချီးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံတော်မူ၏။ လောကခပ်သိမ်းတို့ကို တရားလမ်းမှန် သို့လည်းညွှန်ကြားလျက်ရှိ၏” (ကုရ်အာန် ၃း၉၆) “ယင်း အိမ်တော် (ကအ်ဟ် ကျောင်းတော်)၌ ထင်ရှားလှစွာသော သက်သေလက္ခဏာများ ရှိကြ၏။ (ယင်းတို့အနက် တမန်တော်) အီဘရာဟီမ် ရပ်တည်ရာ နေရာ (လည်းရှိချေသည်) ထို့ပြင် အကြင်မည်သူမဆို ယင်းအိမ်တော်သို့ ဝင်ရောက်အံ့၊ ထိုသူသည် လုံခြုံငြိမ်းချမ်းသူ ဖြစ်အံ့၊ တစ်ဖန် လူများအပေါ် တာဝန်ရှိသည်မှာ အကြင် မည်သူမဆို ထိုအိမ်တော်သို့ အရောက် ခရီးသွားရန် တတ်စွမ်းနိုင်ခဲ့ပါလျင် အလ္လာဟ်နှစ်သက်မှုအတွက် ထိုအိမ်တော်သို့ သွားရောက်၍ ဟဂ်ျပြုရန် (ထိုသူ အပေါ်၌) တာဝန်ရှိပေသည်။ သို့ရာတွင် အကြင်သူသည် ငြင်းပယ်သည်ရှိသော် (အလ္လာဟ်အရှင်မြတ်၌ တစ်စုံတစ်ရာ ဆုံးရှုံးမှု မရှိ) အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်သည် မုချဧကန် လောကခပ်သိမ်းတို့မှ လိုလားတောင့်တခြင်း ကင်းတော်မူသော အရှင် ဖြစ်တော်မူသတည်း” (ကုရ်အာန် ၃း၉၇) ရှေးဟောင်း ဗတ်ကဟ်မြို့ (ယခုမက္ကာဟ်မြို့)သည် လူ့သမိုင်းအစ၏ တမန်တော် အာဒမ်နှင့်လည်း ဆက်စပ်လျက် ရှိ၏။ တမန်တော်ကြီး အီဘရာဟီမ်နှင့်လည်း ဆက်စပ်လျက် နေ၏။ လူ့သမိုင်း၏။ နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်ပေါ်တော်မူရာနှင့် ကုရ်အာန် ကျရောက်ခြင်းတို့နှင့် ဆက်စပ်နေ၏။ ကမ္ဘာ့ မုစ်လင်မ်တို့သည် မိမိတို့၏ ဆွလားသ် ဝတ်ပြုရာတွင် မက္ကာဟ်ရှိ ကမ္ဘာဦး ပထမဆုံးကျောင်းတော် ကအ်ဟ်ကို မျက်နှာမူ၍ ပြုကြရ၏။ တစ်ပါးတည်းသော အလ္လာဟ်ကို ကမ္ဘာ့လူသားတို့ စုဝေးတသရာ နေရာလည်း ဖြစ်၏။ အသားအရောင်၊ ဘာသာစကား၊ မျိုးနွယ်ဆင့်အတန်းမရွေး ဝတ်ဖြူစင်ကြယ်နှစ်ပိုင်းသာ ဝတ်၍ ‘သလ်ဗီယာ’ကို တစ်သံတည်း ကြွေးကြော်ရင်း၊ ရည်ရွယ်ချက်နှင့် ကျင့်စဉ် တစ်မျိုးတည်းကို ကျင့်ကြံသော နေရာလည်း ဖြစ်ပေသည်။

No comments:

Post a Comment