Saturday, 4 August 2012
ကမ္ဘာ့ငြိမ်းချမ်းရေးတရားသဘင်
လူသားတစ်ဦးချင်း၏ နဖ်စ်ဝိညာဉ်အပေါ်နှင့် မက္ဘာငြိမ်းချမ်းရေးအပေါ် ဟဂ်ျကျင့်စဉ်၏ အကျိုးသက်ရောက်မှုမှာ များပြားလှပေသည်။ စာတွေ့ထက် ကိုယ်တွေ့ခံစား ကြုံကြိုက်သူသာလျင် အသိဆုံး ဖြစ်ပေလိမ့်မည်။
တစ်ပါးတည်းသော အလ္လာဟ်ကို တသရန် ကမ္ဘာ၏ပထမဆုံးကျောင်းတော်ဖြစ်ပြီး မိမိ အပါအဝင် ကမ္ဘာ့မုစ်လင်မ် အားလုံး နေ့စဉ် ဆွလားသ်ဝတ်ပြုရာတွင် မျက်နှာမူသည့် ကအ်ဘဟ် ကျောင်းတော်ကို မျက်မြင်တွေ့၍ သဝါးဖ်လှည့်လည်ခြင်း၊ အလ္လာဟ်၏ ကြီးကျယ်မှုကို ရွတ်ဆိုဟစ်ကြွေးရမှုသည် မိမိ၏ နဖ်စ်အပေါ် အလ္လာဟ်သိစိတ် ပိုမိုပြင်းထန်လာစေသည်။ ကောင်းကင်ကျ ကမ္ဘာဦး ကျောက်နက်တုံးကို နမ်းရှုပ်ရခြင်းဖြင့် မဖော်ပြနိုင်သော လှိုင်းတို့က နှလုံးသားကို တုန်ခါစေ၍ အတိတ်သမိုင်းတို့ကို ဆင်ခြင်စေသည်။ ဆွဖရ်နှင့် မရ်ဝါတောင် နှစ်လုံးနှင့် ဆန်းကျယ်သော ဇမ်ဇမ် ရေတွင်းတို့ကလည်း သာသနာ့ အာဇာနည် အမျိုးသမီးကြီး ဟာဂျရဟ် သခင်မနှင့် သားတော် (တမန်တော်လောင်း) အိစ္စမာအီလ်တို့၏ အလ္လာဟ် အပေါ် ယုံကြည်အားထားမှု အတိတ်သမိုင်းကို ထင်ဟပ်စေသည်။
သာမောဖွယ် ကရုဏာတော်တောင်နှင့် ‘အရဖတ်’ လွင်ပြင်တို့က ဟာဂျီတို့၏ နှလုံးသားကို အလ္လာဟ်ထံ ရိုကျိုးစေသည်။ ကရုဏာတော်တောင်းခံစေသည်။ ထို့အတူ ‘မီနာ’ အရပ်နှင့် ရှိုဿွာန်၏ အမှတ်သညာအဖြစ် ခဲပေါက်ရာဒေသတို့မှာ ဟာဂျီတို့၏ စိတ်ပိုင်းဆိုင်ရာအပေါ် မကောင်းမှု ဆန့်ကျင်ရန်အတွက် အကျိုးသက်ရောက်စေ၏။ နောက်ဆုံး တမန်တော်ချုပ် ပွင့်ပေါ်တော်မူရာနှင့် အလ္လာဟ်ထံမှ ကုရ်အာန်ကျမ်းမြတ် စတင်ကျရောက်ရာ အလင်းရောင် တောင်ကုန်းနှင့် ဟီရဟ်လိုဏ်ဂူတို့မှာလည်း အတိတ်သမိုင်းတို့ကို ဆင်ခြင်သတိရစေ၏။ ထို့ပြင် မက္ကာဟ်တွင် ဟဂ်ျကျင့်စဉ်ပြီးဆုံးပါက တမန်တော်ချုပ် မုဟမ္မဒ်သခင်၏ ‘ရောင်ဇဟ်’ သင်္ချိုင်းတော်ရှိရာ မဒီနာမြို့တော်ရှိ တမန်တော်မြတ်၏ ဗလီကို သွားရောက်ရခြင်း၊ မဒီနာရှိ သမိုင်းဝင် နေရာတို့အား သွားရောက်ရခြင်းတို့မှာ ဟဂ်ျပြုရသူတို့၏ နှလုံးသားအပေါ် တုန်ခါမှုများ ဖြစ်ပေါ်စေ၍ စိတ်ပိုင်းဆိုင်ရာအားဖြင့် အလ္လာဟ်ကို ချစ်ကြောက်ရိုသေမှု၊ သာသနာအတွက် စွန့်လွှတ်လိုမှု စသည့် သာသနာ့သွေး သာသနာ့မာန် တို့ကို တက်ကြွလာစေသည်။
ကမ္ဘာ့လူသားအားလုံးသည် ကမ္ဘာ့အိမ်ထောင်စုဝင်များသာ ဖြစ်ကြ၏။ မုစ်လင်မ် အချင်းချင်းသည် ညီအစ်ကို မောင်နှမများ ဖြစ်ကြသည်။ ဟဂ်ျကျင့်စဉ်အတွင်း ကမ္ဘာ့မိသားစုဝင် ညီအစ်ကိုမောင်နှမများ ကြုံတွေ့ကြရပြီး ကမ္ဘာ့ဗဟုသုတများ ရကြ၏။ မိမိမရောက်ဖူးသော ဒေသ၏ သာသနာ့ အတွေ့အကြုံများ ရကြ၏။ ကမ္ဘာ့ညီနောင် စိတ်ဓာတ်၊ လူသားဝါဒနှင့် မေတ္တာတရားကို လက်တွေ့ နှစ်စဉ်ပွားများစေသော ငြိမ်းချမ်းရေး တရားသဘင်ကြီးလည်း ဖြစ်၏။ အလ္လာဟ်ထံတော်မှ ကရုဏာတော် တောင်ခြေတွင် လူသားမျိုးနွယ်ပေါင်းစုံ စုပေါင်း၍ အလ္လာဟ်၏ ကရုဏာ၊ ကောင်းချီးမင်္ဂလာများ၊ ခွင့်လွှတ်မှုနှင့် ငြိမ်းချမ်းမှုတို့ကို ရိုကျိုးတောင်းဆိုမှုကြီး ဖြစ်ပေသည်။ စစ်မှန်သော ဟဂ်ျပြုသူတို့၏ နှလုံးသားတို့သည် ထိုကာလဝယ် အရည်ပျော်ကျကြကုန်၏။ မကောင်းမှုများမှ ရှောင်ကြဉ်ရန် သာသနာအတွက် အလ္လာဟ်အတွက် မိမိ၏အသက်၊ အိုးအိမ်၊ စည်းစိမ်အားလုံး အချိန်မရွေး စွန့်လှူရန်အသင့် ရှိကြောင်း ကတိပြုကြွေကြော်မှု ဖြစ်စေလေသည်။ ကမ္ဘာ့ငြိမ်းချမ်းမှုကို တည်ဆောက်ရန် ကတိပြုစေ၏။
ပူပြင်းသော ရာသီဒဏ်နှင့် အခက်အခဲများကို ကြံ့ကြံ့ခံ၍ ပြုကျင့်ရသော ဟဂ်ျကျင့်စဉ်ကား ဟာဂျီတစ်ဦးအား ဟဂ်ျမှအပြန် တစ်သက်တာကာလ တည်ဆောက်ရမည့် အီဘာဒတ်အတွက် ရုပ် စိတ်နှင့် နဖ်စ်ဝိညာဉ်အားလုံးကို အဆင့်သင့် ဖြစ်အောင် ပြုလုပ်ပေးလေသည်။ သို့သော် မိမိ၏ဘဝအတွက် စစ်မှန်သော အကျိုးကျေးဇူးများကို ဟဂ်ျပြုလျက် မရယူနိုင်သူတစ်ဦးသည် အလ္လာဟ်၏ရှေ့တော်မှောက်တွင် ဘာမျှ တန်ဖိုးရှိလိမ့်မည် မဟုတ်ပေ။
ဟဂ်ျကျင့်စဉ်သည် တမန်တော်ကြီး အီဘရာဟီမ်အချိန်ကတည်းက ခေတ်အဆက်ဆက် ရှိခဲ့၏။ သို့သော် နောက်ပိုင်းခေတ်များတွင် လူတို့သည် အလ္လာဟ်တစ်ပါးတည်းကို တသရာ ကမ္ဘာ့ဗဟိုဌာန ကအ်ဘဟ်ကျောင်းတော်တွင် ရုပ်တုများစွာထား၍ ကိုးကွယ်လာခဲ့ကြ၏။ နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်တော်မူပြီး မက္ကာဟ်ကို ငြိမ်းချမ်းစွာအောင်နိုင်တော်မူသောအခါ ရုပ်တုများအားလုံးကို သန့်စင်ခဲ့၍ မူလအတိုင်း တစ်ပါးတည်းသော အလ္လာဟ်ကို တသရာ ဗဟိုအဖြစ် ပြုလုပ်တော်မူခဲ့၏။ ထိုအချိန်မှစ၍ ယနေ့တိုင် မူလအတိုင်း သန့်စင်စွာ ရှိနေပေတော့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment