Tuesday, 7 August 2012
ရုပ်စကြဝဠာ ပျက်သုဉ်းမှုနှင့် သိပ္ပံ
လက်ရှိ ရုပ်စကြဝဠာလောကခပ်သိမ်း၏ နောက်ဆုံးနေ့တော်ကြီးတွင် အလ္လာဟ်မှလွဲ၍ မည်သူမျှ ရှိကြမည်မဟုတ်သော်လည်း အလ္လာဟ်က လူသားတို့အား ထိုနေ့၏ အဖြစ်အပျက်များကို ကုရ်အာန်မှတစ်ဆင့် ရှင်းပြနေပေသည်။ အတိုချုပ်ဆိုသော် ဒုခန်း ခေါ် အခိုးအငွေ့ တစ်ခုတည်းမှ စခဲ့သော လက်ရှိရုပ်စကြဝဠာ လောကခပ်သိမ်းသည် လျှို့ဝှက်ချက် အပေါင်းကို သိတော်မူသော မူလဖန်ဆင်းရှင်က (ခလုတ်တစ်ချက် နှိပ်သကဲ့သို့) တံပိုးခရာမှုတ်လေသော် လက်ရှိသဘာဝအင်အားစု (လည်ပတ်နေသော စကြဝဠာ ယန္တရားကြီး) များ ယိုယွင်းပျက်သုဉ်း ရပ်ဆိုင်းသွားပေမည်။
ထို့နောက် မူလမှတ်တမ်းများ အားလုံးပါဝင်ပြီးသော စက္ကုလိပ်ကဲ့သို့ပင် တစ်စုတည်း ခေါက်လိပ်တော်မူမည်။ ဖြစ်နိုင်သည်မှာ မူလအစက ကဲ့သို့ပင် အခိုးအငွေ့ တစ်စုတည်းအသွင် ပြန်လည်ပြုတော်မူမည်။ (ကုရ်အာန် ၄၄း၁၁။ ၁၂း၁၀၄) ထို့နောက် ဒုတိယအကြိမ် စူရ် တံပိုး ခရာမှုတ် (ခလုတ်တစ်ချက်နှိပ်)၍ ပုံစံအသစ်ပြန်လည် ဖန်ဆင်းတော်မူမည် ဖြစ်သည်။ လူသားတို့သည် မိမိတို့ပြုမူခဲ့သော ပြုမူချက် မှတ်တမ်းများအရ အကျိုး အပြစ်ပေးခြင်း ခံကြရမည်ဖြစ်ပေသည်။
ယနေ့ သိပ္ပံပညာက ရုပ်စကြဝဠာကြီး ပျက်သုဉ်းမည်ဆိုသည်ကို မငြင်းပါချေ။ ဥပမာ ဗြိတိသျှစွယ်စုံကျမ်းကြီး အတွဲ ၁၈၊ စာမျက်နှာ ၁၀၁၁ (၁၉၇၉ ခုနှစ်) တွင် သိပ္ပံပညာရှင်များက စကြဝဠာ၏ ကံကြမ္မာ (FATE OF UNIVERSE) ကဏ္ဍတွင် လက်ရှိ ရုပ်စကြဝဠာကြီး ပျက်သုဉ်းမည့် အကြောင်း ဖော်ပြထား၏။
စင်စစ် စကြဝဠာကြီးကို ပျက်သုဉ်းစေမည့် အကြောင်းတရားများစွာ တွေ့နေရပြီ ဖြစ်သည်။ ဥပမာ စကြဝဠာကြီး တစ်ခုလုံးသည် (BLACK HOLE) ခေါ် တွင်းနက်ကြီးအဖြစ် ဖွဲ့စည်းသွားခြင်း ရုပ်နှင့် ရုပ်၏ ဆန့်ကျင်ဘက် (MATTER AND ANTI-MATTER) တို့ ခြေဖျက်ကြခြင်း၊ ပရိုတွန်များ အဆုံးသတ်သွားခြင်း၊ စကြဝဠာကြီးကို ဖွဲ့စည်းထားသော အဏုမြူမှုန်တို့၏ နျူကလီးယားတွင်း၌ ပါဝင်ဖွဲ့စည်းထားသော အရာများ ယိုယွင်းပျက်သုဉ်းလာ၍ ဆက်လက် မတည်နိုင်တော့ခြင်း စသည်တို့ ဖြစ်၏။ လူသားတို့မသိသေးသော အချက်များစွာ ရှိပေဦးမည်။ သို့သော် မည်သည့်အချက်ဖြင့် မည်သည့်အချိန်တွင် ဖြစ်မည်ကိုမူ လူသားတို့ မသိနိုင်ကြသေးချေတကား။
ယနေ့ အာကာသသိပ္ပံပညာရှင်များသည် စကြဝဠာအတွင်းရှိ အချို့သော နေစကြဝဠာများ၏ ပျက်သုဉ်းပေါက်ကွဲမှုများကို ဓတ်ပုံပင်ရိုက်ယူနိုင်ပေပြီ၊ စကြဝဠာအတွင်း ဘလက်ဟိုးလ်ခေါ် တွင်းနက်ကြီးများကို တွေ့သည်မှာ မကြာသေးချေ။ အလွန်ကြီးမားသော ကြယ် (နေ)ကြီးများ သက်တမ်းကုန်ဆုံးသောအခါ အားကုန်၍ အတွင်းဗဟိုသို့ ကျုံ့ဝင်လာသည်။
အတွင်းဗဟိုဆီသို့ ဆွဲငင်အားမှာ အလွန်ကြီးမား၍ ထိုကြယ်ကြီး၏ ကြွင်းကျန်ရစ်သော အူတိုင်မှာ အဆက်မပြတ် ကျုံ့ဝင်လာသည့် အရာဝတ္ထုများကို မမှန်းဆနိုင်လောက်သော အခြေအနေအထိ ဝါးမျိုကြိတ်ခြေပစ်လေသည်။ သိပ်သည်းကျစ်လျစ်မှုများလာလေလေ အတွင်းသို့ ဆွဲငင်အား ပို၍ကောင်းလာလေလေ ဖြစ်၏။ ထိုဆွဲငင်အားမှ မည်သည့် အရာမျှ မလွတ်တော့ချေ။ အလင်းရောင်ကိုပင် ဆွဲငင်ဝါးခြေပစ်ပြီး နောက်ဆုံး တွင်းနက်ကြီးတစ်ခု ဖြစ်လာသည်။ ထိုတွင်းနက်ကြီး၏ ဗဟိုတွင် မူလကြယ်၏ လက်ကျန်များမှာ အဆုံးမရှိသော သိပ်သည်းမှု (INFINITE DENSITY) သို့ ကြိတ်ဝါးပြီး သုညပမာဏ (ZERO) (VOLUME) ဖြစ်လေသည်။
တွင်းနက်ကြီးတို့သည် စကြဝဠာကြီး၏ လျို့ဝှက်ဆန်းကြယ်သော အရာများ ဖြစ်ကြ၏။ ၄င်းတို့ ကိုယ်တိုင်က အလင်းရောင်လွှင့်ထုတ်ခြင်း မရှိ၍ ၄င်းတို့ကို မမြင်နိုင်ချေ။ သို့သော် ယင်းတို့အနီးရှိ ကြယ်များ ဆုတ်ဖြဲ၍ ယင်းကြယ်များမှ အရာဝတ္ထုတို့ကို စုပ်ယူသည့်အခါ အိပ်စ်ရေး ရောင်ခြည်များ လွှင့်ထုတ်မှုကြောင့် တွင်းနက်ကြီးများ ရှိကြောင်း သိရလေသည်။
ရုပ်စကြဝဠာကြီးအတွင်း ဂြိုဟ်များမှာ အနည်းငယ်သာ ရှိ၏ ကြယ် သန်းပေါင်းများစွာတို့ဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်၏။ ဂလက်ဆီတစ်ခု အတွင်း၌ပင်လျှင် တွင်းနက်ပေါင်း (၁၀)သန်းခန့် ရှိနိုင်သည်ဟု သိပ္ပံပညာရှင်တို့က ဆိုကြ၏။ အကယ်၍သာ တွင်းနက်ကြီးများ တစ်စတစ်စ များလာက နောက်ဆုံး စကြဝဠာ တစ်ခုလုံးသည် တွင်းနက်ကြီး တစ်တည်းအဖြစ်သို့ လိပ်လိုက်သည့်သဖွယ် ရောက်သွားနိုင်ပေသည်။ ကျွန်ုပ်တို့၏ နေသည်လည်း ကြယ်တစ်လုံးပင် ဖြစ်ပေရာ ၄င်းသည်လည်း သက်တမ်းကုန်က တွင်းနက်ကြီး ဖြစ်သွားနိုင်၍ နေစကြဝဠာ ပျက်စီးသွားနိုင်၏။ သို့တည်းမဟုတ် အခြားသော တွင်းနက်များကြောင့် စကြဝဠာကြီးနှင့် တစ်ပြိုင်တည်း ပျက်စီး၍ စကြဝဠာကြီး၏ တွင်းနက်အဖြစ် ပါဝင်သွားပေမည်။
သိပ္ပံပညာ ဟူသည် ရုပ်စကြဝဠာ အတွင်း၌ အမှန်တရားကို သက်သေနှင့်တကွ ရှာဖွေနေသော ပညာရပ်သာ ဖြစ်ပေသည်။ ပြီးပြည့်စုံမှုကား မရှိသေးချေ။ ကုရ်အာန်သည် ဖန်ဆင်းရှင် အလ္လာဟ်ထံမှ လူသားတို့ထံ ချပေးသော သံသယ ကင်းဖွယ်ကျမ်းဖြစ်သည်။ စကြဝဠာ ပျက်သုဉ်း၍ ကိယာမသ် ရှင်ပြန်ထကြရမည်ကို မယုံသူတို့အတွက် သက်သေလက္ခဏာတော် များစွာကို ကုရ်အာန်က ဖော်ပြထားပေသည်။ ယင်းအနက် စကြဝဠာကို ဖွဲ့စည်းထားသော ရုပ်ပစ္စည်းများ အနက် အဏုမြူမှုန်များကို အသေးဆုံး ဖြစ်၍ နောက်ထပ် ခွဲစိတ်၍ မရနိုင်တော့ ဟု လူသားတို့က ဆိုနေသော (၇)ရာစုတွင် စာပေ သင်ကြားခြင်းမခံရသူ တမန်တော် မုဟမ္မဒ်၏ နှုတ်မှ ထွက်သော ကုရ်အာန်တွင် အလ္လာဟ်က အဏုမြူမှုန်ထက် သေးငယ်သောအရာများ ဖန်ဆင်းထားကြောင်း ဆိုထား၏။ (ကုရ်အာန် ၃၄း၃)။
ယနေ့ သိပ္ပံက ထောက်ခံချေပြီ။ လူသားများ တစ်ဦးနှင့်တစ်ဦး လက်ဗွေများ မတူမှုကို ၁၈၈၄ ခုနှစ်တွင်မှ အင်္ဂလန်တွင် စတင် သိခဲ့သော်လည်း (၇)ရာစုမှ ကုရ်အာန်တွင် ကိယာမသ်နေ့၌ လူတိုင်း၏ လက်ထိပ်များကိုပင် အလ္လာဟ်က တူအောင် ပြန်လုပ်ပြနိုင်သည်ဟု တင်စား ပြောဆိုရင်း အသိပေးထားသည်။ (ကုရ်အာန် ၇၅း၎-၅)။ အလ္လာဟ်နှင့် ကိယာမသ်နေ့ကို လူသားတို့ မည်သို့ငြင်းမည်နည်း။
မည်သည့်အကြောင်းကြောင့် ရုပ်စကြဝဠာကြီး လက်ရှိ အခြေအနေမှ ပျက်သုဉ်းရမည်ကို အလ္လာဟ်မှလွဲ၍ မည်သူမျှ တိကျစွာ မသိနိုင်ချေ။ အလ္လာဟ်သည်သာ လောကခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ လည်ပတ်စေတော်မူသော အရှင်ဖြစ်၏။ အလ္လာဟ်သည်သာ လျှို့ဝှက်ချက် အားလုံးကို သိတော်မူ၏။ အလ္လာဟ်အတွက် ခလုတ်တစ်ချက်နှိပ်ခြင်းသည် (မျက်စိတစ်မှိတ်) ထက်ပင် မြန်စွာပြုနိုင်၏။
လူအချို့က စကြဝဠာပျက်မည်ကို မငြင်းလိုသော်လည်း အချိန်နှစ်ပေါင်းများစွာ လိုသေးသည်ဟု ထင်ကြ၏။ ပတ်ဝန်းကျင်ကို ဆင်ခြင်ကြည့်ပါလေ၊ အင်ဂျင်နီယာတစ်ဦးသည် အဆောက်အအုံ တစ်ခုကို စစ်ဆေး၍ လက်ရှိအခြေအနေအရ နှစ်ပေါင်းတစ်ရာခံမည်ဟု ဆိုသော်လည်း (၁၀)ရက်အတွင်း၌ ငလျင်ဒဏ် (သို့) မိးဘေးကြောင့် ပျက်သုဉ်းသွားလေသည်။ ထို့အတူ ရုပ်စကြဝဠာကြီးကိုလည်း လူတို့က လက်ရှိအခြေအနေအရ နှစ်ပေါင်းများစွာ ရှိဦးမည်ဟု ထင်သော်လည်း အလ္လာဟ်၏ သတ်မှတ်ချိန်တွင် ပျက်သုဉ်းရမည်သာ ဖြစ်ပေသည်။
Subscribe to:
Post Comments (Atom)
This comment has been removed by a blog administrator.
ReplyDelete