“၄င်းပြင် အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ (တောက်လောင်နေသော) ဆီကဲ့သို့ နီရဲလာပေမည်” (ကုရ်အာန် ၅၅း၃၇) “ထိုနေ့တွင် ငါအရှင်မြတ်သည် မိုးကောင်းကင်ကို ရေးသားထားသော မှတ်တမ်းစာရွက်ကို လိပ်သကဲ့သို့ ခေါက်လိပ်တော်မူမည်၊ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပထမအကြိမ် (စတင်) ဖန်ဆင်းတော်မူဘိသကဲ့သို့ ထိုအရာကိုပင် ထပ်မံ၍ပြုလုပ် (ဖန်ဆင်း) တော်မူမည် (ဤသည်မှာ ငါအရှင်မြတ်သည်) မိမိအပေါ် မိမိထားတော်မူသည့် ကတိတော်ပင် ဖြစ်သည်။ မုချဧကန် ငါအရှင်မြတ်သည် (မိမိ၏ ကတိတော်အတိုင်း) ပြုတော်မူမည့် အရှင်မြတ်ပင် ဖြစ်ပေသတည်း” (ကုရ်အာန် ၂၁း၁၀၄) “ယင်း ပြစ်ဒဏ်ကို ပယ်ရှားနိုင်သောသူဟူ၍ အလျင်းမရှိပြီ” (ကုရ်အာန် ၅၂း၈) အလ္လာဟ်သည် စကြဝဠာ လောကခပ်သိမ်း၊ သက်ရှိသက်မဲ့ ခပ်သိမ်းတို့ကို မရှိရာမှ ရှိရာသို့ ဆင့်ကဲဖြစ်စဉ်အရ အဆင့်ဆင့် ပြုစုဖန်ဆင်းထင်ရှားစေတော်မူခဲ့သည်။ စကြဝဠာ လောကခပ်သိမ်းသည် ‘ဒုခန်း’ခေါ် အခိုးအငွေ့ အသွင်ဖြင့် အစိုင်အခဲတစ်ခုတည်းအဖြစ်မှ အလ္လာဟ်၏ သက္ကဒီရ် သတ်မှတ်ချက်များအတိုင်း အဆင့်ဆင့် ဖြစ်ပေါ်လာသည်။ ဆက်လက်ဖြစ်ပေါ်ဆဲပင်ဖြစ်၏။ အလ္လာဟ်၏ ကွန်ဖယကွန်(န်) ‘ဖြစ်စေ ဖြစ်လာ၏’ ဟူသော အမရ် စီမံမှုအမိန့်တော်သည် အရာအားလုံး အပေါ် သက်ရောက်လျက်ရှိ၏။ စကြဝဠာကြီး ပြန့်ကားနေမှုကိုလည်း သိပ္ပံပညာက သက်သေ သာဓကတို့ဖြင့် တွေ့ရှိပြီး ဖြစ်၏။ သို့သော် စကြဝဠာ လောကခပ်သိမ်းသည် အလ္လာဟ်၏ တိုင်းတာသတ်မှတ်ပေးထားသော နိယာမ သဘာဝတရားများကို အလ္လာဟ်ပေးထားသည့် ဝဟီလမ်းညွှန်နှင့်အညီ နာခံဆောင်ရွက်နေကြခြင်းသာ ဖြစ်သည်။ ၄င်းတို့အတွက် သတ်မှတ်ချိန်နှင့် သတ်မှတ်ချက် အာကာသထားရှိပြီး ဖြစ်သည်။
Tuesday, 7 August 2012
ရုပ်စကြဝဠာကြီး နောက်ဆုံးအချိန်ကာလ အဖြစ်အပျက်
ရုပ်စကြဝဠာကြီး နောက်ဆုံးအချိန်ကာလ အဖြစ်အပျက်
“စင်စစ်မှာကား ၄င်း (မယုံကြည်သူ)တို့သည် ဒွိဟသံသယ၌ ကစားခုန်စားလျက်ပင် ရှိကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် မိုးကောင်းကင်မှ ထင်ရှားစွာသော အခိုးအငွေ့ ဖြစ်ပေါ်လာမည့် နေ့ကိုသာလျှင် စောင့်စား၍ နေပါလေ၊ ယင်းအခိုးအငွေ့သည် လူတို့အားလုံးကို ဖုံးလွှမ်း၍ သွားပေမည်။ ဤသည် အလွန်နာကျင်ဖွယ် ကောင်းသော ပြစ်ဒဏ်ပင် ဖြစ်ပေမည်” (ကုရ်အာန်၄၄း၁၀-၁၁)
“ထို့ကြောင့် (နောက်ဆုံး အချိန်နာရီကို ဆင်ခြင်လော့၊ တရားစီရင်မှု၏ ပထမအကြိမ်) တံပိုးခရာ၌ တစ်ချက်တည်း မှုတ်လေသော်” (ကုရ်အာန် ၆၉း၁၃)
“အကြင်အခါဝယ် ကမ္ဘာဂြိုဟ်သည် ပြင်းထန်စွာ တုန်လှုပ်စေခြင်းကို ခံရစေမည်၊ ၄င်းပြင် တောင်များသည် ညက်ညက်ကြေအောင် ကြွေမွခြင်းကို ခံကြရမည်၊ ထိုအခါ ယင်းတောင်များမှာ ဖြန့်ကြဲထားသော မြူမှုန် ဖြစ်သွားပေမည်” (ကုရ်အာန် ၅၅း၎-၆)
“ကမ္ဘာဂြိုဟ်သည် မိမိငလျင်လှုပ်ခြင်း၊ မိမိသွက်သွက်ခါ လှုပ်ခြင်းဖြင့် တုန်လှုပ်စေခြင်းကို ခံရသောအခါ” (ကုရ်အာန် ၉၉း၁)
“အသင်တို့က အလွန်မြဲမြံခိုင်မာသော အစိုင်အခဲများ ဖြစ်သည်ဟု ထင်မှတ်သော တောင်များကို မိုးတိမ်များ လွင့်ပါးဘိသကဲ့သို့ လွင့်ပါးသွားသည်ကို အသင်မြင်ရပေမည်” (ကုရ်အာန် ၂၇း၈၈)
“ထို့ပြင် ပင်လယ်သမုဒ္ဒရာများ ဆူပွက်စေခြင်းကို ခံကြရသောအခါ၊ ထို့ပြင် ပင်လယ်သမုဒ္ဒများ ဆူပွက်စီးထွက် (စေခြင်း ခံကြ)ရသောအခါ” (ကုရ်အာန် ၈၁း၆။ ၈၂း၃)
“၄င်းပြင် လသည် အလင်းရောင် ကင်းမဲ့သွားပေမည်၊ ထို့ပြင် နေနှင့် လတို့သည် ပေါင်းစပ်ခြင်းကို ခံကြရပေမည်။ (တစ်နည်း နေနှင့် လတို့သည် တစ်မျိုးတစ်စားတည်း ဖြစ်စေခြင်းကို ခံကြရပေမည်)” (ကုရ်အာန် ၇၅း၈-၉)
“နေသည် ခေါက်လိပ်ခြင်း ခံရသောအခါ (အလင်းရောင် မဲ့သွားသောအခါ) ၄င်းပြင် ကြယ်တာရာများ အလင်းရောင်မဲ့သောအခါ (ပျက်သုဉ်းသောအခါ)” (ကုရ်အာန် ၈၁း၁-၂)
“ဧကန်မလွဲ အသင်တို့ ချိန်းဆိုခြင်းခံရသော ချိန်းဆိုချက်မှာ အမှန်ပင် ဆိုက်ရောက်လာပေမည်။ ထို့ပြင် အကြင်အခါဝယ် ကြယ် နက္ခတ်တို့ ကွယ်ပျောက်၍ သွားကြပေမည်။ ၄င်းပြင် အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ သွားပေမည်” (ကုရ်အာန် ၇၇း၇-၉)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment