Sunday 16 September 2012

>မွေးဖွားခြင်း

မွေးဖွားခြင်း
အလ္လာဟ်အရှင်မြတ်သည် လူသားအား ကမ္ဘာမြေပေါ်ဝယ် ခလီဖဟ်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားခြင်း၊ လူသားကို ရုပ်နှင့် ရူဟ်စွမ်းအင်များ အကောင်းဆုံး ပုံသဏ္ဍာန်ဖြင့် ပေးထားခြင်း၊ ကျန်ဖန်ဆင်းခံ သက်ရှိသက်မဲ့တို့ကို လူသားတို့၏ လက်အောက်ခံ အသုံးချခံအဖြစ် ပြုထားခြင်း၊ အရာခပ်သိမ်းကို အလ္လာဟ်လမ်းညွှန်ခြင်းဖြင့် စနစ်တကျ သုံးရန် အမာနတ်လွှဲအပ်ခြင်းနှင့် လူသားတိုင်း၏ အတွင်း ဗီဇ သဘာဝက အလ္လာဟ်ကို သိစေခြင်း စသည်တို့ကို သက္ကဒီရ်သတ်မှတ်ချက်နှင့် လူ့သဘာဝအဖြစ် ပြုလုပ်ပြီးနောက် လူသားအား မွေးဖွားခြင်းဖြင့် လူ့လောကသို့ ရောက်စေလေသည်။
“ထိုအရှင်မြတ်သည် အသင်တို့အား နဖ်စ်တစ်ခုတည်း (နဖ်စ်အမျိုးအစားတစ်ခုတည်း)မှ ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ထိုနဖ်စ်မှပင် ၄င်း၏ ကြင်ဖက်ကို ဖန်ဆင်း ပြုလုပ်တော်မူခဲ့သည်။ အကြောင်းမှာ အကြင်ယောက်ျားသည် ၄င်း၏ ကြင်ရာ ထံ၌ တည်ငြိမ်မွေ့လျော်စွာ နေထိုင်နိုင်ရန်ဖြစ်သည်။ ထို့နောက် ၄င်း(ယောက်ျား)သည် ယင်း ကြင်ရာအား ဖုံးလွှမ်းသော အခါ ယင်းကြင်ရာသည် (ပထမအတွင်း) ပေါ့ပါးသော ကိုယ်ဝန်ကို လွယ်၍ ထိုကိုယ်ဝန်နှင့်တကွ လွယ်ကူစွာ သွားလာခြင်းကို ပြုလေသည်။ တစ်ဖန် ထိုကိုယ်ဝန်သည် ရင့်လေး၍လာသောအခါ…….” (ကုရ်အာန် ၇း၁၈၉)
“အလ္လာဟ်အရှင်မြတ်သည် မိန်းမတိုင်း မည်သည့် အရာကို(ဝမ်းတွင်း၌) လွယ်ထားသည်ကို လည်းကောင်း၊ သားအိမ်များသည် မည်သည့်အရာကို လျော့စေ၊ ချွတ်ယွင်းစေသည်ကို လည်းကောင်း၊ ပိုမိုစေသည်ကို လည်းကောင်း၊ သိတော်မူ၏။ စင်စစ် အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ်ထံတော်၌ စီမံ သတ်မှတ်ပြီး ဖြစ်သည်” (ကုရ်အာန် ၁၃း၈)
“….စင်စစ် မည်သည့်မိန်းမ တစ်ဦးတစ်ယောက်မျှ ထိုအရှင်မြတ် သိတော်မူခြင်း မရှိဘဲ ကိုယ်ဝန်ဆောင်ခြင်းလည်း မရှိ။ သားဖွားခြင်းလည်း မရှိပေ” (ကုရ်အာန် ၃၅း၁၁)
ရုပ်နှင့်နာမ် ဖွံ့ဖြိုးတိုးတက်မှု
“မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ကို စိုးမိုး အုပ်ချုပ်မှု အာဏာသည် အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထို အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (သမီး)မိန်းကလေးများကို ချီးမြှင့်တော်မူ၍ မိမိအလိုရှိတော်မူသောသူအား (သား)ယောက်ျားလေးများကို ချီးမြှင့်တော်မူ၏။ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် ၄င်းတို့အား သားယောက်ျားလေးများနှင့် သမီးမိန်းကလေးများ နှစ်မျိုးစလုံးကို ပေးတော်မူ၏။ ထို့ပြင် မိမိအလိုရှိတော်မူသောသူအား (သားသမီးမထွန်းကားသော) အမြုံပြုလုပ်ထားတော်မူ၏။ ဧကန်မလွဲ အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်၊ အကြွင်းမဲ့စွမ်းနိုင်သောအရှင် ဖြစ်တော်မူ၏” (ကုရ်အာန် ၄၂း၄၉-၅၀)
“စင်စစ် ငါအရှင်မြတ်သည် လူသားအား ၄င်း၏ မိဘနှစ်ပါးနှင့် စပ်လျဉ်း၍ ကောင်းစွာ ပြုစုရန် လေးနက်စွာ အမိန့်ပေးတော်မူ၏။ ၄င်း၏မိခင်မှာ ၄င်းအား ဆင်းရဲဒုက္ခ ပင်ပန်းကြီးစွာနှင့် (မိမိဝမ်းတွင်း၌) သယ်ပိုးခဲ့ရ၏။ ထို့ပြင် ဆင်းရဲ ဒုက္ခပင်ပန်းကြီးစွာဖြင့် ၄င်းအား မွေးဖွားခဲ့၏။ ထို့ပြင် ၄င်းအား သယ်ပိုး လွယ်ပိုက်ခြင်းနှင့် ၄င်းအား နို့ဖြတ်ခြင်း၏ (အချိန်ကာလမှာ) လပေါင်းသုံးဆယ်ဖြစ်သည်။ နောက်ဆုံးတွင် ထိုလူသားသည် အရွယ်ရောက် လူလားမြောက်ခြင်းသို့ ရောက်ရှိ၍ အနှစ်လေးဆယ် (ရင့်ကျက်သောအရွယ်)သို့ ရောက်လေသော အခါ ဤသို့ပြန်ကြား လျောက်ထားလေသည်” (ကုရ်အာန် ၄၆း၁၅)
“…..ထိုအရှင်မြတ်သည် အသင်တို့အား မြေကြီးမှ ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ကလလရေကြည် တစ်စက်ဖြင့် ထို့နောက် တွယ်ကပ်သောအရာမှ၊ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အား ကလေးငယ်များ အဖြစ် ထွက်စေတော်မူ၏။
ထို့နောက် အသင်တို့အား လူလားမြောက် အရွယ်သို့ ရောက်စေ၏။ ထို့နောက် ဇရာအိုများ ဖြစ်လာစေသည်။ ထို့ပြင် အသင်တို့အနက် (လူလားမြောက်ခြင်း၊ ဇရာအိုခြင်း၊ အရွယ်မတိုင်မီ) အလျင်သေဆုံးကြရသူများလည်း ရှိကြသော်လည်း (ဤသတ်မှတ်ချက် အားလုံးတို့မှာ) အသင်တို့သည် (အလ္လာဟ်)သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရောက်ရှိစေရန်သော် လည်းကောင်း၊ အသင်တို့ (အသိဉာဏ်များ သုံး၍) သိရှိနားလည်စေရန် လည်းကောင်း ဖြစ်သည်” (ကုရ်အာန် ၄၀း၆၇)
သေခြင်းတရား
“ထိုအရှင်မြတ်သည်ပင် အသက်ရှင်စေတော်မူ၏။ အသက်သေစေတော်မူ၏” (ကုရ်အာန် ၄၀း၆၈)
“ထိုမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မရှိဘဲလျက် သေဆုံးနိုင်သည် မရှိချေ။ (လူတိုင်းအဖို့သေဆုံးရန်အတွက် သတ်မှတ်ထားသော အချိန်တစ်ချိန်သည် ရေးသားထားပြီးဖြစ်၏” (ကုရ်အာန် ၃း၁၄၅)
“….မည်သည့် အသက်ရှည်သူ တစ်ဦးတစ်ယောက်၏ အသက်ကိုမျှ သတ်မှတ်ထားသည်ထက် ပိုခြင်းလည်းမရှိ။ မည်သူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှ သတ်မှတ်ထားသည်ထက် လျော့ခြင်းလည်းမရှိ။ သို့ရာတွင် ဤသည်တို့သည် မှတ်တမ်းတော်တွင် ရေးမှတ်ပြီးဖြစ်သည်။ ဧကန်မလွဲ ဤသည်ကား အလ္လာဟ်အတွက် လွန်စွာလွယ်ကူလှပေသတည်း” (ကုရ်အာန် ၃၅း၁၁)
“…..အသင်တို့သည် မည်သည့်နေရာ၌ပင် ရှိစေကာမူ သေခြင်းတရားသည် အသင်တို့ထံရောက်ရှိအံ့။ အကယ်၍ အသင်တို့သည် အလွန်ခိုင်ခံ့လုံခြုံမြင့်မားသော ခံတပ်များ၊ ရဲတိုက်များ၊ မျှော်စင်များအတွင်း၌ (ပုန်းအောင်းခိုလှုံ၍) ရှိနေကြသော်လည်း သေခြင်းတရားမှ လွတ်မြောက်နိုင်သည် မရှိချေ” (ကုရ်အာန် ၄း၇၈)
“မည်သူ တစ်ဦးတစ်ယောက်မျှ ၄င်းသည် မည်သည့်မြေ(အရပ်)တွင် သေဆုံးမည်ကို မသိနိုင်။ ဧကန်မလွဲ အလ္လာဟ်သည်သာ အကြွင်းမဲ့ သိတော်မူသောအရှင်၊ အကြွင်းမဲ့ ကြားသိတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၃၁း၃၄)
“နဖ်စ်ဝိညာဉ်တိုင်းသည် သေခြင်းတရား၏ အရသာကို မြည်းစမ်းကြရလတ္တံ့” (ကုရ်အာန် ၂၉း၅၇)
အထက်ပါ အလ္လာဟ်၏အမိန့်တော်များအရ ရှင်ခြင်းနှင့် သေခြင်းသည် အလ္လာဟ်တစ်ပါးတည်း၏ လက်တော်တွင်သာရှိ၏။ မည်သူမျှ သေခြင်းတရားကို ရှောင်မလွတ်နိုင်။ သိပ္ပံပညာဖြစ်စေ၊ အခြားမည်သည့် ကျင့်စဉ်ဖြစ်စေ သေခြင်းတရားကို ထိန်းချုပ်နိုင်စွမ်းမရှိ။ လူတစ်ဦးချင်း အတွက် သေရမည့်နေရာနှင့်အချိန်တို့သည် အလ္လာဟ့်ထံတော်တွင် သတ်မှတ်ထားပြီးဖြစ်သည်။ အသေစောခြင်း၊ အသေနောက်ကျခြင်းဟူသည် မရှိပေ။

No comments:

Post a Comment