Saturday, 15 September 2012

သေခြင်းတရား၏ ရည်ရွယ်ချက်

သေခြင်းတရား၏ ရည်ရွယ်ချက်
“ထိုအရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံ မြင့်မြတ်လှတော်မူ၏။ ထိုအရှင်မြတ်၏ လက်တော်အတွင်းဝယ် အုပ်ချုပ်မှု အာဏာအပေါင်းသည် ရှိ၏။ ထို့ပြင် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို တတ်စွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူရန် သေခြင်းတရားကို လည်းကောင်း၊ အသက်ရှင်ခြင်းကို လည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် အလွန်တရာ ခန့်ညားတော်မူသော အရှင်၊ အလွန်တရာ ခွင့်လွတ်တော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၆၇း၁-၂)
အထက်ပါ အာယာသ်တော်တွင် သေခြင်းနှင့် ရှင်ခြင်းသည် အလ္လာဟ်၏ ဖန်ဆင်းခံသာဖြစ်သည်။ သေခြင်းကို ဆိုလိုခြင်းမဟုတ်၊ အခြေအနေ တစ်မျိုးမျိုးသို့ ပြောင်းသွားခြင်းကိုသာ ဆိုလိုသည်။
ကုရ်အာန် ၂း၂၈ တွင် အလ္လာဟ်သည် လူသားတို့အား အသက်မရှိရာမှ သက်ရှိအဖြစ်သို့ လည်းကောင်း၊ သက်ရှိအဖြစ်မှ သေစေခြင်းကို လည်းကောင်း၊ ထို့နောက် ရှင်ပြန်ထစေခြင်းတို့ကို လည်းကောင်း၊ ပြုတော်မူ၍ အလ္လာဟ်ထံ ပြန်သွားကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် သေခြင်းဟူသည်(၁) ရှင်ခြင်း မတိုင်မီ အလျင် ဘာမျှမရှိသော အခြေအနေ(သို့တည်းမဟုတ်) အခြေအနေ တစ်မျိုးမျိုးဖြင့် ရှိနေခြင်း(၂)ကျွန်ုပ်တို့သိနေသော လက်ရှိလောက အသက်ရှင်မှုမှ ရပ်စဲသွားသော်လည်း အခြား အခြေအနေတစ်ခုသို့ ပြောင်းသွားခြင်းတို့ ဖြစ်သည်။ လုံးဝ ပျက်သုဉ်းသွားခြင်းကို ဆိုလိုသည် မဟုတ်ပေ။
စင်စစ် သေခြင်းတရားသည် အခြေအနေတစ်ခုမှ အခြား အခြေအနေတစ်ခုသို့ ပြောင်းပေးရာ တံခါးသာဖြစ်သည်။ လက်ရှိ လောက လူသားတို့အတွက် သေခြင်းဟူသည် မိမိတို့၏ နဖ်စ်ဝိညာဉ်ကို ဂျန္နသ်တည်းဟူသော နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှု အခြေအနေသို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းမှု ပြုမပြုကို ဆုံးဖြတ်ရန် တံခါးဝအဖြစ် အလ္လာဟ်က ဖန်ဆင်းထားခြင်းသာ ဖြစ်သည်။
သေခြင်းတရား၏ အလွန်
ဤရုပ်လောက၏ သေခြင်းတရားတံခါးဝ၏ အလွန်တွင် ‘ဘရ်ဇာခ်’ခေါ် ကြားကာလ၊ ကိယာမသ် ရှင်ပြန် ထမြောက်ရခြင်း၊ တရားစီရင်မည့် နေ့တော်ကြီးနှင့် ကောင်းမှုနှင့် ပြစ်မှုအတွက် အစားပေးခြင်း၊ ဂျန္နသ် နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှု အခြေအနေနှင့် ဂျဟန္နာမ် ပူလောင်မှုဒုက္ခအခြေအနေ စသည်တို့ရှိနေခြင်းသည် လူသားတို့၏ ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာအဆင့်ဆင့်တို့ ထိုးဖောက် လွှမ်းခြုံနိုင်စွမ်းမရှိသော ဂိုက်ဘ် အကွယ်တရားများအဖြစ် ရှိနေပေသည်။ ထိုတရားတို့သည် အမှန်တကယ်ရှိသော်လည်း လူသားတို့ မသိနိုင်၊ နားလည်နိုင်အောင် ဖော်ပြနိုင်သော စကားလုံးနှင့် ဘာသာ စကားလည်း လူ့လောကတွင် မရှိချေ။
မြေမှစခဲ့သော လူသားတိုင်း၏ ရုပ်ခန္ဓာသည် အလ္လာဟ်၏ သတ်မှတ်ချိန်ရောက်သော် သတ်မှတ်ထားသော နေရာဒေသသို့ ရောက်စေ၍ သေကြရပေမည်။ သို့သော် လူသားတိုင်း၏ နဖ်စ်ဝိညာဉ်တို့သည်သေဆုံးပျက်သုဉ်း မသွားချေ။
သေခြင်းတရား၏ အရာသာကို မြည်းစမ်းကြည့်လိုက်ရပေမည်။ ထို့နောက် နဖ်စ်ဝိညာဉ်တိုင်းသည် မိမိတို့ ဆောင်ရွက်ခဲ့သော အလ္လာဟ်ကို လက္ခံမှုနှင့် ငြင်းပယ်မှု၊ ကောင်းမှုနှင့် ပြစ်မှုတို့အတွက် သိလျက်နှင့်ပင် အစားပေးခံရန်အတွက် ဘရ်ဇာခ် ခေါ် ကြားကာလအခြေအနေတွင် အလ္လာဟ်က ထား၏။ (ကုရ်အာန် ၂၃း၁၀၀) ကမ္ဘာဦးအစမှစ၍ သေခဲ့ကြသော လူသားတိုင်းသည် ထိုဘရ်ဇာခ်အခြေအနေတွင် ရှိနေကြ၏။ နောင်သေမည့် လူတိုင်းသည်လည်း ထိုဘရ်ဇာခ် အခြေအနေသို့ပင် ရောက်ကြမည်။
ကိယာမသ် ရှင်ပြန်ထရမည့် နေ့တော်ကြီးကို စောင့်ကြရ၏။ စောင့်သည်ဟုဆိုရာတွင် အချိန်နှင့် အာကာသ သတ်မှတ်ချက်သည် နဖ်စ်ဝိညာဉ်လောကအတွက် ရုပ်တရားလောကကဲ့သို့ မရှိချေ။ ကိယာမသ်နေ့တွင် လူသားအားလုံးသည် ထိုဘရ်ဇာခ်ကာလ အခြေအနေမှ ရှင်ပြန်ထကြရမည် ဖြစ်ပေသည်။ အလ္လာဟ့်ထံတော်တွင်စစ်ဆေးခံရခြင်း၊ ဂျန္နသ်-ဂျဟန္နမ်အကျိုးအစားပေး ခံရစေမည်သာ ဖြစ်သည်။
ထို့ကြောင့် ကုရ်အာန်ကျမ်းမြတ်အရ လူသားတိုင်းသည် သေပြီးနောက် သံသရာလည်ခြင်း၊ တိရစ္ဆာန်ဖြစ်ခြင်း၊ လူပြန်ဖြစ်ခြင်း၊ လူဝင်စားခြင်း၊ တစ္ဆေသရဲဖြစ်ခြင်း၊ မကျွတ်ဘဲခံနေရခြင်း စသည်တို့ မရှိပါ။ တစ္ဆေသူရဲဟု လူတို့ဆိုနေမှုများသည် အလ္လာဟ်ကို လက်မခံကြဘဲ ဂျင်န် (မမြင်နိုင်သော အရာနှင့် စွမ်းအင်)တို့ကို လူသားတို့က စတင်ဒူးထောက်ကိုးကွယ် ပသမှုတို့ကြောင့် ရှိုဿွာန်စွမ်းအင်၏ လှည့်ဖြားမှုသာ ဖြစ်သည်။

No comments:

Post a Comment