Saturday 4 August 2012

အိဘာဒတ်နှင့် အလ္လာဟ်သိစိတ်

အလ္လာဟ်သည် လူသားကို ဤဘဝနှင့် တမလွန်တို့အတွက် မဟာကရုဏာတော် ပေးရန်သာ ဖန်ဆင်းထင်ရှားဖြစ်ပေါ်စေခြင်း ဖြစ်၏။ အလ္လာဟ်၏ ဖန်ဆင်းမှုအားလုံးသည် ကောင်းခြင်းမင်္ဂလာများသာ ဖြစ်၏။ သို့သော် အလ္လာဟ်၏ ဝဟီလမ်းညွှန်မှတစ်ဆင့်ပေးသော သစ္စာတရားများနှင့် ကျင့်စဉ်တို့ကို မနာခံ ဆန့်ကျင်ပါမူ ထိုဆန့်ကျင်မှုအတွက် သဘာဝတရားအတွင်းမှ ဒုက္ခအကျိုးအဆက်များ သက်ရောက်လေတော့သည်။ ထိုဒုက္ခတရားတို့မှာ မိမိ၏လုပ်ရပ်ကြောင့်သာ ဖြစ်၏။ ထိုဒုက္ခတရားများ ကင်းဝေး၍ ငြိမ်းချမ်းမှုရရန် အလ္လာဟ်က မည်သို့ပြုရမည်ဖြစ်ကြောင်း ဝဟီလမ်းညွှန် ပေးပြီးဖြစ်ပေသည်။ အလ္လာဟ်သည် မိမိ၏ ကရုဏာတော်များကို လူသားတို့အပြည့်အဝခံစားနိုင်ကြရန် မိမိချပေးထားသော ဝဟီလမ်းညွှန်အတိုင်း လူသားတို့ကို အီဘာဒတ်ပြု ဘဝတည်ဆောက်စေသည်။ အိဘာဒတ် ဟူသည် အလ္လာဟ်ကို ဝတ်ပြုရှိခိုးမှု၊ ဆုတောင်းမှု သက်သက်ကိုသာ ခေါ်ဆိုသည် မဟုတ်ဘဲ မိမိ၏ ဘဝတစ်လျောက်လုံး သေသည့်တိုင် အလ္လာဟ်အား မိမိ၏ အရှင်သခင်အဖြစ် ချစ်မြတ်နိုး၍ အလ္လာဟ်၏ (အဘ်ဒ်) ကျွန်တစ်ဦးအဖြစ် အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း ဆောင်ရွက်ခြင်းကို ခေါ်သည်။ “စင်စစ် ငါအရှင်မြတ်သည် ဂျင်န်များနှင့် လူသားတို့အား ငါအရှင်မြတ်အား အီဘာဒတ်ပြုရန် (အလ္လာဟ်၏ ကျွန်အဖြစ် နာခံဘဝတည်ဆောက်ရန်) သာလျင် ဖန်ဆင်းတော်မူခဲ့၏” (ကု၇်အာန် ၅၁း၅၆) မုစ်လင်မ် (အလ္လာဟ်ကို နာခံသူ) တစ်ဦးသည် သက္ကဝါတရား အမြဲထားရ၏။ သက္ကဝါဟူသည် မိမိ၏ အရှင်သခင် အလ္လာဟ်အား သိစိတ် အမြဲမပြတ်ထားလျက် အလ္လာဟ် မနှစ်မြို့သော မကောင်းမှုများမှ ရှောင်ကြဉ်ခြင်း၊ ကောင်းမှုများကို တည်ဆောက်ခြင်းကို ခေါ်သည်။ အလ္လာဟ်သိစိတ် (သက္ကဝါတရား) ထားသူတစ်ဦးအဖို့ မည်သည့်နေရာ ရောက်ရောက် မည်သည့်အခွင့်အရေး ရစေကာမူ အကြွင်းမဲ့ သိတော်မူသော၊ အကြွင်းမဲ့ မြင်တော်မူသော၊ အကြွင်းမဲ့ ကြားတော်မူသော အလ္လာဟ်ကို ဆင်ခြင်နေ၍ မည်သည့် မတရားမှု၊ ပြစ်မှုကိုမျှ ပြုလုပ်မည် မဟုတ်ချေ။ မည်သည့်အရာကိုမျှ ကြောက်ရွံ့မည် မဟုတ်ဘဲ အလ္လာဟ်၏ မနှစ်မြို့မှုကိုသာ အကြောက်ရွံ့ဆုံး ဖြစ်ပေမည်။ အလ္လာဟ်ထံတော်တွင် စစ်ဆေးခံရမည်ကိုသာ အထူးကြောက်ရွံ့ပေမည်။ ထို့ကြောင့် အီဘာဒတ်ဟူသည် အချိန် ကန့်သတ်ချက်ဖြင့် ပြုရသော ကျင့်စဉ်မဟုတ်ဘဲ မိမိအသက်ရှင်စဉ် ဘဝတစ်လျှောက်လုံး မိမိအားရှိသမျှ အသက်အိုးအိမ် စည်းစိမ်အားလုံးကို အလ္လာဟ်၏ လမ်းညွှန်နှင့်အညီ သုံးစွဲ၍ လိုအပ်ပါက အနစ်နာခံ စွန့်လွှတ်၍ အလ္လာဟ်၏ နှစ်မြို့မှုကို ဂျီဟာဒ်သက်စွန့်ကြိုးပမ်း ရှာကြံခြင်း ဖြစ်သည်။ ဆရာတစ်ဦးသည် ပည့်တစ်ဦးအား ‘ရေယူပေးပါ’ဟု ညွှန်ကြားသောအခါ တပည့်သည် ရေကို သွားမယူဘဲ ‘ရေယူပေးပါ’ ဟူသော အမိန့်ကိုနှုတ်မှ အဆက်မပြတ် ရွတ်ဆိုနေလျင် မည်မျှလွဲမှားသော အမှုကိုပြုနေသော တပည့်ပေနည်း။ ထို့အတူ အလ္လာဟ်က လူသားတို့အား ဘဝတည်ဆောက်မှု ကျင့်စဉ်အဖြစ် ကုရ်အာန်ကို နောက်ဆုံး ဝဟီလမ်းညွှန်အဖြစ်ချပေးသည်ကို မုစ်လင်မ်တစ်ဦးက နားလည်းအောင် ကြိုးစား၍ လိုက်နာကျင့်သုံးမှု မရှိဘဲ ရွတ်ဖတ်ရုံ သက်သက်သာ ပြုနေပါက မှန်ကန်ပြီးပြည့်စုံသော အီဘာဒတ်ပြုသည် မမည်ချေ။ အစ္စလာမ်တွင် လူသားတစ်ဦးသည် မိမိ၏ ကျေးဇူးတော်ရှင် အလ္လာဟ်နှင့်ပတ်သက်၍ ထားရှိရမည့် တာဝန်ဝတ္တရားများ၊ ဖန်ဆင်းခံ အချင်းချင်းအပေါ် ထားရှိရမည့်တာဝန်ဝတ္တရားများရှိပေသည်။ စင်စစ် အလ္လာဟ်သည် နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အရှင်မြတ်ဖြစ်ပေရာ လူသားထံမှ မည်သည့်အရာမျှ မလိုချေ။ လူသား၏ ကြိုးပမ်းမှုသည် ထိုလူသား၏ အောင်မြင်မှုအကျိုးအတွက်သာ ဖြစ်ပေသည်။ အလ္လာဟ်သည် လူသား၏ ဘဝတစ်ခုလုံးကို အီဘာဒတ်အဖြစ် သတ်မှတ်ထားသည့်အပြင် အချိန်၊ ပုံစံသတ်မှတ်ချက်တို့ဖြင့် မပြုမနေရ တာဝန်များကိုလည်း သတ်မှတ်ထား၏။ အစ္စလာမ်တွင် နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အလ္လာဟ်အား ယုံကြည်မှုအပေါ် အခြေခံ၍ အဓိက မပြုမနေရ ကျင့်စဉ် (၄) ရပ် သတ်မှတ်ထား၏။ (၁) ဆွလာသ်- တစ်နေ့လျှင် ၅ကြိမ် သတ်မှတ်ချိန်၌ သတ်မှတ်ပုံစံဖြင့် ဝတ်ပြုမှု။ (၂) ဇကားသ်- တစ်နှစ်အတွင်း စုဆောင်းရငွေနှင့် စည်းစိမ်မှ အချိုးကျကို ကုရ်အာန်က သတ်မှတ်သူတို့အတွက် ပေးဆောင် ထောက်ပံ့ခြင်း။ (၃) ဆွီယာမ်- နှစ်စဉ် (ကုရ်အာန်ကျမ်းမြတ် စတင်ကျရောက်သည့်) လမြတ် ရမ်သွာန် တစ်လလုံး အရုဏ်ဦးမှ နေဝင်သည်ထိ ဥပုသ်ဆောက်တည်ခြင်း။ (၄) ဟဂ်ျ- ငွေကြေးတတ်နိုင်သူတို့ မက္ကာရှိ ကမ္ဘာဦး ကအ်ဘဟ်ကျောင်းတော်သို့သွားရောက်၍ ဟဂ်ျကျင့်စဉ် ပြုခြင်းတို့ဖြစ်ပြီး ဖော်ပြပါ ကျင့်စဉ်တို့ကို အချိန်မှန်မပြုမနေရ တာဝန်အဖြစ် သတ်မှတ်ရခြင်းမှာ လူသားတိုင်း မိမိတို့ ဘဝတစ်လျောက်လုံးတွင် နေ့စဉ်နှင့်အမျှ ကိုယ်၊ နှုတ်၊ စိတ်၊ နှလုံးတို့ဖြင့် ၂၄နာရီ ပတ်လုံး ကျင့်ကြံရမည့် ကြီးကျယ်သော အီဘာဒတ်ကို ဆောင်ရွက်ရန် ပြင်ဆင်လေ့ကျင့်ခြင်း၊ အားအင်ဖြည့်ခြင်းသာ ဖြစ်၏။ သို့ဖြင့် လူ့အဆောက်အအုံတစ်ခုလုံး ငြိမ်းချမ်းသာယာ လုံခြုံ၍ အောင်မြင်ဖွံ့ဖြိုးမှုရရေးမှာ တစ်ဦးကောင်း ဆောင်ရွက်၍ မရချေ။ မကောင်းမှုဒုစရိုက်များကို စုပေါင်းကာကွယ်တားဆီး၍ ကောင်းမှုများကိုလည်း စုပေါင်း ဆောင်ရွက်ရပေမည်။ အစ္စလာမ်တွင် ဖော်ပြပါ ကျင့်စဉ်များကို ဂျမာအတ်ခေါ် စုပေါင်းဆောင်ရွက်မှုဖြင့် ပြုရန် လမ်းညွှန်ထား၏။

No comments:

Post a Comment