Saturday 4 August 2012

အခန်း (၂၀) အစ္စလာမ့်ကျင့်စဉ်

အခန်း (၂၀) အစ္စလာမ့်ကျင့်စဉ် “စင်စစ် ငါအရှင်မြတ်သည် ဂျင်န် (မမြင်နိုင်သော ဖန်ဆင်းခံ)များနှင့် လူသားတို့အား ငါအရှင်မြတ်အား အိဘာဒတ်ပြုရန် (အလ္လာဟ်၏ ကျွန်အဖြစ် နာခံ ဘဝတည်ဆောက်ရန်) သာလျှင် ဖန်ဆင်းတော်မူခဲ့၏” (ကုရ်အာန် ၅၁း၅၆) ယုံကြည်ချက်နှင့် ကျင့်စဉ် အစ္စလာမ်သာသနာ၏ ယုံကြည်ချက်များသည် လည်းကောင်း၊ ကျင့်စဉ်များသည် လည်းကောင်း၊ လောကခပ်သိမ်းတို့၏ အရှင် အလ္လာဟ် တစ်ပါးတည်းသာ ပြီးပြည့်စုံစွာ နိစ္စထာဝရ ရှိနေမှုဟူသော ‘သောဝ်ဟီးဒ်’ သစ္စာတရားပေါ်တွင် အခြေခံ တည်ဆောက်ထားပေသည်။ သောဝ်ဟီးဒ်မပါဘဲ အစ္စလာမ်ကို မည်သည့်အခါမျှ ဖော်ပြ၍ မရချေ။ ထို့ကြောင့် ဤကျမ်းငယ်တွင် ‘သောဝ်ဟီးဒ် သစ္စာတရား’ ကို အဓိကထား၍ ဖော်ပြထားခြင်း ဖြစ်သည်။ အစ္စလာမ့်ကျင့်စဉ်များကို ရေးသားပါက သီးခြား ကျမ်းတစ်စောင် ဖြစ်ပေမည်။ ထို့ကြောင့် သဘောတရား အနည်းငယ်ကိုသာ ဖော်ပြအပ်ပါသည်။ စင်စစ် မိမိကျင့်သုံးရမည့် ကျင့်စဉ်ကို အခြေခံ တည်ဆောက်ထားသော ‘ယုံကြည်ချက်မဏ္ဍိုင်များနှင့် အခြေခံသစ္စာတရား’ သည် မှန်ကန်ခိုင်မာခြင်း မရှိပါက ထိုကျင့်စဉ်တို့သည်လည်း မှန်ကန်သော အောင်မြင်မှုကို မပေးနိုင်ချေ။ မခိုင်မာသော မြေပေါ်တွင် အိမ်ကို အလွန်တင့်တယ်လှပစွာ ဆောက်သော်လည်း ပြိုကျ ပျက်စီးရလေတော့သည်။ ဤကျမ်းငယ်တွင်……….အစ္စလာမ်၏ ယုံကြည်ချက် မဏ္ဍိုင်များနှင့် အခြေခံသစ္စာတရားတို့ကို လက်လှမ်းမီသမျှ သမိုင်းကြောင်း၊ သိပ္ပံ၊ ကွန်ပျူတာ၊ ဆင်ခြင်တုံတရား စသည်တို့ဖြင့် လေ့လာဖော်ပြထားခြင်း ဖြစ်၏။ သို့သော် ပြီးပြည့်စုံအောင် ဖော်ပြနိုင်မှု မရှိသေးပါ၊ ဆက်လက်လေ့လာရန် များစွာ ကျန်ပါသေးသည်။ ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်က အာဒမ်လူသားကို စတင် ဖန်ဆင်းမှု၊ ၄င်းလူသားမသိသော အရာများကို သင်ကြားပေးမှု၊ စကြဝဠာ၏ သဘာဝတရားတို့ကို စောင့်ကြပ်ရသော မလာအိကဟ် ကောင်းကင်တမန်တို့ကပင် လူသားကို ဦးချနာခံရမှု၊ သို့သော် အီဘလစ် ရှိုဿွာန် စွမ်းအင်က လူသားကို နာခံရန် ဆန့်ကျင်မှုစသည့် ဖော်ပြချက်များ၏ အနှစ်သာကို လေ့လာသော် အလ္လာဟ်သည် လူသားကို ဖန်ဆင်းခံ လောကခပ်သိမ်းတွင် အမြင့်ဆုံး စွမ်းရည်များ ပေးထား၏။ ထို့ကြောင့် လူသားသည် ကျန်ဖန်ဆင်းခံ လောကခပ်သိမ်းကို အလ္လာဟ်၏ သတ်မှတ်မှု အကန့်အသတ်အတွင်းမှ အောင်မြင် လွှမ်းမိုးနိုင်ပေသည်။ တစ်နည်းဆိုသော် မလာအိကဟ်တို့က လူသားကို နာခံကူညီရပေသည်။ သို့သော် လူသားသည် မိုးနှင့်မြေကို အောင်နိုင်ခြင်းထက် မိမိကိုယ်မိမိ ပြန်လည်အောင်နိုင်ခြင်းသည် အကြီးကျယ်ဆုံး အောင်နိုင်ခြင်း ဖြစ်၏။ လူသား၏ ခန္ဓာကိုယ်တွင်းနှင့် ပြင်ပရှိ ရှိုဿွာန်စွမ်းအင်တို့သည် လူသားကို ဆန့်ကျင်မှုပြုမည်ဖြစ်ပေရာ ထိုရှိုဿွာန် စွမ်းအင်များကို အလ္လာဟ်ပေးသော ဝဟီလမ်းညွှန်ဖြင့်သာ မှန်ကန်စွာ အောင်မြင်နိုင်၍ ဤဘဝနှင့် တမလွန်တို့၏ ငြိမ်းချမ်းမှုကို ရယူနိုင်ပေသည်။ ထို့ကြောင့် လောကခပ်သိမ်းကို ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေသော အလ္လာဟ်က လူသား၏ သဘာဝကိုလည်း အကြွင်းမဲ့သိတော်မူပေရာ လူ့သဘာဝနှင့် ကိုက်ညီသော မှန်ကန်သော ငြိမ်းချမ်းမှုကိုပေးမည့် ဝဟီလမ်းညွှန်ကိုလည်း ချပေးသနားတော်မူခြင်း ဖြစ်ပေသည်။ လူသားတွင် ရုပ်နှင့် နဖ်စ်ဝိညာဉ် တွဲဖက်ပါရှိရာ ရုပ်တရား၏ ဖွံ့ဖြိုး တိုးတက်မှုသည် ဤယာယီဘဝအတွက် လိုအပ်သည်။ သို့သော် နိစ္စထာဝရဖြစ်သည့် တမလွန်၏ ငြိမ်းချမ်းအောင်မြင်မှုအတွက် နဖ်စ်ဝိညာဉ်ကို အဓိကအားဖြင့် ဖွံ့ဖြိုးတိုးတက်အောင်ပြုရမည် ဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်က လူသားကို ရုပ်နှင့် နဖ်စ်ဝိညာဉ်တို့ကို သဘာဝနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေသော ဝဟီလမ်းညွှန်ကို ပေးတော်မူ၏။ ရုပ်နှင့် နဖ်စ်ဝိညာဉ်တို့ ယိုယွင်းဖောက်ပြန်စေသော ဆုတ်ယုတ်ဆုံးရှုံးစေသော ကျင့်စဉ် အားလုံးကို ရှောင်ရှားစေသည်။ ထို့အတူ ရုပ်တရားကိုစွန့်ပယ်၍ နာမ်တရားကိုသာ ဦးစားပေးမှု၊ နာမ်တရားကိုစွန့်ပယ်၍ ရုပ်တ၇ားကိုသာ ဦးစားပေးမှု စသည့်ကျင့်စဉ်တို့မှ ရှောင်ရှားစေ၍ ဆွီရာသွလ်မုစ်သကီးမ် (ခေါ်) လမ်းဖြောင့် လမ်းမှန်ကို ချပေးတော်မူ၏။ လူ့သဘာဝကို သိတော်မူသော အလ္လာဟ်က ချပေးသော ဝဟီလမ်းညွှန်ဖြစ်၍ လူ့သဘာဝနှင့်ဆန့်ကျင်ရသောခက်ခဲသော ကျင့်စဉ်များမရှိဘဲ လိုက်နာရန်လွယ်ကူ၍ ထိရောက်၏။ ရုပ်နှင့် နာမ် နှစ်ပါးလုံးကို သဟဇာတဖြစ်စေ၍ စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေ၏။ မိမိ၏ နဖ်စ်ဝိညာဉ်အား မိမိ၏ စိတ်နှလုံးမှ တစ်ဆင့် မကောင်းမှုပြုလုပ်ရန် တိုက်တွန်းသောရှိုဿွာန်စွမ်းအင်ကို အလ္လာဟ်အား နာခံသူစွမ်းအင် အဖြစ်ပြောင်းလဲ၍ မိမိကိုယ်မိမိပြန်လည် အောင်နိုင်စေခြင်း ဖြစ်၏။

No comments:

Post a Comment