Tuesday, 7 August 2012

မဟာကရုဏာတော်ရှင်နှင့် ဒုက္ခလမ်း

မဟာကရုဏာတော်ရှင်နှင့် ဒုက္ခလမ်း များစွသော လူသားတို့က အကယ်၍ အလ္လာဟ်သည် မဟာကရုဏာတော်ရှင် ဖြစ်ပါလျင် အဘယ့်ကြောင့် လူ့လောကတွင် ဒုက္ခများ ချပေးနေသနည်း ဟု မဆင်မခြင် ဆိုကြကုန်၏။ မိမိတို့၏ ကြီးလေးစွာသော ပြစ်မှုများ၊ ကျေးဇူးကန်းမှုများကို ရှာဖွေဆင်ခြင်၍ ပြုပြင်ရန် မကြိုးစားကြ၊ လောက၏ စစ်မှန်သော သစ္စာတရားတို့ကို မဆန်းစစ်ကြဘဲ အလ္လာဟ်ကိုသော်လည်းကောင်း၊ အခြားသော သူတို့ကိုသော် လည်းကောင်း အပြစ်ရှာကြလေတော့သည်။ အလ္လာဟ်သည် လူသားကို ဒုက္ခပေးရန် ဖန်ဆင်းထားခြင်း မဟုတ်ဘဲ မဟာကရုဏာတော် ပေးရန်သာ ဖြစ်၏၊ ဤရုပ်လောကတွင်လည်း သဘာဝတရားတို့ကို အောင်နိုင်စေ၍ အလ္လာဟ်၏ ကျေးဇူးတော်များကို စနစ်တကျ ခံစားရန်နှင့် မိမိကိုယ်ကို မိမိပြန်လည်အောင်နိုင်၍ ဤဘဝ၏ ငြိမ်းချမ်းမှုနှင့် တမလွန်၏ နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှုကို ရယူရန် ဖြစ်ပေသည်။
အလ္လာဟ်ကို လက္ခံသူဖြစ်စေ၊ ငြင်းပယ်သူဖြစ်စေ လောက၏ သဘာဝတရားတို့ကို အောင်နိုင်၍ အသုံးချနေကြသော်လည်း မိမိကိုယ် မိမိ ပြန်လည်အောင်နိုင်ရန် ကြိုးစားမှုနည်းပါးကြသည်၊ လူသားတိုင်းတွင် မလာအိကဟ် ကောင်းကင်တမန်တို့၏ မြင့်မြတ်သော စွမ်းအင်ရှိသကဲ့သို့ ရှိုဿွာန်၏ နိမ့်ကျသော စွမ်းအင်လည်းရှိနေ၏။ သို့သော် အလ္လာဟ်သည် ရှိုဿွာန်စွမ်းအင်ကို ပြည့်ဝစွာ ထိန်းချုပ်နိုင်သော စွမ်းအင်ကို ပို၍ပေးထားပေသည်၊ မဟာကရုဏာတော်ရှင် အလ္လာဟ်က မကောင်းမှုအားပေးစိတ်ကို ထိန်းချုပ်နိုင်စွမ်းပေးထားပါလျက် မပြုခြင်းမှာ လူသားကိုယ်တိုင် တရားခံပင်ဖြစ်သည်။ မုစ်လင်မ်တိုင်းသည် မိမိကိုယ်တွင်းရှိ ရှိုဿွာန်စွမ်းအင်ကို အလ္လာဟ်၏ ဝဟီလမ်းညွှန်နှင့်အညီ အလ္လာဟ်ကိုနာခံသူ မုစ်လင်မ်စွမ်းအင်အဖြစ် ပြောင်းလဲပစ်ရ မည်ဖြစ်၏။ အလ္လာဟ်၏ ဖန်ဆင်းမှုအားလုံးတွင် မကောင်းမှုတစ်ခုမျှ မရှိချေ။ မှန်ကန်မှုနှင့် မျှတမှုဖြင့်သာ ပြုလုပ်ထား၏။ ဤလောကတွင် အကျိုး၊ အကန်း၊ အပင်း စသည်တို့မှာ အလ္လာဟ်၏ ဉာဏ်တော်အနန္တနှင့် မျှတမှုအရ ခေတ္တယာယီ ပေးထားသည်လည်း ရှိသည်။ သို့သော် ထိုကိုယ်ခန္ဓာ ချို့တဲ့သူတို့သည် ၄င်းတို့၏ တာဝန်နှင့်အညီသာ အလ္လာဟ်ထံတွင် စစ်ဆေးခံကြရပေမည်။ သို့သော် မိခင် ဖခင်တို့၏ အနေအထိုင်မဆင်ခြင်မှု၊ ဆေးပညာ ဗဟုသုတ မရှာမှုတို့ကြောင့် သန္ဓေသားထိခိုက်မှုများလည်း ရှိပေသည်၊
သို့သော် ယခုအခါ အသံလှိုင်းလွန်ပညာနှင့် လေဆာရောင်ခြည်တို့ဖြင့် သန္ဓေသားကိုပင် လူသားတို့ ကုသနိုင်စွမ်းရှိလာလေပြီ၊ မွေးပြီးပါကလည်း ပလတ်စတစ်ဆာဂျရီ ပညာတို့ဖြင့် ပြုပြင်နိုင်ကြ၏။ ထို့အတူ ဖွံ့ဖြိုးသောနိုင်ငံတစ်ခုမှ လယ်သမားတစ်ဦးသည် မဖွံ့ဖြိုးသော နိုင်ငံမှ လယ်သမားတစ်ဦးထက် လယ်တစ်ဧကတွင် ပို၍ထွက်နိုင်အောင် ကြံဆောင်စိုက်ပျိုးကြ၏။ ဆင်းရဲသောတိုင်းပြည်တို့သည် မိမိတို့ကိုယ် မိမိတို့ ပြုပြင်ကြိုးစားရန် မကြိုးစားဘဲ ရာသီဥတုနှင့် အခြားသော အကြောင်းအရာတို့အပေါ် အပြစ်ပုံချကြ၏။ အငတ်ဘေးများ ဆိုက်ရောက်ခြင်းမှာ ထိုတိုင်းပြည်ရှိ လူသားတို့ မကြိုးစားမှုကြောင့်လည်း ဖြစ်၏။ အလ္လာဟ်ကို ဆန့်ကျင်၍ အပြစ်ဒဏ်ကျခြင်းလည်း ဖြစ်နိုင်၏။ အလ္လာဟ်သည် လူသားအားလုံးအတွက် စားနပ်ရိက္ခာကို တိုင်းတာပေးပြီး ဖြစ်ပေသည်။
ရာသီဥတုနှင့် သယံဇာတမရှိ၍ ဆင်းရဲဒုက္ခရောက်နေရပါသည်ဟု ဆိုသော နိုင်ငံများသည် ဂျပန်နိုင်ငံကို ကြည့်သင့်သည်။ ဂျပန်၏ ရာသီဥတုမှာလည်း ကောင်းလှသည်မဟုတ်၊ ကုန်ကြမ်းသယံဇာတလည်း မရှိ၊ စိုက်ပျိုးရေးလည်း သိပ်မဖြစ်ထွန်းချေ။ ကုန်ကြမ်းအတွက် ပြည်ပကိုသာ အားထားနေကြရသော်လည်း ကမ္ဘာ့စီးပွားရေးကို ထိပ်ဆုံးမှ ချုပ်ကိုင်ထားခြင်းမှာ ဂျပန်နိုင်ငံသားတို့၏ ကြိုးပမ်းမှုကြောင့်သာ ဖြစ်ပေသည်။
ထို့ကြောင့် ကုရ်အာန်မှတစ်ဆင့် အလ္လာဟ်က သင်ကြားနေသည်မှာ လူသားတို့သည် အတိတ်ဘဝသံသရာ၏ ဝဋ်နှင့်ကံ တရားတို့ကြောင့် ဤဘဝတွင် ဒုက္ခရောက်နေခြင်း မဟုတ်၊ အားလျှော့ရန် မလို၊ သဘာဝတရားကိုသော်လည်းကောင်း၊ မိမိကိုယ်မိမိသော်လည်းကောင်း၊ အလ္လာဟ်၏ ဝဟီလမ်းညွှန်နှင့် အညီ အောင်နိုင်ရေးအတွက် ကြိုးစားရန် သင်ကြား၏။ ပါရမီ၏ သဘောကိုလည်း ဤယာယီ ရုပ်လောကအတွက် အလ္လာဟ်၏ သက္ကဒီရ် သတ်မှတ်ချက်သာ ဖြစ်ကြောင်း ရှင်းခဲ့ပြီး ဖြစ်သည်။ အစ္စလာမ်သည် လူသား၏ မှန်ကန်သော ဖွံ့ဖြိုးတိုးတက်မှုကို အမြဲ အားပေးနေသော သာသနာ ဖြစ်ပေသည်။
ဒုက္ခသည်ပင်လျှင် အလ္လာဟ်၏ ကရုဏာတော်
(အို……..တမန်တော် မုဟမ္မဒ်) မလွဲဧကန် ငါအရှင်မြတ်သည် အသင့် အလျှင် ရှိခဲ့ကြကုန်သော လူမျိုးများထံသို့လည်း (ရစူလ် တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ ထို့နောက် ယင်းလူမျိုးတို့သည် ထိုတမန်တော်များနှင့် ငါအရှင်မြတ်၏ လမ်းညွှန်တို့ကို ငြင်းပယ်ခဲ့ကြရာ) ငါအရှင်မြတ်သည် ၄င်းတို့၌ ဆင်းရဲဒုက္ခများနှင့် ရောဂါဝေဒနာများ ဆိုက်ရောက်စေတော်မူခဲ့၏။ သို့မှသာ ထိုသူတို့သည် ကျိုးနွံ (နောက်တတရား)ရကြပေမည်။ ထို့နောက် ၄င်းတို့သည် မိမိတို့ထံ ငါအရှင်မြတ်၏ (အထံတော်မှ) ပြစ်ဒဏ်ဆိုက်ရောက် လာသောအခါ (အဘယ့်ကြောင့်) ကျိုးနွံနိမ့်ကျခြင်း မရှိကြပါသနည်း……” (ကုရ်အာန် ၆း၄၂-၄၃)
“ထိုမှတစ်ပါး ၄င်း ကာဖိရ်တို့သည် (မိမိတို့၏ သွေဖည်မှု၊ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုများကိုစွန့်ပြီး) ပြန်လှည့်၍ လာကြစေရန် မုချဧကန် ငါအရှင်မြတ်သည် ထိုကြီးစွာသောပြစ်ဒဏ် (ဂျဟန္နမ်မီး) မတိုင်မီ ဤလောကတွင်ပင် (သေးငယ်သော) ပြစ်ဒဏ်ကို မြည်းစမ်းစေမည်” (ကုရ်အာန် ၃၂း၂၁) (အစ္စလာမ့်ယုံကြည်ချက်)
အထက်ပါ အာယာသ်တော်များအရ တမန်တော်မြတ် မုဟမ္မဒ်သခင် မပွင့်မီ အတိတ်ချေအဆက်ဆက်တွင်သော်လည်းကောင်း၊ တမန်တော်မြတ် ပွင့်တော်မူပြီး ယနေ့တိုင် ကမ္ဘာနှင့်အဝန်း ကြုံတွေ့နေသော ဘေးဒုက္ခအပေါင်းသည် လည်းကောင်း၊ ကိယာမသ်နေ့မတိုင်မီ နောင်ဖြစ်ဦးမည့် ဘေးဒုက္ခအပေါင်းသည်လည်းကောင်း၊ အမှန်ဘက် လှည့်ရန် အလ္လာဟ်၏ ကရုဏာတော်သာ ဖြစ်ပေသည်။ အဘယ့်ကြောင့် ဆိုသော် သေပြီးနောက် လူတို့တွေ့ရမည့် ဂျဟန္နမ်၏ ပူလောင်မှုဒုက္ခ အခြေအနေသည် ဤလောကီဒုက္ခများနှင့် မယှဉ်သာအောင် ကြီးမားလှပေသည်။
ထို့ကြောင့် အလ္လာဟ်သည် ဤလောကရှိလူသားတို့ အလ္လာဟ်ကို လက်မခံခြင်း အလ္လာဟ်ကိုလက္ခံသော်လည်း အခြားအရာများနှင့် တွဲဖက် ကိုးကွယ်ခြင်းနှင့် အလ္လာဟ်တစ်ပါးတည်းကိုသာ လက္ခံသော်လည်း အမိန့်တော်များကို သွေဖည် မနာခံသော မုစ်လင်မ်များ စသည့် လူသားအားလုံးအား ရုပ် နှင့် နာမ် ဒုက္ခဝေဒနာ၊ အခက်အခဲ အသီးသီးပေး၍ ပြန်လှည့်ကြရန် ကရုဏာဖြင့် ဆုံးမနေခြင်းသာ ဖြစ်ပေသည်။

No comments:

Post a Comment