Monday 6 August 2012

သာမန်လူသားများရသော အသိ

သာမန်လူသားများရသော အသိ ဝလီအဆင့်ရောက် မဟာ လူသားကြီးများကို မဆိုထားဘိ၊ အလ္လာဟ်ကို နာခံသည့် သာမန်မုစ်လင်မ် တစ်ဦးသည်ပင်လျင် မိမိ၏ စီးပွားရေး အိမ်ထောင်ရေး စသော ကြိုတင်မသိနိုင်သည့် ကိစ္စရပ်များအတွက် အလ္လာဟ်ထံတော်တွင် ‘အစ်စ်သိခါရဟ် ဆွလားသ်’ နှစ် ရကအတ် ဝတ်ပြု တည်ဆောက်၍ လုပ်သင့် မလုပ်သင့်၊ အကြံဉာဏ်ကောင်း ခံနိုင်သည်။ ဥပမာ မိမိ၏ အိမ်ထောင်ဖက် ရွေးချယ်မှုအတွက် မိမိနှင့် သင့်မသင့်၊ ရည်စူးသော လုပ်ငန်းလုပ်သင့် မလုပ်သင့် စသည်တို့ကို အလ္လာဟ်ထံမှ တောင်းခံနိုင်၏။ အလ္လာဟ်သည် အိပ်မက်အတွင်း၌ ဖြစ်စေ၊ စိတ်နှလုံးသား၌ ဖြစ်စေ အကြံဉာဏ် ထည့်သွင်းပေး၏။ ဤသည်မှာ မဟာကရုဏာတော်ရှင်က အားနည်းသော ဖန်ဆင်းခံကို ကြင်နာစွာ ဆက်သွယ်မှု (အိလ်ဟာမ်) ကြိုတင်အသိပေးမှု ဖြစ်သည်။ “ထိုအရှင်မြတ်သည် (လူသားကို) ကလောင်ဖြင့် သင်ကြားပေးတော်မူခဲ့သည်။ ထိုအရှင်မြတ်သည် လူသားအား ထိုသူ မသိခဲ့သော အရာများကို သင်ကြားပေးတော်မူခဲ့သည်။” (ကုရ်အာန် ၉၆း၎-၅) အလ္လာဟ်သည် အဆင့်အမြင့်ဆုံး ဝဟီဖြစ်သည့် ကုရ်အာန်ကျမ်းမြတ်ကိုလည်း ချီးမြှင့်ထားသည်။ ကျား/မ မရွေး လူသားတိုင်း မုစ်လင်မ် ဖြစ်ပြီးနောက် ဝလီဖြစ်နိုင်ရေး လမ်းစဉ်ကိုလည်းဖွင့်ပေးထား၏။ တစ်ဖက်မှလည်း လူသားတို့၏ အသိဉာဏ်၊ ပညာတို့ကို တိုးမြှင့်ပေးလျက်ရှိသည်။ ၂၀ ရာစု သိပ္ပံခေတ်၏ အသိဉာဏ်မှာ အံ့မခန်းတိုးတက်နေ၏။ စင်စစ် သိပ္ပံတွေ့ရှိချက်တို့သည် လူသားတို့ မသိသော အရာများသာ ဖြစ်၏။ အလ္လာဟ်သည်သာ လူသား (ရှာဖွေသူ သိပ္ပံပညာရှင်၏) စိတ်နှလုံးထဲ အသိထည့်ပေးခြင်းသာ ဖြစ်၏။ သဘာဝတရားကို လူတို့ ပို၍သိလေလေ၊ အလ္လာဟ်၏ သက်သေသာဓက လက္ခဏာများကို ပို၍သိလေလေသာ ဖြစ်ပေသည်။ အလ္လာဟ်သည် လူသားတို့၏ အသိကိုမြှင့်ပေးရခြင်းမှာ အလ္လာဟ်ကိုပို၍ သိရန်သာ ဖြစ်၏။ (အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများ ကဏ္ဍတွင်ကြည့်ပါ)။ လူသားတိုင်း အလ္လာဟ်ထံ ပြန်ကြရမည်သာ ဖြစ်၏။ အလ္လာဟ်ကို ငြင်းပယ်မှုအတွက် အပြစ်ပေးခံရမည် ဖြစ်၏။ ‘မသိလို့ပါ၊ မကြားလို့ပါ’ ဟူင` လစ်လျူရှုခြင်း အားဖြင့် အကြောင်းအရာတစ်ခုသည် ပျောက်သွားခြင်း မရှိပါ၊ ဂရုမပြုခြင်း၏ ဆိုးကျိုး ရလာဒ်ကိုသာ မုချခံစားရပေမည်။ လူသားကို အလ္လာဟ်ထံမှ ဝေးစေသော ကြားခံများ “အကယ်၍သာ ယင်း (မိုးနှင့်မြေ) နှစ်ခုတွင် အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုးကွယ်ရာများရှိခဲ့ပါမူ ယင်း (မိုးနှင့်မြေ) နှစ်ခုလုံးမှာ မလွဲဧကန် ပျက်စီးခဲ့ပြီး ဖြစ်ကြပေမည်” (ကုရ်အာန် ၂၀း၂၂) “…….အသင်သည် (မည်သည့်တစ်စုံတစ်ရာကိုမျှပင်) အလ္လာဟ်နှင့် တွဲဖက်၍ နှိုင်းယှဉ်ကိုးကွယ်မှု မပြုလေနှင့် စင်စစ် ရှရိက် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်မှုသည် အမှန်ပင် ကြီးလေးလှစွာသော မတရားမှု ဖြစ်သောကြောင့်တည်း” (ကုရ်အာန် ၃၁း၁၃) တမန်တော်မြတ် မုဟမ္မဒ်ထံမှ တစ်ဆင့် လူသားတို့ရသော ကုရ်အာန် (အလ္လာဟ်၏ ဝဟီလမ်းညွှန်)သည် အလ္လာဟ်နှင့် လူသားကို တိုက်ရိုက် ဆက်ပေးမှုဖြစ်သည်။ ကုရ်အာန်ကို ရိုးသာစင်ကြယ်စွာ နားလည်အောင် လေ့လာဖတ်ရှုသူသည် အလ္လာဟ်ထံမှ တိုက်ရိုက်ညွှန်ကြားမှုရနေခြင်း ဖြစ်၏။ သို့သော် အလ္လာဟ်နှင့် လူသားအကြားတွင် ဝေးစေသော ကြားခံအရာများစွာ ရျိနေ၏။
အလ္လာဟ်၏ တမန်တော်များကို ကိုးကွယ်မှု လူသားတို့၏ မျက်စိတွင် အလ္လာဟ်ပြီးလျှင် အလ္လာဟ်နဗီတမန်တော်တို့သည် အကြီးကျယ်ဆုံး ဟု ယုံကြည်ကြသည်။ စင်စစ် နဗီတမန်တော်တို့သည် အလ္လာဟ်ကိုသာ ယုံကြည် ကိုးကွယ်ကြ၍ အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ကို ကိုယ်တိုင် ကျင့်ကြံပြီး လူသားတို့ကို လမ်းညွှန် ဟောကြားရသူများ ဖြစ်သည်။ ကာလကြာသောဝ် လူသားတို့သည် အကြည်ညိုလွန်၍ အလ္လာဟ်ကို ဖျောက်၍ အလ္လာဟ်၏ တမန်တော်တို့ကို ကိုးကွယ်ခြင်း၊ သို့တည်းမဟုတ် နဗီတမန်တော်တို့အား “အလ္လာဟ်ဝင်စားသည်၊ အလ္လာဟ်၏သားတော်များ ဖြစ်သည်” စသည်ဖြင့် အလ္လာဟ်နှင့်တွဲဖက် ကိုးကွယ်မှု စသည့် သမိုင်းတစ်လျှောက် လူသား၏ မှားယွင်းချက်တို့ကို အလ္လာဟ်က ကုရ်အာန်အတွင်း ကြိမ်ဖန်များစွာ သတိပေးထား၏။ (ကုရ်အာန် ၂၁း၇၃။ ၂၈း၂၄။ ၇း၁၈၈။ ၃း၇၈။ ၂၅း၇။ ၂၅း၂၀။ ၁၇း၇၄-၇၅) ထို့ကြောင့် အစ္စလာမ်တွင် နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင်သည်လည်း ကိုးကွယ်ရာ မဟုတ်ချေ။ သာသနာ့ခေါင်းဆောင် ကိုးကွယ်မှု အလ္လာဟ်သည် အလ္လာဟ်နှင့် လူသားကြားတွင် ကြားဝင်ဆောင်ရွက်ပေးရန်နှင့် အလ္လာဟ်ဝဟီလမ်းညွှန်တို့ကို ပြုပြင်ပြောင်းလဲရန် သာသနာပိုင်နှင့် ဘုန်းတော်ကြီးတို့ကို ခန့်အပ်မထားချေ။ တမန်တော်ချုပ် မုဟမ္မဒ်သခင် မရှိသည့်နောက် တမန်တော်အသစ် ပွင့်စရာမရှိတော့၍ ကျမ်းမြတ် ကုရ်အာန်ကို အလ္လာဟ်ကိုယ်တိုင် မပျက်ရန်စောင့်ရှောက် ထား၏။ မည်သည့် လူတန်းစာကမျှ ကုရ်အာန်၏ အမိန့်တော်ကို ပြင်၍ မရချေ။ (ကုရ်အာန် ၉း၃၁။ ၂း၁၂၀။ ၁၁း၁။ ၄၅း၂၀။ ၆း၁၀၅။ ၄၃း၂၃။ ၆း၁၁၆) ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် လူသားတို့ကို လမ်းလွဲစေခဲ့သော သာသနာ့ခေါင်းဆောင်များနှင့် ၄င်းတို့အား မျက်စိမှိတ်ယုံကာ နောက်လိုက်သူတို့ အားလုံး အပြစ်ပေးခံရမည်သာ ဖြစ်၏။ (ကုရ်အာန် ၂း၂၆၆။ ၃၄း၃၁-၃၃။ ၃၃း၆၇-၆၈)
မိမိကိုယ်ကို မိမိအထင်ကြီး ကိုးကွယ်မှု “မိမိ၏ အလိုဆန္ဒကို လိုက်သောသူထက် ပို၍ လမ်းလွဲမှားနိုင်သူ ဟူ၍ မည်သူ ရှိပါအံ့နည်း” (ကုရ်အာန် ၂၈း၅၀) မိရိုးဖလာကို ဆင်ခြင်မှုမရှိဘဲ လိုက်နာခြင်း “စင်စစ် ထိုသူတို့သည် (ဤသို့)ပြောခဲ့ကြကုန်၏။ ကျွန်ုပ်တို့သည် မိမိတို့၏ အဘ၊ ဘိုးဘးတို့အား သာသနာလမ်းစဉ် တစ်ခုပေါ်တွင် တွေ့ရှိခဲ့ကြကုန်၏။ မလွဲဧကန် ကျွန်ုပ်တို့သည်လည်း ထို အဘ၊ ဘိုးဘေးတို့၏ နောက်သို့ပင် ခြေထပ်လိုက်နာကြသူများ ဖြစ်ကြကုန်၏” (ကုရ်အာန် ၄၃း၂၂) ပတ်ဝန်းကျင်၏ လုပ်ရပ်ကို မဆင်ခြင်ဘဲ လိုက်နာခြင်း “စင်စစ် အကယ်၍သာ အသင်တို့သည် ကမ္ဘာမြေပေါ်ရှိမြောက်မြားစွာသောသူတို့၏ စကားကို လိုက်နာခဲ့မိမူ ထိုသူတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်၏ လမ်းမှလွဲချော် မှောက်မှားကြစေကုန်အံ့၊ ထိုသူတို့သည် ထင်မြင်ချက်မှအပ အခြား မည်သည်ကိုမျှ လိုက်နာကြသည် မဟုတ်၊ စင်စစ် ထိုသူတို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြချေသည်” (ကုရ်အာန် ၆း၁၁၆) “အထင်အမြင်သည် အမှန်တရားကို အစားမထိုးနိုင်ချေ။” (ကုရ်အာန် ၁၀း၃၆) ထို့အတူ ဝလီများ၊ စိတ်စွမ်းအင်ဖြင့် ထူးဆန်းသောအရာများ ပြုလုပ်ပြနိုင်သူများ၊ သင်္ချိုင်းများစသည်တို့ကို ကိုးကွယ်ခြင်းနှင့် ဂိုဏ်းဃဏကို ရှေ့တန်းတင်မှုတို့သည် လူသားကို အလ္လာဟ်နှင့် အလ္လာဟ်၏ ဝဟီ(ကုရ်အာန်)မှ ဝေးစေလေသည်။

No comments:

Post a Comment