Monday 6 August 2012

အခန်း (၁၉) အစ္စလာမ် {ISLAM}

“မလွဲဧကန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် (မှန်ကန်နှစ်မြို့ဖွယ် ဖြစ်သော) ‘ဒိန်’ ဘဝတည်ဆောက်မှု လမ်းစဉ်သည်ကား အစ္စလာမ်သာလျှင် ဖြစ်သည်……” (ကုရ်အာန် ၃း၁၉) အစ္စလာမ်ဟူသော အဓိပ္ပာယ်မှာ----- (၁) တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံခြင်း။ (၂) ငြိမ်းချမ်းရေးဟူ၍ အဓိပ္ပာယ်ရသည်။ အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန် အမိန့်တော်အတိုင်း ဘဝတည်ဆောက်သူတိုင်းသည် ဤလာကနှင့် တမလွန် နှစ်ဘဝလုံးတွင် ဒုက္ခကင်းဝေးလျက် ငြိမ်းချမ်းမှု ရမည် ဆိုလိုခြင်း ဖြစ်သည်။ “စင်စစ် မည်သူမဆို မိမိကိုယ်ကို လုံးဝ အပ်နှင်း နာခံပြီး ကောင်းမှုကုသိုလ် ပွားများခဲ့ပါလျှင် ထိုကဲ့သို့သော သူတို့သည် မိမိတို့၏ အရှင်မြတ် ထံတော်ဝယ် အကျိုးကျေးဇူးများကို မုချ ရရှိကြ၍ စိုးရိမ်ကြောင့်ကြမှု၊ ပူဆွေးဝမ်းနည်းမှု ရကြမည်လည်း မဟုတ်ချေ” (ကုရ်အာန် ၂း၁၁၂) ‘အစ္စလာမ်’ဟူသော အမည်နာမတော်သည် ဟောကြားသူ လူပုဂ္ဂိုလ်ကို အစွဲပြု၍သော် လည်းကောင်း၊ နေရာဒေသ တစ်ခုကို အစွဲပြု၍သော် လည်းကောင်း၊ မျိုးနွယ်တစ်ခုကို အစွဲပြု၍သော် လည်းကောင်း မှည့်ခေါ်ထားခြင်း မဟုတ်ချေ။ မျိုးနွယ်စွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲကင်း၏။ စကြဝဠာကမ္ဘာ လောကခပ်သိမ်း၊ သက်ရှိသက်မဲ့ ခပ်သိမ်း၊ ကာလခပ်သိမ်း၊ လူသားမျိုးနွယ် အားလုံးတို့၏ အရှင်သခင် အလ္လာဟ် ကိုယ်တော်တိုင် မှည့်ခေါ်ပေးထားသော အမည် နာမတော်ဖြစ်သည်။ စကြဝဠာ လောကခပ်သိမ်း၊ ကာလခပ်သိမ်းနှင့် ယှဉ်သော အမည်ဖြစ်၏။ “မဟာမေဒင် သာသနာ” ဟူသော အသုံးအနှုန်းမှာ ‘မုဟမ္မဒ်ကို ကိုးကွယ်သော သာသနာ’ မုဟမ္မဒ် ဟောကြားသော သာသနာ’ စသည်ဖြင့် မလိုသူတို့က နှိမ့်ချ၍သော် လည်းကောင်း၊ နားမလည်သူတို့က လွဲမှားစွာ ခေါ်ဝေါ်သော အမည်လည်း ဖြစ်သည်။ အစ္စလာမ်နှင့် လုံးဝ မပတ်သက်ချေ။ အစ္စလာမ်သည် အလ္လာဟ်၏ (ဒီန်) သာသနာ ဖြစ်သည်။

No comments:

Post a Comment