Thursday 1 November 2012

တမန်တော်မြတ်၏ နောက်ဆုံးဓမ္မသြ၀ါဒ ။(၂၁-၈-၁၉၅၃) ဆရာကြီး ဃာဇီ မြန်မာ့အသံရေဒီယိုမှ ဟောပြောသည့် တရား

သော်တရှင်အပေါင်းတို့ ခင်ဗျား-
ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်မွတ်စလင်မ်တို့ဟာ နှစ်ပေါင်း (၁၀၀၀) ကျော်မှစ၍ ယနေ့တိုင် နှစ်စဉ်နှင့်အမျှ “အီးဒ်”(ခေါ်)သာသနာ့ပွဲတော်များကိုကျင်းပလာခဲ့ပါတယ်။ နက်ဖြန်ဆိုလို့ရှိလျှင်လည်း “ကုရ်ဗာနီအီးဒ်”ကို ကျင်းပကြပါလိမ့်မယ်။
သောတရှင်အပေါင်းတို့ခင်ဗျား ...
ယနေ့ညအဖို့ နဗီတမန်တော် မုဟမ္မဒ်သခင်၏ နောက်ဆုံး ဓမ္မသြ၀ါဒကိုပင် တစ်ဆင့်ပြောကြားပါရစေ။ ဟိဂ်ျရီ သက္ကရာဇ် (၁၁) ခုနှစ်၊ ဇုလ်ဟိဂ်ျဂျဟ်လ (၁၁) ရက်၊ ခရစ် သက္ကရာဇ် (၆၃၂) ခု၊မတ်လ(၈) ရက်နေ့မှာ တမန်တော် မုဟမ္မဒ်သခင်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ကျောင်းတော်ကိုဖူးမျှော်ရန် ထောင်သောင်းမက သာဝကကြီးများနှင့်တကွ မီနာမြို့သို့ရောက် ရှိတော်မူတယ်။ ဇုလ်ဟိဂ်ျဂျဟ်(၉)ရက် အရဖသ်နေ့မှာ အလ္လာဟ်အရှင်မြတ်ဟာ တမန်တော်မြတ်ထံ ကုရ်အာန်ကျမ်းမြတ် အောက်ပါမုက္ခပါဌ်တော်ကို ထုတ်ပြန်ချမှတ်တော်မူတယ်။
- - ယနေ့ ငါအရှင်သည် အသင်တို့အဖို့ အသင်တို့၏ သာသနာကို ပြည့်စုံအောင်ပြုတော်မူပြီ။ ငါအရှင်သည် မိမိ၏ ကျေးဇူးတော်ကို အသင်တို့အား စုံလင်စွာ ပေးသနားတော်မူပြီ။ ငါအရှင်သည် အသင်တို့အဖို့ အစ္စလာမ်သာသနာကို နှစ်မြို့တော်မူပြီ။ (ကုရ်အာန်-၅း၃)
- ဖော်ပြပါ အရှင့်မုက္ခပါဌ်တော်ကျရောက်လာသည့်အခါ တမန်တော် မုဟမ္မဒ်သခင်ဟာ မိမိရဲ့တာဝန်ဝတ္တရားများ ပြည့်စုံ ပြီဖြစ်ကြောင်း၊ကွယ်လွန်အနိစ္စရောက်ရန် အချိန်နီးကပ်လာပြီဖြစ်ကြောင်း တွေးဆ ဆင်ခြင်မိပါတော့တယ်။အဲဒီအခါ နဗီတမန်တော်ဟာ အသင့်ရောက်ရှိနေတဲ့ (၁၂၀၀၀၀) ခန့် ရှိ၊လူထုကြီးအား အလွန် လေးနက်မှတ်သားဖွယ်ကောင်း လှသော တရားဒေသနာတော်များကို ဤသို့မြွက်ကြားတော်မူလေတယ်။ - -
အို - အချင်းတို့၊
ကျွန်ုပ်၏ တရားများကို အထူးဂရုပြု၍ နာကြကုန်။
ကျွန်ုပ်သည် အသင်တို့နှင့် နောက်နှစ်ဤကဲ့သို့ တွေ့ဆုံရမည်၊ မတွေ့ဆုံရမည်ကို မပြောနိုင်ပါ။
ဤနေ့သည်အဘယ်နေ့ဖြစ်သည်ကိုအသင်တို့သိကြပါသလော၊ ဤနေ့သည် မွန်မြတ်သော “ကုရ်ဗာနီ”နေ့ဖြစ်သည်။
ဤလသည် အဘယ် လ ဖြစ်သည်ကို သိကြပါသလော၊ ဤလသည်ထူးမြတ်သော“ ဇုလ်ဟိဂ်ျဂျဟ်”လဖြစ်သည်။
ဤမြို့သည်အဘယ်မြို့ ဖြစ်သည်ကိုအသင်တို့သိကြပါသလော၊ ဤမြို့သည် မွန်မြတ်လှသော “မက္ကဟ်”မြို့တော်ဖြစ်သည်။
ဤနေ့၊ ဤလ၊ ဤမြို့သည် မြင့်မြတ်သကဲ့သို့ -“အသင်တို့၏ အသက်”၊ “အသင်တို့၏ စည်းစိမ်”၊ “အသင်တို့၏ဂုဏ်ဒြပ်” သည်လည်း မြင့်မြတ်လှပေသည်။
- အချင်းတို့၊
အသင်တို့သည်မကြာမြင့်မီလာလတ္တံ့သောနောင်တမလွန်တွင် အလ္လာဟ်အရှင့်ရှေ့မှောက်၌ မိမိတို့ပြုကျင့် ခဲ့သမျှသောသီလ များနှင့်စပ်လျဉ်းပြီးအစစ်အဆေးအမေးအမြန်းခံကြရလိမ့်မည်။
- သတိပြုကြကုန်၊
ယနေ့အမှောင်ခေတ်၊ မိုက်မဲသောခေတ်၏ကိစ္စအ၀၀ကို ကျွန်ုပ် ချေမှုန်းလိုက်ပြီ။
ယနေ့ အမိုက်ခေတ်၏ အတိုးအညွန့်များကို ကျွန်ုပ်ပယ်လိုက်ပြီ။
ကျွန်ုပ်သည်ဦးစွာပထမ အဗ်ဒုလ်မုတ်တလိဗ်၏ သားအဗ္ဗားစ်၏ အတိုးအညွန့်များကို ပယ်လိုက်ပြီ။
အမိုက်ခေတ်တွင် ဖြစ်ပေါ်ခဲ့သော သတ်ဖြတ်မှုများ၏ တုံ့ ပြန်မှုများကို ကျွန်ုပ်ပယ်ဖျက်လိုက်ပြီ။
ယနေ့ဟာရိစ်၏သား ရဗီအာ၊ ရဗီအာ၏သား အိလ်ယာစ်အား ကျူးလွန်သတ်ဖြတ်မှုကိုလည်း ကျွန်ုပ်ပယ်ဖျက်လိုက်ပြီ။ -
အို - ကျွန်ုပ်၏ အမျိုးသားတို့၊
အသင်တို့သည် မိမိတို့၏ဇနီးသည် များနှင့်ပတ်သက်၍တာဝန် ပျက်ကွက်မှုများရှိပါကအလ’ာဟ်အရှင်မြတ်အားကြောက်ရွံ့ ကြကုန်။ အသင်တို့၏ အခွင့်အရေးများဇနီးသည်များအပေါ်၌ ရှိသကဲ့သို့ထိုဇနီးသည်များ၏အခွင့်အရေးများလည်းအသင်တို့ အပေါ်ရှိသည်။ ဇနီးသည်များသည်တရားတော်နှင့်အညီ အသင်တို့ထံ အပ်နှံထားသော “ရတနာ “များဖြစ်ကြသည်။ ကျွန်ုပ်ကွယ်လွန် အနိစ္စရောက်ပြီးနောက် အသင်တို့ လမ်းမမှား ကြရန်အလို့ငှာ ကျွန်ုပ်သည် အသင်တို့ထံ “ကုရ်အာန်“ ကျမ်းမြတ်ကို ထားရှိခဲ့သည်။
မိစ္ဆာဒိဋ္ဌိများမဖြစ်ကြကုန်လင့်။
အသင်တို့သည် အချင်းချင်း သတ်ဖြတ်မှုများ မပြု ကြကုန်လင့်။
အသင်တို့သည်မိမိတို့၏ကြေးကျွန်များကိုမညှဉ်းဆဲကြကုန်လင့်။
မိမိတို့စားသလို ကျွေးကြ၊ မိမိတို့ဝတ်သလို ဆင်ကြ။
စာနာ တရားထားကြ။
မုအ်မင်န်များသည် တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကိုများဖြစ်သည်။
အသင်တို့သည် ကမ္ဘာ့အိမ်ထောင်စုကြီး၏ မိသားစု ဖြစ်ကြသည်။
အသင်တို့အားလုံးသည် တာဝန်တူ အခွင့်တူ၊အာဏာတူများ ဖြစ်ကြသည်။
အသင်တို့သည် မည်သူတစ်ဦးတစ်ယောက်၏ ပစ္စည်းကိုမျှ ကြည်ဖြူစွာ ခွင့်မရဘဲ မယူကြကုန်လင့်။
အသင်တို့သည် အချင်းချင်း နှိပ်စက်ကလူ မပြုကြကုန်လင့်။
အသင်တို့သည် မဟာ ကရုဏာရှင်ဖြစ်တော် မူထသော “အလ္လာဟ်” အရှင်မြတ်အား ခယရိုကျိုးရှိခိုးပူဇော်ကြကုန်။
နေ့စဉ် (၅) ကြိမ် “ဆွလာသ်”၀တ်ပြုကြကုန်။
“ဇကားသ်”ဆင်းရဲသား အခွန်များပေးဆောင်ကြကုန်။
မိမိတို့၏အာဏာပိုင် အစိုးရ၏အမိန့်များကိုလည်းနာခံကြကုန်။
ဤအတိုင်း လိုက်နာပြုကျင့်ကြပါက အသင်တို့သည် “ဂျန္နသ် ” အမတ သုခဘုံတွင် စံမြန်းကြရမည်။ -
အချင်းတို့၊ အသင်တို့သည် ငါ၏ ဤတရားစကားများကို အဆင့်ဆင့် ပြောကြားကြကုန်။ -
သောတရှင်အပေါင်းတို့ခင်ဗျား ... ဤတရားများသည်နဗီတမန်တော်မုဟမ္မဒ်ရဲ့နောက်ဆုံး ဓမ္မသြ၀ါဒများဖြစ်ပါတယ်၊၊ တမန်တော်မုဟမ္မဒ်သခင်ရဲ့နောက်ဆုံး ဓမ္မသြ၀ါဒကို သူ ငါ အများ လိုက်နာ ကျင့်သုံးကြပါမည့်အကြောင်း စေတနာကောင်းဖြင့် မေတ္တာရပ်ပါတယ်။
- -
( ဃာဇီ မုဟမ္မဒ် ဟာရှင်မ် ) အထွေထွေအတွင်းရေးမှူး
ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ် အိုလမာအဖွဲ့ချုပ်
၁၉၅၃ခုနှစ် ၊သြဂုတ်လ ၊ ( ၂၁ ) ရက်
{သာသနာရေးရာကောင်စီဌာနချုပ်၏ ဆိုဒ်မှကူးယူဖော်ပြပါသည်}

No comments:

Post a Comment