Friday 19 October 2012

စွန့်လှူခြင်း (သို့) ကုရ်ဗာနီ ၏အဓိပ္ပာယ်

စွန့်လှူခြင်း (သို့) ကုရ်ဗာနီ ကုရ်ဗာနီ၏အဓိပ္ပာယ်
“ကုရ်ဗာနီ”ဟူသော ဝေါဟာရသည် “နီးကပ်ခြင်း” ဟူသော အဓိပ္ပာယ်ရသည်။ယင်းဝေါဟာရကို ကုရ်အာန်ကျမ်းမြတ်တွင် “အလ္လာဟ်အရှင်မြတ်ထံသို့ နီးကပ်စေခြင်းပြု သည့်အရာ” ဟူသော အဓိပ္ပာယ်ဖြင့်သုံး ထားပါ သည်။[ကြည့်၊(၅း၂၇၊၃း၁၇၉၊၄၆း၂၈)]
ဝေါဟာရအဘိဓာန်ဖွင့်ဆိုချက်များအရ “ကုရ်ဗာနီ”၏ အဓိပ္ပာယ်မှာ သားကောင်ကို(ဇဗာဟ်)ပြုမှုအပါအ၀င်အလ္လာဟ် အရှင်မြတ်၏ ချစ်ကြည်ရင်းနှီးမှုကိုရယူရန်ပြုကျင့်သည့် ကောင်းမှု အားလုံး အကျုံးဝင်ပါ သည်။ထို့ကြောင့် အလ္လာဟ်အရှင်မြတ်၏ မြတ်နိုးမှု၊နှစ်သက်မှု၊ချစ်ကြည်ရင်းနှီးမှုကို ရရှိစေရန်ဟူသော ရည်ရွယ်ချက်ဖြင့်ကျင့်ကြံအားထုတ်သော ကောင်းမြတ်သည့် ကျင့်စဉ်ကျင့်ရပ်ဟူသမျှကိုလည်းကောင်း၊ စွန့်လှူမှုဟူသမျှကိုလည်းကောင်း“ကုရ်ဗာနီ”ဟု ခေါ်ဆိုနိုင်ပေသည်။
“ကုရ်ဗာနီ”ဟူသည် မိမိ၏ အတ္တ၊ မိမိ၏ အသက်ကို စတေး၍၊ မိမိ၏စည်းစိမ်ဥစ္စာကို စွန့်လှူ၍ အရှင့်ထံပါးသို့ နီးကပ် စေခြင်းဖြစ်၏။“စွန့်လွှတ်ခြင်း”၊ “စွန့်လှူခြင်း”၊ “အနစ်နာခံခြင်း” တို့သည် အရှင့်ထံပါးသို့ နီးကပ် စေ သောအရာများဖြစ်၏။ ပိုင်ဆိုင်လိုခြင်းသည် လူ၏ “အတ္တဗီဇ”ဖြစ်၏။“လောဘ”ဖြစ်၏။စွန့်လှူခြင်းသည် “အလောဘ”ဖြစ်၏။ရယူခြင်းသည် “ရေစုန်”ဖြစ်၏။စွန့်လှူခြင်းသည် “ရေဆန်”ဖြစ်၏။ စွန့်လှူ ရခြင်းသည် မိမိ၏စိတ်ကိုဆန့်ကျင်ပြောင်းလဲရ၏။
ထိုသို့ ခက်ခဲသည့် စွန့်လှူမှုကို ပြုနိုင်ပါမှ ထူးခြားသည့် မြင့်မြတ်သော စိတ်အင်အားကို ရရှိမည်ဖြစ်သည်။ အလ္လာဟ် အရှင်မြတ်ထံတော်မှ အကူ အညီ များ လည်း ရရှိမည်ဖြစ်သည်။“ကုရ်ဗာနီ”သည် အမှန်တရားအတွက် အသက်ကိုစွန့်ရန်၊ “အလ္လာဟ်” အရှင်မြတ်အတွက် အသက်ပေးလှူရန်၊ အားသစ်လောင်းပေးခြင်း၊ အလေ့အကျင့်ပြု ပေးခြင်းဖြစ်သည်။ ခေတ် အသီးသီး၌ ပေါ်ထွန်းခဲ့သည့် အယူဝါဒ အသီးသီး တို့တွင်“ကုရ်ဗာနီ”တည်းဟူသော မြတ်သောကျင့်စဉ်ကို ပြဋ္ဌာန်းတော်မူခဲ့ကြောင်းကျမ်းတော်မြတ် ကုရ်အာန်(၂၂း၃၄) တွင် ဖော်ပြထားပါသည်။
“စင်စစ် ငါအရှင်မြတ်သည်သာသနာဝင်အုပ်စုတိုင်းအဖို့ စွန့်လှူခြင်းပွဲတော်တစ်ရပ်ကိုသတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ ၄င်းတို့အတွက် ချီးမြှင့်ပေးသနားတော် မူထားသောခြေလေးချောင်း တိရစ္ဆာန်တို့ အပေါ် ၀ယ် အလ္လာဟ်အရှင်မြတ်၏နာမတော်ကိုတသ၍(လှီးဖြတ်)ရန် ဖြစ်ပေသည်။စင်စစ်သော်ကားအသင်တို့၏ကိုးကွယ်ရာ အရှင်သည်တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင် တို့သည်ထိုအရှင်မြတ်ကိုသာ နာခံအပ်နှင်းကြလေကုန်။ မိမိကိုယ်မိမိ မာန်မာနနှိမ့်ချသူများကိုဝမ်းမြောက် ဖွယ် သတင်း ကောင်းကိုပေးလော့” ကုရ်အာန်(၂၂း၃၄)
ကုရ်ဗာနီ၏သမိုင်း
“ကုရ်ဗာနီ”ပြုလုပ်ခြင်းသည် တမန်တော်ကြီးအိဗ်ရာဟီမ်၏ “အလ္လာဟ်”အရှင်မြတ်အတွက် စွန့်လှူမှုပြုခဲ့သည့်ကျင့်စဉ်ကို ဖ၀ါးခြေထပ် လိုက်နာ ကျင့်သုံး အကောင်အထည် ဖော်ကြ ရခြင်းဖြစ်သည်။အစ္စလာမ် သာသနာ၏ ကျင့်စဉ်ကျင့်ရပ်တိုင်းတွင် စတင် ခဲ့သည့် အရင်းအမြစ် မူလ သမိုင်းဖြစ်ရပ်များ အခိုင်အမာရှိ၏။ ဖြစ်တည်ပေါ်ထွန်းရာ ပထ၀ီဒေသ အခိုင်အမာ ရှိ၏။အစ္စလာမ်သာသနာ၏ အဆုံးအမ တိုင်းသည် အလ္လာဟ် အရှင်မြတ် အမိန့်တော်အတိုင်း စံနမူနာပြ လုပ်ဆောင်ခဲ့သောတမန်တော်တို့၏ လုပ်ဆောင်ချက်များကိုနောင်လာ နောက်သား “မွတ်စ်လင်မ်”တို့အား ပြန်လည် ပုံဖော်လုပ်ဆောင် စေရန်ပြဋ္ဌာန်းသတ်မှတ်ထားခြင်းဖြစ်သည်။
တမန်တော်ကြီး အိဗ်ရာဟီမ်သည် ငယ်ရွယ်စဉ် ကပင် နေ၊ လ၊ ကြယ်….. အစရှိသော သဘာဝတရားများကိုလေ့လာသုံးသပ်ကာ ကိုးကွယ်ရာအရှင်သည် စကြ၀ဠာ အပေါင်းကို ပြုစုပျိုးထောင်တော်မူသော ထာဝရအရှင်အဖြစ်တစ်ဆူတည်းသာလျှင် ရှိရမည်ဖြစ်သည်ကို သိရှိခဲ့ကြောင်း ကျမ်းတော်မြတ်ကုရ်အာန်တွင် ဖော်ပြထားသည်။ တမန်တော်အိဗ်ရာဟီမ်သည်တမန်တော်အပေါင်း တို့အနက်ထူးခြားသည့်အာဇာနည်တမန်တော်တစ်ပါးဖြစ်သည်။အလ္လာဟ် အရှင်မြတ်၏ စမ်းသပ်မှုဟူသမျှကို၊ အရည်အသွေး မှတ်ကျောက်တင်ခြင်းဟူသမျှ ကို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့သည်သာဖြစ်သည်။
ယင်းသို့ အရည်အသွေး မှတ်ကျောက်တင်ပွဲများတွင် အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သည့် အတွက် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ “ခလီလွလ္လာဟ်”- “အလ္လာဟ့်အဆွေတော်”၊“အိမာမွန်နာစ်” – “လူသားတို့၏ဦးစီး ခေါင်းဆောင်”ဟူသောဘွဲ့တော်များကို ချီးမြှင့်ခံခဲ့ရသည်။ တမန်တော်ကြီးအိဗ်ရာဟီမ်သည် “သောင်ဝ်ဟီးဒ်” သစ္စာတရားအတွက်မိမိ၏ ဖခင်နှင့် သံယောဇဉ်ဖြတ်ခဲ့၏။ မိမိ၏ အမျိုးသားများနှင့် လမ်းခွဲခဲ့၏။ နမ်ရူဒ်ဘုရင်နှင့် ရင်ဆိုင်ခဲ့ရပြီး မီးပုံထဲသို့ ပစ်ချခံခဲ့ရ၏။ တိုင်းပြည်မှ လည်း ထွက်ခွာခဲ့ရ၏။ဇနီးကြင်ရာနှင့် သားရင်နှစ်သည်းချာကိုလည်း လူသူမနီး ကန္တာရ လွင်ပြင်ကြီးတွင် အရှင့်အမိန့်တော်အရ စွန့်ထားခဲ့ရ၏။စည်းစိမ် ဥစ္စာတို့လည်း ဆုံးရှုံးခဲ့ရ၏။ ထိုဆောင်ရွက်ချက်များ အားလုံးသည် “ကုရ်ဗာနီ”စွန့်လှူမှုများပင်ဖြစ်သည်။ ထိုစွန့်လှူမှုများထက်ပိုသော အကြီးမားဆုံး အံ့ဖွယ် စွန့်လှူမှုကြီးသည်ကား မိမိအသက်အရွယ်ကြီးကာမှရရှိသည့်မိမိ၏အရိုက်အရာကို ဆက်ခံမည့် မိမိ၏ တစ်ဦးတည်းသော ရင်နှစ်သည်းချာ သားဦးရ တနာကို အလ္လာဟ်အရှင်မြတ်နှစ်သက်တော် မူရန်အတွက် လည်ပင်းပေါ်ဓားတင် လှီးဖြတ်“ကုရ်ဗာနီ”ပြုရန် ဆုံးဖြတ်၍ ပြည့်ဝစွာ နာခံမှုပြုခဲ့ခြင်းပင်ဖြစ်သည်။
ထိုသို့ပြုရာတွင် တမန်တော်ကြီးအိဗ်ရာဟီမ်သည် တစ်ကိုယ်ကောင်း ဆန်စွာဖြင့်၊အမိန့်အာဏာဖြင့် ဆောင်ရွက်ခဲ့ခြင်းမျိုး မဟုတ်ပေ။သားတော် တမန်တော် အိစ်မာအီလ်၏ ဆန္ဒကို မေးမြန်းပြီး၊ သားတော်၏ ကိုယ်ပိုင် လွတ်လပ်သော ဆန္ဒနှင့် သဘောတူညီချက်ကိုရယူပြီးမှသားအဖနှစ်ဦး သဘောတူ ကြည်ဖြူစွာဖြင့် စွန့်လှူခြင်းအမှု “ကုရ်ဗာနီ”ကို ပြုခဲ့ကြခြင်း ဖြစ်သည်။အလ္လာဟ်အရှင်မြတ်အား အရာခပ်သိမ်း တို့ထက်ပို၍ ချစ်မြတ်နိုးတော်မူကြောင်းကိုအောင်မြင်စွာ ပြသနိုင်ခဲ့သည့်အရည်အသွေး မှတ်ကျောက်တင် စမ်းသပ်မှုကြီး ပင်ဖြစ်သည်။ရင့်သန်သောဉာဏ်နှင့်ယှဉ်ကာ ထူးကဲမြင့်မြတ်လှသည့် စွန့်လှူခြင်း အမှုကိုပြုကျင့်သည့် တမန်တော်ကြီး အိဗ်ရာဟီမ်၏ထုံးဓလေ့“စွန္နသ်”တော်ကို ကမ္ဘာပျက်ပြုန်းနောက်ဆုံးနေ့ တိုင်အောင် စံနမူနာယူ၍ ကျင့်သုံးဆောက်တည် နိုင်ကြစေရန်အလို့ငှာအလ္လာဟ်အရှင်မြတ်သည် “ကုရ်ဗာနီ”တည်းဟူသော မြတ်သောကျင့်စဉ်ကို သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့ခြင်းဖြစ်သည်။ [ကြည့်၊ ကုရ်အာန် (၃၇း၁၀၂-၁၀၈)]
ကုရ်ဗာနီ၏အနှစ်သာရ
“ကုရ်ဗာနီ”ကျင့်စဉ်သည် တစ်ပါးတည်းသောအရှင်ကို နာခံဘ၀ တည်ဆောက်မှုလမ်းစဉ်၌ အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်သည်။“သောင်ဝ်ဟီးဒ်” (အလ္လာဟ်အရှင်မြတ်တစ်ပါးတည်း ပြီးပြည့်စုံစွာတည်ရှိခြင်း) တရားအပေါ် အခြေပြုကျင့်သုံးမှုတစ်ရပ် ဖြစ်သည်။အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သည့် အရာကိုမှ တသ၍ သတ္တ၀ါအားလှီးဖြတ်ခြင်းကို ခွင့်မပြုချေ။ထို့ပြင် သားကောင်ကို လှီးဖြတ်(ဇဗာဟ်ပြုရ)ခြင်း “ကုရ်ဗာနီ”ကျင့်စဉ်သည် -
* အမျက်ဒေါသထွက်နေသော နတ်ဆိုးကြီး အမျက်ဒေါသ ပြေပျောက်စေရန် ယဇ်ပူဇော်ရခြင်းမျိုးမဟုတ်။
* မိမိတို့၏အပြစ်များ ပပျောက်စေရန်အတွက်ဆေးကြောမှု ပြုလုပ်ခြင်းလည်း မဟုတ်ပေ။
ကျေးဇူးတော်ရှင် အလ္လာဟ်အရှင်မြတ်အတွက်စွန့်လှူရန် အမြဲအသင့်ရှိကြောင်း အတွင်းနှလုံးသားမှ ခံယူချက်ကိုပြင်ပ သင်္ကေတအဖြစ် ပြသခြင်းသာဖြစ်သည်။ အနှစ်မရှိသော အကာသည် လည်းကောင်း၊ ၀ိညာဉ် မရှိသောခန္ဓာသည် လည်းကောင်း၊ လက်တွေ့မပါသော စကားသည် လည်းကောင်း၊ စစ်မှန်သောတန်ဖိုးမဟုတ်ချေ။တိရစ္ဆာန်တို့ကို လူ့အသုံးအဆောင်အဖြစ်၊ လူ့အကျိုး ပြုရန်အတွက် အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပေးထားပေရာလူက တိရစ္ဆာန်ကို အသုံးချရမည်။
တိရစ္ဆာန်သည် လူကိုနာခံရ သကဲ့သို့ လူသည်လည်း မိမိ၏ အရှင်သခင်အလ္လာဟ်အရှင်မြတ်အားနာခံရန်အသင့်ရှိရပေမည်။စားသုံးခွင့်ရှိသော တိရစ္ဆာန်ကိုပင် ပိုင်ရှင်အစစ်အမှန် ဖြစ်သော ကျေးဇူးတော်ရှင် အလ္လာဟ် အရှင်မြတ်၏ နာမတော်ကိုတသလှီးဖြတ်ပြီးမှ စားသုံးခြင်းမှာ သစ္စာတရားကို စောင့်ထိန်းခြင်း ဖြစ်ပေသည်။သားကောင်ကို “ကုရ်ဗာနီ”ပြုခြင်းမှာ နာခံခြင်း၏ ပြင်ပသင်္ကေတသာဖြစ်ပြီး အမှန်တကယ်စွန့်လှူရမည်မှာမိမိတို့၏ စိတ်နှလုံးသားအတွင်းမှ ရှိုင်သွာန် အဖျက်အင်အားစုများ၊ လောဘ၊ဒေါသ၊ မောဟ၊ မာန စသည့် အရာများပင်ဖြစ်သည်။“ကုရ်ဗာနီ”၏ အနှစ်သာရနှင့် ပတ်သက်၍
ကျမ်းမြတ် ကုရ်အာန်၊စူရဟ်ဟဂ်ျတွင်…….
“ကုရ်ဗာနီသားကောင်တို့၏အသားများသည်လည်းကောင်း၊ အသွေးများသည်လည်းကောင်း၊အလ္လာဟ်အရှင်မြတ်အထံ တော်သို့ အလျင်းရောက်ရှိသည် မဟုတ်ပေ။စင်စစ် အသင်တို့၏ရိုသေလေးမြတ်မှု၊ အမိန့်တော်ကို လိုက်နာမှု၊ ကောင်းမြတ်သောအကျင့် သီလ (သတ်က်ဝါ)သည်သာလျှင်ထိုအရှင်မြတ် အထံတော်သို့ ရောက်ရှိပေသည်။ ဤနည်းအတိုင်းပင် ထိုအရှင်မြတ်သည် ယင်းကုရ်ဗာနီ သားကောင် များကို အသင်တို့အကျိုးငှာ အသင်တို့၏ လက်အောက်ခံများဖြစ်စေတော်မူခဲ့သည်။အသင်တို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသော အလ္လာဟ်အရှင်မြတ်သည်သာ အကြီးကျယ်ဆုံးဖြစ်ကြောင်းအသင်တို့ ကြွေးကြော်ကြစေရန်အလို့ငှာဖြစ်ပေသည်။ ကောင်းကျိုး ပြုသူတို့အား ၀မ်းမြောက်ဖွယ်သတင်းကောင်းကိုပေးလော့”ကုရ်အာန် (၂၂း၃၇)
ထို့ကြောင့် “ကုရ်ဗာနီ”၏သဘောတရားမှာ တုနှိုင်းမဲ့ ကျေးဇူးတော်ရှင်မဟာကရုဏာတော်ရှင်၊ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းရှိခြင်းကို သိရှိနားလည်စေပြီး၊ “ကုရ်ဗာနီ”၏ အနှစ် သာရမှာ ထိုအရှင်မြတ် နှင့် အမှန်တရားအတွက်“သတ်က်ဝါ” အလ္လာဟ်သိစိတ် မပြတ်ထား၍ စွန့်လှူခြင်းပင် ဖြစ်ပေသည်။
ကုရ်ဗာနီ၏ထူးခြားသောအရေးပါမှု
“ကုရ်ဗာနီ”သည် လူတို့၏မှားယွင်းသောအတွေးအခေါ်နှင့် လုပ်ရပ်တို့ကို သန့်စင်စေခဲ့သည်။နတ်ပူဇော်ပသမှု၊ လူကို သတ်၍ယဇ်ပူဇော်မှု စနစ်တို့ကို ပပျောက်စေခဲ့သည်။ မိမိတို့၏ကျေးဇူးတော်ရှင် အစစ် အမှန်ဖြစ်သော အလ္လာဟ်အရှင်မြတ်ကို သိရှိစေသည်။မိမိတို့၏ တစ်သက်တာတွင် ကျင့်ကြံရမည့် “အိဗာဒသ်”ဘ၀တည်ဆောက်မှုအတွက် မိမိကိုယ်မိမိစွန့်လွှတ်မှု၊ အလ္လာဟ်အရှင်မြတ်အတွက် စွန့်လှူရန် အသင့်ရှိမှု၊ အများကောင်းကျိုးဆောင်မှု၊မရှိဆင်းရဲသားတို့အား လှူဒါန်းမှု စသည် တို့ကိုဖြစ်ပေါ်စေ သည်။
လူတစ်ဦးအနေဖြင့် မိမိ၏ဆန္ဒအရ မလုပ်ချင်သော လုပ်ရပ်တစ်ခုကို အလ္လာဟ်အရှင်မြတ်နှင့် အမှန်တရားအတွက်လုပ်ရဲသောသတ္တိနှင့် စွန့်လှူခြင်းမှာ “ကုရ်ဗာနီ”၏ ထူးခြားသော အရေးပါမှုပင်ဖြစ်ပေ သည်။ထို့ကြောင့် အစ္စလာမ်သာသနာတွင် “ကုရ်ဗာနီ”ဟူသည် မွတ်စ်လင်မ်တစ်ဦး အနေဖြင့်မိမိ၏ ဆန္ဒ၊ ပိုင်ဆိုင်မှုများနှင့် အသက်ကိုအလ္လာဟ်အရှင်မြတ်အတွက် မည်သည့်အခြေအနေမျိုးတွင်မဆို နာခံအပ်နှင်းခြင်းပင်ဖြစ်သည်။ကျေးဇူးတော်ရှင်မြတ်အလ္လာဟ်ကမိမိအားထောက်ပံ့ပေးသနား တော်မူထားသော ကာယ၊ ဉာဏ၊ ဓန စွမ်းရည် ပိုင်ဆိုင်မှု အားလုံးဖြင့်အမှန်တရားအတွက်ကြိုးပမ်းနေခြင်းကိုဆိုလိုပါသည်။
လိုအပ်ပါကမိမိအသက်ကိုပင်စွန့်လှူရန်သွန်သင်ချက်ပင်ဖြစ်သည်။
သားကောင်ကို “ဇဗာဟ်”ပြုလှီးဖြတ်ရုံမျှဖြင့် “ကုရ်ဗာနီ” တာဝန်ကျေပွန်သွားမည်မဟုတ်။နှလုံးသားမပါသော “ကုရ်ဗာနီ” သည် ဟန်ဆောင်မှု၊ ပြစားမှု၊ အသားစားလိုမှုသာဖြစ် ပေမည်။အလ္လာဟ်အရှင်မြတ် လက်ခံတော်မူမည်မဟုတ်ချေ။စွန့်လှူခြင်း ကျင့်စဉ် “ကုရ်ဗာနီ”ကို ပြုလုပ်ကြမည့် သူများသည် တမန်တော်ကြီး အိဗ်ရာဟီမ်၏မိမိရင်သွေး အပေါ် ချစ်မြတ်နိုးသည့်စိတ်ကို အလ္လာဟ်အရှင်မြတ်၏ အမိန့် တော်အား နာခံလိုမှုဖြင့်အစားထိုးနိုင်ခဲ့သော စိတ်အခြေအနေမျိုး ပေါ်ပေါက်လာအောင် သမိုင်းဘီးကို တစ်ကျော့ပြန်လှည့် တွေးကာအသိတရားထားရှိရမည်ဖြစ်သည်။ သားကောင်ကို လှီးဖြတ် စဉ်တွင် မိမိ၏ အဇ္ဈတ္တသဏ္ဍာန်အတွင်းမှတိရစ္ဆာန်စရိုက်ကိုပါ လှီးဖြတ်ပစ်ရမည်ဖြစ်သည်။
ဤမြတ်သောကျင့်စဉ် “ကုရ်ဗာနီ”သည် မွတ်စ်လင်မ် တို့အတွက် အလွန်အရေးပါသည့်ကျင့်စဉ်ဖြစ်ပေရာ တာဝန်ရှိပါလျက်တာဝန်ပျက်ကွက်ခဲ့သော် ထိုသူတို့အဖို့ “မွတ်စ်လင်မ်” ဖြစ်ရခြင်းပင်လျှင် အဓိပ္ပာယ်ရှိလိမ့်မည်မဟုတ်ပေ။တမန်တော်မြတ်မုဟမ္မဒ်(ဆွ)က-
“အကြင်သူသည်ကုရ်ဗာနီûပနိုင်သောအခြေအနေရှိပါလျက် ကုရ်ဗာနီမပြုလျှင်ထိုသူသည်ငါတို့၏ ၀တ်ပြုရာနေရာ(မုဆွလ’ာဟ်) သို့လာရောက်ခြင်းမပြုရ”ဟုမိန့်ကြားတော်မူခဲ့သည်။ (ဟာကင်မ်ကျမ်း)
ဇဗာဟ်လှီးဖြတ်ခြင်း၏စည်းကမ်းချက်များ -
* “ဇဗာဟ်”လှီးဖြတ်မည့်သူသည် “မွတ်စ်လင်မ်”ဖြစ်ရမည်။ မူးယစ်နေသူ၊ ရူးသွပ်သူ၊ အရွယ်မရောက်သေးသူ မဖြစ်စေရ။
* လှီးဖြတ်မည့် ကိရိယာသည် အလွန်ထက်ရမည်။ တိရစ္ဆာန်၏ သားရေ၊ လေပြွန်နှင့် သွေးကြောများကို လျင်မြန်စွာ ပြတ်စေပြီး သွေးများချက်ချင်း လျင်မြန်စွာ ထွက်စေရမည်။
* သားကောင်၏မျက်နှာကို “ကိဗ်လဟ်”ဘက်သို့ လှည့် ထားပြီး(ဗိစ်မိလ္လာဟိအလ္လာဟုအက်ဗရ်)ဟုရွတ်ဆို၍ လှီးဖြတ်ရမည်။
* လှီးဖြတ်မည့် သတ္တ၀ါရှေ့၌ ဓားသွေးပြနေခြင်း၊ အာရုံ ကြောရှိရာ ကျောရိုးတိုင်အောင် ခေါင်းပြတ်သည်အထိ လှီးဖြတ်ခြင်း၊အသက်မထွက်သေးမီလည်ပင်းကိုချိုးခြင်း၊ တုံးသောဓားဖြင့် လှီးဖြတ်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။
တမန်တော်မြတ်နှင့် ကုရ်ဗာနီ
တမန်တော်မြတ်အား သာဝကများက “ကုရ်ဗာနီ” ပြုလုပ်ခြင်းသည် မည်သည်ပါနည်းဟု မေးလျှောက်ခဲ့ကြလေရာတမန်တော်မြတ်က အသင်တို့၏ ဖခင်ကြီး တမန်တော် အိဗ်ရာဟီမ်(ေ)၏ လမ်းစဉ်ဖြစ် သည် ဟုဖြေကြားတော်မူခဲ့သည်။(အဟ်မဒ်ကျမ်း)
တမန်တော်မြတ်သည် “မဒီနဟ်”မြို့တော်တွင် (၁၀)နှစ်နေထိုင်တော်မူခဲ့ရာ နှစ်စဉ်ပင် “ကုရ်ဗာနီ”ပြုတော်မူခဲ့သည်။(သိရ်မိဇီကျမ်း)
“ဟဂ်ျ”မသွားသောသူများအနက် “ကုရ်ဗာနီ”ပြုလုပ်ရန် တာဝန်ရှိသူများ (၀ါ) တတ်စွမ်းနိုင်သူများသည်“အီးဒ်”နေ့တွင် “အီးဒ်ဆွလာသ်” ၀တ်ပြုပြီးနောက် “ကုရ်ဗာနီ”ကိုပြုကြရန် တမန်တော်မြတ်က မှာကြားတော်မူခဲ့သည်။(ဗုခါရီကျမ်း)
“အီဒ်ဂါဟ်”ကွင်းပြင်၌ “ကုရ်ဗာနီ”ပြုလုပ်ခြင်းသည် တမန်တော်မြတ်၏ (စွန္နသ်)ဓလေ့တော်ဖြစ်၏။(ဗုခါရီကျမ်း)
“အီးဒ်ဆွလာသ်”၀တ်မပြုမီအလျင် “ကုရ်ဗာနီ”ပြုလုပ်သော် ၄င်း၏ “ကုရ်ဗာနီ”ပြုလုပ်ခြင်း၌ ကုသိုလ်အကျိုးမရှိပြီ။မိမိ၏ ဆန္ဒအရ သားကောင်လှီးဖြတ်ခြင်းသာဖြစ်ပေမည်။ အခြား သားကောင် တစ်ကောင် အား ထပ်မံ၍ “ကုရ်ဗာနီ”ပြုရပေမည်။(ဗုခါရီကျမ်း၊မွတ်စ်လင်မ်ကျမ်း)
ကုရ်ဗာနီကို(၃)ရက်တိုင် ပြုလုပ်နိုင်၏။ ဇုလ်ဟိဂ်ျဂျဟ်လ (၁၀)ရက်“အီဒုလ်အဒွဟာ”ဆွလာသ်ဝတ်ပြုပြီးချိန်မှဇုလ်ဟိဂ်ျ ဂျဟ်လ(၁၂)ရက်နေ့ ညနေ နေမ၀င်မီအချိန်အထိ ဖြစ်သည်။ (မုအပ်သွာကျမ်း)
ကုရ်ဗာနီအသား၊ သားရေများကို လုပ်ခအဖြစ်မပေးရ။(ဗုခါရီကျမ်း၊ မွတ်စလင်မ်ကျမ်း)
ကုရ်ဗာနီပြုလုပ်မည့်သူသည် ဇုလ်ဟိဂ်ျဂျဟ်လ၏ ဆန်းဦးစ “လ”ကို မြင်သည်နှင့်မုတ်ဆိတ်၊ ဆံပင်တို့ကို သခြင်း၊ လက်သည်း၊ ခြေသည်း လှီးဖြတ်ခြင်းတို့ကို ရပ်တန့်ထားရမည်။အီးဒ်ဆွလာသ် ၀တ်ပြုပြီးမှ သာ မုတ်ဆိတ်၊ ဆံပင်တို့ကို သခြင်း၊ လက်သည်း၊ ခြေသည်း လှီးဖြတ်ခြင်းတို့ကို ပြုလုပ်ရမည်။(မွတ်စ်လင်မ်ကျမ်း)
အောင်မြင်သူတို့လျှောက်သောလမ်း…
“အောင်မြင်မှု”ဟူသည်… “အလ္လာဟ်”အရှင်မြတ်၏ အလိုတော်အတိုင်း ဘ၀ကို တည်ဆောက်နိုင်ခြင်းပင်ဖြစ်သည်။“အလ္လာဟ်”အရှင်မြတ်၏အလိုတော်အတိုင်းဘ၀ကိုတည်ဆောက် ခြင်းဟူသည်ကား “အလ္လာဟ်” အရှင်မြတ်၏ အမိန့်တော် (၀ဟီ) ကျမ်းမြတ်ကုရ်အာန်နှင့်တမန်တော်မြတ်လက်တွေ့ကျင့်သုံး ပြသသွားခဲ့သော ဘ၀တည်ဆောက်မှုပုံစံအတိုင်းဘ၀ရပ်တည် မှုပြုခြင်းကို ဆိုလိုသည်။ ဤသို့ ဘ၀ရပ် တည်မှုပြုနိုင်ခြင်းသည်သာလျှင် ဘ၀၏ အနှစ်သာရကိုရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး အောင်မြင်သော လူသားအဖြစ် ရှင်သန်ခြင်းဖြစ်ပေမည်။[ကြည့်၊ ကုရ်အာန် (၃၃း၇၁)]
“အလ္လာဟ်”အရှင်မြတ်၏ အလိုတော်အတိုင်း ဘ၀ကို တည်ဆောက်နိုင်ခြင်းသည် ဘ၀ပန်းတိုင်ဖြစ်ပေရာယင်းပန်းတိုင် သို့ အရောက်လှမ်းနိုင် သူတို့သည်သာ အောင်မြင်သူများဖြစ်ကြကုန်၏။၎င်းတို့သည် “အလ္လာဟ်”အရှင်မြတ်၏အလိုတော်ကို မိမိတို့၏ပိုင်ဆိုင်မှုများထက်ပို၍ မြတ်နိုးကြသည်သာမကအရှင့် အလိုတော်အတွက် အသက်ကိုပင် စွန့်ဝံ့ကြ၏။“အလ္လာဟ်”အရှင်မြတ်ကလည်း ၄င်းတို့၏ ဘ၀ တည် ဆောက်မှုပုံစံကို နှစ်သက်မြတ်နိုးတော်မူပေသည်။၎င်းတို့သည် “အလ’ာဟ်”အရှင်မြတ်၏ အုပ်စုဝင်များဖြစ်ကြသည်။အရှင်မြတ်၏ အုပ်စုဝင်တို့သည် အတိတ်သမိုင်းတွင် အောင်မြင်ခဲ့ကြ၏။ ယနေ့လည်း အောင်မြင်ဆဲဖြစ်ကြ၏။ကမ္ဘာတစ်သက် အောင်မြင်ကြဦးမည်ဖြစ်သည်။ [ကြည့်၊ ကုရ်အာန် (၅း၁၁၉)]
လူမှန်လျှင် အသက်ရှင်၍ နေလိုကြသည်။မိမိအသက်ကို မြတ်နိုးသည်။မိမိ၏ ဥစ္စာပစ္စည်းကို မက်မောသည်။မိမိ၏ ဇနီး/ခင်ပွန်း၊ သား/သမီးတို့ကို တွယ်တာသည်။ယင်းတို့ကို မည်သူ အလွယ်တကူ စွန့်နိုင်ပါမည်နည်း? သို့သော် အမှန်တရားအတွက် ယင်းတို့ကိုစွန့်နိုင်ရမည်။ယင်းသို့ စွန့်လွှတ်နိုင်မှသာကျွန်ုပ်တို့သည်အောင်မြင်သူများဖြစ်ကြပေမည်။ဤသို့ စွန့်နိုင်ခြင်းရှိ/မရှိကို“အလ္လာဟ်”အရှင်မြတ်က ကျွန်ုပ်တို့အား စမ်းသပ်စစ်ဆေးတော်မူပေမည်။ [ကြည့်၊ ကုရ်အာန် (၃၃း၇၁)]
ကျွန်ုပ်တို့အဖို့ အရှင်မြတ်၏ စမ်းသပ်မှုများကို အောင်မြင်စွာ ကြံ့ကြံ့ခံနိုင်ရန်မှာ ရခဲလှသော အရည်အသွေး ဖြစ်သည်။ခေတ်ကာလအခြေအနေကို မျက်ခြည်မပြတ်ဘဲ ယုံကြည်မှုသတိဖြင့် အမှန်တရားကို မြတ်နိုး လျက်ဇွဲသတ္တိဖြင့် ကြံ့ကြံ့ခံရပ်တည်သွားကြမှသာလျှင် အောင်မြင်သူတို့ လျှောက် သောလမ်းပေါ်သို့ဆိုက်ရောက်နိုင်ကြမည် ဖြစ်သည်။ လွယ်ကူ လှသည်တော့မဟုတ်ချေ။ကျွန်ုပ်တို့သည် ယင်းလမ်းစဉ်ကို ပန်းတိုင်အဖြစ် ရည်မှန်းလျက်ဤ““ကုရ်ဗာနီ””အီးဒ်ပွဲတော်ကို ဆင်နွှဲကြပါစို့ ……………။
(၂၀၀၁ခုနှစ်တွင် ထုတ်ဝေခဲ့သော အစ္စလာမ်သာသနာရေးရာကောင်စီ၊ရန်ကုန်တိုင်း၏အစ္စလာမ့်ဒေသနာ-၂ ဟိဂျရသ်၊ဟဂ်ျ၊ကုရ်ဗာနီစာစဉ်တွင် ဖော်ပြထားသော
– သီရိပျံချီ အလ်ဟာဂ်ျ အလ္လာမဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ် ၊
– အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင် (အရဗီသိပ္ပံ) ၊
– အလ်ဟာဂ်ျ မောင်လာနာ အုမရ် ဦးမြင့်နိုင် (ရင်းတော်)၊
– မောင်လာနာ အဗ်ဒုရ် ရဟီမ် ဦးမြင့်လွင်(ကျုံဒိုး) B.E (Met)
– အလ်ဟာဂ်ျ ဆရာ ဦးအေးလွင်
– အလ်ဟာဂ်ျ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)တို့၏ ရေးသားချက်များမှ ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါသည်။)
Islamic Religious Affairs Council Myanmar ကူးယူဖော်ပြပါသည်

No comments:

Post a Comment