Tuesday 7 August 2012

လူသားတိုင်းအား အလ္လာဟ်၏ လမ်းညွှန်မှု

လူသားတိုင်းအား အလ္လာဟ်၏ လမ်းညွှန်မှု အလ္လာဟ်သည် ကျား/မ မရွေး၊ လူသားတိုင်းအား မိမိတို့၏ ဖန်ဆင်းရှင် အလ္လာဟ်ကို သိစေနိုင်သော အတွင်းစိတ်သဘောကို ထည့်သွင်းပေးပြီး ဖြစ်၏။ (ကုရ်အာန် ၇း၃၇၂)
ထို့ပြင် လူသားတိုင်းကိုလည်း နဖ်စ်နှင့် ကောင်းဆိုး ခွဲခြားနိုင်သော ဆင်ခြင်တုံတရားကိုလည်း ပေးထားပြီး ဖြစ်သည်။ (ကုရ်အာန် ၉၁း၇-၈)
ထို့ပြင် အလ္လာဟ်သည်သာ လူသားတို့အား အလ္လာဟ်အလိုတော်ရှိသော (မိခင်၏) သားအိမ်တွင်းမှ ဖွားမြင်စေ၍ အလိုရှိသော ရုပ်ဆင်းကို ပြုခြင်းသာ ဖြစ်သည်။ (ကုရ်အာန် ၃း၆)
ထို့ကြောင့် လူသားတိုင်းသည် အလ္လာဟ်စေလွှတ်ရာ မိဘ၊ ပတ်ဝန်းကျင်၊ လူမျိုးဘာသာ၊ ယဉ်ကျေးမှု အသီးသီးမှ ပေါက်ဖွားလာရသော်လည်း လူသားတိုင်း၏ နဖ်စ်နှင့် ရူဟ်တိုင်းမှာ အလ္လာဟ်ထံမှသာ ဖြစ်၏။ ထို့ကြောင့် ထိုလူသားတိုင်း၏ နဖ်စ်ကိုလမ်းညွှန်ရန်မှာ အလ္လာဟ်၏ တာဝန်သာဖြစ်၏။ လက္ခံခြင်း၊ သို့တည်းမဟုတ် ငြင်ပယ်ခြင်း တာဝန်မှာ လူသားတစ်ဦးချင်းနှင့် ဆိုင်၏။
“ဧကန်မလွဲ တရားလမ်းညွှန်ပြခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင်ဖြစ်သည်” (ကုရ်အာန် ၉၀း၁၂)
“ငါအရှင်မြတ်သည် (လူသား၌) ၄င်း၏ နဖ်စ်က မသိမသာ ပေါ်ပေါက်စေသော အရာကိုလည်း သိတော်မူ၏။ စင်စစ် ငါအရှင်မြတ်သည် ၄င်း၏ လည်ချောင်း သွေးကြောထက်ပင် ၄င်းနှင့် ပိုမို နီးကပ်စွာ ရှိနေတော်မူ၏” (ကုရ်အာန် ၅၀း၁၆)
အလ္လာဟ်သည် မိမိအား ကျေးဇူးသိတတ်သူကို ဖြစ်စေ၊ ကျေးဇူး ကန်းသူကို ဖြစ်စေ၊ မိမိတာဝန်အရ လမ်းမှန်ကို သင့်တော်ရာနည်းဖြင့် ပြခဲ့သည်သာ ဖြစ်၏။ (ကုရ်အာန် ၇၆း၃) အကောင်းအဆိုး လမ်းနှစ်သွယ်ကိုလည်း ပြခဲ့၏ (ကုရ်အာန် ၉၀း၁၀)
အလ္လာဟ်သည် လူသားတိုင်းကို ကောင်းဆိုး ခွဲခြားနိုင်သော ဆင်ခြင်တုံတရား ပေးထားသော်လည်း မပြီးမပြည့်စုံသော ဆင်ခြင်တုံတရားဖြင့် ဉာဏ်မမီနိုင်သော အကွယ်တရားများကိုလည်း သက်ဆိုင်ရာ နဗီ တမန်တော်အသီးသီးမှ တစ်ဆင့် ဝဟီလမ်းညွှန်ပေးထားပြီး ဖြစ်သည်။ (ကုရ်အာန် ၇၂း၂၆-၂၇)
အလ္လာဟ်၏ လမ်းညွှန်ကို ရှာဖွေ ဆင်ခြင်လက္ခံရန်မှာ လူသားတိုင်း၏ တာဝန်သာဖြစ်၏။ ဆင်ခြင်တုံတရားသည် အလ္လာဟ်၏ ဝဟီလမ်းညွှန်အလင်း (ကုရ်အာန်)၏ အောက်၌သာ မှန်ကန်စွာ အသုံးချနိုင်ပေသည်။

No comments:

Post a Comment