Tuesday, 7 August 2012

နောက်ဆုံး ပြစ်ဒဏ်

နောက်ဆုံး ပြစ်ဒဏ် “သို့ရာတွင် ၄င်း ကာဖိရ်တို့၏ စိတ်နှလုံးများသည် မာမြဲအတိုင်း မာကျောလျက်ရှိခဲ့၏။ ထို့ပြင် ရှိုဿွာန်သည်လည်း ၄င်းတို့ ပြုလုပ်လျက်ရှိခဲ့သမျှတို့ကို ၄င်းတို့၏အမြင်၌ လှပတင့်တယ်အောင် တန်ဆာဆင်၍ ပြထားလေသည်။ ထို့နောက် ၄င်းတို့သည် မိမိတို့အား သတိပေးနှိုးဆော်ထားသော ကိစ္စများကို မေ့ပစ်ထားကြသော်လည်း ငါအရှင်မြတ်သည် ၄င်းတို့အပေါ်၌ ခပ်သိမ်းကုန်သော စည်းစိမ်တို့၏ တံခါးများကို ဖွင့်ပေးတော်မူလေသည်။ နောက်ဆုံးတွင် ၄င်းတို့သည် မိမိတို့ရရှိထားသော စည်းစိမ်တို့နှင့် စပ်လျဉ်း၍ မော်ကြွားလာကြပြန်သောအခါ ငါအရှင်မြတ်သည် ၄င်းတို့အား ရုတ်တရက် ဖမ်းဆီး (ပြစ်ဒဏ်ပေး)တော်မူလိုက်လေသည်။ ထိုအခါ ၄င်းတို့သည် မျှော်လင့်ချက်ကုန်ဆုံး၍ တွေဝေမိန်းမောသွာကြလေသည်” (ကုရ်အာန် ၆း၄၃-၄၄)
“ထို့နောက် မတော်မတရား ပြုမူကုန်သောသူတို့၏ အခြေအမြစ်သည် ပြတ်သွားလေတော့သည်။ ချီးမွမ်းထောမနာခြင်း အပေါင်းတို့သည် စကြဝဠာ လောကခပ်သိမ်းကို အဆင့်ဆင့် မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာတည်း” (ကုရ်အာန် ၆း၄၅)
အလ္လာဟ်ကိုလက်မခံ၍ လူသားတို့အား ဒုက္ခပေးသောသူသည် ဤလောက၌ပင် လက်တွေ့ (ဂျဇာ) တန်ပြန် ခံစားရ၍ နောင်တမလွန် (အာခေရသ်)၌လည်း ခံစားရမည်ဖြစ်ကြောင်း ကျမ်းမြတ်ကုရ်အာန်က ဖော်ညွှန်းထားပေသည်။
“ငါအရှင်မြတ်သည် မဒ်ယန်မြို့သားတို့အနက် အချို့ အပေါ်၌ ကျောက်စရစ်ခဲများပါသော လေပြင်းမုန်တိုင်းများ စေလွှတ်ခဲ့၏။ ထိုနည်းတူ ၄င်းတို့အနက် အချို့ကို ကျယ်လောင်ပြင်းထန်သော အသံဖြင့် ဖမ်းဆီးကွပ်မျက်ခဲ့သည်။ ထို့ပြင် ၄င်းတို့အနက် အချို့ကို ငါအရှင်မြတ်သည် မြေမျိုစေခဲ့၏။ ထို့ပြင် ၄င်းတို့အနက် အချို့ကို ငါအရှင်မြတ်သည် ရေနစ်စေတော်မူခဲ့၏။ စင်စစ် အလ္လာဟ်သည် ၄င်းတို့အား မတရားနှိပ်စက်တော်မူခဲ့သည် မဟုတ်၊ သို့သော် ၄င်းတို့သည် မိမိကိုယ်တိုင် မိမိတို့ကိုယ်ကို ညှဉ်းပန်းလျက် ရှိခဲ့ကြကုန်၏” (ကုရ်အာန် ၂၉း၄၀)
ကမ္ဘာ့သမိုင်းတွင် အလ္လာဟ်၏ တမန်တော်များ အကြိမ်ကြိမ် သတိပေးနေမှုကို ဆန့်ကျင်ခဲ့ကြ၍ ၄င်းတို့၏ အလွန်ယုတ်မာညစ်ညမ်းမှုတို့ကြောင့် ဤဘဝ၌ပင် ပြစ်ဒဏ် စတင်ခံစား ပျက်စီးသွားကြရသူများမှာ တမန်တော်နူဟ်၏ ခေတ်လူများ (ရေလွှမ်းမိုးခြင်း) တမန်တော် လုသွ်၏ခေတ် ကာမညစ်ညမ်း သောင်းကျန်းသူများ (ကောင်းကင်မှ ကျယ်လောင်သော အသံနှင့် ကျောက်စရစ်ခဲမိုးများ၊ ပင်လယ်သေ)။ တမန်တော် ရှုအိုက်ဘ်ခေတ် မဒ်ယန်မြို့သားများ (မြေငလျင်ဒဏ်)၊ အဒ်မျိုးနွယ်နှင့် ဆမူဒ်မျိုးနွယ်များ (ကောင်းကင်မှ ပြင်းထန်သော အသံလေပြင်းမုန်တိုင်းနှင့် ငလျင်ကြီး)၊ အီဂျစ်ဘုရင် ဖာရိုနှင့် နောက်လိုက်များ (မိုးခေါင်ရေရှားခြင်း၊ သီးနှံအထွက်နည်းခြင်း၊ ရောဂါဘယထူပြောလာခြင်းနှင့် နောက်ဆုံး ရေတွင်နစ်မြုပ်စေခြင်း) ဖြစ်၏။ (ကုရ်အာန် စူရဟ် ၁၅။ စူရဟ် ၂၉ နှင့် စူရဟ် ၁၃ မိုးကြိုးကဏ္ဍ)
“အလ္လာဟ်သည် လူမျိုးတစ်မျိုး၏ အခြေအနေကို ၄င်းတို့ကိုယ်တိုင် မိမိတို့၏ အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲပေးတော်မူသည် မဟုတ်ပေ၊ စင်စစ် အလ္လာဟ်သည် လူမျိုးတစ်မျိုးအပေါ်၌ (၄င်းတို့၏ မတရားမိုက်မဲမှုကြောင့်) ဘေးဒုက္ခ ဆိုက်ရောက်စေရန် ရည်ရွယ်တော်မူခဲ့သည် ရှိသော် (မည်သူမျှ) ထိုဘေးဒုက္ခကို တွန်းလှန်နိုင်ခြင်း မရှိချေ။ ထိုမှတစ်ပါး ၄င်းတို့အား ထိုအရှင်မြတ်အပြင် ကာကွယ် စောင့်ရှောက်မည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိချေ။ (ကုရ်အာန် ၁၃း၁၀)(အစ္စလာမ့်ယုံကြည်ချက်)
“၄င်း ကာဖိရ်တို့သည် ကမ္ဘာမြေဝယ် လှည့်လည်၍ မသွားလာခဲ့ကြသလော၊ သို့ သွားလာခဲ့ကြလျှင် ၄င်းတို့သည် မိမိတို့အလျှင် ရှိခဲ့ကြသော သူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့ရှိခဲ့သည်ကို တွေ့မြင်ကြပေမည်။ စင်စစ် ထို(ရှေး)သူ (ဟောင်း) တို့သည် ခွန်အား ဗလအရာ၌ ၄င်းတို့ထက် ပိုမိုသန်စွမ်းသူများ ပြင်းထန်သူများ ဖြစ်ခဲ့ကြကုန်၏။ သို့သော် မိုးကောင်းကင်များ၌ ဖြစ်စေ၊ ကမ္ဘာဂြိုဟ်၌ ဖြစ်စေ မည်သည့်အရာမျှပင် အလ္လာဟ်အရှင်မြတ်အား အရေးရှုံးနိမ့်အောင် ပြုစွမ်းနိုင်သည် မရှိချေ။ စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိတော်မူသော အရှင်၊ အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၃၅း၄၄)
တရားမျှတမှုဟူသည် အဘယ်နည်း
မပြီးမပြည့်စုံသော လူသားတို့ တိုင်းတာ အသုံးပြုနေသော ‘တရားမျှတမှု’ အဆင့်အတန်းဖြင့် နိစ္စထာဝရ ပြီးပြည့်စုံတော်မူ၍ အကြွင်းမဲ့ သိတော်မူသော အလ္လာဟ်၏ ‘တရားမျှတမှု’ သတ်မှတ်ချက်ကို မည်သို့မျှ ဆုံးဖြတ်၍ ရမည်မဟုတ်ချေ။ ဥပမာ- ဆရာတစ်ဦး၏ ရှုထောင့်မှကြည့်လျှင် တပည့်တစ်ဦးကို ပြောဆိုဆုံးမမှု၊ မရပါက ရိုက်၍ဆုံးမမှုတို့သည် တပည့်ငယ်ကို ကောင်းစေလိုသော ဆန္ဒဖြစ်သည်။ အသိဉာဏ်မကြွယ်သော တပည့်ငယ်က မတရားဟု ထင်ကောင်း ထင်ပေမည်။ မိဘက မကျန်းမာသော ကလေးငယ်ကို ဆေးထိုးပေးမှုသည် ကျန်းမာစေလိုသော ဆန္ဒဖြစ်သည်။ ကလေးငယ်ကမူ နာကျင်မှုအတွက် ဆေးထိုးအပ်ဖြင့် မိမိကို ထိုးမှုကို မတရားဟု ထင်မည်၊ အော်မည် ငိုမည်။ ထိုကျောင်းသားနှင့် ကလေးငယ်တို့သည် ၄င်းတို့၏ အပြည့်ဝသော အသိဉာဏ်ဖြင့် မိမိ၏ ဆရာ၊ မိမိ၏ မိဘတို့၏ လုပ်ရပ်များကို မတရားပါဟု ဆုံးဖြတ်နိုင်ခွင့် မရှိသကဲ့သို့ လူသား၏ မပြီးမပြည့်စုံသော အသိဉာဏ်၊ ဆင်ခြင်တုံတရား၊ အတွေ့အကြုံတို့ဖြင့် လောကခပ်သိမ်းတို့၏ အရှင်အလ္လာဟ်၏ စီမံမှုတို့ကို မည်သို့ မှန်ကန်စွာ ဝေဖန်နိုင်စွမ်း ရှိပါမည်နည်း။ စင်စစ် အရွယ်ရောက်သူ လူ့အသိုင်းအဝိုင်းများ အတွင်း၌ပင်လျင် ဂရုမပြုမှု၊ မဆင်ခြင်မှုတို့ကြောင့် စေတနာကို ဝေဒနာထင်မှု၊ အထင်မှားမှုများ မကြာခဏ ဖြစ်ပေါ်နေပေသေးသည်။
အမှုတစ်ခုကိုဖြစ်စေ၊ လူသားတစ်ဦး၏ ဘဝကိုဖြစ်စေ၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ အကြောင်းကို ဖြစ်စေ အစအဆုံး မသိဘဲ တစ်စွန်းတစ်စ သိရုံမျှဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်ကို မရနိုင်ပေ။ လူသားတစ်ဦး၏ ရုပ်နှင့်နာမ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု၊ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ အလင်းရမှု၊ ပျော်ရွှင်မှု၊ သောကရမှု စသည်တို့ကို အခြားသူတစ်ဦးက စက္ကန့်နှင့်အမျှ မသိနိုင်ချေ။ မိမိကိုယ်မိမိပင် ဂရုမပြုက မသိနိုင်ပေရာ အခြားသူတစ်ဦးကို လူသားအချင်းချင်း မည်သို့ ဆုံးဖြတ်နိုင်မည်နည်း၊ ဖန်ဆင်းရှင် အလ္လာဟ်၏ လုပ်ရပ်တို့ကို အစအဆုံး မသိဘဲ လူသားက မည်သို့အပြစ်တင်နိုင်မည်နည်း။
မည်သည့်လူသားမျှ မွေးရာမှ သေသည်အထိ မိမိ၏ လုပ်ရပ်များ တိုးတက် ဆုတ်ယုတ်မှုများကို စက္ကန့်မလပ် မသိကြတော့ချေ။ သို့သော် ရှင်ပြန်ထရမည့်နေ့တွင် ဖန်ဆင်းရှင် အလ္လာဟ်က လူသားတစ်ဦးချင်း၏ အံ့ဖွယ်မှတ်တမ်းကိုပြ၍ မငြင်းနိုင်အောင် တရားမျှတစွာ စီရင်မည် ဖြစ်ပေသည်။

No comments:

Post a Comment