Monday, 6 August 2012
ဝလီအဆင့်ရောက်သူ မည်သူနည်း
ဝလီအဆင့်ရောက်သူ မည်သူနည်း
“ဧကန်မလွဲ ရှိုဿွာန်တို့သည် အသင်တို့နှင့် ငြင်းခုံကြရန် အလို့ငှာ ၄င်းတို့၏ (ဝလီအောက်လီယာ) အဆွေခင်ပွန်းများထံ ဝဟီလမ်းညွှန်မှုများ (ယူဟွန်း) သွတ်သွင်းပေးလေ့ရှိသည်။ အကယ်၍ ၄င်းတို့၏ ပြောစကားကို လိုက်နာကြပါမူ မုချဧကန် အသင်တို့သည် အခြားအရာများကို အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်သူတို့တွင် အပါအဝင်ဖြစ်အံ့” (ကုရ်အာန် ၆း၁၂၁)
ဝလီဟူသည် အဆွေခင်ပွန်းကို ခေါ်သည် လူသားသည် ရှိုဿွာန်၏ ဝလီ အဆွေခင်ပွန်း မဖြစ်ရချေ။ အလ္လာဟ်၏ ဝလီသာ ဖြစ်ရပေမည်။ အလ္လာဟ်၏ ဝဟီလမ်းညွှန် ကုရ်အာန်ကို မလေ့လာသူ၊ မနာခံသူ၊ ဂရုမပြုသူတို့သည် ရှိုဿွာန်၏ ဝဟီလမ်းညွှန်မှုကို ခံကြရလေတော့သည်။ သို့သော် အလ္လာဟ့် လမ်းညွှန် ကုရ်အာန်ကို ဆွဲကိုင်သူကို ရှိုဿွာန် မလွှမ်းမိုးနိုင်အောင် အလ္လာဟ်ကိုယ်တိုင် တာဝန်ယူထားပေသည်။
“စင်စစ် ငါအရှင်မြတ်၏ကျွန် (အလ္လာဟ်၏ ဝဟီအမိန့်အတိုင်း ဘဝတည်ဆောက်သူ) တို့ကိုကား အသင်(ရှိုဿွာန်)၏ သြဇာအာဏာ လုံးဝလွှမ်းမိုးနိုင်လိမ့်မည် မဟုတ်ချေ။” (ကုရ်အာန် ၁၇း၆၅)
အလ္လာဟ်၏ ဝလီအဆင့် ရောက်သူတို့အား မည်သူတို့နည်း ဝလီအဆင့်ကို မုစ်လင်မ် အဖြစ် သောဝ်ဟီဒ် သစ္စာတရားကို လက္ခံ၍ အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း နာခံ၍ ဘဝတည်ဆောက်သူတိုင်းကို ရနိုင်၏၊ ဝလီတို့သည် ဤရုပ်လောက၌ပင် စတင်၍ငြိမ်းချမ်းမှုကို ချီးမြှင့်ခြင်းခံရသူများ ဖြစ်၏။
“ပြောလော့ အလ္လာဟ်၏ဝလီများ (အလ္လာဟ်နှင့် နီးစပ်မှုရသူများ) အပေါ်တွင် ကြောက်ရွံ စိုးရိမ်ဖွယ်ရာလည်း ရှိမည်မဟုတ်၊ ၄င်းတို့သည် ဝမ်းနည်းပူဆွေးကြရမည်လည်း မဟုတ်ပေ” (ကုရ်အာန် ၁၀း၆၂)
“စင်စစ် မည်သူမဆို မိမိကိုယ်တိုင် အလ္လာဟ်အရှင်မြတ်အား လုံးဝအပ်နှံပြီး (အလ္လာဟ့် ဝဟီလမ်းညွှန်နှင့်အညီ) ကောင်းမှုများ ပွားများခဲ့လျင် ထိုကဲ့သို့သော သူတို့သည် မိမိတို့၏ အရှင်မြတ်ထံတော်တွင် အကျိုးကျေးဇူးများ မုချရရှိကြ၍ ၄င်းတို့ပေါ်တွင် ကြောက်ရွံ စိုးရိမ်စရာလည်း ရှိမည်မဟုတ်၊ ၄င်းတို့သည် ဝမ်းနည်း ပူဆွေးကြရ မည်လည်း မဟုတ်ပေ” (ကုရ်အာန် ၂း၁၁၂)
ထို့ကြောင့် အလ္လာဟ်၏ ဝလီအဆင့်သို့ မုစ်လင်မ် ကျား/မ မရွေး ရောက်နိုင်သည်။ သို့သော် ယုံကြည်မှုသက်သက်ဖြင့်သာ မဟုတ်ဘဲ ကုရ်အာန်က ညွှန်ကြားသော အလ္လာဟ်နှင့် စပ်လျဉ်း၍ ထားရမည့် တာဝန်များ၊ လူသား အချင်းချင်းအပေါ် ထားရမည့် တာဝန်များ၊ အခြား ဖန်ဆင်းခံတို့အပေါ် ထားရမည့် တာဝန်များကို ကျေပွန်မှသာ ရပေမည်။ ကုရ်အာန်ကျမ်းမြတ်နှင့် ဆန့်ကျင်သော ကျင့်စဉ်တို့သည် ဝလီတို့၏ ကျင့်စဉ် မဟုတ်ချေ။
ဥပမာ ကုရ်အာန်က ပြဋ္ဌာန်းသော လူမှု ကျင့်ဝတ်များကို မဆောင်ရွက်ဘဲ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ဂျန္နသ်ရရှိရေး အတွက် ပတ်ဝန်းကျင်ကို စွန့်လွှတ်ကာ ကျင့်ကြံမှုသည် ဝလီ၏ ကျင့်စဉ် မဟုတ်ချေ။ မုစ်လင်မ်တစ်ဦးသည် မိမိဂျန္နသ် ငြိမ်းချမ်းမှုရအောင် ကြိုးစားရသလို မိမိ၏ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ ပတ်ဝန်းကျင် လူသားအားလုံး ဂျန္နသ်ရရေး ကြိုးစားနိုင်ရန် ဆောင်ရွက်ပေးရမည်။
လူ့သဘာဝမှာ အလ္လာဟ်က နဖ်စ်ဝိညာဉ် အမျိုးအစား တစ်ခုတည်းမှ ဆင့်ပွားထားခြင်းသာ ဖြစ်၏။ လူသားအားလုံးသည် ကမ္ဘာ့အိမ်ထောင်စုကြီးသာ ဖြစ်၏။ ကမာ့္ဘအိမ်ထောင်စုကြီးကို တိုင်းပြည်များ၊ မြို့ရွာများ၊ ရွာများနှင့် လူသားမိသားစု တစ်ခုချင်းဖြင့် အဆင့်ဆင့် စုပေါင်းဖွဲ့စည်းထား၏။ ထို့ကြောင့် မိသားစုတစ်စုသည် လူ့အဆောက်အအုံ၏ အခြေခံအုတ်မြစ် ဖြစ်သည်။ မိသားစု တစ်ဦးသည် မိမိ၏ မိသားစုအပေါ် တာဝန်မကျေဘဲ တစ်ကိုယ်ကောင်း ကျင့်ကြံက ကျန်မိသားစုဝင်တို့၏ ဘဝမှာ အခြေမခိုင်ဘဲ ငြိမ်းချမ်းမှု ပျက်ပြားရတော့သည်။ ပြင်ပ ဒုစရိုက်သမားတို့ကလည်း ပြစ်မှုကျူးလွန်ရန် အခွင့်ကောင်း ရကြတော့၏။
ထို့ကြေင့် အလ္လာဟ်၏ လမ်းညွှန် ကုရ်အာန်တွင် လူသားထုတစ်ရပ်လုံး ရုပ်/နာမ် ငြိမ်းချမ်းရေအတွက် ဒုစရိုက်များ စုပေါင်းကာကွယ်ခြင်း၊ ကုသိုလ် တရားများကို စုပေါင်း ဆောင်ရွက်မှု ကျင့်စဉ်များကိုလည်း အလေးထား သင်ကြား၏။ အလ္လာဟ့် သာသနာအတွက် လူသားများ ငြိမ်းချမ်းမှုအတွက် ကိုယ်ကျိုး စွန့်လှုသူတို့သာလျင် အလ္လာဟ်နှင့် နီးစပ်မှုရသော ဝလီများ ဖြစ်ကြ၏။ ထို့ကြောင့် လူသားနဗီတမန်တော်များကို အလ္လာဟ်က ပွင့်ပေါ်စေ၍ စံပြပြုလုပ်စေခဲ့ခြင်းသာ ဖြစ်၏။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment