Saturday, 4 August 2012
မဟာကရုဏာတော်ရှင်၊ ကျေးဇူးတော်ရှင်
“အသင်တို့ မသိမမြင်ခဲ့ကြလေသလော့၊ ဧကန်အမှန် အလ္လာဟ်သည် မိုးကောင်းကင်များ၌ ရှိသမျှတို့ကိုလည်းကောင်း၊ ကမ္ဘာဂြိုဟ်ဝယ် ရှိသမျှကို လည်းကောင်း၊ အသင်တို့အကျိုးငှာ (မိမိအထံတော်မှ အသင်တို့၏ လက်အောက်ခံအဖြစ်) အသုံးချနိုင်စေတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်မိမိ၏ထင်ရှားသော ကျေးဇူးတော်များကို လည်းကောင်း၊ မထင်ရှားသော ကျေးဇူးတော်များကို လည်းကောင်း အသင်တို့ အပေါ်ဝယ် အပြည့်အစုံ ပေးသနားတော်မူ၏။ သို့သော် လူတို့အနက် အချို့မှာ မည်သည့်ပညာ၊ သက်သေအထောက်အထားမျှ၊ မည်သည့်တရားလမ်းညွှန်မျှ၊ မည်သည့် ထွန်းလင်းသော ကျမ်းဂန်မျှ မရှိပါဘဲလျက် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အငြင်းအခုံ ပြုလုပ်လေ့ ရှိကြကုန်၏” (ကုရ်အာန် ၃၁း၂၀ နှင့် ၄၅း၁၃)
စကြဝဠာတသ်ခုလုံးသည် အလ္လာဟ်၏ (အရ်ရဟ်မားန်) ကရုဏာတော်နှင့် စွမ်းဆောင်နိုင်မှုများဖြင့် လွှမ်းခြုံထားသောကြောင့် တန်ဖိုးရှိသောအရာများ၊ ကျောက်မျက်ရတနာများနှင့် စီခြယ်လျက် သာယာလှပပြည့်စုံစွာ ထင်ရှား ဖြစ်ပေါ်စေထားသော နန်းတော်ကြီး ဖြစ်၏။
စကြဝဠာ လောကခပ်သိမ်း၏ သဘာဝနိယာမတို့ကိုလည်း အလ္လာဟ်သည် လူသားတို့အား ကုရ်အာန်ကျမ်းမြတ်မှ တစ်ဆင့် သင်ကြားပေးတော်မူ၏။ ထိုနန်းတော်ကြီး၏ ရတနာသိုက်များကို ဖွင့်ရန် လူသားတို့အားလည်း အသိပညာ သော့အချို့ကို အကန့်အသတ်တွင်းမှ ပေး၍ စနစ်တကျ အသုံးချစေသည်။ မဟာကရုဏာတော်ရှင် အလ္လာဟ်၏ ကျေးဇူးတော်တို့မှာ ရေတွက်၍ ကုန်နိုင်ခြင်းမရှိချေ။
လူသားသည် ကမ္ဘာမြေသို့ မမွေးဖွားမီ မိခင်၏ သားအိမ်တွင်း၌ ဘာမျှ မသိရဘဲ ကြီးထွားခဲ့ရ၏။ စားနပ်ရိက္ခာ အဆင်သင့်ရခဲ့၏။ မွေးဖွားသန့်စင်ပြီးနောက်လည်း စင်စစ် အကူအညီမဲ့ သူတစ်ဦးသာ ဖြစ်သည်။
သို့သော် အလ္လာဟ်၏ မဟာကရုဏာတော်ဖြင့် စီမံအပ်သော မိခင်၏ မေတ္တာမှ ဆန်းကြယ်စွာ ထွက်လာသော နို့ချိုဖြင့်ကြီးထွားရပြန်သည်။ ထိုနို့ချိုသည် ရင်သွေးမွေးပြီးမှသာ ထိုရင်သွေးအတွက် ထွက်၏။ အမြဲထွက်နေခြင်း မဟုတ်ပေ။ ထို့ပြင် ရင်သွေးငယ်သည် အကြား၊ အမြင်၊ အသိဉာဏ်၊ စိတ်နှင့် ခံစားမှုတို့ အဆင့်ဆင့်ရခဲ့၏။ ဘသာစကားလည်း မပင်ပန်းဘဲ တတ်လာ၏။ ကလောင် (စာပေ)လည်း လွယ်ကူစွာသင်ကြား တတ်မြောက်လာ၏။
ကျွန်ုပ်တို့သည် အလ္လာဟ် ဖန်ဆင်းထားသော ကမ္ဘာမြေပေါ်ဝယ် နေကြ၏။ အလ္လာဟ်ဖန်ဆင်းထားသော မိုးကောင်းကင်မှချပေးသော ရေကို သောက်ကြရ၏။ ထိုရေဖြင့် သစ်ပင် ပန်းမန် သီးနှံတို့ ကြီးထွား၍ လူတို့စားသုံးကြရ၏။ မြေပေါ် မြေအောက် ရေပေါ် ရေအောက်နှင့် လေထုထဲရှိ အရာခပ်သိမ်းမှ လူသားကို အကျိုးပြုသော အရာများစွာ ရရှိနေကြ၏။ အလ္လာဟ်သည် လူသားအတွက် လိုလေသေး မရှိ ပြုပေးထား၏။ ထုတ်ယူသုံးစွဲနိုင်သော စွမ်းရည်၊ အသိဉာဏ်၊ ဘာသာစကား၊ စာပေစသည်တို့ကိုလည်း သင်ကြားပေးထား၏။ လူသားသည် အလ္လာဟ်၏ စကြဝဠာအတွင်း၌နေ၍ အလ္လာဟ်ကို မည်သို့ငြင်းပယ်နိုင်အံ့နည်း။ ငြင်းပယ်မှု၏ အကျိုးဆက်မှာ မိမိ၏ ဆိုးကျိုးရလာဒ်သာ ဖြစ်ပေမည်။ အလ္လာဟ်သည် လူသားကို မှီခိုထားရခြင်းမရှိ။ လူသားသည်သာ အလ္လာဟ်ကို လိုအပ်သည်။ အလ္လာဟ်ထံသို့သာ ပြန်ကြရမည်သာ ဖြစ်ကြ၏။ ပြေး၍ လွတ်လမ်းမရှိချေ တကား။
အကြင် မည်သူမဆို ကျား/မ မရွေး အရာခပ်သိမ်းကို ဆန်းစစ် ဆင်ခြင်ပြီးနောက် အလ္လာဟ်အရှင်မြတ်နှင့် အစ္စလာမ် သာသနာကို လက္ခံ ယုံကြည်ပါက အောက်ပါ အချက်များကို ယုံကြည်ချက်အဖြစ် သက်သေခံ ထွက်ဆိုရ၏။
(၁) တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ခြင်း။
(၂) အလ္လာဟ်အရှင်မြတ်၏ စကြဝဠာ ကောင်းကင်တမန် မလာအိကဟ်များ။
(၃) ခေတ် အဆက်ဆက်တွင် အလ္လာဟ် ချပေးခဲ့သော ကျမ်းများ။
(၄) ခေတ် အဆက်ဆက် ဒေသအသီးသီးတွင် ပွင့်ခဲ့ကြသော လူသား နဗီတမန်တော်များ။
(၅) နောက်ဆုံးနေ့တော်ကြီးနှင့် တမလွန်ဘဝ။
(၆) ကဒရ်ခေါ် အလ္လာဟ်၏ စီမံသတ်မှတ်ထားမှု။
(၇) သေပြီးနောက် ရှင်ပြန် ထကြရမည် ဖြစ်ကြောင်း စသည်တို့ကို ယုံကြည်ရပေမည်။ ဤအချက်အားလုံးကို အသေးစိတ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ထို့ပြင် အစ္စလာမ်၏ အခြေခံမဏ္ဍိုင် သောဝ်ဟီးဒ် သစ္စတရားဖြစ်သော ‘လာအိလာဟ အစ်လလ္လာဟ်’ အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အခြား ခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း အမြဲနှလုံးသွင်း ရင်ဝယ်ပိုက်ထားရပေမည်။ (ကုရ်အာန် ၄၇း၁၉) လူသားနဗီများအနက် နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ် သခင်သည်ပင် ကိုးကွယ်ရာ အရှင်မဟုတ်ဘဲ အလ္လာဟ်၏ ရစူလ်တမန်တော်များသာ ဖြစ်ကြောင်း ထွက်ဆိုရပေမည်။ (ကု၇်အာန် ၄၈း၂၉) (အစ္စလာမ့်ယုံကြည်ချက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment