Saturday 4 August 2012

ဆွလားသ်

ဆွလားသ် အစ္စလာမ်တွင် တစ်ပါးတည်းသော အရှင်သခင် အလ္လာဟ်၏ ပြီးပြည့်စုံစွာ နိစ္စထာဝရရှိနေမှုကို ယုံကြည်မှုအပြီးတွင် ဒုတိယ အရေးကြီးဆုံး မဏ္ဍိုင်မှာ ‘ဆွလားသ်’ ဝတ်ပြုတည်ဆောက်မှုဖြစ်သည်။ ဇကားသ် တာဝန်သည် ငွေနှင့် ပစ္စည်းမရှိသူအပေါ်၌ တာဝန်မရှိ။ ဆွီယာမ် ဥပုသ်သီလသည် မုစ်လင်မ်တိုင်းအပေါ် တစ်နှစ်တွင်တစ်လသာ တာဝန် ရှိ၏။ ဟဂ်ျသည် ငွေရှိသူ၊ ခြေအနေပေးသူတို့အတွက် တာဝန်ရှိ၏။ ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်က မုစ်လင်မ်အမျိုးသား အမျိုးသမီး အရွယ်ရောက်သူတိုင်းအား နေ့စဉ် သတ်မှတ်ချိန်များတွင် ဆွလားသ်ဝတ်ပြု တည်ဆောက်ရန် အကြိမ်များစွာ အမိန့်ပေးတော်မူထားသည်။ မိမိအိမ်၌ဖြစ်စေ၊ ခရီးသည်ဖြစ်စေ၊ နေကောင်းသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ၊ စစစ်ကာလဖြစ်စေ၊ ငြိမ်းချမ်းနေသောကာလဖြစ်စေ၊ အခြေနေ၊ ကာ၊ ကျား/မ မရွေး ဆွလားသ်ဝတ်ပြုရန် အမိန့်ပေးထားသည်။ သတ်မှတ်ချိန် (၅)ချိန်အနက် အကြောင်းတစ်ခုခုကြောင့် ဆွလားသ်ဝတ်ပြုရန် အချိန်မရပါက အချိန်ရသည့်နှင့်ထို လွတ်သွားသော အချိန်၏ ဆွလားသ်ကို အစားပြန်လည် ဝတ်ပြုတည်ဆောက်ရ၏။ အမျိုးသမီးများအတွက် ရာသီပန်းပွင့်ချိန်တွင် ခြွင်းချက်ပေးထား၍ ထိုကာလ၏ လွတ်သွားသော ဆွလားသ်တို့ကို ရာသီပန်းပွင့်ပြီးဆုံး၍ သန့်စင်မှု ပြုပြီးချိန်တွင် အစားပြန်လည် ဝတ်ပြုရန် မလိုချေ။ လူသားတွင် ရုပ်ခန္ဓာနှင့် နာမ်တို့ကို တွဲဖက်ပါ၇ှိသည်။ ကုရ်အာန်ကျမ်းမြတ်အရ လူသား၏ နာမ်တရားတွင် အလ္လာဟ်ထံမှ လူသားတစ်ဦးချင်းထံသို့ ရူဟ်ဝိညာဉ်စွမ်းအင် ထည်းသွင်းပေးမှုကြောင့် လူသားတစ်ဦးချင်းအတွက် နဖ်စ်ဝိညာဉ်နှင့် ကလ်ဘ်ခေါ် စိတ်နှလုံးတို့ ဆက်နွယ် ဖြစ်ပေါ်လာ၏။ နဖ်စ်ဝိညာဉ်သည် မဖွံ့ဖြိုးသေးသော အသွင်ရှိ၍ စနစ်တကျ မထိန်းသိမ်းက အဆိုးဘက်သို့ ယုတ်ကျ ပျက်စီး၍ အလ္လာဟ်၏ လမ်းညွှန်အတိုင်း ပြုပြင် ထိန်းသိမ်းက အလွန် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးမှုဖြစ်စေပြီး ဤဘဝမှပင် စတင်၍ ငြိမ်းချမ်းမှု အခြေအနေကို ခံစားရ၍ တမလွန်တွင်လည်း နိစ္စထာဝရ ပြီးပြည့်စုံသော ဂျန္နသ်ကို ရရှိမည်ဖြစ်သည်။ လူသား၏ရုပ်ခန္ဓာသည် မြေမှစတင်ခဲ့၍ သုက်ရည်၊ သန္ဓေသား စသည်ဖြင့် အဆင့်ဆင့် ဖွံ့ဖြိုးလာ၍ မွေးဖွားလာသည်။ အာရုံများခံစားတတ်လာသည်။ စကားပြောတတ်လာသည်။ မေးခွန်းများ ထုတ်တတ်လာသည်။ အသက်အရွယ် အနည်းငယ်ရသည်နှင့် စိတ်နှလုံး ကြီးထွားဖွံ့ဖြိုးရေးအတွက် အတွေးအခေါ် ပညာရပ်လေ့လာမှုများ ပြုကြရသည်။ နောက်ဆုံးတွင် ဝိညာဉ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ချနိုင်သော အခြေအနေသို့ ရောက်လာ၏။ အဆင့်ဆင့် ပြောင်းလဲတိုးတက်မှုများကို တွေ့နေရပေသည်။ ရုပ်ခန္ဓာကိုယ်ကြီး ဖွံ့ဖြိုးရေးအတွက် ရုပ် အစားအစာများကို စားသုံးကြရ၏။ စိတ်တိုးတက် ဖွံ့ဖြိုးရေးအတွက် တရားဓမ္မများ၊ ပညာရပ်များကို လေ့လာကာ အသုံးပြုရ၏။ ထို့အတူ နဖ်စ်ဝိညာဉ် ဖွံ့ဖြိုးရေးအတွက်လည်း ယင်း၏ သဘာဝနှင့်အညီ အစားအစာ စားသုံးရန်လိုအပ်၏။ နဖ်စ်ဝိညာဉ်သည် အလ္လာဟ်ထံမှ ရူဟ်ဝိညာဉ် ထည့်သွင်းပေးမှုကြောင့် ဆက်စပ်ဖြစ်ပေါ်လာရသည် ဖြစ်၍ နဖ်စ်ဝိညာဉ်၏ အစာမှာ မိမိ၏ အရှင်သခင် အလ္လာဟ်ကို ဆက်သွယ်သော တသ, သတိရမှုဆွလားသ် ဖြစ်ပေသည်။ “အသင် (လူသား)သည် ငါအရှင်မြတ်အားသာလျှင် အီဘာဒတ်ပြု ဘဝတည်ဆောက်နေပါလေ၊ ထို့ပြင် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလားသ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ” (ကုရ်အာန် ၂း၁၄)

No comments:

Post a Comment