Saturday 4 August 2012

ဆွလားသ်သည်အကြီးကျယ်ဆုံး

“အသင်သည် မိမိထံ ထုတ်ပြန်ခြင်း ခံရလေသော ကျမ်းမြတ် (ကုရ်အာန်)ကို ရွတ်ဖတ် (ဖြန့်ချီ)ပါလေ၊ ၄င်းပြင် အသင်သည် ဆွလားသ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ၊ မလွဲဧကန် ဆွလားသ်ဝတ်ပြုမှုသည် အလွန့်အလွန် စက်ဆုတ်ဖွယ်ရာသော အမှုကိစ္စများမှ လည်းကောင်း၊ မဖွယ်ရာသော (မတရားမှု၊ မှားယွင်းမှု၊ မကောင်းမှု) အမှုများမှ လည်းကောင်း ပိတ်ပင် တားဆီးလေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်အား အောက်မေ့ သတိရခြင်းသည် အကြီးကျယ်ဆုံး (အမြတ်ဆုံး)ပင် ဖြစ်ပေသည်။ အလ္လာဟ်သည် အသင်တို့ ပြုသမျှကို ကောင်းစွာသိတော်မူ၏” (ကုရ်အာန် ၂၉း၄၅) ရုပ်နာမ်အတွက် အစာစားသော် မစားမီ ပြင်ဆင်မှုနှင့် အသိဉာဏ်ယှဉ်သော (စားရန်) ရည်ရွယ်ချက် ရှိနေ၏။ ထို့အတူ ဆင်ခြင်တုံတရားအတွက် စိတ်အစာများ (တရားပညာ) စားရန်လည်း မှန်ကန်သော ရည်ရွယ်ချက်နှင့် ပြင်ဆင်မှုရှိရ၏။ ထို့အတူ ဆွလားသ်ဝတ်ပြုမှုအတွက်လည်း စည်းစနစ်ရှိ၏။ ဆွလားသ်ဝတ်မပြုမီ ဝုဿူခေါ် ကိုယ်လက်အင်္ဂါ ရေသန့်မှု မင်္ဂလာကို သတ်မှတ်ချက်နှင့်အညီပြုခြင်း (လိုအပ်ပါက ရေချိုးမှုပြုရခြင်း) နိယသ်ခေါ် အသိနှင့်ယှဉ်သော ရည်ရွယ်ချက်ပြုရခြင်း၊ ရုပ်လောက အတွေးအခေါ် သံယောဇဉ်၊ စီးပွားဥစ္စာ၊ အဆက်အသွယ်အားလုံး ဖြတ်တောက်ရပ်ဆိုင်း၍ ကိုယ်နှုတ် နှလုံး (၃)ပါးလုံးဖြင့် မိမိ၏ အရှင်သခင် အလ္လာဟ်၏ ရှေ့မှောက် ခစားဝင်ရလေသည်။ ဆွလားသ်ဝတ်ပြုမှုအတွက် သတ်မှတ်ထားသော အချိန်တွင် သတ်မှတ်ထားသော နည်းစနစ်တို့ဖြင့်သာ စနစ်တကျ ပြုကြရလေသည်။ ရုပ်အစာစားရာတွင် သန့်ရှင်း၍ ကျန်းမာမှု ဖွံ့ဖြိုးစေသောအစာကို စာကြရ၏။ စိတ်၏ အစာရှာဖွေရာတွင်လည်း ဆင်ခြင်းတုံတရားကို ဖွံ့ဖြိုးစေသော တရားအလင်းနှင့် ပညာရပ်များကို ရှာဖွေရ၏။ အစ္စလာမ်အရ လူသားအတွက် ကလ်ဘ်ခေါ် စိတ်နှလုံး၏အစာမှာ အလ္လာဟ်ထံမှ ဝဟီလမ်းညွှန် (ကုရ်အာန်) ကို လေ့လာမှုဖြစ်၏။ အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ကို ငြင်းပယ်ဆန့်ကျင်ဖြင်း၊ မလေ့လာ မရှာဖွေခြင်းစသည်တို့ပြုက ရှိုဿွာန်သည် ၄င်း၏ မှားယွင်းစေသော ဝဟီလမ်းညွှန်ကို လူသားထံ မရှာဘဲ မတောင်းဘဲ ပေးလေတော့သည်။ (ကုရ်အာန် ၆း၁၂၁) ထို့အတူ နဖ်စ်ဝိညာဉ်တို့ အတွက် အစာ (ဆွလားသ်)တည်ဆောက်သောအခါတွင်လည်း နဖ်စ်ကိုထိခိုက်စေသော ရောဂါရစေသော အစာများကို ရှောင်ရ၏။ ဥပမာ- ရုပ်တုများ၊ သဘာဝအင်အားစုများ၊ ရေမြေတောတောင်နှင့် တိရစ္ဆာန်များ၊ သစ်ပင်ကြီးများ၊ လူများ၊ ဂျင်များ၊ မလာအိကဟ် ကောင်းကင်တမန်များ၊ လူသား နဗီတမန်တော်များနှင့် ဝလီသူတောစင်များ၊ သင်္ချိုင်းများ၊ စသည်တို့ကို အာရုံပြု ကိုးကွယ် ဝတ်ပြုခြင်း စသည့် ‘ရှရိက်’ တွဲဖက်မှု ပြစ်မှုမှ ရှောင်ရှားရ၏။ နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော တုဖက်နှိုင်းယှဉ်နိုင်ခြင်း အလျင်းမရှိဘဲ တစ်ပါးတည်း ဖြစ်တော်မူသော လောကခပ်သိမ်းတို့၏အရှင် အလ္လာဟ်ကိုသာ တိုက်ရိုက် ဆက်သွယ်မှုပြုခြင်း ပြုရပေမည်။ မိမိတို့၏ အရှင်သခင် အလ္လာဟ်ကို မည်သည့် ကြားခံမှ မလိုဘဲတိုက်ရိုက် ဆက်သွယ်နိုင်မှုမှာ လူသား၏ မွေးရာပါ အခွင့်အရေးဖြစ်သည်။ အလ္လာဟ်၏ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာတို့ဖြင့် မိမိ၏ နဖ်စ်နှင့် ရူဟ်ဝိညာဉ်တို့ကို အားအင်ဖြည့်ရ၏။ မဟာကရုဏာတော်ရှင် အလ္လာဟ်သည် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်ကို မိအ်ရာဂ်ျ ခရီးအတွေ့အကြုံဖြင့် အလ္လာဟ်၏ ဘုန်းတော်အနန္တကို ပြခဲ့ပြီးဖြစ်သည်။ ထို့အတူ အလ္လာဟ်ကိုနာခံသူ မုစ်လင်မ်တိုင်အတွက် မဟာကရုဏာတော်ရှင် အလ္လာဟ်က ဆွလားသ်ဝတ်ပြုမှုနှင့် ကျင့်စဉ်ကို မိမိထံအခစားဝင်ရောက်ရန် ချီးမြှင့်ပေးသနားတော်မူလေသည်။ “အသင်တို့သည် ငါအရှင်မြတ်အား တသကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့ကို တုံ့ပြန် (လက္ခံ) တော်မူမည်” (ကုရ်အာန် ၄၀း၆၀) ရုပ်၊ စိတ်နှင့် နဖ်ဝိညာဉ်အားလုံးတို့သည် (၂၄)နာရီလုံး အလ္လာဟ်၏ ဝဟီလမ်းညွှန်နှင့်အညီ အိဘာဒတ်ပြု ဘဝတည်ဆောက်ရမည်သာ ဖြစ်၏။ ရုပ်နှင့် စိတ်အတွက် အစာကို သတ်မှတ်ချိန်များတွင် စနစ်တကျ စားသုံးကြရလေသည်။ ထို့အတူ နဖ်စ်ဝိညာဉ်အတွက်အစာ ဆွလားသ်တည်ဆောက်မှုအတွက်လည်း ဖဂျရ် အရုဏ်ဦး၊ ဇုဟုရ် မွန်းလွဲချိန်၊ အဆွရ် နေညိုချိန်၊ မဂ်ရိဘ် နေဝင်ပြီးချိန်နှင့် အိရှာ ညဥ့်ဦးယံ စသည်ဖြင့် (၅) ကြိမ်တွင် စနစ်တကျ အချိန်မှန် တည်ဆောက်ကြရလေသည်။ အလ္လာဟ်သည် လူသားအား ရုပ်၊ စိတ်နှင့် ဝိညာဉ်တို့အနက် တစ်ခုခုကို စွန့်ပယ်ခြင်း၊ သို့မဟုတ် လွန်ကျူးခြင်း စသည်တို့ကို ရှောင်ရှားစေ၍ လူ့ဘဝနှင့်အညီ မျှတသော ကျင့်စဉ်တို့ကို ပေးတော်မူ၏။ အလ္လာဟ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ဆန်းစစ်သက်ဝင် ယုံကြည်သူတို့အတွက် ရုပ်နှင့်စိတ်ကျင့်စဉ်အပြင် နဖ်စ်ဝိညာဉ်ဖွံ့ဖြိုးမှု ကျင့်စဉ်များကို ချမှတ်ပေးသနားတော်မူ၏။ ထို့ကြောင့် ဆွလားသ် ဝတ်ပြုတည်ဆောက်မှုကို စွန့်ပယ်၍ အခြားသော ကျင့်စဉ်များကိုသာ ကျင့်ကြံက အလ္လာဟ်လက္ခံတော်မူမည် မဟုတ်ချေ။ လူတစ်ဦးချင်းအတွက်ဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ နိုင်ငံလိုက်ဖြစ်စေ၊ ဤဘဝနှင့် တမလွန်နှစ်ဘဝလုံး၏ မှန်ကန်သော အောင်မြင်မှုနှင့် ငြိမ်းချမ်းမှု၏သော့ချက်သည် ဆွလားသ်ဖြစ်ပေသည်။ “ကောင်းစွာ မှတ်ယူကြလေကုန်၊ အလ္လာဟ် အရှင်မြတ်အား အောက်မေ့တသခြင်းဖြင့် ကလ်ဘ်ခေါ် စိတ်နှလုံးများသည် တည်ငြိမ်မှုကို ရသွားလေသည်” (ကုရ်အာန် ၁၃း၂၉) “မုအ်မင်န် သက်ဝင်ယုံကြည်သူတို့သည် မလွဲဧကန်အောင်မြင်ခဲ့ကြလေပြီ၊ ထိုသူတို့သည် ဆွလားသ်ဝတ်ပြု တည်ဆောက်ရာတွင် မိမိကိုယ်ကို ကျိုးနွံ နှိမ်ချသူများ ဖြစ်ကြကုန်၏” (ကုရ်အာန် ၂၃း၁-၂) “အသင်သည် မိမိ၏ လူသားတို့အား ဆွလားသ်ဝတ်ပြု တည်ဆောက်ကြရန် အမိန့်ပေးလျက် ရှိပါလေ၊ ထို့ပြင် ယင်းဆွလာသ်တည်ဆောက်မှုအပေါ်၌ မြဲမြံစွာ ရှိပါလေ။ ငါအရှင်မြတ်သည် အသင့်ထံ စားနပ်ရိက္ခာ တောင်းခံတော်မူမည်မဟုတ်။ ငါအရှင်မြတ်သည်သာလျင် အသင့်အား ရိက္ခာကို ချီးမြှင့်တော်မူလေသည်။ စင်စစ် အနာဂတ်၏ အကျိုးဆက်သည် သက္ကဝါ အလ္လာဟ်သိစိတ် ထားရှိသူတို့အဖို့သာတည်း” (ကုရ်အာန် ၂၀း၁၃၂) ဆွလားသ် တည်ဆောက်မှုပြု၍ အလ္လာဟ်၏ လမ်းညွှန်ဝဟီအတိုင်း အိဘာဒတ်ပြု ဘဝတည်ဆောက်သူများသာ အောင်မြင် ကြမည့်အကြောင်း ကုရ်အာန် (၁၃း ၃၀။ ၂၀း၁၄) တို့တွင် အလ္လာဟ်က မိန့်တော်မူထား၏။ ထို့ကြောင့် မိသားစု စီးပွားတိုးတက်လိုသူ၊ ဤဘဝနှင့်တမလွန် အောင်မြင်လိုသူများသည်။ မိမိတို့ မိသားစအလိုက် အိမ်တွင် ဆွလားသ် ဝတ်ပြုကြရပေမည်။ စီးပွားတိုးတက်လိုသော နိုင်ငံတို့သည် ဗလီများတွင် မုစ်လင်မ်တို့ စုပေါင်း၍ အလ္လာဟ်ထံ ဆွလားသ်ဝတ်ပြုကြရမည် ဖြစ်ပေသည်။ နေ့စဉ် ဆွလားသ်ဝတ်ပြုသော်လည်း ကျန်အလုပ်များ မလုပ်က အောင်မြင်မှုရမည် မဟုတ်ချေ။ သော့ဖြင့် တံခါးဖွင့်၍ ကိုယ်တိုင် ဝင်မယူက မရချေ။ ဆွလားသ်ဖြင့် အောင်မြင် ငြိမ်းချမ်းမှုတံခါးဖွင့်၍ အလ္လာဟ်၏ ဝဟီလမ်းညွန်မှုနှင့်အညီ ဘဝတည်ဆောက်မှသာ အောင်မြင်ပေမည်။ “အသင်တို့သည် ‘ဆွဘရ်’ ကြံ့ခိုင်ခြင်းနှင့် ဆွလားသ်ဝတ်ပြု တည်ဆောက်ခြင်းတို့ဖြင့် (အလ္လာဟ်ထံမှ) အကူအညီကို ပန်ကြားကြလေကုန်” (ကုရ်အာန် ၂း၄၅) ဆွလားသ်ဝတ်ပြုမှုကို စွန့်ပယ်သူတို့သည် မိမိတို့၏ နဖ်စ်ဝိညာဉ်ကို မိမိတို့အကျဉ်းချထားသူ အမှောင်ချထားသူများသာ ဖြစ်၏။ “၄င်းတို့သည် ဆွလားသ် တည်ဆောက်မှုကို စွန့်လွှတ် ဖျက်ဆီးခဲ့ကြကုန်၏။ မိမိတို့၏ စိတ်အလို ဆန္ဒများကိုသာ လိုက်စားခဲ့ကြ၏။ သို့ဖြစ်ပေရာ ၄င်းတို့သည် မကြာမီပင် ပျက်စီးမနှင့် တွေ့ကြုံရင်ဆိုင်ကြရမည်။” (ကုရ်အာန် ၁၉း၅၉) ဆွလားသ်ကျင့်စဉ်သည် ရှေးနဗီတမန်တော် အဆက်ဆက် ခေတ်အသီးသီးတွင် ရှိခဲ့၏။ နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်နှင့် နောက်လိုက်များအပေါ်တွင်လည်း အလ္လာဟ်ကချမှတ်ခဲ့သည်။ တမန်တော်ချုပ် ရှိစဉ်မှစ၍ ယနေ့တိုင် ကမ္ဘာ့မုစ်လင်မ်မျိုးဆက် အသီးသီးတို့နေ့စဉ် နေ့တိုင်းလက်တွေ့ကျင့်ဆောင်လျက် သယ်ဆောင်လာသောကျင့်စဉ်လည်း ဖြစ်ပေသည်။ တမန်တော်ချုပ် မုဟမ္မဒ်သခင်ကိုယ်တော်တိုင် နောက်လိုက်တို့အား ကုရ်အာန်၏ အလင်းရောင်အောက်တွင် မည်သို့မည်ပုံဆွလားသ် ဝတ်ပြုတည်ဆောက်ရမည်ကို စနစ်တကျ သင်ကြားတော်မူခဲ့၏။ အရာခပ်သိမ်းတို့ထက် ‘အလ္လာဟ်သည် အကြီးကျယ်ဆုံး’ ဟူသော ကြွေးကြော် ဆင်ခြင်မှု၊ မိမိကိုယ်မိမိ မာနချမှုဖြင့် စတင်၍ အဆင့်ဆင့်ကိုယ်၊ နှုတ်၊ နှလုံး (၃)ပါးလုံးဖြင့် ကျင့်စဉ်များ ပါဝင်၍ နောက်ဆုံးတွင် ဆလာမ် မေတ္တာပို့သမှုဖြင့် အဆုံးသတ်သောကျင့်စဉ် ဖြစ်သည်။ တမလွန်၏ နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှု ရရေးအတွက် ဤဘဝတွင် လူသားတိုင်း ကြိုးပမ်းနိုင်ရန် တည်ငြိမ်အေးချမ်းသော ဝတ်ကျောင်းတော်များတွင် စုပေါင်းဝတ်ပြုကြရ၍ မေတ္တာတရားကို အခြေခံပြီး အသားအရောင်၊ အယုတ်အလတ်၊ မျိုးနွယ်၊ ဆင်းရဲ ချမ်းသာ မခွဲခြားဘဲ လူသားအချင်းချင်း မှန်ကန်သော ညီနောင် စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်ကို ပေးလေသည်။ ဘုရင်နှင့် ဆင်းရဲသားပင်လျင် အီမာမ်ရှေ့ဆောင် တစ်ဦး၏ ဦးဆောင်မှုနောက်တွင် ပခုံးချင်း ယှဉ်ရပ်ရမည်။ အလ္လာဟ်၏ ရှေ့တွင် ဤလောက၏ အဆင့်အတန်းမှာ ယာယီသာ ဖြစ်၏။ သက္ကဝါခေါ် အလ္လာဟ်သိစိတ်ဖြင့် ပြစ်မှုရှောင်၍ ကောင်းမှုပြုခြင်းသာ အလ္လာဟ်က စစ်မှန်သော အဆင့်အတန်း ခွဲခြားပေမည်။ ကမ္ဘာမုစ်လင်မ် အမျိုးသား အမျိုးသမီးတိုင်းအား တစ်ပါးတည်းသော အလ္လာဟ်ကိုသာ နာခံကိုးကွယ်မှု၊ ညီညွှတ်မှုကို သဘောဆောင်၍ ဆွလားသ်ဝတ်ပြုရာတွင် မက္ကာဟ်မြို့ရှိ ကအ်ဘဟ်ကမ္ဘာဦး ကျောင်းတော်သို့ မျက်နှာမူ၍ ဝတ်ပြုစေသည်။ ဆွလားသ် ကျင့်စဉ်၏ အနှစ်သာနှင့် လူသားအတွက် ရုပ်၊ စိတ်၊ ဝိညာဉ်နှင့် လူ့အဆောက်အအုံပေါ် အကျိုးသက်ရောက်မှုများမှာ အလွန်ကျယ်ပြန့်လှပါသည်။ ပြုစုပါက သီးခြား ကျမ်းတစ်စောင် ဖြစ်ပေလိမ့်မည်။ ဥပမာ- (အရှ်- အက်ဖ်- နိဇာမီ) ဆိုသူ ပုဂ္ဂိုလ်က ၄င်း၏ NAMAZ THE YOGA OF ISLAM (အိန္ဒိယ) ဟူသော စာအုပ်တွင် ယောဂီပညာ ရှုထောင့် တစ်ခုတည်းမှပင် ဆွလားသ်၏ အကျိုးကျေးဇူးများကို နေ့စဉ်၊ လစဉ်၊ နှစ်စဉ်နှင့် ပျဉ်းမျှချင်း တစ်သက်တာကာလတို့ကို တွက်ချက် ရှင်းလင်းတင်ပြထားပေသည်။ ထို့အတူ အခြားသော မုစ်လင်မ် ပညာရှင်များစွာတို့သည် ရုပ်- စိတ်နှင့်ဝိညာဉ် ရှု့ထောင့် အသီးသီးမှ အကျိုးကျေးဇူးများကို တင်ပြနေကြဆဲ ဖြစ်၏။ စင်စစ် ဆွလားသ်ကျင့်စဉ်သည် မဟာကရုဏာတော်ရှင် အလ္လာဟ်ထံမှ အားနည်းသော လူသားထံ အလွန်ဆန်းကြယ်သော လက်ဆောင်မွန်သာဖြစ်၏။ စနစ်တကျ အသုံးချ၍ ကြိုးပမ်းကျင့်ကြံသူတို့အဖို့ နှစ်ဘဝလုံးအတွက် အောင်မြင်မှု သော့ချက်တစ်ခုဖြစ်၏။ အချိန် တိုတောင်းသော်လည်း မမှန်းဆနိုင်လောက်အောင် ထူးခြားသည့် အကျိုးကျေးဇူးနှင့် အနှစ်သာရကို ပေးလေသည်။

No comments:

Post a Comment