Thursday, 23 August 2012

သစ်ပင်လောကမှ ဖို-မ နှင့် လောင်စာစွမ်းအင်

သစ်ပင်လောကမှ ဖို-မ နှင့် လောင်စာစွမ်းအင် ၁၉၃၃ ခုနှစ်တွင် ဘင်္ဂလီလူမျိုး ဒေါက်တာ စီဘို့စ် (C.Bose) သည် အပင်များတွင် လိင်-(ဖိုနှင့်မ) ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့၍ သိပ္ပံပညာဆိုင်ရာ နိုဘယ်လ်ဆုကို ဆွတ်ခူးခဲ့သည်။ သို့သော် (၇)ရာစုနှစ်က ကျသော ကုရ်အာန်တွင် ဖန်ဆင်းရှင် အလ္လာဟ်က မိန့်ကြားထားပြီး ဖြစ်သည်။
“မြေမှပေါက်သော အရာများတွင် လည်းကောင်း၊ ထိုသူ(လူ)တို့၏ ကိုယ်များတွင် လည်းကောင်း၊ ထိုသူတို့ မသိကြသော အရာများတွင် လည်းကောင်း ဖို-မများ စုံတွဲများ အမျိုးမျိုးကို ဖန်ဆင်းတော်မူသော အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းတို့မှ အတိုင်းအဆမရှိ စင်ကြယ် သန့်ရှင်းတော်မူပါ၏ တကား” (ကုရ်အာန် ၃၆း၃၆)
“ထိုအရှင်မြတ်သည် ယင်းကမ္ဘာဂြိုဟ်၌ သစ်သီးဝလံ အသီးသီးကို ဒွိစုံနှစ်မျိုးစီ ဖန်ဆင်းတော်မူခဲ့၏” (ကုရ်အာန် ၁၃း၃)
ထို့အတူ ကုရ်အာန်ကျမ်းမြတ် (၂၀း၅၃။ ၂၂း၅။ ၃၁း၁၀။) စသည်တို့တွင် “ဇောင်ဂ်ျ” ဒွိစုံ၊ “အဇ်ဝါဂ်ျ” ဒွိစုံများ၊ စသည်ဖြင့် သုံးနှုန်း ဖော်ပြထားပေသည်။ များသောအားဖြင့် အပင်များတွင် ဖို-မ အင်္ဂါတို့သည် တစ်ပင်တည်း၏ ပန်း၏ တစ်ပွင့်ချင်းတွင်း၌ အတူတကွ ပါဝင်ကြ၏၊ ဥပမာ-ဝါဂွမ်းဖြစ်၏။ သို့သော် အချို့မှာ တစ်ပွင့်တည်း၏ တစ်ပွင့်တည်းမဟုတ်သော သီးခြားဖြစ်သော ပန်းပွင့်တို့တွင် ဖိုနှင့်မ ခွဲခြားပါဝင်သည်။ အချို့မှာမူ တစ်ပွင့်တည်းတွင် ဖိုနှင့်မ မပါဝင်ဘဲ အဖိုပင်၊ အမပင် စသည်ဖြင့် ကွဲပြားစွာ ရှိပေသည်။
“အသင်တို့သည် မိမိတို့မွှေးကြသော မီးကိုမြင်ခဲ့ကြလေသလော။ ထိုမီးထွက်သော သစ်ပင်ကို အသင်တို့ကိုယ်တိုင် ပေါက်ရောက်စေခဲ့ကြသလော့။ သို့တည်း မဟုတ် ငါအရှင်မြတ်သည်ပင် ပေါက်ရောက်စေတော်မူသော အရှင်ဖြစ်တော်မူပါသလော့” (ကုရ်အာန် ၅၆း၇၁-၇၂)
သစ်ပင်စိမ်းတို့သည် နေရောင်ခြည်၏ စွမ်းအင်ကို သိုလှောင်၍ ဓာတုဗေဒနည်း (photosynthesis) အရ စွမ်းအင် ပြောင်းကြသည်။ ရေနံ၊ လောင်စာဆီ၊ ကျောက်မီးသွေး၊ မီးသွေး စသည်တို့သည် ယင်းစွမ်းအင်တို့မှ တစ်ဆင့်ရကြောင်း သိပ္ပံ၏ တွေ့ရှိမှုသည် ကုရ်အာန်ကို ထောက်ခံနေ၏။
“အသင်တို့သည် မိမိတို့ စိုက်ပျိုးကြသည်များကို မြင်ခဲ့ကြလေသလော့။ ထိုစိုက်ပျိုးထားကြသည့် မျိုးစေ့ကို အသင်တို့ကိုယ်တိုင် ပေါက်ရောက်စေကြသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည်ပင် ပေါက်ရောက်စေတော်မူသော အရှင် ဖြစ်တော်မူပါသလော့” (ကုရ်အာန် ၅၆း၆၃-၆၄)
“ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မျိုးစေ့များနှင့် သစ်စေ့များကို (အညှောက်အတက် ထွက်စေရန်) အက်ကွဲစေတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သက်မဲ့ အရာများမှ သက်ရှိများကို ထုတ်တော်မူလေသည်။ ထို့ပြင် ထိုအရှင်မြတ်သည် သက်ရှိများမှ သက်မဲ့အရာများကို ထုတ်တော်မူသော အရှင်မြတ်လည်းဖြစ်၏။ ယင်းသို့ ပြုစွမ်းနိုင်တော်မူသော အရှင်ကား အလ္လာဟ်ပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (အလ္လာဟ်ကို ဂရုမပြုဘဲ) အဘယ်သို့ ပြန်လှည့်သွားကြလေသနည်း” (ကုရ်အာန် ၆း၉၅)
“၄င်းပြင် ကမ္ဘာဂြိုဟ်၌ တစ်ခုတည်းသောရေကို ပေးသွင်းခြင်းခံရသော နီးကပ်စွာရှိသော မြေကွက်များသည် လည်းကောင်း။ စပျစ်ခြံများသည် လည်းကောင်း၊ လယ်ယာများသည် လည်းကောင်း၊ အမြစ်တစ်ခုတည်းမှ တစ်ပင်မက ပေါက်ရောက်သော စွန်ပလွံပင်များသည် လည်းကောင်း ရှိကြ၏။ သို့ပါလျက် ငါအ၇ှင်မြတ်သည် အသီးများတွင် အချို့ကို အချို့ထက် ထူးကဲစေတော်မူ၏။ ဧကန်အမှန် ဤသည်တို့ကို နားလည်ကြသူတို့အဖို့ သက်သေလက္ခဏာတော်များ အမှန်ပင် ရှိပေသည်” (ကုရ်အာန် ၁၃း၎)
“ငါအရှင်မြတ်သည် အသင်တို့ထံတွင် စားနပ်ရိက္ခာ တောင်းခံတော်မူမည် မဟုတ် ငါအရှင်မြတ်သည် သာလျင် အသင်တို့အား ရိက္ခာကို ချီးမြှင့်တော်မူလေသည်။ စင်စစ် (ကောင်းမှုကုသိုလ်)၏ နောက်ဆုံးအကျိုး အဆက်သည် (အလ္လာဟ်ကို ချစ်ကြောက် ရိုသေနာခံသူ) သက္ကဝါရှင် သူတော်စင်တို့ အဖို့သာတည်း” (ကုရ်အာန် ၂၀း၁၃)
“စင်စစ် အကယ်၍ ထိုအရှင်မြတ်သည် မိမိ(ထံမှ) ရိက္ခာကို ပိတ်ပင်တော်မူခဲ့ပါလျင် အသင်တို့အား ရိက္ခာပေးမည့်သူသည် မည်သူနည်း” (ကုရ်အာန် ၆၇း၂၁)
သစ်ပင်တစ်ပင်တည်းမှပင် အကိုင်း၊ အခက်၊ အလက်၊ အရွက်၊ အသီးအပွင့်များစွာ ထွက်သော်လည်း အရွက် နှစ်ရွက်၊ အပွင့်နှစ်ပွင့် စသည်တို့သည် မတူညီကြ။ အရောင်အသွေးနှင့် အရသာတို့သည် မတူညီကြချေ။ သဘာဝတရားကြီးသည် တိုက်ဆိုင်မှုဖြင့် သစ်ပင် ပန်းမန်လောကကို ပြုပြင်နေသည် မဟုတ်။ သစ်ရွက်လေးနှစ်ရွက်ကိုပင် မတူညီအောင် ပြုထားခြင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက် ပါသော ဖန်ဆင်းမှုနှင့် အလ္လာဟ်၏ ဘုန်းတော် ဉာဏ်တော် အနန္တ၏ သက်သေလက္ခဏာများကို တွေ့ရပေသည်။
“ထို့ပြင် ထိုအရှင်မြတ်အထံတော်တွင် အကွယ်၌ရှိသော အရာများ၏ သော့များသည်ရှိ၏။ ယင်းသော့များကို ထိုအရှင်မြတ်မှ တစ်ပါးမည်သူမျှ မသိချေ။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် ကမ္ဘာဂြိုဟ်၌ ရှိရှိသမျှသော အရာတို့ကို လည်းကောင်း၊ သမုဒ္ဒရာပင်လယ်၌ ရှိရှိသမျှသော အရာတို့ကို လည်းကောင်း သိတော်မူ၏။ ထိုမျှပင်မက သစ်ရွက်တစ်ရွက်သည် အလ္လာဟ်အရှင်မြတ် အသိတော်မရှိဘဲ မကြွေကျချေ” (ကုရ်အာန် ၆း၅၉) (အစ္စလာမ့်ယုံကြည်ချက်)
တိရစ္ဆာန်လောကမှ သက်သေလက္ခဏာများ
“ထို့ပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက် မိုးကောင်းကင်များကို ဖန်ဆင်းတော်မူခြင်းသည် လည်းကောင်း။ ကမ္ဘာဂြိုဟ်ကို ဖန်ဆင်းတော်မူခြင်းသည် လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ် နှစ်ခုလုံးတွင် ဖြန့်ထားတော်မူသော သက်ရှိအပေါင်းတို့အား ဖန်ဆင်းတော်မူခြင်းသည် လည်းကောင်း အပါအဝင် ဖြစ်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသောအခါ ယင်းတို့အား (မိမိထံတော်သို့) စုရုံးခြင်းကိုလည်း ပြုစွမ်းနိုင်တော်မူ၏” (ကုရ်အာန် ၄၂း၂၉)
“မိုးခုနှစ်ထပ် (မိုးကောင်းကင်များ) သည်လည်းကောင်း၊ ကမ္ဘာဂြိုဟ်သည် လည်းကောင်း။ ထိုမိုးများနှင့် ကမ္ဘာဂြိုဟ်တွင် ရှိသူတို့သည် လည်းကောင်း၊ ထိုအရှင်မြတ်သည် အတိုင်းအဆမရှိ သန့်ရှင်းစင်ကြယ်တော်မူကြောင်း ကျူးရင့်လျက် ရှိကြ၏။ စင်စစ် သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်းနှင့်တကွ သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆိုကျူရင့်လျက်ပင် ရှိကြကုန်၏။ သို့ရာတွင် အသင်တို့မှာကား ၄င်းတို့၏ ပွားများမှုကို နားမလည်ကြချေ” (ကုရ်အာန် ၁၇း၄၄)
အလ္လာဟ်သည် သက်ရှိအားလုံးကို ရေမှ စတင်ဖြစ်ပေါ်စေခဲ့ရာ ကမ္ဘာဂြိုဟ်ပေါ်ရှိ သန်းပေါင်းများစွာသော အဏ္ဏဝါတို့အားလည်း ရေမှပင် စတင် ဖြစ်ပေါ်စေခဲ့လေသည်။ ကုရ်အာန်၏ အသုံးအနှုန်း “မာအ်” ဟူသော စာလုံးသည် ရေ၊ မိုးရေ၊ ပင်လယ်ရေ၊ အရည်အားလုံးကို ဆိုလိုပေရာ ယနေ့ သိပ္ပံက သတ္တဝါတို့၏ အစ ရေမှ၊ ပင်လယ်ရေမှ၊ ဓာတုအရည်များ ပေါင်းစပ်ခြင်း စသည်တို့မှ ဖြစ်ပေါ်လာသည် ဟူသော အဆိုတို့မှာ ကုရ်အာန်ကို ထောက်ခံခြင်းသာ ဖြစ်၏။
ထို့ပြင် အလ္လာဟ်၏ ကဒရ် တိုင်းတာ သတ်မှတ်ခြင်းနှင့် စီမံမှု အမိန့်တော်တို့ကြောင့် ဆင့်ကဲဖြစ်စဉ်အရ အရာခပ်သိမ်းတို့ ဖြစ်ပေါ်လာမှု တို့သည်။ အစဉ်အဆက် သဘာဝတရားအဖြစ် တည်ရှိနေပေရာ တိရစ္ဆာန်လောကတွင် ဖိုနှင့်မ မျိုးစေ့များ ပေါင်းစပ်မှုကြောင့် သက်ဆိုင်ရာ သတ္တဝါ မျိုးနွယ်တို့ အသီးသီးဆက်လက်ပြန့်ပွား ဖြစ်ပေါ်လျက် ရှိပေသည်။ သစ်ပင် ပန်းမန်တို့မှာ မရွေ့လျားနိုင်သော သက်ရှိများ အဖြစ် ရှိနေပြီး တိရစ္ဆာန်တို့မှာ ရွေ့လျားနိုင်သော သက်ရှိများ အဖြစ်ရှိနေပေသည်။

No comments:

Post a Comment