Friday, 24 August 2012

သစ်ပင်ပန်းမန်လောက၏ သက်သေများ

သစ်ပင်ပန်းမန်လောက၏ သက်သေများ
“ကြယ်၊ ပင်စည်မပါသော အပင်ငယ်များသည်လည်းကောင်း၊ ပင်စည်ပါသော အပင်များသည်လည်းကောင်း (အလ္လာဟ်အရှင်မြတ်အား) အမိန့်နာခံ ပျပ်ဝပ်ဦးချလျက် ရှိကြကုန်၏” (ကုရ်အာန် ၅၅း၆)
အမျိုးအစား သန်းပေါင်းများစွာရှိနေသော သစ်ပင်ပန်းမန်တို့သည် အလ္လာဟ် သတ်မှတ်ပေးထားရာ သဘာဝအတိုင်း (အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း) နာခံဆောင်ရွက်နေခြင်းဖြင့် ဖန်ဆင်းရှင် အလ္လာဟ်ကို စဂျီဒဟ် ဦးချနေပေသည်။ သစ်ပင်ပန်းမန် အများစုတို့မှာ မရွေ့လျားနိုင်သော သက်ရှိများ ဖြစ်ကြသည်။
သစ်ရွက်များအနက် အချို့မှာ မျိုးပွားရေးအတွက် မြူဆွယ်သော အလုပ်ကို လုပ်ကြရ၏။ အရွက်တို့၏ အဓိက တာဝန်မှာ ပင်မကြီး ရှင်သန်ရေးအတွက် နေရောင်ခြည် (အလင်း)ဖြင့် အစာ ချက်ကြရ၏။ ပန်းပွင့်များသည်လည်း အရောင်အသွေး စုံလင်စွာဖြင့် လောကကို အလှဆင်ကြသည်။ မျိုးပွားကြရသည်။ အသီးအနှံ မျိုးစုံတို့မှာလည်း အရောင်မျိုးစုံ၊ စနစ်မျိုးစုံဖြင့် ဖွဲ့စည်းကြ၏။ အခွံအကာ၊ အနှစ်၊ အရည်၊ အသား၊ အစေ့စသည်ဖြင့် စနစ်တကျ ရှိကြသည်။ မျိုးဆက်မပြတ်ရေးအတွက် မျိုးပွားကြ၏။ အချို့မှာ အကိုင်းမှမျိုးပွား၏။ အချို့မှာ ဝတ်ဆံမှ မျိုးပွားကြ၏။
လေဟုန်စီး၍သော်လည်းကောင်း၊ သဘာဝအလျောက် ကျ၍သော် လည်းကောင်း။ လူ တိရစ္ဆာန်တို့က သယ်ဆောင်၍သော် လည်းကောင်း၊ စိုက်ပျိုး၍သော်လည်းကောင်း၊ အခြား ဆန်းကြယ်သော နည်းစနစ် မျိုးစုံတို့ဖြင့် မျိုးဆက် မပြတ်အောင် ပြုနေကြ၏။ စင်စစ် ဤအရွက်များ၊ ပန်းမန်များ၊ သီးနှံများ၊ အစေ့များ၊ အပင်များအားလုံးတို့၏ စနစ်တကျရှင်သန်ပေါက်ဖွားမှု၊ လူသားနှင့် တိရစ္ဆာန်တို့ကို အကျိုးပြုနေမှု၏ နောက်ကွယ်တွင် ဘုန်းတော် ဉာဏ်တော် အနန္တဖြင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများနှင့် လူသားတို့အတွက် ကရုဏာတော်ကို တွေ့မြင်နိုင်ပေသည်။ စင်စစ် ၄င်းတို့ အသီးသီးက လူသားတို့အကျိုး ပြုနေခြင်းမှာ လူသားတို့ဘဝ လိုအပ်ချက်တို့ကို သိ၍ သနား၍ မဟုတ်ဘဲ ၄င်းတို့၏ ဖန်ဆင်းရှင် အလ္လာဟ်ကို နာခံနေခြင်းသာ ဖြစ်၏။ ထို့အတူ လူသားတို့သည်လည်း အကြောင်းမဲ့ ဖန်ဆင်းထား ခံရခြင်း မဟုတ်ပေ။
အလ္လာဟ်၏ စီမံသတ်မှတ်ပြဋ္ဌာန်းမှု
အတိတ်ခေတ်မှစ၍ ယခုခေတ်တိုင်များစွာသောသူတို့က အပင်များကို အသက်မရှိဟူသော အယူအဆများ ရှိနေသည်။ သို့သော် အလ္လာဟ်က ကုရ်အာန်တွင် အပင်လောကသည်လည်း သက်ရှိများ ဖြစ်ကြ၏။ မွေးဖွားကြီးထွားရ၏။ အစာရေစာ စားသုံးကြရ၏။ အလ္လာဟ်ကို သဘာဝအလျောက် ဘာဝနာစီးဖြန်း၍ နာခံကြ၏။ မျိုးပွား၏။ သေကြ၏။ စသည်ဖြင့် မိန့်ခြွေထားသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်က သက်ရှိသက်မဲ့ ခပ်သိမ်းကို “ကဒရ်” သတ်မှတ်ချက်အတိုင်း ဖန်ဆင်းထားတော်မူပေသည်။
¬¬¬¬-
“ထိုမှ တစ်ပါး ငါအရှင်မြတ်သည် ယင်းကမ္ဘာဂြိုဟ်၏ သတ်မှတ်ပြီးဖြစ်သော အရာဝတ္ထုတိုင်းကို ပေါက်ရောက် ဖြစ်ထွန်းစေတော်မူခဲ့၏” (ကုရ်အာန် ၁၅း၁၉)
ရုက္ခဗေဒ ဘာသာရပ်တွင် သစ်ပင်ပန်းမန် လောက အကြောင်းလေ့လာသော အတွဲပေါင်းများစွာ ထွက်ပေါ်နေပေသည်။ ၄င်းတို့သည် တိရစ္ဆာန်များနည်းတူ ရေမှစတင်သော၊ ရေများစွာပါဝင်သော ဆဲလ်မှ ပေါက်ပွားကြီးထွားကြ၏။ အဖိုနှင့် အမများ ရှိကြ၏။ အချို့သစ်ပင်တို့မှာ အသိစိတ် (Instinct) ရှိကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။ ဥပမာ- ပိုးမွှား အင်းဆက်တို့က ဖျက်ဆီးရန် ကျရောက်လာပါက အနံ့တစ်မျိုးထွက်၍ ကျန်သစ်ပင်များကို အချက်ပြသည်။ သစ်ပင်တွင်းမှ ဓာတု ဆေးရည်များ ထုတ်၍ ပိုးမွှားများကို တိုက်ခိုက်ကြသည်။ ပိုးမွှားနှင့် သစ်ပင်တို့အကြားဝယ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ၏။ ဥပမာ ဝက်သစ်ချပင်၊ သစ်ကြားပင်၊ ပေါ်ပလာပင် စသည်တို့ဖြစ်ကြ၏။ {Silent Battle. Dicover Sep; 83}
ဤသို့ဖြင့် တိရစ္ဆာန် ပိုးမွှားများနှင့် အပင်တို့လောကဝယ် တိုက်ပွဲများ ရှိနေသလို တစ်ဦးနှင့်တစ်ဦး မျိုးဆက် ပြန့်ပွားရေးအတွက် အထောက်အကူ ပြုနေမှုများလည်း ရှိနေ၏။ လိပ်ပြာတို့က ဝတ်မှုန်များ သယ်ဆောင်ကြ၏။ ဤသို့ဖြင့် အလ္လာဟ်သည် အရာခပ်သိမ်းကို သတ်မှတ်ချက်အတိုင်း ဖြစ်ပေါ်နေစေသည်။ သစ်ပင်ပန်းမန် လောကတွင် ကိုင်းဖြတ်၍ စိုက်ပျိုးခြင်းဖြင့် မျိုးပွားနိုင်သော အမျိုးအစား ရှိသည့်ပြင် အစေ့များမှတစ်ဆင့် မျိုးပွားရှင်သန်မှု ရှိ၏။ သစ်ပင်များတွင် မျိုးပွားရေးအတွက် ဖိုနှင့်မ ရှိမှုကို ကုရ်အာန်တွင် ဖော်ပြထား၏။

No comments:

Post a Comment