Friday, 24 August 2012

အခန်း {၁၄} သစ်ပင်ပန်းမန်လောကနှင့် တိရစ္ဆာန်လောကတို့၏ သက်သေလက္ခဏာတော်များ

အခန်း {၁၄} သစ်ပင်ပန်းမန်လောကနှင့် တိရစ္ဆာန်လောကတို့၏ သက်သေလက္ခဏာတော်များ
“ထိုအရှင်မြတ်သည် ယင်း ကမ္ဘာဂြိုဟ်ဝယ် သတ္တဝါအမျိုးမျိုးကို ပြန့်ပွားစေတော်မူ၏။ ထို့ပြင် အရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး)ရေကို ချပေး သနားတော်မူပြီးနောက် (သက်ရှိ) ဒွိစုံ အမျိုးမျိုး အစားစားကိုလည်း ပေါက်ရောက်စေတော်မူပေသည်” (ကုရ်အာန် ၃၁း၁၀)
“(၄င်းတို့) အသီးသီးတို့သည် မိမိတို့၏ (သဘာဝအလျောက်) ဆုတောင်းပတ္တနာပြုနည်းကို လည်းကောင်း၊ မိမိတို့၏ ဘာဝနာ စီဖြန်းပုံကို လည်းကောင်း ဧကန်အမှန် သိရှိပြီး ဖြစ်ကြကုန်၏။ ဧကန်အမှန် အလ္လာဟ်သည် ၄င်းတို့ ပြုလုပ်လျက်ရှိကြသည်တို့ကို ကောင်းစွာ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း” (ကုရ်အာန် ၂၄း၄၁)
သက်ရှိ နှင့် ရေ
“၄င်းတို့သည် ကမ္ဘာဂြိုဟ်ကို မကြည့်ရှုခဲ့ကြလေသလော့၊ ငါအရှင်မြတ်သည် ယင်းကမ္ဘာမြေ၌ တင့်တယ် ကောင်းမြတ်လှစွာသော (သက်ရှိ) အမျိုးစုံကို အဘယ်မျှလောက် များပြားစွာ ပေါက်ရောက်စေတော်မူသည်ကို (မမြင်ကြလေသလော) စင်စစ် ဤသည်၌ ကြီးကျယ်လှစွာသော သက်သေလက္ခဏာတစ်ရပ်သည် အမှန်ပင် ရှိ၏” (ကုရ်အာန် ၂၆း၈)
အလ္လာဟ်အရှင်မြတ်သည် စကြဝဠာ လောကခပ်သိမ်းရှိ သက်ရှိသက်မဲ့ ခပ်သိမ်းတို့ကို သတ်မှတ်ချက် (ကဒရ်)နှင့် အမရ် စီမံမှု အမိန့်တော်တို့ဖြင့် အဆင့်ဆင့် ထင်ရှားဖြစ်ပေါ်စေတော်မူခဲ့လေသည်။ ထို့ပြင် သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့အား ၄င်းတို့ အသီးသီး ဖန်ဆင်းရသည့် ရည်ရွယ်ချက်နှင့် ၄င်းတို့အသီးသီး၏ သဘာဝအလျှောက် မည်သို့ကျင့်ကြံနေထိုင်ရမည်ကို ဝဟီလမ်းညွှန် အမိန့်ထုတ်တော်မူ၏။
အလ္လာဟ်သည် သက်ရှိအားလုံးကို ရေမှ ဖန်ဆင်းထင်ရှား ဖြစ်စေတော်မူခဲ့၏။ (၂၁း၃၀)။ ထို့ကြောင့် ကမ္ဘာဂြိုဟ်ရှိ သစ်ပင်ပန်းမန်တို့ကိုလည်း ရေမှ ဖန်ဆင်းတော်မူခဲ့၏။ (၂၀း၅၃)။ တိရစ္ဆာန် အသီးသီးကိုလည်း ရေမှ ဖန်ဆင်းတော်မူခဲ့၏။ (၂၄း၄၅)။ ၄င်းပြင် ယင်းတို့ အသီးသီးအားလုံးသည် မိမိတို့၏အရှင်သခင် အလ္လာဟ်ထံမှ မည်သည့် သဘာဝဖြင့် ဘဝတည်ဆောက်ကြရမည့် လမ်းညွှန်ကို ရရှိပြီး ဖြစ်၍ တစ်သဝေမတိမ်း လိုက်နာသူများ (မုစ်လင်မ်)ဖြစ်လျက် ရှိကြသည်။
“ထို့ပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်မှရေကို ရွာသွန်းစေတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ထိုရေဖြင့် ကွဲပြားခြားနားသော ဒွိစုံဖြစ်သော သစ်ပင်ပန်းမန်များကို ပေါက်ရောက်စေတော်မူခဲ့၏” (ကုရ်အာန် ၂၀း၅၃)
“၄င်းပြင် အလ္လာဟ်အရှင်မြတ်သည် သတ္တဝါအသီးသီးကို ရေဖြင့် ဖန်ဆင်းတော်မူခဲ့သည်” (ကုရ်အာန် ၂၄း၄၅)
ကုရ်အာန်၏ အသုံးအနှုန်း “မာအ်”သည်ရေ၊ ပင်လယ်ရေ၊ မိုးရေ၊ အရည်အားလုံး အကျုံးဝင်သည်။ သစ်ပင်ပန်းမန်လောကအတွက် ရေနှင့် မိုးရေ၊ တိရစ္ဆာန်လောကအတွက် ပင်လယ်ရေ၊ သုက်ရည် စသည်တို့မှ ထင်ရှားဖြစ်ပေါ်ခြင်း၊ မျိုးဆက်ပြန့်ပွားခြင်း စသည့် သိပ္ပံ၏ တွေ့ရှိချက်တို့သည် ကုရ်အာန်နှင့် ကျမ်းရှင် အလ္လာဟ်ကို ထောက်ခံလျက်ရှိပေသည်။

No comments:

Post a Comment