Friday, 24 August 2012
ပင်လယ်ပြင်ရေအောက်မှ အမိုက်မှောင်နှင့် လှိုင်းတံပိုး
ပင်လယ်ပြင်ရေအောက်မှ အမိုက်မှောင်နှင့် လှိုင်းတံပိုး
အလ္လာဟ်သည် လူသားတို့အား ရုပ်နာမ်နှစ်ပါးလုံးအတွက် လိုအပ်ချက်များကို အဆင်သင့်ပြုလုပ်ထား၍ အ၇ာခပ်သိမ်းကို လူသားအကျိုးကို ပြုစေသည်။ လူသား၏ တာဝန်မှာ အလ္လာဟ်၏ ကျေးဇူးတော်များကို အလ္လာဟ်၏ လမ်းညွှန်အတိုင်း ခံစား၍ ဘဝတည်ဆောက်ရန် ဖြစ်သည်။
“သို့ဖြစ်ရာ ကာဖိရ် မယုံကြည် သွေဖည်ငြင်းပယ်သူတို့၏ ပြုကျင့်မှုတို့မှာကား လွင်တီးပြင်၌ ရှိနေသော တံလှပ်ပမာ ဖြစ်ပေရာ ရေမွတ်သိပ်သော သူသည် ထိုတံလှပ်ကိုပင် ရေဟူ၍ ထင်မှတ်လေသည်။ နောက်ဆုံးတွင် ၄င်းသည် တံလှပ်၏ အနီးသို့ ရောက်သော် ဘာမျှ(ရေကို) မတွေ့ရသည့်ပြင် ၄င်းနှင့်အတူ အလ္လာဟ် အရှင်မြတ်သည် (အမြဲရှိနေတော်မူကြောင်း)ကိုသာ တွေ့၍၊ ထိုအရှင်မြတ်သည် ၄င်း၏ စာရင်းကို အပြည့်အဝ ရှင်းလင်းမည် (ဖြစ်ကြောင်းကိုသာ တွေ့ရ၏။) အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသောအရှင် ဖြစ်တော်မူ၏” (ကုရ်အာန် ၂၄း၃၉)
“သို့တည်းမဟုတ် (ထို့ငြင်းပယ်သူတို့၏ ပြုကျင့်မှုတို့သည်) အကြင်နက်ရှိုင်းသော ပင်လယ် သမုဒ္ဒအတွင်းရှိ အမိုက်မှောင်များနှင့် ပမာတူ၏။ ထိုပင်လယ်သမုဒ္ဒရာကို လှိုင်းတံပိုး လွှမ်းမိုးလျက်ရှိ၏။ ထိုလှိုင်းတံပိုးထက်ဝယ် (အခြား)လှိုင်းတံပိုး တစ်ခုလည်းရှိပြန်၏။ ထိုလှိုင်းတံပိုး၏ အထက်၌ (မည်းမှောင်သော) မိုးတိမ်များရှိနေပြန်၏။ (အချုပ်မှာ) အမိုက်မှောင်များအပေါ်၌ (အမိုက်မှောင်ထု အထပ်ထပ်ရှိနေသော) အကြင်သူတစ်ဦးသည် မိမိလက်ကိုထုတ်၍ (ကြည့်) သောအခါ မြင်နိုင်ရန် ခက်ခဲလှပေစွ၊ စင်စစ် အလ္လာဟ်အရှင်မြတ်က အလင်းရောင်ချီးမြှင့်တော်မမူတော့လျှင် အလင်းရောင် စိုးစဉ်းမျှကိုပင် ရရှိနိုင်မည် မဟုတ်ပေတကား” (ကုရ်အာန် ၂၄း၄၀)
ပင်လယ်ရေပြင်အောက်တွင် အမှောင်သည်သာ နက်သည်နှင့် အမျှ စိုးမိုးလာ၏။ ရေငုတ်သဘောင်္များသည်ပင် ပေ ၃၀၀ ထက်ပို၍ မသွားနိုင်သေးချေ။ ဖိနှိပ်မှုအား အလွန်များ၍ ဖြစ်သည်။ သိပ္ပံက ကုရ်အာန်ကို ထောက်ခံခြင်း ဖြစ်သည်။
ပင်လယ်သမုဒ္ဒရာတွင်းမှ ရေစီးကြောင်းများ
“ထိုအရှင်မြတ်သည်ပင် အဏ္ဏဝါရေလွှာပြင်နှစ်ခုကို လွှတ်တော်မူ၏။ ၄င်းတို့နှစ်ခုမှာ ဆုံစည်းဆက်စပ်လျက် ရှိကြ၏။ ၄င်းတို့နှစ်ခု၏ အကြား၌ အဆီးအတား တစ်ခုရှိနေပေရာ ယင်းရေလွှာပြင်နှစ်ခုလုံးမှာ ပိုင်နက်ကျူးလွန်နိုင်ကြသည် မရှိချေ” (ကုရ်အာန် ၅၅း၁၉-၂၀)
ကုရ်အာန် ၃၅း၁၂ နှင့် ၂၅း၅၃ တို့တွင် အလ္လာဟ်က ကရုဏာတော်ဖြင့် ရေချိုနှင့် ရေငန်ရောမသွားစေရန် ကမ္ဘာ့ ရေလွှာပြင်များကြား၌ အတားအဆီးများ တစ်ခုထားကြောင်း ဆိုထား၏။ ထို့ပြင် အထက်ပါ အာယာသ်တော်အရ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာကြီးများ အချင်းချင်း၌ပင် ရေလွှာပြင်များ မတူညီမှုကို ယနေ့ သိပ္ပံတွေ့ရှိချက်တို့က ထောက်ခံနေပေသည်။
ယခုအခါ ကမ္ဘာ့ပင်လယ် သမုဒ္ဒရာကြီးများအတွင်း၌ မြစ်ကြီးများ (ရေစီးကြောင်းကြီးများ)ကို တွေ့နေရပေသည်။ ရေနွေးစီးကြောင်း၊ ရေအေးစီးကြောင်း စသည်ဖြင့် တွေ့ရ၏။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် ရာသီဥတုကို အထောက်အကူပြုလျှက် ရှိကြ၏။ ယခုအခါ ထိုရေစီးကြောင်းကြီးများ၏ ရေအောက်သဘာဝကို သုတေသန ပြုလုပ်လျက်ရှိ၏။
(The Great Rivers and Seas. By J D. Ratcliff R.Digest Oct. 74)
ပြင်သစ်နိုင်ငံမှ အဏ္ဏဝါဗေဒပညာရှင် ကပ္ပတိန် ဂျက်ကော့စတိုသည် မြေထဲပင်လယ်နှင့် အတ္တလန်တိတ် သမုဒ္ဒရာနှစ်ခုနှင့် ၄င်းတို့၏ အကြားတွင် သုတေသနပြုခဲ့ရာ ပင်လယ်နှစ်ခုသည် တစ်သားတည်း ဆက်စပ်နေသော်လည်း အပူချိန်၊ ဆားပျော်ဝင်နှုန်းနှင့် သိပ်သည်းဆတို့ ကွာခြားနေမှုကို တွေ့ခဲ့ရ၍ ပင်လယ်များအကြား၌ အကာအဆီး တစ်ခုရှိမည်ဟု တွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အေဒင်ပင်လယ်ကွေ့ အနီး ပင်လယ်နီ၌ သုတေသနပြုခဲ့သူ ဂျာမန် သိပ္ပံပညာရှင်တစ်စုကလည်း အလားတူ ကောက်ချက်ချခဲ့ကြ၏။ ကပ္ပတိန်ဂျက်ကော့စတိုက ၄င်း၏ အံ့ဖွယ် တွေ့ရှိချက်ကို ဒေါက်တာ မောရစ်ဘူကေးလီစ်ကို ပြောခဲ့ရာ ဒေါက်တာမောရစ်က ထိုအချက်တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ကျော်က ကုရ်အာန်တွင် ပါပြီးဖြစ်ကြောင်း ဆိုခဲ့၏။ ကပ္ပတိန်ဂျက်သည် ကုရ်အာန်ကို လေ့လာပြီးနောက် အလ္လာဟ်ထံမှ (ဝဟီ) လမ်းညွှန် အမှန်ဖြစ်ကြောင်း လက္ခံခဲ့လေသည်။
မာကျောသည့် စိတ်နှလုံးများရှုဖွယ်
“တစ်ဖန် အသင်တို့၏ စိတ်နှလုံးများသည် (ထိုကဲ့သို့ အလ္လာဟ်၏ သက်သေ လက္ခဏာတော်များပင် တွေ့မြင်ခဲ့ပြီး) နောက်လည်း ခက်ထန် မာကျောလာခဲ့လေသည်။ သို့ဖြစ်ပေရာ ယင်းစိတ်နှလုံးများသည်။ ကျောက်ဆောင်များကဲ့သို့ ဖြစ်ရုံမျှမက ယင်းကျောက်ဆောင်များထက်ပင် ပိုမိုပြင်းထန် မာကျောလေသည်။ ဧကန်စင်စစ် ကျောက်ဆောင်များအနက် စမ်းချောင်းများ စီးထွက်လာသော ကျောက်ဆောင်များ ရှိသေး၏။ ထိုမျှပင်မကသေး၊ ယင်း ကျောက်ဆောင်များအနက် အက်ကွဲ၍ ပန်းထွက်လာသော ကျောက်ဆောင်များလည်း ဧကန်စင်စစ် ရှိကြသေး၏။ ထိုမှတစ်ပါး ယင်းကျောက်ဆောင်များအနက် အလ္လာဟ်ကို ကြောက်ရွံရိုသေ လေးစားခြင်းအားဖြင့် လျှောလိမ့်နိမ့်ဆင်းလာသော ကျောက်ဆောင်များလည်း အမှန်ပင်ရှိကြကုန်၏။ တစ်ဖန် အလ္လာဟ်သည် အသင်တို့ ပြုကျင့်ကြကုန်သော ကိစ္စ အဝဝတို့ကို မေ့လျော့လျစ်လျူရှု၍ နေတော်မူသော အရှင်မြတ်မဟုတ်ပေတကား” (ကုရ်အာန် ၂း၇၄)
“သို့တည်းမဟုတ် ထို(အလ္လာဟ်) အရှင်မြတ်သည် အသင်တို့အား ယင်းပင်လယ်သမုဒ္ဒရာရေပြင်များထဲသို့ နောက်တစ်ကြိမ် ထပ်မံရောက်စေတော်မူပြီး အသင်တို့၏ အပေါ်ဝယ် အသင်တို့၏ ငြင်းပယ် ကျေးဇူးကန်းမှုတို့ကြောင့် လေမုန်တိုင်းကို စေလွှတ်တော်မူခဲ့ခြင်း အားဖြင့် နစ်မြုပ်စေတော်မူမည်ကို စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍ နေကြလေသလော။ ထိုအခါ အသင်တို့သည် မိမိတို့သည် မိမိတို့အဖို့ ငါအရှင်မြတ်နှင့် ဆန့်ကျင်၍ ကူညီစောင်မမည့်သူ တစ်ဦး တစ်ယောက်မျှပင် တွေ့ကြလိမ့်မည် မဟုတ်ပေ” (ကုရ်အာန် ၁၇း၆၉)
“ငါအရှင်မြတ်သည် လူသားတို့အား ငါအရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများအနက် များစွာသော အရာတို့ထက် အထင်အရှား ထူးကဲမြင့်မြတ်စေတော်မူခဲ့လေသည်” (ကုရ်အာန် ၁၇း၇၀)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment