Thursday 23 August 2012

ဆင့်ကဲမျိုးပွားမှု

ဆင့်ကဲမျိုးပွားမှု “၄င်းပြင် အလ္လာဟ်အရှင်မြတ်သည် ရေဖြင့် သတ္တဝါ အသီးသီးကို ဖန်ဆင်းတော်မူခဲ့သည်။ ထိုသတ္တဝါတို့တွင် မိမိဝမ်းဗိုက်ဖြင့် တွား၍ သွားသော သတ္တဝါမျိုးလည်း ရှိ၏။ အချို့မှာ ခြေနှစ်ချောင်းဖြင့် သွားလာကြ၍ အချို့မှာ ခြေလေးချောင်းဖြင့် သွားလာကြ၏။ အလ္လာဟ်သည် မိမိအလိုရှိတော်မူသောအရာကို ဖန်ဆင်းထင်ရှား ဖြစ်ပေါ် စေတော်မူခဲ့သည်။ ဧကန်အမှန် အလ္လာဟ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၂၄း၄၅)
“ဧကန်စင်စစ် ထိုအရှင်မြတ်သည်ပင် ဖိုနှင့်မ နှစ်မျိုးစလုံးကို ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူခဲ့သည်။ ကလလရေကြည်၏ အနည်းငယ်သော ပမာဏဖြင့်၊ ယင်း ကလလရေကြည်၏ အနည်းငယ်သော ပမာဏသည် သွန်းလောင်းခြင်း ခံရသောအခါ” (ကုရ်အာန် ၅၃း၄၅-၄၆)
သစ်ပင် ပန်းမန် လောကတွင် ဖိုနှင့်မ (ဇောင်ဂ်ျ) ရှိသကဲ့သို့ တိရစ္ဆာန်လောကတွင်လည်း ရှိပေသည်။ ထို့ပြင် တိရစ္ဆာန်တို့ မျိုးပွားရာတွင် “နုသ်ွဖဟ်”ခေါ် ကလလရေကြည်၏ အနည်းငယ်သော ပမာဏဖြင့်သာ မျိုးပွား၏ဟု ဆိုထား၏။ ယနေ့ သိပ္ပံပညာက ဖိုနှင့်မ ပေါင်းစပ်ရာတွင် အဖို၏ ကလလရေကြည်မှ အနည်းငယ်သော ပမာဏဖြစ်သည့် သုတ်ပိုးတို့သည် ပေါင်းစပ်ကြောင်း တွေ့ရှိမှုသည် ဖန်ဆင်းရှင် အလ္လာဟ်ကို ထောက်ခံဦးချမှုသာ ဖြစ်သည်။
ထို့ပြင် အလ္လာဟ်သည် ဖန်ဆင်းခံ လောကခပ်သိမ်းထံသို့ ၄င်းတို့ အသီးသီးအား မည်သည့် ရည်ရွယ်ချက်ကြောင့် မည်သို့သော သဘာဝဖြင့် ဖန်ဆင်းထား၍ မည်သို့ ဘဝတည်ဆောက်ကြရမည် ဖြစ်ကြောင်း ဝဟီလမ်းညွှန် အမိန့်များကို ထုတ်ပြန်တော်မူလေသည်။ ကုရ်အာန်တွင် ပျားကောင်ကို ဥပမာပေး၍ ဖော်ပြထားသည်။ ကမ္ဘာဂြိုဟ်ရှိ တိရစ္ဆာန်၊ ကျေးငှက်၊ ပိုးမွှားတို့သည် ရုပ်ခန္ဓာ ရှိသည့်ပြင် အသိစိတ်လည်း ရှိကြပေသည်။ သို့သော် လူသားတို့ကဲ့သို့ ဆင်ခြင်တုံတရားနှင့် အသိဉာဏ်ကား မရှိချေ။ သစ်ပင် ပန်းမန် လောကထက်ကား အဆင့်မြင့်ကြပေသည်။
တိရစ္ဆာန် အသီးသီးတို့ ဝဟီလမ်းညွှန် ရကြခြင်း
“၄င်းပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ပျားမကောင်ထံသို့ (ဤသို့) ဝဟီလမ်းညွှန် အမိန့်တော် ပေးပို့တော်မူလေသည်။ အသင်သည် တောင်များ၌ လည်းကောင်း၊ သစ်ပင်များ၌ လည်းကောင်း၊ လူတို့ တည်ဆောက်ကြသော အဆောက်အအုံများ၌ လည်းကောင်း (မိမိတို့၏) နေအိမ်များကို ပြုလုပ်ကြလေကုန်။ ထို့နောက် အသင်သည် သီးနှံအသီးသီး (မျိုးစုံ)တို့ကို စုပ်ယူ စားသုံးလေလော့။ တစ်ဖန် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ လွယ်ကူသော လမ်းများကို လျှောက်လေလော့”
“ယင်း ပျားကောင်၏ ဝမ်းဗိုက်များမှ အရောင်မျိုးစုံ ရှိသော သောက်သုံးဖွယ် (ပျားရည်)သည် ထွက်၏။ ယင်းသောက်သုံးဖွယ် (ပျားရည်)၌ လူတို့အဖို့ အနာရောဂါ ပျောက်ကင်းခြင်းသည် ရှိ၏။ ဧကန်မလွဲ ဤသည်၌ စဉ်းစား ဆင်ခြင်သူတို့အဖို့ အမှန်ပင် သက်သေသာဓက ရှိပေသည်” (ကုရ်အာန် ၁၆း၆၈-၆၉)
“မိုးကောင်းကင်၌ ရှိသူတို့သည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ ရှိသူတို့သည် လည်းကောင်း၊ အတောင်ပံများဖြန့် (ဝဲပျံလျက်) ရှိကြကုန်သော ငှက်တိရစ္ဆာန်တို့သည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်။ အတိုင်းအဆမရှိ စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်၇ှိကြသည်ကို အသင် မသိမမြင်ခဲ့လေသလော့” (ကုရ်အာန် ၂၄း၄၁)
တိရစ္ဆာန်တို့၏ ရုပ်ခန္ဓာ အသီးသီးတို့သည် ဆဲလ်လေးများဖြင့် ဖွဲ့စည်းထား၏။ ထိုဆဲလ်များကို အဏုမြူမှုန်များစွာတို့ဖြင့် ဖွဲ့စည်းထား၏။ သတ္တဝါ အသီးသီး၏ ရုပ်ခန္ဓာကို ဖွဲ့စည်းထားသော အဏုမြူမှုန် အသီးသီးတို့သည်လည်း စကြဝဠာကြီးကို အလ္လာဟ်က ဝဟီလမ်းညွှန် အမိန့်ချပေးကတည်းက ၄င်းတို့သည် သတ္တဝါ အသီးသီးတို့၏ ဆဲလ်များကို မည်သို့ဖွဲ့စည်းတည်ဆောက်ကြရမည်။ သတ္တဝါ အသီးသီးတို့၏ ရုပ်ခန္ဓာကို မည်သို့ တည်ဆောက်ကြရမည်ကို သိရှိပြီး ဖြစ်ကြ၏။ ထို့ကြောင့် သတ္တဝါ အသီးသီးတို့၏ ရုပ်ခန္ဓာ အသီးသီးသည် ရုပ်ပိုင်းဆိုင်ရာ ဝဟီလမ်းညွှန်အတိုင်း အလ္လာဟ်ကို နာခံလျက်ရှိကြ၏။ ယခု သိပ္ပံပညာကလည်း တိရစ္ဆာန် အသီးသီး၏ ရုပ်ခန္ဓာ ဆဲလ်တိုင်းတွင် (D.N.A) ဒီအင်အေခေါ် မျိုးရိုးဗီဇဆိုင်ရာ လမ်းညွှန်များ ပါရှိနေကြောင်း အံ့ဖွယ် တွေ့ရှိပြီး ဖြစ်ပေသည်။
အသိစိတ်နှင့် ဝဟီလမ်းညွှန်
သို့သော် တိရစ္ဆာန် အသီးသီးတို့တွင် ရုပ်ခန္ဓာအပြင် အသိစိတ်ပါရှိနေရာ ဖန်ဆင်းရှင် အလ္လာဟ်သည် သတ္တဝါ အသီးသီးအား အသိစိတ်မှတစ်ဆင့် ၄င်းတို့ အသီးသီးအား မည်သည့် ရည်ရွယ်ချက်ကြောင့် မည်သည့် သဘာဝဖြင့် ဖန်ဆင်းထား၏ ၊ မည်သို့ ဘဝတည်ဆောက်ရမည့် အကြောင်း ဝဟီလမ်းညွှန် အမိန့်ပေးတော်မူလေသည်။
ထို့ကြောင့် ပျားတို့သည် ဝတ်ရည်ကို မည်သို့စုပ်ယူရမည်၊ မည်သို့ အိမ်ဆောက်ကြရမည်။ ပျားရည် မည်သို့ ပြုကြရမည်ကို သိကြ၏။ ငှက်လေးတို့သည် မည်သို့ ပျံကြရမည်။ အိမ်မည်သို့ ဆောက်ရမည်၊ အစာမည်သို့ ရှာရမည်ကို သိကြ၏။ ငါးကလေးတို့ ရေကူးတတ်ကြ၏။ နွားတို့ မြက်စားကြ၍ အသားမစားကြ၊ ကျားတို့ အသားစားကြ၍ မြက်ကို မစားကြ။ ကြက်တို့ ရေမကူးဘဲ ကုန်းပေါ်တွင် လျှေက်ကြ၏။ ဘဲတို့ ရေကူးကြ၏။ စင်စစ် တိရစ္ဆာန် ကျေးငှက်ပိုးမွှား အင်းဆက် အသီးသီးတို့သည် သက်ဆိုင်ရာ သဘာဝ အသီးသီးတို့ဖြင့် ဆန်းကြယ်စွာ ဘဝတည်ဆောက်နေကြခြင်းမှာ ဖန်ဆင်းရှင် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန် အသီးသီးကို ရရှိပြီး နာခံနေကြ၍သာ ဖြစ်၏။
တိရစ္ဆာန်တို့၏ သာသနာမှာ ယင်းတို့၏ သဘာဝတရားပင် ဖြစ်သည်။ အလ္လာဟ်၏ ဝဟီလမ်းညွှန်တို့ကို တစ်သဝေမတိမ်း နာခံနေကြ၍ အစ္စလာမ်ကို ကျင့်သုံးနေသော နာခံသူ (မုစ်လင်မ်)များ ဖြစ်ကြပေသည်။ သတ္တဝါတို့သည်လည်း လူတို့ကဲ့သို့ပင် အသိုင်းအဝိုင်းနှင့် ဘဝတည်ဆောက်နေကြပေသည်။
“ထို့ပြင် ကမ္ဘာဂြိုဟ်၌ ရှိရှိသမျှသော သက်ရှိသတ္တဝါ အပေါင်းတို့သည် လည်းကောင်း၊ မိမိတို့၏ တောင်ပံ နှစ်ဖက်၌ ပျံသန်းလျက် ရှိသော ငှက်(အင်းဆက်) တိရစ္ဆာန် အပေါင်းတို့သည် လည်းကောင်း၊ အသင်တို့ကဲ့သို့ပင် (အသိုင်းအဝိုင်း) အုပ်စုများပင် ဖြစ်ကြပေသည်။ ငါအရှင်မြတ်သည် (မိမိမှတ်တမ်း) စာအုပ်တွင် တစ်စုံတစ်ရာကိုမျှ ချန်လှပ်ထားတော်မူခဲ့သည် မရှိချေ။ ထို့နောက် ၄င်းတို့ အားလုံးသည် မိမိ၏ အရှင်မြတ် အထံတော်၌ပင် စုရုံးစေခြင်းကို ခံကြရပေမည်” (ကုရ်အာန် ၆း၃၈)

No comments:

Post a Comment