Thursday 23 August 2012

တိရစ္ဆာန်၏ အသိစိတ်နှင့် လူ၏ ဆင်ခြင်တုံတရား

တိရစ္ဆာန်၏ အသိစိတ်နှင့် လူ၏ ဆင်ခြင်တုံတရား တိရစ္ဆာန်၊ ကျေးငှက် အင်းဆက် ပိုးမွှား အသီးသီးတို့သည် လူသားတို့ကဲ့သို့ပင် အသိုင်းအဝိုင်း အုပ်စုများသာ ဖြစ်ကြ၏။ သို့သော် လူသားတွင် ဆင်ခြင်တုံတရားနှင့် အသိဉာဏ်ရှိပြီး အလ္လာဟ်က လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ် လုပ်ပိုင်ခွင့်ပေးထား၏။ ထို့ကြောင့် လူသားသည် မိမိ၏ အလ္လာဟ်ကို လက္ခံမှု၊ ငြင်းပယ်မှုနှင့် ကောင်းမှု ပြုမူချက် အားလုံးအတွက် အစားပေးခြင်း ခံရပေမည်။
တိရစ္ဆာန်တို့တွင် အသိစိတ်သာရှိပြီး ဆင်ခြင်တုံတရားနှင့် အသိဉာဏ်၊ လွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့်တို့ မရှိချေ။ ၄င်းတို့၏ အသိစိတ်မှ တစ်ဆင့် အလ္လာဟ်ပေးထားသော ဝဟီလမ်းညွှန်မှုတို့ကို သဘာဝတရားအဖြစ် (ငြင်းပယ်နိုင်ခြင်းမရှိဘဲ) တစ်သဝေမတိမ်း နာခံကြရပေသည်။ လူသားတို့က တိရစ္ဆာန်တို့၏ အသိစိတ်ကို အမြင့်ဆုံးရောက်အောင် ပြုပြင် ထိန်းကျောင်းနိုင်သော်လည်း တိရစ္ဆာန်တို့ကို ဆင်ခြင်တုံတရားနှင့် အသိဉာဏ်ရှိစေရန် ပြုနိုင်စွမ်း မရှိချေ။
တိရစ္ဆာန် အသီးသီးတို့တွင် ဆင်ခြင်တုံတရားနှင့် လွတ်လပ်စွာရွေးချယ် ပြုပိုင်ခွင့် မရှိဘဲ အလ္လာဟ်၏ ဝဟီလမ်းညွှန်ကို သဘာဝတရားအဖြစ် နာခံနေမှုကြောင့် ၄င်းတို့သေပြီးနောက် တရားစီရင်ခြင်း၊ ဆု၊ ပြစ်ဒဏ် ချမှတ်ခြင်းခံရမည် မဟုတ်ပေ။ သို့သော် စကြဝဠာ လောကခပ်သိမ်းသည် အလ္လာဟ်၏ သတ်ကဒီရ် တိုင်းတာ သတ်မှတ်ချက်နှင့် အမရ် စီမံမှု အမိန့်တော်အတိုင်းသာ ဖြစ်ပေါ်လာကြရ၏။ သေခြင်းနှင့် ရှင်ခြင်း(အသက်)သည်လည်း အလ္လာဟ်၏ လက်တော်တွင်း၌သာ ရှိ၏။ အစ္စလာမ် သာသနာတွင် သံသရာဟူသည် မရှိ၍ လူသေပြီး တိရစ္ဆာန်ဘဝရောက်ခြင်း၊ တိရစ္ဆာန်သေပြီးနောက် လူ့ဘဝရောက်ခြင်း စသည်တို့ မရှိပါ။ သက်ရှိသက်မဲ့ ခပ်သိမ်းတို့သည် အလ္လာဟ်၏ သတ်ကဒီရ် သတ်မှတ် ပြဋ္ဌာန်းချက် အတိုင်း ဖြစ်ပေါ်နေခြင်းသာ ဖြစ်၏။ သက်ရှိအားလုံးကို ရေမှပင် အလ္လာဟ်က ဖန်ဆင်းတော်မူခဲ့၏။ အသက် အားလုံးသည်လည်း အလ္လာဟ်လက်တော်တွင်း၌သာ ရှိပေသည်။ အလ္လာဟ်မှလွဲ၍ မည်သူမျှ အသက်တစ်ချောင်ကို မပေးနိုင်၊ ဖျောက်နိုင်စွမ်း မရှိပေ။
အလ္လာဟ်၏ သတ်မှတ်ပြဋ္ဌာန်းချက်
အလ္လာဟ်သည် စကြဝဠာ လောကခပ်သိမ်းတွင် သက်မဲ့တို့အား ရုပ်နှင့် စွမ်းအင်အဖြစ် တိကျစွာ သတ်မှတ်ထားပြီး ဖြစ်သည်။ အဏုမြူမှုန်ထက်ငယ်သော အရာများပင်လျှင် အလ္လာဟ်၏ စီမံပြဋ္ဌာန်း သတ်မှတ်ချက် (ဉာဏ်တော်)တွင်ပါပြီး ဖြစ်သည်။ သစ်ပင် ပန်းမန်လောကတွင်လည်း အစေ့တစ်ခု အညှောက်ထွက်သည်မှအစ သစ်ရွက်ကြွေသည်အထိ ပြဋ္ဌာန်းသတ်မှတ်ပြီး ဖြစ်သည်။ (ကုရ်အာန် ၁၀း၆၁။ ၇၈း၂၉။ ၆း၅၉။ ၄၁း၄၇)။ ထို့အတူ တိရစ္ဆာန်ကျေးငှက် အင်းဆက်ပိုးပွှား အသီးသီးတို့၏ မွေးဖွားခြင်း၊ ၄င်းတို့အတွက် ရိက္ခာနှင့် သေခြင်းတို့သည်လည်း အလ္လာဟ်၏ စီမံပြဋ္ဌာန်းချက်အရ သတ်မှတ်ပြီး ဖြစ်ပေသည်။
“ဧကန်မလွဲ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို “ကဒရ်” တိုင်းတာ သတ်မှတ်၍ ဖန်ဆင်းတော်မူခဲ့သည်” (ကုရ်အာန် ၅၄း၄၉)။
“အမှန်သော်ကား ကမ္ဘာဂြိုဟ်ဝယ် ရှိရှိသမျှသော(သွားလာသော) သတ္တဝါအပေါင်းတို့ကို စားနပ်ရိက္ခာ ပေးသနားတော်မူရန် အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော်တိုင် တာဝန်ယူထားတော်မူပြီး ထိုအရှင်မြတ်သည် ယင်းသတ္တဝါများ၏ (ဤကမ္ဘာမြေပေါ်ဝယ်) သတ်မှတ်ချက် အတိုင်းအတာဖြင့် နေထိုင်ရာ ဌာနများကို လည်းကောင်း၊ (မမွေးဖွားမီနှင့် သေပြီးနောက်တွင်) ထိန်းသိမ်းရာ နေရာများကို လည်းကောင်း သိရှိတော်မူပေသည်။ အလုံးစုံတို့သည် ထင်ရှားလှစွာသော မှတ်တမ်းတော် (အလ္လာဟ်၏ စီမံပြဋ္ဌာန်းချက်)တွင် ရှိနေပေသည်” (ကုရ်အာန် ၁၁း၆)
အလ္လာဟ်သည် သစ်ပင်ပန်းမန်၊ ပိုးမွှား၊ အင်းဆက် တိရစ္ဆာန်၊ ငှက် အားလုံးနှင့် ယင်းတို့အတွက် ရိက္ခာကို လူတို့ သိနိုင်သော၊ မသိနိုင်သော နည်းမျိုးစုံတို့ဖြင့် သတ်မှတ်ထားပြီး ဖြစ်သည်။ မြေပေါ် မြေအောက် ရေပေါ် ရေအောက်နှင့် လေထဲတွင် နေကြသော သန်းပေါင်းများစွာသော တိရစ္ဆာန် အသီးသီးတို့ စားနပ်ရိက္ခာမှာ လူတို့က ပေးနေသည် မဟုတ်ချေ။ အလ္လာဟ်၏ သတ်မှတ်ချက်အတိုင်း သဘာဝအလျောက် ရနေခြင်းသာ ဖြစ်၏။ သတ္တဝါတို့က သစ်ပင်ပန်းမန်တို့ကို စားသုံးခြင်း၊ သစ်ပင်ပန်းမန်တို့က အင်းဆက်တို့ကို အဆိပ်များ၊ ထောင်ချောက်များဖြင့်၊ သတ်ခြင်း၊ သတ္တဝါ အချင်းချင်း သဘာဝအလျောက် စားကြခြင်း၊ လူတို့က စားခြင်းနှင့် အခြားသဘာဝတရားတို့ဖြင့် သတ္တဝါလောကတွင် အလ္လာဟ်၏ သတ်မှတ်ချက်အတိုင်း ရှိနေပေသည်။
လူသား၏အသုံးချခံများ
တိရစ္ဆာန်လောကတွင် ဆဲလ်လေး တစ်ခုတည်းဖြင့် ဖွဲ့စည်းထားသော ဘက်တီးရီးယား ပိုးမွှားလေးမှ ဆဲလ်သန်းပေါင်းများဖြင့် ဖွဲ့စည်းထားသော ဆင်ကြီးများ၊ ဝေလငါးကြီးများနှင့် ကျား၊ ခြင်္သေ့စသော တောရိုင်း သတ္တဝါများ ရှိသော်လည်း ဆင်ခြင်တုံတရားနှင့် အသိဉာဏ် ပိုင်ဆိုင်သော လူသားတို့၏ လက်အောက်တွင်သာ အလ္လာဟ်က ရှိစေသည်။ အကယ်၍သာ တိရစ္ဆာန်တို့တွင် လူသားတို့ကဲ့သို့ ဆင်ခြင်တုံတရားနှင့် အသိဉာဏ် ရှိခဲ့ပါမူ လူသားတို့သည်ပင် တိရစ္ဆာန်တို့၏ အခိုင်းအစေများ ဖြစ်ကောင်း ဖြစ်နေပေမည်။
အရာခပ်သိမ်းကို ဒွိစုံ ဖန်ဆင်းထားသည့် သဘာဝအရ လူသားအကျိုးပြု သတ္တဝါ၊ ပိုးမွှားများရှိသလို အန္တရာယ်ပေးသော သတ္တဝါရောဂါပိုးမွှားလည်း ရှိနေပေသည်။ သို့သော် အလ္လာဟ်သည် ဖန်ဆင်းခံ လူသားကို အောင်နိုင်မှုသာ ပေးထား၏။ အလ္လာဟ်၏ သတ်ကဒီရ် သတ်မှတ်ချက်ကြောင့် သေရသည်ဖြစ်စေ၊ သို့တည်းမဟုတ် လူသားတို့၏ မကောင်းမှုကြောင့် ပြစ်ဒဏ်ကျရောက်သည် ဖြစ်စေ၊ ထိုကဲ့သို့သော အခါမျိုးတွင် လူသားတို့ ရှောင်ရှားနိုင်မည် မဟုတ်ပေ။ ဥပမာ အီဂျစ်ဘုရင် ဖာရိုသည် တမန်တော်မူဆာ၏ သတိပေးနေသည့်ကြားမှ အလ္လာဟ်ကို ငြင်းဆန်၍ မတရားမှုများကို နောက်လိုက်တို့နှင့်အတူ ကျူးလွန်ခဲ့သည့် အတွက် တိုင်းပြည်တွင် ရောဂါဘယများ၊ ပိုးမွှားများ ပြစ်ဒဏ်အဖြစ် ကျရောက်လေသည်။ တမန်တော်ချုပ် မုဟမ္မဒ်သခင် မမွေးဖွားမီ အေဒီ ၅၇၀ ခုနှစ်တွင် ယီမင်ဘုရင်ခံ အဘရဟာသည် ဆင်တပ်ဖြင့် မက္ကာမြို့ရှိ ကအ်ဘတ်ကျောင်းတော်ကို ဖျက်ဆီးရန် ချီတက်ခဲ့ရာ ကောင်းကင်ယံမှ အုပ်စုလိုက် ပျံဝဲလာသော သတ္တဝါတို့ ပစ်ချသော ကျောက်တုံးများ သို့မဟုတ် ရောဂါပိုး (ကျောက်ရောဂါ)တို့ကြောင့် ဆင်တပ်ပျက်ခဲ့ရလေသည်။ (ကုရ်အာန် ၁၀း၁-၅) ယခုခေတ်တွင်လည်း အေအိုင်ဒီအစ် (AIDS) ရောဂါပိုးသည် ခြောက်လှန့်လျက်ရှိပေသည်။
အလ္လာဟ်သည် အကြောင်းကြောင်းတို့ကြောင့် အဆိုးများထားရှိစေကာမူ ဖန်ဆင်းခံ လူသားတို့၏ လက်အောက်တွင်သာ အများစုကို ထားပေးသည်။ အခြားသော သဘာဝတရားတို့ဖြင့်လည်း ထိန်းချုပ် ထားပေးလေသည်။ ဥပမာ ခြင်မတစ်ကောင်သည် လူသွေးတစ်စက်ဖြင့် အကောင်ငယ်ပေါင်းများစွာ ပေါက်၏။ (R Digest Oct; 77) ထို့အတူ ယင်ကောင်တို့သည် ၁၀ ရက်တစ်ခါ ဥများပေါက်သည်။ တစ်ကြီမ်လျှင် ဥပေါင်း(၁၂၀) ဥ၏။ ဧပြီလ ၁၅ ရက်မှ စဥလျှင် စက်တင်ဘာ ၁၀ ရက်မတိုင်မီ အင်္ဂါစုံပြီး ယင်ကောင်ပေါင်း ၅၅၉၈.၇၂၀.၀၀၀.၀၀၀ မျှ ပေါက်နိုင်၏။ အခြား သုတေသီ တစ်ဦး၏ အဆို အရ ယင်ကောင်တစ်စုံသည် တစ်နွေတည်းတွင် ဂျာမနီ နိုင်ငံတစ်ခုလုံးကို (၄၇) ပေထိ မြင့်သော ယင်ထုဖြင့် ဖုးံအောင် ပေါက်နိုင်၏။ သို့သော် ထို့သို့ မဖြစ်ခြင်းမှာ ယင်ကိုဖမ်းစားသော ဖား၊ အိမ်မြှေင်၊ မြွေ၊ ငှက်၊ ပုရွက်ဆိတ်၊ ခါချဉ် စသည်တို့ကြောင့် ဖြစ်၏။ ၄င်းပြင် ယင်းပေါက်ပွားနိုင်လောက်သော ရေမြေ မရှိဟုလည်း ဆို၏။ (R.D 7-77) စင်စစ် ဖန်ဆင်းရှင် အလ္လာဟ်၏ စီမံသတ်မှတ်ထားမှုသာ ဖြစ်၏။
“ထို့ပြင် (ထိုအရှင်မြတ်သည်) အသင်တို့အဖို့ (အိမ်သုံး) ခြေလေးချောင်း တိရစ္ဆာန်များကိုလည်း ဖန်ဆင်းတော်မူခဲ့လေသည်။ အသင်တို့အဖို့ ယင်းတိရစ္ဆာန်များ၌ အနွေးထည်သည် လည်းကောင်း၊ (အခြား) အကျိုးကျေးဇူးများသည် လည်းကောင်း ရှိ၏။ ထို့ပြင် ယင်းတို့အနက်မှပင် (စားသုံးဖွယ်များကို) အသင်တို့သည် စားသုံးကြကုန်၏။ ”
“ထို့ပြင် အသင်တို့သည် (ယင်းတို့ကို) ညနေချမ်းတွင် စားကျက်မှ ပြန်သွင်းလာကြကုန်သော အချိန်၌ လည်းကောင်း၊ နံနက်ယံတွင် စားကျက်သို့ လွတ်ကြသော အချိန်၌လည်းကောင်း အသင်တို့အဖို့ ခြေလေးချောင်း တိရစ္ဆာန်များတွင် နှစ်လိုဖွယ်အကြောင်းလည်း ရှိပေသည်။ ထိုမှတစ်ပါး ယင်းတိရစ္ဆာန်များသည် အသင်တို့၏ ဝန်စည် စလွယ်များကို အသင်တို့အဖို့ အလွန်အမင်း ခဲယဉ်းစွာဖြင့်သာ ရောက်နိုင်ကြသော မြို့ရွာသို့ သယ်ပိုး၍ (ပို့ဆောင်)ခြင်းကိုလည်း ပြုကြကုန်၏။ ဧကန်စင်စစ် အသင်တို့၏ အရှင်မြတ်သည် အလွန်တရာ သိမ်မွေ့နူးညံ့တော်မူသော အရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင် ဖြစ်တော်မူ၏။ ထို့ပြင် မြင်း၊ လားနှင့် မြည်း တိရစ္ဆာန်များကိုလည်း အသင်တို့ စီးနင်းကြရန်နှင့် ခန့်ညားထည်ဝါ တင့်တယ်လှပမှု ရှိစေရန် (ဖန်ဆင်းတော်မူခဲ့ပေသည်) ထို့နည်းတူ ထိုအရှင်မြတ်သည် အသင်တို့ မသိကြသော အ၇ာများကိုလည်း ဖန်ဆင်းတော်မူလေသည်” (ကုရ်အာန် ၁၆း၅-၈)

No comments:

Post a Comment