Saturday, 4 August 2012
ဆွီယာမ်ဥပုသ်ဆောက်တည်ခြင်း
အတိုးသည် ဆင်းရဲသား၏ လုပ်အားနှင့်ငွေကို သူဋ္ဌေးထံမတရားရောက်စေ၏။ ဇကားသ်သည် ဆင်းရဲသားထံ ချမ်းသာသူထံမှ ငွေကို မေတ္တာတရားဖြင့် ရောက်စေ၏။ ခေတ်အဆက်ဆက်တွင် ပွင့်ခဲ့သမျှသော နဗီတို့ထံ အလ္လာဟ်သည် ဆွလားသ်၊ ဇကားသ်နှင့် ဆွီယာမ် ဥပုသ်တည်ဆောက်မှုကျင့်စဉ်ကို သက်ဆိုင်ရာခေတ်၏ လိုအပ်ချက်နှင့် အညီ ချမှတ်ပေးခဲ့လေသည်။
ထို့အတူ တမန်တော်ချုပ် မုဟမ္မဒ်သခင်ပွင့်ပြီးကာလ ခေတ်အသီးသီးအတွက်လည်း အလ္လာဟ်က ကုရ်အာန်ကျမ်းမြတ် စတင်ချပေးသနား တော်မူသော လမြတ်ရမ်ဿွာန် တစ်လလုံး မုစ်လင်မ်တို့အား ဆွီယာမ် ဥပုသ်သီလဆောက်တည်ကြရန် ညွှန်ကြားလေသည်။ (ကုရ်အာန် ၂း၁၈၃-၁၈၅)
အရွယ်ရောက်သူ မုစ်လင်မ် အမျိုးသား အမျိုးသမီးတိုင်း အပေါ်တွင် မပြုမနေရ တာဝန်ဖြစ်သည်။ နာမကျန်းဖြစ်သူ၊ ခရီးသွားနေသူတို့သည် မိမိတို့ပျက်ကွက်မှုကို မိမိတို့ နဂိုအနေအထား ပြန်ရောက်က ပြန်လည်ဖြည့်စွက်ရမည်။ ထိုလမြတ် ရမ်ဿွာန်၌ ဗလီဝတ်ကျောင်းတော်များတွင် ‘အီသီကာဖ်’ သီတင်းသုံးကြရလေသည်။
“သို့ (ဥပုသ်သီလ ဆောက်တည်)မှသာလျင် အသင်တို့သည် ပြစ်မှုဒုစရိုက်တို့မှ ရှောင်ကြဉ်သူများ ဖြစ်တန်ကြရာ၏” (ကုရ်အာန်၂း၁၈၃)
လူသား၏ ရုပ်ခန္ဓာသည် ရုပ်အစာ စားသုံးရန်လိုအပ်သလို ချိန်ဆမှု မှားယွင်းက ဆေးကုသမှုခံယူရန် လိုအပ်၏။ အလ္လာဟ်သည် လူသား၏ ရုပ်- စိတ်နှင့်အတူ အထူးသဖြင့် နဖ်စ်ဝိညာဉ်ကို နှစ်စဉ်တစ်လ ပုံမှန် ဆေးကုသမှုပေး၍ လူသားတိုင်းသည် မိမိ၏ နဖ်စ်ဝိညာဉ်ကို တည်ငြိမ်အောင် ပြုပြင်နိုင်မှသာ နှစ်ဘဝ ငြိမ်းချမ်းမှုရမည်ဖြစ်၏။
ဤဆီယာမ် ဥပုသ်သီလသည်လည်း ကျန် (၁၁)လလုံးတွင် အီဘာဒတ် ပြုရန် ပြင်ဆင်ပေး၏။ မိမိကိုယ်တိုင် အရုဏ်ဦးမှ နေဝင်သည်အထိ အစာဟူ၍ ရေတစ်ခွက်မျှပင် မသောက်ရသောအခါ မရှိဆင်းရဲသူများ၏ ဘဝကို ကိုယ်တိုင်ခံစားရ၍ ကိုယ်ချင်းစာစိတ် ကူညီတတ်လာ၏။ အကြွင်းမဲ့ သိမြင်တော်မူသော အလ္လာဟ်ကို ချစ်ကြောက်ရိုသေစွာ အာရုံပြုလျက် ရေတစ်စက်မျှပင် ခိုးမသောက်ရသည့်အတွက် မိမိ၏ နဖ်စ်ဝိညာဉ်ကို ပြစ်မှုများ ကျူးလွန်ခြင်းမှ ထိန်းချုပ်နိုင်စွမ်းရလာလေသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment