Thursday 20 September 2012

အခန်း(၄) “ဂိုက်ဘ်”ဉာဏ်စဉ်အဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့၏ အလွန်မှ အမှန်တရားများ

အခန်း(၄) “ဂိုက်ဘ်”ဉာဏ်စဉ်အဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့၏ အလွန်မှ အမှန်တရားများ

“ချီမွမ်းထောမနာခြင်း အပေါင်းတို့သည် လောကခပ်သိမ်းတို့ကို မဖြစ်ပေါ်မီကစ၍ ပြီးပြည့်စုံသည့်တိုင်အောင် အဆင့်ဆင့်ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာတည်း” (ကုရ်အာန် ၁း၂)
(“အလ္လာဟ်)သည် ဂိုက်ဘ် အကွယ်၌ ရှိသမျှတို့ကို လည်းကောင်း၊ အထင်အရှား ရှိသမျှတို့ကို လည်းကောင်း၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏…” (ကုရ်အာန် ၂၃း၉၂) (အစ္စလာမ့်ယုံကြည်ချက်)
အချိန်နှင့် အာကာသ ကန့်သတ်မှု
အလ္လာဟ်သည် လောကခပ်သိမ်း၊ အရာခပ်သိမ်းတို့၏ ဖန်ဆင်းရှင်ဖြစ်၏။ အလ္လာဟ်၏ ဖန်ဆင်းခံလောကများတွင် ရုပ်တရားတို့သည် အချိန်နှင့် အာကာသ (Time and Space) ကန်သတ်မှုဘောင်အတွင်း၌ ရှိကြ၏။
ထို့အတူ အချိန်ကန့်သတ်မှု၊ အာကာသ (နေရာ) ကန့်သတ်မှုက ကင်းလွတ်သော မလွှမ်းမိုးနိုင်သော ရုပ်မဟုတ်သည့် လောကများလည်းရှိ၏
ဂိုက်ဘ် ဟူသည် လူသားတို့၏ ဉာဏ်လွှာ အဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့ ဝန်းခြုံသိနိုင်စွမ်း မရှိသော်လည်း အမှန်တကယ် ရှိနေသော တရားများကို ခေါ်သည်။
ဥပမာ သောဝ်ဟီးဒ် ခေါ် နိစ္စထာဝရ ပြီးပြည့်စုံနေတော်မူသော တစ်ပါးတည်းသော အလ္လာဟ်ရှိမှု စကြဠာ လောကခပ်သိမ်းတို့ ထင်ရှား ဖြစ်ပေါ်နေရခြင်း အကြောင်းရင်း၊ အလ္လာဟ်၏ ဂုဏ်တော်များ၊ အလ္လာဟ်၏ အမရ် အမိန့်တော်နှင့် ဖန်ဆင်းတော်မူခြင်း၊ သက္ကဒီရ်ခေါ် အလ္လာဟ်၏ သတ်မှတ်မှုနှင့် အလ္လာဟ်၏ အကြွင်းမဲ့ သိတော်မူသော ဉာဏ်တော်၊ လူသား၏မွေးခြင်းနှင့် သေခြင်းတို့၏ ဆန်းကြယ်မှု၊ ဘဝ၏အဓိပ္ပာယ်နှင့် ပန်းတိုင်၊ သေခြင်း၏နောက်ကွယ်မှ တမလွန်၊ စကြဝဠာလောကခပ်သိမ်းတို့၏ နောက်ဆုံးနေ့တော်ကြီးနှင့် စကြဝဠာ အသစ်ဖြစ်ခြင်း၊ ရှင်ပြန်ထကြရမည့်အချိန်၊ တရားစီရင်မည့်နေ့တော်ကြီး၊ အစားပေးမည့်နေ့တော်ကြီး၊ ကောင်းမှုအတွက် ဂျန္နသ်ဆုလာဘ်၊ မကောင်းမှုအတွက် ဂျဟန္နမ်ပြစ်ဒဏ်ပေးမည်ဖြစ်ခြင်း စသည်တို့မှာ လူသားတို့ မည်မျှပင်ကြိုးပမ်း ကျင့်ကြံအားထုတ်သော်လည်း လူသားတို့၏ ဉာဏ်လွှာ အဆင့်ဆင့်ဖြင့် ထိုးထွင်း သိမြင်နိုင်စွမ်းမရှိသော ဆင်ခြင်တုံတရား၏ အလွန်မှ အမှန်တရားများ ဖြစ်ကြသည်။ လူသားတို့၏ ဘာသာစာပေဖြင့်လည်း ဖော်ပြ၍ မရနိုင်ချေ။

No comments:

Post a Comment