“ဂိုက်ဘ်”ကို အလ္လာဟ်သာလျင် သိတော်မူ၏
“ပြောလော့-ဂိုက်ဘ်. အကွယ်ရှိ အရာများကို အလ္လာဟ်အရှင်မြတ်မှ တစ်ပါး မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ရှိ လူတို့သည် မည်သူတစ်ဦးတစ်ယောက်မျှပင် မသိချေ။ ထို့အတူ မိမိတို့သည် မည့်သည့် အချိန်အခါ၌ ရှင်ပြန်ထစေခြင်း ခံကြရမည်ကိုလည်း ၄င်းတို့မသိကြချေ” (ကုရ်အာန် ၂၇း၆၅)
…စင်စစ် ထိုအရှင်မြတ်သည် ဂိုက်ဘ် ဖုံးကွယ်လျက်ရှိသည် တို့နှင့် စပ်လျဉ်းသော မိမိ၏ အသိတော်ကို မည်သူတစ်ဦး တစ်ယောက်မျှပင် အသိပေးတော်မူသည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် မိမိကျေနပ် နှစ်သက်တော်မူသော ရစူလ်တမန်တော်တစ်ပါးအား (ဂိုက်ဘ်အကွယ်တရားမှ တစ်စုံတစ်ရာကို သိစေတော်မူလိုပါလျင်) ဧကန်အမှန် ထိုအရှင်မြတ်သည် ရစူလ်တမန်တော်၏ ရှေ့၌ လည်းကောင်း၊ နောက်၌ လည်းကောင်း စောင့်ကြပ်သူကို စေလွှတ်တော်မူ၏” (ကုရ်အာန် ၇၂း၂၆-၂၇)
လူသား တမန်တော်တို့သည် အထင်အရှား ဖြစ်ပေါ်နေသော တရားများနှင့် ဂိုက်ဘ်ခေါ် လူသားတို့ ဉာဏ်မမီနိုင်သော အကွယ်တရားများ အတွင်းမှ အမှန်တရားနှင့် စပ်လျဉ်း၍ အလ္လာဟ်တော်ထံမှ အမြင့်ဆုံး ဝဟီဉာဏ်တော်ချီးမြှင့်ခြင်း ခံကြရသူများ ဖြစ်ပေသည်။ မိမိတို့ရရှိသော သစ္စာတရားတို့ကို လူသားများထံ တစ်ဆင့် ပြန်လည် ဟောကြားရမည့် သူများ ဖြစ်သည်။ ထိုတမန်တော်တို့ ရရှိသော အမှန်တရားတို့မှာ ၄င်းတို့၏ ကိုယ်ပိုင် အတွေးအခေါ်လည်းမဟုတ်။ မည်သူမျှ ကျင့်ကြံယူ၍ မရနိုင်သော အလ္လာဟ်ထံမှ လမ်းညွှန်ဝဟီများ ဖြစ်သည်။
သို့သော် ထိုလူသား တမန်တော် အသီးသီးတို့သည်ပင် အကြွင်းမဲ့သိတော်မူသော ဉာဏ်တော် ပိုင်ဆိုင်ကြသည် မဟုတ်။ အလ္လာဟ်ပေးသမျှကိုသာ သိကြရသည်။ အလ္လာဟ်ပေးသော ဝဟီလမ်းညွှန်တို့ကို ထိုတမန်တော်များထံမှ လူသားထံသို့ မှန်ကန်တိကျစွာ ရောက်နိုင်ရန် (ဟောကြားနိုင်ရန်) အလ္လာဟ်သည် တမန်တော်များအား စောင့်ကြပ်ထားပြီး ဖြစ်ပေသည်။ အလ္လာဟ်ထံမှ အမှန်တရားများ ဖြစ်ကြောင်းကိုလည်း သက်သေသာဓကများပါ ချီးမြှင့်လေသည်။
ဝဟီလမ်းညွှန်မှု လိုအပ်ခြင်း
လူသားတို့၏ ကမ္ဘာမြေပေါ်ဝယ် နှစ်ပေါင်း ထောင်ပေါင်းမျာစွာ ကြာခဲ့ပြီးဖြစ်သော လူ့သမိုင်း၏ အသိနှင့် ဆင်ခြင်တုံတရားတို့သည် ယနေ့တိုင် ပြီးပြည့်စုံမှုမရှိ။ လူသားများအတွင်း အာရုံ(၆)ပါးနှင့် ယှဉ်သော ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာ အဆင့်ဆင့် ကွာခြားမှုရှိသော်လည်း ပြီးပြည့်စုံသူဟူ၍ မရှိ။ အကွယ်တရားများကို မဆိုထားဘိ၊ မိမိ၏ ပတ်ဝန်းကျင်ရှိ တရားတို့ကိုပင် အကုန်မသိကြသေးချေ။
သိပ္ပံနှင့် ဂိုက်ဘ်အကွယ်တရား
ယနေ့ အစွမ်းထက်လှသော သိပ္ပံပညာသည်လည်း အမှန်တရားကို ရှာဖွေနေသော ပညာရပ်သာဖြစ်၏။ အမှန်တရားကို တွေ့ရှိပြီးသော အချက်များရှိသလို သီအိုရီ အဆင့်သာသာ ရှိသော တွေ့ရှိချက်များလည်း ရှိ၏။ ရေပြင်၊ လေပြင်၊ အာကာသတို့ကို အောင်နိုင်သော်လည်း ယင်းတို့အတွင်း၌ပင် လျှို့ဝှက်ဆန်းကြယ်မှုများကို ဖော်ထုတ်နိုင်စွမ်း မရှိသေး။ အထင်အရှားရှိနေသော ရုပ်တရားအတွင်း၌ပင် သိပ္ပံက ရှင်းမပြနိုင်သော အချက်များစွာ ရှိနေ၏။ မတွေ့သေးသော အချက်များစွာ ရှိနေသေး၏။
စင်စစ် လူသားတို့၏ ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာ အဆင့်ဆင့်တို့သည် လည်းကောင်း၊ သိပ္ပံ အပါအဝင် ပညာရပ် အသီးသီးတို့သည် လည်းကောင်း ပြီးပြည့်စုံခြင်း မရှိကြ၍ အားနည်းချက် များစွာရှိ၏။
အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းတို့၏ အရှင်ဖြစ်ပေရာ ဖန်ဆင်းခံတို့၏ လိုအပ်ချက်ကို လမ်းညွှန်ရန်နှင့် ကူညီရန် အမှန်ပင် လိုအပ်၏။ အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှု အလင်းရောင်အောက်တွင်သာ မပြီးမပြည့်စုံသော အသိပညာ၊ ဉာဏ်ပညာ အဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့သည် လမ်းမှန်သို့ ရောက်နိုင်ပေသည်။ ထို့ကြောင့် အလ္လာဟ်သည် လူသားတို့အား ဆင်ခြင်တုံတရား၏ အလွန်မှ အကွယ်တရားများနှင့် ထင်ရှားဖြစ်ပေါ်နေသော တရားများ၏ အကြောင်းရင်း ရည်ရွယ်ချက်နှင့် မည်သို့အသုံးချရမည့် လမ်းညွှန်တို့ကို ဝဟီအဖြစ် ချပေးသနားတော်မူသည်။
ထို့ကြောင့် ဝဟီ ဟူသည် လူသားအပါအဝင် ဖန်ဆင်းခံအားလုံးထံသို့ ဖန်ဆင်းရှင် အလ္လာဟ်ထံတော်မှ သစ္စာ တရားများနှင့် ကျင့်စဉ်တို့ကို အသိပေး လမ်းညွှန်မှုပင် ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံတို့ကို ဆက်သွယ်မှုပင် ဖြစ်ပေသည်။ အလ္လာဟ်သည် မည်သူ့ထံသို့ မည်သို့ ဆက်သွယ်သနည်း။
နှိုင်းယှဉ်တွဲဖက်နိုင်သူ အလျင်းမရှိ
နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အရှင်
“ပြောလော့၊ အကယ်၍သာ (မွတ်ရှရိက်)တို့ ပြောဆိုသည့်အတိုင်း ထို အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများ ရှိကြပါလျှင် ဧကန်မလွဲ ၄င်းတို့သည်“အရ်ရှ်” ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ် ထံတော်သို့ (သွားရောက် ယှဉ်ပြိုင် တိုက်ခိုက်ရန်) နည်းလမ်း ရှာဖွေခဲ့ပြီး ဖြစ်အံ့သတည်း” (ကုရ်အာန် ၁၇း၄၂)
“အကယ်၍သာ ယင်း(မိုးကောင်းကင် စကြဝဠာ များနှင့် ကမ္ဘာဂြိုဟ်)နှစ်ခုတွင် အလ္လာဟ်အရှင်မြတ်အပြင် အခြား (ထာဝရတည်ရှိသော) ကိုးကွယ်ရာများ ရှိခဲ့ကြပါမူ ယင်း (မိုး နှင့် မြေ) နှစ်ခုလုံးမှာ ဧကန်မလွဲ ပျက်စီးခဲ့ပြီး ဖြစ်ကြပေမည်။ စင်စစ် “အရ်ရှ်”တော်ကို စိုးပိုင်တော်မူသော အလ္လာဟ်သည် ၄င်းတို့ ကြံဖန်ပြောဆို စွပ်စွဲဖော်ပြကြသည်တို့မှ လုံးဝ စင်ကြယ်သန့်ရှင်းတော်မူပေသည်” (ကုရ်အာန် ၂၁း၂၂)
အလွန်တရာ စနစ်ကျစွာဖြင့် တင့်တယ်လှစွာ လည်ပတ်နေသော စကြဝဠာ စက်ယန္တရားကြီးကို ချုပ်ကိုင်သူ တစ်ဦးထက်ပို၍ မရှိနိုင်ချေ။ အကယ်၍ အရှင်၂-ပါးရှိက ဖန်ဆင်းမှု၊ ထိန်းသိမ်းမှု၊ အမိန့်တော် ပေးမှုတို့တွင် တစ်ပါးနှင့် တစ်ပါး သဘောတူညီမှုမရဘဲ ကွဲပြားရှုပ်ထွေးနေပေမည်။ ပျက်စီးမှု၊ စနစ်မကျမှုတို့ကို တွေ့နေရမည် ဖြစ်သည်။ တစ်ပါးနှင့် တစ်ပါး ယှဉ်ပြိုင်နေကြပေမည်။
အရှင်နှစ်ပါး အနက် တစ်ပါးက အနိုင်ရခဲ့သော် ရှုံးသူသည် နိစ္စထာဝရ ပြီးပြည့်စုံသော အရှင် မဟုတ်တော့ချေ။ ကိစ္စရပ်တိုင်းတွင် အရှင်၂-ပါးညှိနှိုင်း၍ နှစ်ဦးသဘောတူ ပြုသည့်တိုင်အောင် တစ်ပါးပါးသည် အခြေအနေကိုလိုက်၍ အလျော့ပေးနေရ၍ မိမိလုပ်လိုသည်ကို မလုပ်နိုင်ဘဲရှိပေမည်။ နိစ္စထာဝရ ပြီးပြည့်စုံမှုမရှိတော့။ နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အရှင်ဟူသည် မိမိပြုလုပ်လိုသည်ကို အကြွင်းမဲ့ ပြုလုပ်နိုင်ရပေမည်။
ထို့ကြောင့် အမိန့်တစ်မျိုးတည်း၏ အောက်တွင် သဘာဝနိယာမတရား တစ်မျိုးတည်းကိုသာ နာခံနေသော စကြဝဠာခပ်သိမ်းကို အမိန့်ပေးသူ အရှင်တစ်ပါးတည်းသာ ရှိပေသည်။ ထို့အတူ ဖန်ဆင်းသူ၊ ထိန်းသိမ်းစောင့်ရှောက်သူ၊ ဖျက်ဆီးသူ၊ ကယ်တင်သူ၊ အသိပညာပေးသူ အရှင်များ စသည်ဖြင့် သီးခြားအရှင်များ မရှိ၊ ဂုဏ်တော်အပေါင်းတို့သည် အလ္လာဟ်ထံ၌သာ ပြီးပြည့်စုံစွာ ရှိနေပေသည်။ (အစ္စလာမ့် ယုံကြည်ချက်)
No comments:
Post a Comment