Tuesday, 7 August 2012
‘ကဘရ်’ သေသူအတွက် သတ်မှတ်နေရာ
လူသား၏ ရုပ်လောကမှာ မြေကြီးဘဝ၊ ထိုမှတစ်ဆင့် မိခင်၏ သားအိမ်တွင်း ဘဝ၊ ထို့နောက် မွေးဖွားခြင်းဖြင့် လူ့လောကသို့ရောက်လာသည်။ လူ့ဘဝဟူသည် တမလွန်ဘဝအတွက် စိုက်ခင်းသာ ဖြစ်၏။ ဤဘဝနှင့် တမလွန်ဘဝသည် သေခြင်းတံခါးသာ ခြားထားပေသည်။ ထို့ကြောင့် လူသားတစ်ဦးသည် သေခြင်းတရားကို ကြုံတွေ့ပြီးနောက် တမလွန်ဘဝ စတင်လေတော့သည်။
ကုရ်အာန်မှတစ်ဆင့် အလ္လာဟ် မိန့်တော်မူသည်မှာ လူသားတွင် သံသရာလည်ခြင်းဟူသည် မရှိချေ။ လူသားတစ်ဦးသည် မီးလောင်၍ဖြစ်စေ၊ ရေနစ်၍ဖြစ်စေ၊ ရောဂါကြောင့်ဖြစ်စေ၊ မည်ကဲ့သို့ပင် သေစေကာမူ အလ္လာဟ်သည် ထိုသူ့အတွက် ‘ကဘရ်’ နေရာတစ်ခုကို သတ်မှတ်ပြီး ဖြစ်သည်။ လူတိုင်းအတွက် သေရမည့် အချိန်နှင့် နေရာသည်လည်း သတ်မှတ်ပြီး ဖြစ်သည်။ သေသူအား မြေမြှပ်သည်ဖြစ်စေ၊ မမြှပ်သည် ဖြစ်စေ ထိုသူအတွက် ‘ကဘရ်’ နေရာ သတ်မှတ်ပြီးဖြစ်ပေသည်။ ကုရ်အာန်တွင် ‘ကဘရ်’ဟူသော စာလုံးကို မြှပ်နှံရာ သင်္ချိုင်းသာမကဘဲ ပိုမိုကျယ်ပြန့်စွာ သုံးထားပေသည်။
“ထို့ပြင် ဧကန်မလွဲ ကိယာမသ် ရှင်ပြန်ထရမည့် အချိန်သည် (မျချ) ဆိုက်ရောက်မည် ဖြစ်၏။ ယင်းနှင့် စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်ဖွယ် အလျင်းမရှိပြီ။ ထို့ပြင် အလ္လာဟ်သည် ‘ကဘရ်’များ၌ ရှိသူတို့ကို ဧကန်အမှန် ရှင်ပြန် ထစေတော်မူမည် ဖြစ်သတည်း” (ကုရ်အာန် ၂၂း၇)
နောက်ဆုံးတွင် သေခြင်းတရားသည် ၄င်းတို့အနက် တစ်ဦးတစ်ယောက်ထံ ရောက်ရှိလာသောအခါ ထိုသူသည် (ဤသို့) လျှောက်ထားလေသည်။ အို… ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် ကျွန်တော်မျိုးအား (လူ့လောကသို့ တစ်ဖန်) ပြန်လွှတ်တော်မူပါ၊ ကျွန်တော်မျိုးသည် မိမိစွန့်လွတ်ထားခဲ့သော ကောင်းမြတ်သည့် အကျင့်သီလကို (လောကသို့ ပြန်ရောက်သောအခါ) ဆောက်တည်နိုင်မည်ဟု မျှော်လင့်ရပါသည် (ဟု ပြောပေမည်) အလျင်းမဖြစ်နိုင်ပြီ။ စင်စစ် ဤသည်ကား ထိုသူ၏ (နှုတ်ဖြင့်သာ) ပြောဆိုနေသော စကားတစ်ခွန်းမျှပင်။ စင်စစ် ၄င်း၏ နောက်ဝယ် ၄င်းတို့ ရှင်ပြန်ထကြရမည့်နေ့တိုင်အောင် ‘ဘရ်ဇတ်ခ်’ဟူသော အတားအဆီး တစ်ခုရှိချေပြီ တကား (ကုရ်အာန် ၂၃း၉၉-၁၀၀)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment