Tuesday 7 August 2012

ကိယာမသ် ရှင်ပြန်ထရမည့်နေ့၏ လိုအပ်ချက်

ကိယာမသ် ရှင်ပြန်ထရမည့်နေ့၏ လိုအပ်ချက် နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အလ္လာဟ်ရှင်မြတ်သည် အချိန်နှင့် အာကာသကန့်သတ်မှုတို့မှ ကင်းလွတ်တော်မူ၏။ အလ္လာဟ် အရှင်မြတ်အတွက် စတင်ခြင်းနှင့် အဆုံးသတ်ခြင်း စသည့် အချိန်ကန့်သတ်ချက်မရှိ၊ အလ္လာဟ်ထိုင်တော်မူရာ ပလ္လင်နှင့် နေတော်မူရာ နေရာ ကန့်သတ်ချက်လည်း မရှိချေ။
အချိန်နှင့် အာကာသဟူသည် ဖန်ဆင်းခံတို့အတွက်သာဖြစ်သည်။ ဖန်ဆင်းခံတိုင်းသည် အချိန်နှင့် အာကာသကို အခြေခံ၍ထင်ရှား ဖြစ်ပေါ်လာသည်။ တစ်စက္ကန့်တွင် မိုင်ပေါင်း (၁၈၆၀၀၀)မိုင် ပြေးသော အလင်းရောင်၏ သဘာဝ၊ တစ်စက္ကန့်တိုင်းတွင် သန်းပေါင်း ၅၀ မျှသော ဆဲလ်များ ပျက်စီး၍ သန်းပေါင်း ၅၀ မျှသော ဆဲလ်သစ်များ ဖြစ်ပေါ်နေသော လူသား၏ ခန္ဓာကိုယ်၏ သဘာဝတို့သည်ပင် မည်မျှ ဆန်းကြယ်နေသနည်း၊ ထို့ကြောင့် လူသားသည် လူ့ဘဝ၏ အလွန်တိုတောင်းသော အချိန်နှင့် အာကာသတန်ဖိုးကို ဆင်ခြင်ရာ၏။ သေပြီးနောက်မှ နောင်တရလျှင် အချိန်မမီတော့ချေ။ တမလွန်ဘဝသည် နိစ္စထာဝရဖြစ်သည်။ ရုပ်လောကသည် တမလွန်နှင့်စာလျှင် နာရီပိုင်းမျှသော ယာယီသဘာဝဖြစ်၏။
နိစ္စထာဝရဖြစ်သော တမလွန်မရှိက လူ့လောကသည် ဘာမျှတန်ဖိုးရှိမည် မဟုတ်ချေ။ ရုပ်လောတွင် မှန်ကန်သူ ဖြစ်ပါလျက် မတရားပြု ခံရသူများ ရှိနေ၏။ မှားယွင်းသူ ဖြစ်ပါလျှက် ထိုက်သင့်သော ပြစ်ဒဏ် မခံရသူ၊ မတရားနည်းဖြင့် လွတ်မြောက်သူ များစွာ ရှိနေ၏။ ယာယီဘဝတွင် ရှိစေတော့၊ သို့သော် နိစ္စထာဝရ ဖြစ်သော တမလွန်အတွက် ရှင်ပြန်ထမည့် နေ့တော်ကြီးသည် လိုအပ်ပေ၏။ အလ္လာဟ်၏ မှန်ကန်သော တရားစီရင်မှုသည် လိုအပ်လှပေသည်။
အလ္လာဟ်သည် လူသားတိုင်းကို ကမ္ဘာဂြိုဟ်၏ ကိုယ်စားလှယ်အဖြစ် အကောင်းဆုံး စွမ်းရည်များပေးကာ စေလွှတ်ထားသည် အကောင်းအဆိုး ခွဲခြားနိုင်သော ဆင်ခြင်တုံတရား စွမ်းရည်ကိုပေးထားသည်။ စကြဝဠာ လောကခပ်သိမ်းအား လူသား၏ အသုံးချခံ ဖြစ်စေ၏။ နဗီ တမန်တော်များမှ တစ်ဆင့် ဝဟီလမ်းညွှန်များပေးထား၏။ ရှင်ခြင်းနှင့် သေခြင်း(ဘဝ) ကို မည်သည့် လူသားသည် ပို၍ မြင့်မားသော အဆင့် ဂျန္နသ်သို့ ဝင်ရောက်နိုင်သော အရည်အချင်း ရှိမရှိ စမ်းသပ်ပြသရန် ပြုထား၏။ လူသားတိုင်းသည် မိမိ၏ ပြုမူ ပြောဆိုမှု အားလုံးအတွက် တာဝန်ရှိပေသည်။ အဏုမြူမှုန်မျှပင် ဖြစ်စေ၊ ကောင်းမှု၊ ဆိုးမှုအားလုံးကို အစားပေးခြင်း ခံကြရပေမည်။

No comments:

Post a Comment