Saturday 4 August 2012

အဝတ်တန်ဆာ

အလ္လာဟ်သည် လူသား၏ ရုပ်၊ စိတ်နှင့် နဖ်စ်ဝိညာဉ်၏ တိုးတက်ဖွံ့ဖြိုးမှုကို ဟန့်တားဆုတ်ယုတ်နိမ့်ကျစေသော အရာခပ်သိမ်းကို တားမြစ်ထားပေသည်။ အလ္လာဟ်က လူသားတို့ကို ဝတ်စားတန်ဆာချပေးရခြင်းမှာ အရှက်ဣနြေ္ဒကို ဖုံးအုပ်ကာကွယ်ထိန်းသိမ်းရန် အလ္လာဟ်သိစိတ် သက္ကဝါတရားတို့ကို ဖျက်ဆီးမှုမှကာကွယ်၍ ကျက်သရေမင်္ဂလာရှိစေရန်နှင့် ရာသီဥတုဒဏ်ကို ကာကွယ်ရန်ဖြစ်ကြောင်း ကုရ်အာန်မှ တစ်ဆင့်မိန့်ကြားတော်မူပေသည်။ “၄င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ မိမိဖန်ဆင်းတော်မူသော အချို့အရာများအနက်မှ အရိပ်ဆာယာ (အကာအကွယ်)များကို ပြုလုပ်တော်မူခဲ့သည်။ ထို့နည်းတူစွာ အရှင်မြတ်သည် အသင်တို့အဖို့ တောင်များ၌ ခိုလှုံရာ (အကာအကွယ်) နေရာများကို ပြုလုပ်တော်မူခဲ့၏။ ထို့နည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့အား အပူရှိန် (ရာသီဥတု)မှ ကာကွယ်သော အဝတ်အစားများကို လည်းကောင်း အသင်တို့အား စစ်လက်နက်များ၏ အန္တရာယ်မှ ကာကွယ်သော အဝတ်အစားကို လည်းကောင်း ဖန်ဆင်းတော်မူခဲ့လေသည်” (ကုရ်အာန် ၁၆း၈၁) မည်သည့်နိုင်ငံမှ မုစ်လင်မ် အမျိုးသားမဆို အရှက်အင်္ဂါ အစိတ်အပိုင်း အဖြစ်ချက်မှ ဒူးဆစ်အထိ သတ်မှတ်ထား၍ ထိုအစိတ်အပိုင်းကို အနည်းဆုံးအဖြစ် ဖုံးအုပ်ရမည်၊ အမျိုးသမီးတို့သည် မျက်နှာ၊ လက်ကောက်ဝတ်မှ လက်ဖျားထိ၊ ခြေကျင်းဝတ် အောက်ပိုင်းတို့ကို ဖော်ထားနိုင်၍ ကျန်အင်္ဂါတို့မှာ အရှက်အစိတ်အပိုင်းအဖြစ် သတ်မှတ်ထား၍ ဖုံးအုပ်ရပေမည်။ (ကုရ်အာန် ၂၄း၃၀-၃၁) အစ္စလာမ်သာသနာသည် အကြွင်းမဲ့သိတော်မူသော ဖန်ဆင်းရှင် အလ္လာဟ်ထံမှ ချပေးထားပေရာ တစ်ကမ္ဘာလုံးရှိ မျိုးနွယ်အားလုံးနှင့် သက်ဆိုင်သဖြင့် အစ္စလာမ့်အဝတ်အစားဟူ၍ ပုံစံသတ်မှတ်ထားချက်မရှိပါ။ မိမိတို့ ရေမြေဒေသအလိုက် ရာသီဥတု၊ အပူအအေးကို အခြေခံ၍ ဝတ်ဆင်ကြရမည်သာ ဖြစ်၏။ သို့သော် အရှက်အင်္ဂါ သတ်မှတ်ချက်ကိုကား လုံခြုံစွာ ဝတ်ဆင်ကြရမည် ဖြစ်ပေသည်။ အဝတ်တန်ဆာသည် ရုပ်ခန္ဓာကို ကာကွယ်ပေးရုံသာမကဘဲ လူ့ယဉ်ကျေးမှုနှင့် ဆက်စပ်နေ၏။ လူသားမျိုးနွယ်၊ အသားအရောင်၊ ဘာသာစကား ကွဲပြားမှုသည် အလ္လာဟ်၏ ဖန်ဆင်းမှုသာ ဖြစ်၏။ မိမိမျိုးနွယ်မဟုတ်၍ နိမ့်ကျသည်ဟူ၍ မရှိချေ။ အလ္လာဟ်က မုစ်လင်မ်တို့ကို စနစ်တကျ ဝတ်ဆင်ရန် သင်ကြား၏။ အဘယ့်ကြောင့်ဆိုသော် အဝတ်တန်ဆာသည် လူ့ယဉ်ကျေးမှု၊ သေသပ်မှု၊ ကျက်သရေတို့ကို ဖော်ပြ၍ ဖြစ်သည်။ “အို….အာဒမ်၏ သားသမီးအပေါင်းတို့ ငါအရှင်မြတ်သည် အသင်တို့၏ အရှက်ကို ဖုံးအုပ်သည့် အဝတ်တန်ဆာကို လည်းကောင်း အသင်တို့ တင့်တယ်စွာ ဆင်ယင်ရန် ဝတ်စားဆန်တာကို လည်းကောင်း ဖန်ဆင်းတော်မူခဲ့သည်။ သို့သော် (သက္ကဝါ) အလ္လာဟ်သိစိတ်ဖြင့် ပြစ်မှုရှောင်ခြင်း၊ ကောင်းမှုပြုခြင်း ဝတ်စားတန်ဆာသည်ကား အမြင့်မြတ်ဆုံးပင် ဖြစ်ပေသည်။ ဤသည်ကား ၄င်းတို့လေ့လာဆင်ခြင်နိုင်ကြရန် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာ တစ်ရပ်ပင်တည်း။” (ကုရ်အာန် ၇း၂၆) “အို…အာဒမ်၏ သာသမီးအပေါင်းတို့ သင်တို့သည် ဆွလားသ်ဝတ်ပြုသည့်အချိန်နေရာတိုင်းတွင် မိမိတို့ကိုယ်ကို “ဇိနသ်” လှပတင့်တယ်စွာ ဝတ်ဆင်ကြလေကုန်၊ ထို့ပြင် (စားသောက်ဖွယ်ရာများကို) စားသောက်ကြလေကုန်၊ သို့ရာတွင် (ဝတ်စားတန်ဆာနှင့် အစားအသောက်စသည်တို့ကို) မဖြုန်းတီးကြကုန်လင့်” (ကုရ်အာန် ၇း၃၁) မုစ်လင်မ်တစ်ဦးသည် မိမိအဆင့်အတန်းနှင့်အညီ တင့်တယ်သေသပ်စွာ ဝတ်ဆင်ရပေမည်။ မာနတရားဖြင့် ပြစားလိုမှုအတွက် အလွန်အကြူး ဝတ်ဆင်ခြင်း၊ စေးနှဲစွာ မဝတ်ဆင်ဘဲရှိခြင်း၊ အစွန်းနှစ်ဘက်မှ ရှောင်ရပေမည်။ “သွာဟာရသ်”ခေါ် သန့်ရှင်းစင်ကြယ်မှုနှင့် အရှက်တရားကို အမြဲမပြတ် သတိပြုရပေမည်။ မုစ်လင်မ်တစ်ဦး၏ “အမြင့်မြတ်ဆုံး အဝတ်အစား”ကား ရုပ်ခန္ဓာနှင့် အာရုံများ၊ စိတ်နှင့် နဖ်စ်ဝိညာဉ်တို့ကို အလ္လာဟ်သိစိတ်ခေါ် သက္ကဝါတရား မပြတ်ဆင်ခြင်လျက် အလ္လာဟ်၏ မနှစ်သက်မှုများမှ ရှောင်ခြင်း၊ အလ္လာဟ်နှစ်သက်သော အကျင့်သီများကို စောင့်ထိန်းမှု ဝတ်ရုံ့င် ဖြစ်၏။ ဤသည်မှာ မိမိ၏ ဝတ်ရုံကို အလ္လာဟ်၏ အရောင်ဆိုးခြင်းသာ ဖြစ်၏။ အစွန်းမရောက်သော အလယ်အလတ်လမ်း ဖြစ်၍ အလ္လာဟ်သတ်မှတ်ထားသော ဂျန္နသ်ငြိမ်းချမ်းမှုသို့ ဝင်ရောက်စေရန် နဖ်စ်ဝိညာဉ်ကို ဖွံ့ဖြိုးစေခြင်း ဖြစ်၏။

No comments:

Post a Comment