Saturday, 4 August 2012

အစားအစာ

အလ္လာဟ်အရှင်မြတ်က စားပိုင်ခွင့်ပြုထားသော တိရစ္ဆာန်တို့အား အလ္လာဟ်၏ နာမတော် တ,သခြင်းမရှိဘဲ သတ်ဖြတ်ခြင်းသည် တိရစ္ဆာန်များနှင့် ဖန်ဆင်းရှင် အလ္လာဟ်ကိုစော်ကားမှုသာ ဖြစ်သည်။ မုစ်လင်မ်တို့အားလည်း အသားစာခွင့်ပြုသည့်တိုင်အောင် အသက်၏ တန်ဖိုးနှင့် အသက်အားလုံး၏ အရှင်သခင် အလ္လာဟ်ကို အမြဲမပြတ် ကြောက်ရွံ့၍ ကျေးဇူးသိစေသည်။ ထို့ကြောင့် ဟလာလ်လုပ်ခြင်းဆိုသည်မှာ လည်လှီးခြင်းကိုခေါ်သည် မဟုတ်ဘဲ အလ္လာဟ်စားခွင့်ပြုထာသည့် တိရစ္ဆာန်ကိုသာ အလ္လာဟ်၏ လမ်းညွှန်နှင့်အညီ အလ္လာဟ့် နာမတော် တ,သ၍ ‘ဇဘဟ်’ပြု (လှီးဖြတ်)ခြင်း ဖြစ်၏။ လူသားအားလုံးလည်း ကမ္ဘာဂြိုဟ်၌ ခလီဖဟ်ကိုယ်စားလှယ် ခန့်အပ်ထား၍ သစ်ပင် ပန်းမန်လောက၊ တိရစ္ဆာန်လောက တို့ကို လူသားအကျိုးအတွက် သဘာဝအသီးသီးဖြင့် ဖန်ဆင်းပေးထား၏။ အရာခပ်သိမ်းကို လူသားသည် အလ္လာဟ်၏ ဝဟီလမ်းညွှန်ဖြင့်သာ အသုံးချရပေမည်။ အလ္လာဟ်ခွင့်ပြုထားသော သတ္တဝါတို့ကို အလ္လာဟ်၏ နာမတော် တ,သ၍ အလ္လာဟ်၏ လမ်းညွှန်အတိုင်း ‘ဇဘဟ်’ လှီးဖြတ်ခြင်းပြုပြီး စားသောက်ခြင်းမှာ လူသားအတွက် အပြစ်မဟုတ်ချေ။ မိမိ၏အရှင်သခင် အလ္လာဟ်ကို ကျေးဇူးတော်ရှင် အဖြစ်မှ ငြင်းပယ်ခြင်း၊ အလ္လာဟ်ချမှတ်ထားသော ဝဟီလမ်းညွှန်တို့နှင့် ဆန့်ကျင်၍ ပြုခြင်းတို့သာလျှင် အပြစ်ဖြစ်ပေသည်။ အလ္လာဟ်သည်လည်း လူသားတို့အတွက် အစားအသောက်နှင့် စပ်လျဉ်း၍ လူသား၏ နဖ်စ်ဝိညာဉ်ကို ဆုတ်ယုတ် နိမ့်ကျစေပြီး ငြိမ်းချမ်းမှုနှင့် ကင်းဝေးစေမည့် အစားအစာအားလုံးကို ပိတ်ပင်ထားပေသည်။ ဥပမာ- ဝက်၏ အသား၊ အလိုလျောက်သေသော သတ္တဝါ၏ အသား၊ အလ္လာဟ်၏ နာမတော် တ,သ၍ မလှီးဖြတ်သော အသား၊ အလ္လာဟ်မှလွဲ၍ အခြားသော အရာများ၏ နာမတော်များကို တ,သထားသော အသား၊ စီးကျသော သွေး၊ မူးယစ်သေစာ၊ အားလုံးတို့မှာ ရုပ်ခန္ဓာကိုပင် များစွာ ထိခိုက်စေရာ နဖ်စ်ဝိညာဉ်၏ တိုးတက်ဖွံ့ဖြိုးမှုကို မည်မျှ ဟန့်တား ဆုတ်ယုတ်စေခြင်းကို ဖန်ဆင်းရှင် အလ္လာဟ်ကိုယ်တော်တိုင် သိတော်မူ၍ တားမြစ်ထားခြင်း ဖြစ်၏။ (ကုရ်အာန် ၂း၁၇၃။ ၅း၉၀) အစ္စလာမ် သာသနာသည် ခေတ်တိုင်းဒေသတိုင်းရှိ လူမျိုးတိုင်းအတွက် ဖြစ်ပေရာ တစ်ကမ္ဘာလုံး လိုက်နာနိုင်သော လူသား၏ ရုပ်၊ စိတ်နှင့် နဖ်စ်ဝိညာဉ်ကို ဖွံ့ဖြိုးစေသော အစားအစာကို အလ္လာဟ်က သတ်မှတ်ပေးထားခြင်း ဖြစ်၏။ အစ္စလာမ်က အစားအစာနှင့် ပတ်သက်၍ အဓိကသတ်မှတ်ချက်မှာ ‘ဟလာလ်’ တရားဝင် ပစ္စည်းဖြစ်ခြင်းနှင့် ‘သွိုင်ယစ်ဘ်’ ကောင်းမြတ် စင်ကြယ်သော ပစ္စည်းဖြစ်ရပေမည်။ ဥပမာ- ကြက်သားသည် တရားဝင် စားခွင့်ပြုထားသော်လည်း ခိုးလာသောငွေဖြင့် ဝယ်ခြင်း၊ သို့မဟုတ် အလ္လာဟ်၏ နာမတော်ကို မတ,သဘဲ လှီးဖြတ်ထားခြင်း စသည်တို့ဖြစ်ပါက စားပိုင်ခွင့်မရှိတော့ချေ။ မုစ်လင်မ်တို့အား ‘ဟလာလ်’ တရားဝင်မဟုတ်သော အစားအစာကို စားခွင့်မပြုချေ။ စားပါက ရုပ်ပိုင်းဆိုင်ရာနှင့် အထူးသဖြင့် နဖ်စ်ဝိညာဉ်ကို ထိခိုက်ဆုတ်ယုတ်စေမည် ဖြစ်သည်။ သတ္တဝါတို့အား မတရား ခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း စသည့် နည်းလမ်းတို့ကို အလ္လာဟ်က ပိတ်ပင်ထားသည်ပေသည်။ တိရစ္ဆာန်တိုင်းလည်း စားခွင့်မပြုချေ။ ဖန်ဆင်းရှင် အလ္လာဟ်၏ အကြွင်းမဲ့သိတော်မူသော ဉာဏ်တော်ဖြင့် သက်ဆိုင်ရာ သဘာဝများနှင့်အညီ သတ်မှတ်ပေးထားခြင်းသာ ဖြစ်၏။ ဥပမာ- အလ္လာဟ်၏ ကဒရ်သတ်မှတ်မှုအရ ဝက်သတ္တဝါ ရှိနေ၏။ သို့သော် ဝက်သားကို လူတို့အား စားခြင်းမှ ပိတ်ပင်ထား၏။ မုစ်လင်မ်တို့ ဝက်သားမစားရခြင်းမှာ ဖန်ဆင်းရှင်၊ အကြွင်းမဲ့သိတော်မူသော ဉာဏ်တော်ရှင် အလ္လာဟ်၏ အမိန့်တော်ကို နာခံခြင်းသာ ဖြစ်၏။ ထိုသို့ မစားမှုအတွက် ရုပ်၊ စိတ်နှင့် နဖ်စ်ဝိညာဉ်တို့ကို ဆုတ်ယုတ်မှုမှ မုချ ကင်းဝေးစေမည်သာ ဖြစ်၏။ လူသားတို့ ဆေးပညာတိုးတက်လာသော အခါ ဝက်သားအတွင်းရှိ တီးနိယပ်ဆိုလမ်ပိုးတို့ အပူချိန် (၁၀၀) ဒီဂရီပေးသည့်တိုင်အောင် မသေဘဲ ဟင်းအဖြစ် ချက်ပြုတ်စားကလည်း ထိုပိုးတို့ရှင်လျက် လူသားခန္ဓာကိုယ်ထဲ ရောက်သွား၏။ အူနံရံကို ဖြတ်၍ သွေးကြောများမှတစ်ဆင့် နှလုံးနှင့် ဦးနှောက် အပါအဝင် ခန္ဓာအနှံ့ ရောက်ကြောင်း တွေ့လာရ၏။ ဝက်၏အဆီသည်လည်း လူ့ခန္ဓာကိုယ် အခြား သိုး၊ နွား၊ ဆိတ်၊ ကြက်၊ ငှက် စသည့် တိရစ္ဆာန်တို့၏ အဆီကဲ့သို့ လူ့အဆီအဖြစ် ပြောင်းသွားခြင်းမရှိဘဲ တိရစ္ဆာန်၏ အဆီအဖြစ်သာ လူ့ခန္ဓာတွင်ရှိကြောင်း တွေ့ရှိလာရသည်။ လူသားတို့မသိသေးသော အရာများစွာ ရှိပေသေးသည်။ လူသား၏ အဓိကတာဝန်မှာ မိမိ၏ မဖွံ့ဖြိုးသေးသော နဖ်စ်ဝိညာဉ်ကို အဆင့်မြင့်သည်ထက် မြင့်အောင် ဖွံ့ဖြိုးစေ၍ ဤဘဝ၏ ယာယီငြိမ်းချမ်းမှုနှင့် သေခြင်းတရား၏ အလွန်၌ နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှု ဂျန္နသ်ရအောင် ပြုရမည်ဖြစ်သည်။ အလ္လာဟ်သည် အရာခပ်သိမ်းကို သက္ကဒီရ် စီမံ သတ်မှတ်ပြုလုပ်ထား၍ အရာခပ်သိမ်းတို့ကို ၄င်းတို့အား မည်သည့်အတွက်ကြောင့် မည်သည့်သဘာဝဖြင့် ဖန်ဆင်းထားကြောင်း ဝဟီလမ်းညွှန်ပေးထား၏။ အစ္စလာမ်က သက်သက်လွတ်နှင့် သားသတ်လွတ်စားရန် မသင်ကြားပါ။ အဘယ့်ကြောင့်ဆိုသော် တစ်ကမ္ဘာလုံးရှိ လူသားတို့ ကျင့်သုံးနိုင်ရန် သဘာဝနှင့်အညီ အလ္လာဟ်က ချပေးထား၍ ဖြစ်သည်။ စိုက်ပျိုးရေးဖြစ်ထွန်းသော နိုင်ငံတို့ရှိ လူများသာ ဟင်းသီးဟင်းရွက် အားကိုစားနိုင်မည် ဖြစ်သော်လည်း ရေလယ်ကျွန်းစု နိုင်ငံများ၊ သဲကန္တာရနိုင်ငံများ၊ ရေခဲပြင်၊ နှင်းပြင်ဖုံးလွှမ်း နိုင်ငံများနှင့် စိုက်ပျိုးရေး မဖြစ်ထွန်းသော နိုင်ငံများစွာတို့တွင် အသားကို အဓိကထား၍ စားသုံးရပေသည်။ သောက်သောရေ၊ ရှုသောလေ အားလုံးတွင် အသက်များစွာ ပါဝင်သည်။ ရောဂါပျောက်ရန် ဆေးသောက်ခြင်း၊ ဆေးထိုးခြင်းတို့မှာလည်း ရောက်ဂါပိုးမွှားတို့ကို သတ်ခြင်းသာ ဖြစ်၏။ ထို့ကြောင့် သက်သက်လွတ်ဖြစ်စေ၊ သားသတ်လွတ်ဖြစ်စေ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ကျင့်သုံး၍ ရနိုင်မည် မဟုတ်ချေ။ သားကောင်များကို စားသုံးခြင်းဖြင့် တိရစ္ဆာန်တို့ ရှားပါး မသွားနိုင်ပါချေ။ စားသုံးသူ များလာလေ ထုတ်လုပ်သူများလာလေမှာ သဘာဝတရားပင် ဖြစ်၏။ စိုက်ပျိုးမွေးမြူရေး မဖြစ်ထွန်းသော နိုင်ငံများစွာတို့သည် သားငါး သီးနှံများကို ပြည်ပမှ ဝယ်ယူတင်သွင်းနေကြရသည်။ စိုက်ပျိုးမွေးမြူရေးကို အဓိကထား အားကိုးရသော နိုင်ငံများ၌ အစိုးရများကိုယ်တိုင် အားပေးခြင်း၊ ဦးဆောင်ပြုခြင်းတို့ကို ပြုနေရပေသည်။ ယနေ့ ကမ္ဘာကြီး၏ စားနပ်ရိက္ခာသည် သီးနှံတစ်ခုတည်း အပေါ်၌သာ အားထားရမည်ဆိုပါက လုံးဝ မဖြစ်နိုင်ချေ။ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေးသည် ထိုနိုင်ငံရှိ လူများ၏ စားဝတ်နေရေး ပြေလည်မှုကို အခြေခံ၏။ ကုန်ဈေးနှုန်းကြီးမြင့်နေက နိုင်ငံသားများ စရိတ်မလုံလောက်ဘဲ အကျင့်စာရိတ္တများ ပျက်ပြားရလေတော့သည်။ လုပ်ငန်းတိုင်းတွင် လာဘ်ပေးလာဘ်ယူမှု မိမိကိုယ်ကျိုးသာ ကြည့်မှုတို့အတွက် ထိုနိုင်ငံသည် တိုးတက်ကြီးပွားတော့မည် မဟုတ်ချေ။ အလ္လာဟ်အရျင်မြတ်၏ ဖန်ဆင်းမှုသဘာဝအရ လူသားအား သီးနှံနှင့် သားငါးကို တွဲဖက် စားသုံးခွင့် ပေးထားသည်။ နိုင်ငံသားတိုင်း စိုက်ပျိုး မွေးမြူရေးကို အခြေအနေပေးသမျှ ပြုကြပါလျင် အိမ်သုံး စရိတ်နှင့် စားစရိတ် သက်သာလာမည်။ စားနပ်ရိက္ခာ ထုတ်လုပ်မှု များပြားလာ၍ ကုန်ဈေးနှုန်း ကျဆင်းလာပေမည်။ စိုက်ပျိုးသူနှင့် မွေးမြူရေးလုပ်သူ အနည်းငယ်သာရှိသမျှ ကုန်ဈေးနှုန်း ကြီးမြင့်နေမည်သာ ဖြစ်၏။ ထိုအခါ မိမိနိုင်ငံနှင့် လူမျိုး တိုးတက်ရေး ဆောင်ရွက်သူ နည်းပါးလာ၍ နိုင်ငံနှင့်လူမျိုး၏ တိုးတက်ရေးကို သတ်သော အတ္တသမားများ၊ လာဘ်ပေးလာဘ်ယူသမားများသာ များပြားလာပေမည်။ နိုင်ငံ၏ တိုးတက်ရေးသည် အုပ်ချုပ်သူ လူတန်းစားတွင်သာ တာဝန်ရှိသည် မဟုတ်ဘဲ ထိုနိုင်ငံတွင် နေထိုင်ကြသူ အားလုံးစုပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်ပေသည်။ မွေးမြူရေးနှင့် အသား စားခြင်းကို ရှောင်ရှားပါက ကုန်ဈေးနှုန်း တက်စေ၍ ပြစ်မှုများပြားလာစေသည်။ မိသားစုများ အတွင်း အနာဂတ်၏ ရင်သွေးငယ်ကို အဟာရ ချို့တဲ့လာက အဆင့်မြင့် ပညာရပ်များကို ဉာဏ်မမီနိုင်တော့ဘဲ တိုင်းပြည်၏ လုံခြုံ ငြိမ်းချမ်းတိုးတက်ရေးကို အထောက်အကူ မပြုတော့ဘဲ ဆေးခန်းများ၌သာ လူစည်ကားတော့၏။ စားစရာ မရှိဘဲ ကုစရာရှာရတော့၏။ စာရိတ္တ ပိုပျက်ပြားကြတော့၏။ သာသနာရေးကိစ္စဆိုက ဝေးလှစွာ ရှိတော့၏။ ဆင်းရဲမှု သံသရာကား မဆုံးတော့ချေ။ အခြား မမြင်နိုင်သော နောက်ဆက်တွဲ ပြဿနာ များစွာ ဆင့်ကဲဖြစ်ပေါ်လာလေတော့သည်။ ဖန်ဆင်းရှင် အလ္လာဟ်က စီမံသတ်မှတ်ပေးထားသောရိက္ခာ စနစ်အတွက် အလ္လာဟ်၏ ဝဟီလမ်းညွှန် နှင့် ဆန့်ကျင်သောအခါ ငြင်းပယ်မှု၏ ဆိုးကျိုးကို ခံစားကြရတော့သည်။ ရောဂါပိုးတို့သည် သွေးတွင်း၌ ရှိကြပေရာ အသေသားကို စားခြင်းသည်လည်း ရုပ်- စိတ်နှင့် နဖ်စ်ဝိညာဉ် ဖွံ့ဖြိုး ကျန်းမာမှုကို ထိုခိုက်စေသည်။ အစ္စလာမ်တွင် စားခွင့်ပြုထားသော သတ္တဝါ၏ အဓိက သွေးကြောရှိရာ လည်ပင်းကို အသက်အားလုံး၏ အရှင် အလ္လာာဟ်၏ နာမံတော် တ,သ လှီးဖြတ်၍ သွေးများ ထွက်သွားပြီးမှသာ စားစေသည်။ ထို့ကြောင့် အသားကို အလ္လာဟ် လမ်းညွှန်အတိုင်း မစားပါက သတ္တဝါကို မသတ်သော်လည်း မိမိအပါအဝင် တိုင်းပြည်နှင့် လူမျိုးကို သတ်သော အတ္တသမားများ ဖြစ်ပေါ်စေသည့် အခြေအနေသို့ ဆိုက်ရောက်သွားနိုင်ပေသည်။ နာခံသူ မုစ်လင်မ်တို့၏ ကျေးဇူးရှင် အစစ်အမှန်သည် အလ္လာဟ်သာလျင် ဖြစ်သည်။ ကျွဲ၊ နွား တိရစ္ဆာန်များလည်း မဟုတ် မိုးရေလည်း မဟုတ်၊ မြေလည်း မဟုတ်၊ ကျွဲ၊ နွား ရှိရုံဖြင့် စပါး မထွက်ချေ။ မြေရှိရုံဖြင့် စပါးမထွက်ချေ။ လူလုပ်အားလည်း ပါဝင်ရပေသည်။ တိရစ္ဆာန်တို့ကို ခိုင်းစေရာတွင် ဖြစ်စေ စီးနင်းရာတွင် ဖြစ်စေ မတရားညှဉ်းပန်းမှု မပြုရချေ။ မျှတမှု ရှိရမည်။ ဝလင်အောင် ကျွေးမွေးရမည် ဖြစ်သည်။ အစ္စလာမ်သည်ကမ္ဘာ့နေရာဒေသ အားလုံး၏ လိုအပ်ချက်များ အားလုံးကို ခြုံငုံ၍ ချမှတ်ပေးထားပြီး သဘာဝတရားတို့ကို ချမှတ်တော်မူသော အလ္လာဟ်ထံမှ ဖြစ်ပေသည်။ မုစ်လင်မ်တို့သည် အီးဒ်နေ့၌ ကုရ်ဘာနီ ပြုခြင်းမှာ ဖော်ပြခဲ့ပြီးသည့်အတိုင်း တမန်တော်ကြီး အီဘရာဟီမ်နှင့် သားငယ်တို့၏ အလ္လာဟ်အတွက် မိမိတို့၏ အသက်စည်းစိမ်ကိုပင် စွန့်လှူရန်အသင့်ရှိမှု သမိုင်းမှတ်တိုင်ကို နှစ်စဉ်စိုက်ထူခြင်းသာ ဖြစ်၏။ ယဇ်ပူဇော်ခြင်း မဟုတ်ချေ။ သတ္တဝါတို့ကို မတရားစော်ကား သတ်ဖြတ်ခြင်း မဟုတ်ချေ။ အသက်အားလုံး၏ အရှင်သခင် အလ္လာဟ်၏ နာမတော်ကို တ,သ၍ ကျေးဇူးတော်ရှင် အလ္လာဟ်၏ ခွင့်ပြုချက်ဖြင့်သာ စားခြင်း၊ လှူဒါန်းခြင်း ဖြစ်ပေသည်။ ထိုအီးဒ်နေ့တွင်မှ မုစ်လင်မ်တို့ စားခြင်း မဟုတ်ဘဲ အမြဲတစေစားသုံးခြင်းသာ ဖြစ်၏။ ကမ္ဘာနှင့် အဝန်း မုစ်လင်မ်မဟုတ်များလည်း အလ္လာဟ့်နာမတော် တ,သခြင်းမရှိဘဲ လှီးဖြတ်စားသုံးနေကြပေသည်။ ထို့ကြောင့် ကုရ်ဘာနီသည်လည်း နတ်ပသမှု၊ လူကိုသတ်၍ ယဇ်ပူဇော်မှုစနစ်တို့ကို ပပျောက်စေခဲ့၏။ မိမိတို့၏ ကျေးဇူးတော်ရှင် အစစ်အမှန် အလ္လာဟ်ကိုသိစေ၏။ မိမိတို့၏ တစ်သက်တာကျင့်ကြံရမည့် အီဘာဒတ် ဘဝတည်ဆောက်မှုအတွက် မိမိကိုယ်မိမိစွန့်လှူမှု၊ အလ္လာဟ်အတွက် စွန့်လှူရန်အသင့်ရှိမှု၊ မရှိဆင်းရဲသားတို့အား လှူဒါန်းမှု စသည်တို့ကို ဖြစ်ပေါ်စေသည်။

No comments:

Post a Comment