Tuesday 11 September 2012

မရ်ယမ်သခင်မ၏ သားတော် တမန်တော်အီစာ {Jesus}

မရ်ယမ်သခင်မ၏ သားတော် တမန်တော်အီစာ {Jesus} ‘စင်စစ် ငါအလ္လာဟ် အရှင်မြတ်သည် မရ်ယမ်၏သားတော် (အီစာ)နှင့် ၄င်း၏မယ်တော် (မရ်ယမ်)အား အာယာသ် သက်သေ လက္ခဏာတော်တစ်ပါး ပြုလုပ်တော်မူခဲ့ပေသည်’ (ကုရ်အာန် ၂၃း၅၀)
(သိလော့) မလာအိကဟ် ကောင်းကင်တမန်တို့ အို…မရ်ယမ်၊ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်မအား ရွေးချယ်မြှောက်စားတော်မူလေပြီ။ အသင်မအား မနှစ်မြို့ဖွယ် အရာများမှလည်း ကင်းရှင်းစေတော်မူပြီ။ ၄င်းပြင် အသင်မအား မျိုးနွယ်အပေါင်းရှိ အမျိုးသမီးများတွင်လည်း မြှင့်တင်ရွေးချယ်တော်မူလိုက်လေပြီ ဟု ပြောကြားခဲ့ကြလေသည်။ (ကုရ်အာန် ၃း၄၂)
“အလို (သိလော့) မလာအိကဟ်တို့က အိုမရ်ယမ်၊ အလ္လာဟ်ရှင်မြတ်သည် ဧကန်မလွဲ မိမိအထံတော်မှ လမ်းညွှန်တော်( အလ္လာဟ်၏ ‘အာယာသ်’(လက္ခဏာ)တော်ဟူသော ဘွဲ့နာမဖြင့် ကျော်ကြားမည့် သားတော်တစ်ပါး ရရှိမည့်အကြောင်း)နှင့် ပတ်သက်၍ ဝမ်းမြောက်ဖွယ်မင်္ဂလာသတင်းကို အသင်မထံပို့တော်မူ၏။ ယင်း (သားရတနာ)၏ အမည်မှာ ‘မရ်ယမ်၏ သားတော် အီစာမစီဟ်’ (မေရီသခင်မ၏ သားတော် ယေရှုခရစ်တော်)ဖြစ်အံ့။ ယင်းအီစာသည် မျက်မှောက် လောကီဘဝတွင်လည်းကောင်း၊ တမလွန်ဘဝတွင်လည်းကောင်း ဂုဏ်သရေရှိသူဖြစ်အံ့၊ အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်သောသူတို့၏ ဘောင်တွင်လည်း အပါအဝင်ဖြစ်အံ့” (ကုရ်အာန် ၃း၄၅)
“သူမသည် (အလ္လာဟ်ထံ) လျောက်ထားခဲ့လေသည်။ အို ကျွန်တော်မျိုးမကို မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးမ၌ မည်သို့ သားရတနာရရှိအံ့နည်း၊ ကျွန်တော်မျိုးမအား မည်သည့်ယောကျာင်္းတစ်ဦး တစ်ယောက်ကမျှ ထိတွေ့ဖူးသည်ဟူ၍ မရှိပါ။ (ထိုအခါ) အလ္လာဟ်က (အို-မရ်ယမ်) ဤနည်းအတိုင်းပင် (အသင်မအား မည်သူတစ်ဦးတစ်ယောက်မျှ ထိတွေ့ခြင်းမရှိဘဲ၊ သားရတနာရအံ့၊ အကြောင်းမူ) အလ္လာဟ် အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူ၏။ ထိုအရှင်မြတ်သည် တစ်စုံတစ်ရာကို ပြဋ္ဌာန်းစီရင်တော်မူလိုလျှင် ထိုအရေးကိစ္စကို ဖြစ်စေဟု မိန့်ကြားတော်မူရုံမျှဖြင့် ထိုအရေးကိစ္စသည် ဖြစ်လာ၏” (ကုရ်အာန် ၃း၄၇)
တမန်တော်အီစာ၏ သက်သေလက္ခဏာများ
မယ်တော်မရ်ယမ် သခင်မသည် အလ္လာဟ် အရှင်မြတ်ထံတော်မှ သားရတနာ သတင်းကောင်းပေးခြင်းခံရပြီးနောက် အလ္လာဟ် အရှင်မြတ်၏ အမရ် စီမံမှု အမိန့်တော်(ဖြစ်စေ-ဖြစ်လာ၏) အရ မည်သည့်လူသား ယောကျာင်္းမျှ ထိတွေ့ခြင်းမရှိဘဲ သန္ဓေတည်လေသည်။ အလ္လာဟ်၏ ကရုဏာတော် စောင့်ရှောက်မှုဖြင့် သားရတနာ အီစာကို မွေးဖွားခဲ့လေရာ လူတို့က မရ်ယမ်သခင်မကို မတရားစွပ်စွဲ ပြောဆိုကြလေသည်။ မရ်ယမ်သခင်မသည် ကလေးငယ်ကိုသာ လက်ညှိုးထိုးပြခဲ့၏ သားငယ်လေး အီစာသည် ပုခက်တွင်းမှပင် မိခင်ကို မတရားစွပ်စွဲနေသော အစ္စရာအီလ်တို့အား အံ့ဖွယ်လက္ခဏာအဖြစ် စကားပြော ရှင်းလင်းခဲ့ပေသည်။ (ကုရ်အာန် ၁၉း၂၂)
တမန်တော် အီစာသည် အစ္စရာအီလ်လူမျိုးတစ်ဦးဖြစ်ပြီး အစ္စရာအီလ်လူမျိုးတို့ကို ပြုပြင်သွန်သင်ရန် အလ္လာဟ်က ပွင့်ပေါ်စေခြင်း ဖြစ်သည်။ ထိုအချိန်က အစ္စရာအီလ်တို့သည် ရောမ အင်ပါရာ အောက်တွင် စည်းစိမ်ယစ်မူးနေကြသည်။ တမန်တော်မူစာမှတစ်ဆင့် အလ္လာဟ်ချပေးခဲ့သော သောဝ်ရဟ်ကျမ်းသည်လည်းကောင်း ၊တမန်တော် ဒါဝုဒ်မှ တစ်ဆင့် ချပးခဲ့သော ဇဗူရ်ကျမ်းသည်လည်းကောင်း မူရင်းအတိုင်းမရှိတော့ချေ။
ယင်းတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်ကျမ်းတို့ကို ပြုပြင်ပြောင်းလဲခဲ့ကြ၏။ ၄င်းတို့တွင်း၌ အခြား တမန်တော်များစွာ ပွင့်ပေါ်၍ တရားအလင်း ပေးခဲ့သော်လည်း ဆန့်ကျင်မြဲ ဆန့်ကျင်နေခဲ့ကြသည်။ ထို့ကြောင့် အလ္လာဟ်သည် တမန်တော်အီစာကို အင်ဂျီလ်ကျမ်းချီးမြှင့်၍ အခြား အံ့ဖွယ်သက်သေ လက္ခဏာများစွာတို့ကို ပြစေကာ အစ္စရာအီလ်တို့ကို အလ္လာဟ်၏ လမ်းတော်သို့ ပြန်လည်ဖိတ်ခေါ်စေခဲ့သည်။ (ကုရ်အာန် ၃း၄၈-၄၉) (အစ္စလာမ့်ယုံကြည်ချက်)
တမန်တော်များစွာ ရပါလျက် မောက်မာနေကြသော ၄င်းတို့ကို အလ္လာဟ်အရှင်မြတ်သည် တမန်တော် အီစာမွေးရာမှစ၍ နောက်ဆုံးအချိန်ထိ သက်သေလက္ခဏာများပြကာ တရားပြစေခဲ့သည်။ ဖခင်မျိုးစေ့ (ကလလရောကြည်)မပါဘဲ အပျိုစင်စစ် မရ်ယမ်မှ မွေးဖွားလာခြင်း၊ ပုခက်တွင်းအရွယ်မှပင် စကားပြောဆိုခြင်း၊ ရွှံ့ငှက်ရုပ်များကို အလ္လာဟ်အမိန့်တော်ဖြင့် အသက်သွင်းပြခြင်း၊ မွေးရာပါ မျက်မမြင်များနှင့် အနူရောဂါရှင်တို့ကို အလ္လာဟ်အမိန့်တော်ဖြင့် ရောဂါပျောက်စေခြင်း၊ အလ္လာဟ်အမိန့်တော်ဖြင့် လူသေကို သက်သေလက္ခဏာ အဖြစ် ရှင်ပြစေခြင်း လူသားတို့ စားခဲ့သော အစားအစာများ၊ အိမ်တွင်းသို့ သိုလှောင်ထားသော အရာများကို ပြောနိုင်ခြင်း စသော အံ့ဖွယ်တို့ကိုပြ၍ ၄င်းတို့ကို တရားဟောကြားခဲ့လေသည်။ (ကုရ်အာန် ၃း၄၉။ ၁၉း၂၉-၃၀)

No comments:

Post a Comment