ဖာရို၏ ပိရမစ်မျှော်စင်နှင့် ၂၀ရာစု အာကာသခေတ်
ဖာရို၏ ရုပ်အလောင်းသည် ၁၉ ရာစုမှ အဘယ်ကြောင့် ပေါ်လာသနည်း။ ၁၉ရာစုသည် ခေတ်သိပ္ပံအရှိန် စတင်ရာ ဖြစ်ခဲ့ပြီး ၂၁ ရာစုအတွင်း အရှိန်အဟုန်ပြင်းစွာ တိုးတက်ခဲ့၏။ အာကာသကိုလည်း အောင်မြင်နေပေပြီ။ စင်စစ် ဖာရို၏ မမ်မီရုပ်အလောင်းသည် အလ္လာဟ်နှင့် အလ္လာဟ်၏ ဝဟီလမ်းညွှန်ကို လက်မခံသော ရုပ်ဝါဒီသိပ္ပံပညာရှင်တို့ကို သင်ခန်းစာပေးနေပေသည်။ ၂၀ ရာစု သိပ္ပံပညာရှင် ရုပ်ဝါဒီတို့က အာကာသကို တက်နိုင်ရုံမျှဖြင့် ဖန်ဆင်းရှင် အလ္လာဟ် မရှိဟုဆိုနေကြ၏။ အတိတ်ခေတ်တွင် ဖာရိုဘုရင်သည် အလားတူဆိုခဲ့၍ ပျက်စီးခဲ့ပေပြီ။
“ထိုအခါ ဖာရိုက ပြောခဲ့သည်။ အို…….မှူးမတ်တို့၊ ငါ့အပြင် အသင်တို့၌ အခြားကိုးကွယ်ရာရှိသည်ဟု ငါမသိပေ။ သို့ဖြစ်ပေရာ အို‘ ဟာမန်’ …….အသင်သည် ငါ့အဖို့ ရွှံ့မြေ(ဖုတ်ရန်) မီးကိုပြုလော့၊ ထိုနောက် ငါ့အတွက် မြင့်မားသော အဆောက်အအုံ မျှော်စင်တစ်ခုကိုပြုလော့၊ သို့မှသာ ငါသည် မူဆာ၏ ကိုးကွယ်ရာ အရှင်ကိုကြည့်ရှုနိုင်ပေမည်၊ သို့သော် ဧကန်မလွဲ ငါသည် မူဆာအား လိမ်လည်ပြောသူဟူ၍ ထင်မှတ်ပေသည်။ (ကုရ်အာန် ၂၈း၃၈)
ဖာရိုဘုရင်သည် အတတ်ပညာရှင်များ၊ စည်းစိမ်များနှင့် ကြီးကျယ်သော အာဏာတို့ဖြင့် မိမိကိုယ်မိမိ မာနတရားဖြင့် လူသားတို့၏ ကိုးကွယ်ရာအဖြစ် သတ်မှတ်ခဲ့၏။ သို့သော် နောက်ဆုံးတွင် ၄င်း၏ ရုပ်အလောင်းသည်သာ လူသားတို့အတွက် သက်သေအဖြစ် ကျန်ရစ်ခဲ့သည်။ သိပ္ပံခေတ် အာကာသခေတ် လူသားတို့သည်လည်း အချိန်မနှောင်းမီ အလ္လာဟ်ဘက်သို့ လှည့်ကြည့်ပါလျင် ကောင်းလေစွ။
ယနေ့ရှာဖွေတွေ့ရှိခဲ့သော ဖာရိုဘုရင်၏ ရုပ်အလောင်းမှာ ဖာရိုဘုရင်များအနက် ကြီးကျယ်သော (Rameses II)လော၊ သို့တည်းမဟုတ် ၄င်းကိုဆက်ခံသည့် ရေနစ်သေသူ(Mernepath)လော ဟူသည်ကို သိပ္ပံနှင့် သမိုင်းပညာရှင်တို့ မခွဲခြားနိုင်။ သို့သော် သိပ္ပံ သုတေသနများအရ ရေနစ်မြုပ်ခဲ့သော ဖာရိုအဖြစ် သိရှိခဲ့ကြလေသည်။ ဤအကြောင်းကို လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ ကျော်က စာပေ မသင်ကြားရသူ အာရဗျ သဲကန္တာရမှ တမန်တော်မြတ် မုဟမ္မဒ်သခင်မည်သို့ သိနေသနည်း။ စင်စစ် ဖန်ဆင်းရှင် အလ္လာဟ်ထံမှ နောက်ဆုံး တမန်တော်ဖြစ်၍သာ ဖြစ်ပေသည်။ ကုရ်အာန်သည် လူသားတိုင်းအတွက် ဖန်ဆင်းရှင်ထံမှ ဝဟီလမ်းညွှန် ဖြစ်ပေသည်။
အစ္စရာအီလ်၊ အလ္လာဟ့် တမန်တော်များနှင့် ဂျေရုဆလင်
တမန်တော်ကြီး အီဗရာဟီမ်၏သားတော် အငယ် တမန်တော် အစ္စဟက်မှ တစ်ဆင့် အစ္စရာအီလ် မျိုးနွယ်တို့ဆင်းသက်လာကြ၏။ ၄င်းတို့အတွင်း၌ တမန်တော်ယအ်ကုဗ်၊ တမန်တော် ယူစုဖ်တို့ ပွင့်ခဲ့ကြသည်။ ထို့နောက် အစ္စရာအီလ်တို့သည် အီဂျစ်တို့၏ ကျွန်ဘဝ ရောက်နေစဉ် အလ္လာဟ်ကသည် တမန်တော်မူဆာကို ပွင့်ပေါ်စေ၍ ကယ်တင်စေခဲ့၏။ အလ္လာဟ်သည် တမန်တော်မူဆာကို “သောဝ်ရဟ်ကျမ်း” ချီးမြှင့်၍ သက်သေ လက္ခဏာများစွာ ပေးထားကာ အစ္စရာအီလ်တို့အား တရားပြစေခဲ့၏။ သို့သော် ယင်းတို့မှာ တမန်တော်မူဆာ ရှိနေစဉ်တွင်ပင် ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသည်။ တမန်တော်မူဆာ မရှိတော့သည့်နောက် အလ္လာဟ်သည် အခြားများစွာသော အစ္စရာအီလ် တမန်တော် တို့ကို ၄င်းတို့အတွင်း၌ ပွင့်ပေါ်စေတော်မူခဲ့သည်။
၎င်းတို့အနက် တမန်တော် ဒါဝုဒ်(ဒေးဗစ်)ကို အလ္လာဟ်သည် “ဇဗူရ်ကျမ်း” ချီးမြှင့်ခဲ့၏။ ထိုခေတ်၌ပင် ငှက်တို့၏စကားကို နားလည်စေခြင်း၊ သံကို ပျော့ပျောင်းစေနိုင်ခြင်း စသော စွမ်းရည်သက်သေလက္ခဏာများကိုလည်း အလ္လာဟ်က ပေးခဲ့၏။ တမန်တော် ဒါဝုဒ်၏ သားတော် တမန်တော် စူလိုင်မာန်(ဆောလမွန်း) သည်လည်း ဖခင်ကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်ကို တစ်သဝေမတိမ်း နာခံသော အပြစ်ကင်းစင်သူ တမန်တော်တစ်ပါး ဖြစ်ခဲ့၏။
အလ္လာဟ်သည် ၄င်းအား လေကို နိုင်နင်းစွာ အသုံးချစေမှု၊ ကြေးကို နိုင်နင်းစွာ အသုံးချစေမှု၊ မမြင်နိုင်သော အရာနှင့် စွမ်းအင်“ဂျင်န်” တို့ကို ၄င်းအား နာခံစေမှု၊ ရှိဘာဘုရင်မ၏ပလ္လင်ကို မျက်စီတစ်မှိတ်အတွင်း သယ်ဆောင်နိုင်သော ဂျင်န်များပင် နာခံရမှု၊ ငှက်များ၊ ပုရွက်ဆိတ်များ စသည့် သဘာဝတို့ကို နားလည်စေမှု သက်သေလက္ခဏာများကို ချီးမြှင့်ခဲ့လေသည်။ (ကုရ်အာန် ၂၁း၇၉-၈၂။ ၃၄း၁၂။ ၂၇း၁၆-၂၀)။
မြွေလမ္ပာယ် ဆရာတစ်ဦးသည် ပလွေသံဖြင့် မြွေဆိုးတို့ကို နာခံစေ၏။ ယနေ့ခေတ် သိပ္ပံပညာရှင်များသည် တိရစ္ဆာန်၊ သစ်ပင်၊ ပန်းမန် လောကတို့ကို လေ့လာ၍ ကျမ်းများစွာ ထွက်နေပေပြီ။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်၏ ဝဟီကိုပင် လက္ခံနိုင်စွမ်းရှိသော အလ္လာဟ်၏ တမန်တော်တို့သည် အလ္လာဟ်ချီးမြှင့်လိုက ငှက်၊ ပုရွက်ဆိတ်နှင့် သတ္တဝါတို့၏ စကားနှင့် သဘာဝကို သိခဲ့ခြင်းမှာ အဆန်းမဟုတ်ပေ။
အိုမင်းမစွမ်းဖခင်နှင့် အမြုံမိခင်တို့မှ သားရတနာ ဖွားမြင်ခြင်းသက်သေ
တမန်တော် ဇကရိယာသည်လည်း အစ္စရာအီလ် တမန်တော်တစ်ပါးဖြစ်ခဲ့သည်။ ၄င်း၏ဇနီးမှာ သားသမီး မထွန်းကားနိုင်သော အမြုံဖြစ်ခဲ့ပြီး ၄င်းသည်လည်း အိုမင်းမစွမ်း ရှိခဲ့ပေပြီ။ သို့သော် အလ္လာဟ် သက်သေလက္ခဏာတော်အဖြစ် မစွမ်းသောအရွယ်ရောက်မှ သားရတနာ ဖွားမြင်ခဲ့လေသည်။ ယာဟ်ယာ (John) ဟု အမည်တွင်၍ နောင်သောအခါ အစ္စရာအီလ် တမန်တော်တစ်ပါးဖြစ်လာခဲ့ပေသည်။ (ကုရ်အာန် ၃း၄၀။ ၁၉း၈-၉-၁၅)။ သိပ္ပံပညာရပ်တို့ဖြင့် အဖြေရှာမရသော အရာဖြစ်ပေသည်။
မရ်ယမ်(မေရီ) သခင်မ
အစ္စရာအီလ်တို့ အတွင်းမှ အမျိုးသမီးကြီး တစ်ဦးသည် အလ္လာဟ် အရှင်မြတ်ထံ ပဋိသန္ဓေရလိုကြောင်း ဆုပန်ကြားခဲ့လေသည်။ အလ္လာဟ် အရှင်မြတ်လမ်းတော် အတွက်ဆောင်ရွက်ရန် ထူးခြားသော သားရနာတစ်ပါးရရန် မျှော်လင့်ခဲ့သော်လည်း အလ္လာဟ်အရှင်မြတ်သည် ၄င်းအား သမီးရတနာမရ်ယမ် (မေရီ) သခင်မကို မွေးဖွားစေတော်မူခဲ့သည်။ မေရီသခင်မ၏ မိခင်က အလ္လာဟ်အရှင်မြတ်၏ စီမံမှုသည် လူသား၏ ဆန္ဒထက်ပိုမို ကောင်းမွန် လိမ့်မည်ဟု ယုံကြည်ကာကျေနပ်၏။ မိမိ၏သမီးမရ်ယမ်သည် သာမန် မိန်းကလေး တစ်ဦးမဟုတ်ကြောင်း သိ၏။ ထို့ကြောင့် မရ်ယမ်သခင်မနှင့် ဆွေစဉ်မျိုးဆက်တို့ကို ရှိုဿွာန်စွမ်းအင်၏ ဘေးမှ ကင်းစေရန် အလ္လာဟ်ထံ ဆုပန်ကြားခဲ့လေသည်။ (ကုရ်အာန် ၃း၃၅-၃၆)
မိခင်၏ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် ဆုပန်ခဲ့မှုကြောင့် ဖွားမြင်လာသော မရ်ယမ်သခင်မကို ဂျေရုစလင် ဝတ်ကျောင်းတော်ရှိ တမန်တော်ဇကရိယာသခင်ထံ သူမ၏ မိခင်က အပ်နှံခဲ့သည်။ စင်စစ် မရ်ယမ်သခင်မ (မေရီ) သည် လူတို့အတွင်း ကြီးကျယ်သော တမန်တော်အီစာ (သခင်ယေရှု)ကို ဖွားမြင်မည့် မိခင်လောင်းပင် ဖြစ်ခဲ့ပေတော့သည်။
မရ်ယမ်သခင်မလေးကို စောင့်ရှောက်ရသူ တမန်တော် ဇကရိယာ သခင်သည် ကျောင်းတော်တွင်း၌ မရ်ယမ်သခင်မလေး၏ ဆန်းကြယ်သော အဖြစ်စုံတို့ကို သတိပြုမိလာပြီး အလ္လာဟ်ထံတော်တွင် သားဆုပန်ခဲ့လေသည်။ မွန်မြတ်သော ဆုဒုအာကြောင့် အလ္လာဟ်သည် အိုမင်းမစွမ်း ဇကရိယာသခင်နှင့် အမြုံဇနီးတို့မှ သားတော်(တမန်တော်) ယဟ်ယာကို မွေးဖွားချီးမြှင့်ခဲ့၏။
တမန်တော် အီစာ၏ မိခင် မရ်ယမ်သခင်မနှင့် တမန်တော် ယဟ်ယာ၏ မိခင်(ဇကရိယာ သခင်၏ အမြုံဇနီး)တို့သည် ညီအစ်မဝမ်းကွဲတော်စပ်ကြ၍ တမန်တော်အီစာနှင့် တမန်တော် ယဟ်ယာတို့သည် ညီအစ်ကိုဝမ်းကွဲ တော်စပ်ကြပေသည်။ (ကုရ်အာန် ၃း၃၇-၄၁)
No comments:
Post a Comment