Monday 10 September 2012

တမန်တော်ချုပ် မုဟမ္မဒ်နှင့် ခရစ်ယာန်ကိုယ်စားလှယ်အဖွဲ့

တမန်တော်ချုပ် မုဟမ္မဒ်နှင့် ခရစ်ယာန်ကိုယ်စားလှယ်အဖွဲ့ “ထိုမှတစ်ပါး ပြန်လည်သတိရကြလေကုန်၊ အခါတစ်ပါး၌ မရ်ယမ်၏သားတော် (နဗီတမန်တော်) အီစာသည် ဤသို့ ပြောကြားခဲ့လေသည်။ အို…အစ္စရာအီလ် မျိုးနွယ်အပေါင်းတို့၊ ဧကန်မလွဲ ငါသည် ငါ၏အလျင်ရှိနေသော သောဝ်ရဟ်ကျမ်းကိုဟုတ်မှန်ကြောင်း အတည်ပြုသူ အဖြစ်လည်းကောင်း၊ ငါ၏ နောက်တွင် ‘အဟ်မဒ်’ဟူသော အမည်နာမနှင့် ပွင့်အံ့သော ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်း ပြောကြားသူ အဖြစ်လည်းကောင်း အသင်တို့ထံ (စေလွှတ်ခြင်းခံရသော) အလ္လာဟ်၏ ရစူလ် တမန်တော်ဖြစ်၏” (ကု၇်အာန် ၆၁း၆)
တမန်တော်အီစာသည် ကမ္ဘာ့သမိုင်းတွင် ဒုတိယ နောက်ဆုံးတမန်တော် ဖြစ်ခဲ့၏။ တမန်တော်အီစာ မရှိသည့်နောက် နှစ်ပေါင်း ၆၀၀ ကျော်ကြာသောအခါ အလ္လာဟ်သည် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်ကို ပွင့်စေတော်မူခဲ့၏။
တမန်တော် မုဟမ္မဒ်သခင် မဒီနာမြို့တော်၌ရှိစဉ် ဟစ်ဂျရီ သက္ကရာဇ် (၁၀)ခုနှစ်၌ နဂျရန်ဒေသမှ နဆွရာနီ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့လေသည်။ ၄င်းတို့သည် တမန်တော် အီစာကို အလ္လာဟ်၏ သားတော်ဟု ယုံကြည်ကြသူများ ဖြစ်ကြသည်။ ဤ ကိစ္စကို တမန်တော်မြတ် မုဟမ္မဒ်သခင်နှင့် ဆွေးနွေးရန် ရောက်ရှိလာကြခြင်း ဖြစ်ကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်ထံတော်မှ တမန်တော်မုဟမ္မဒ်သခင်ထံ စူရဟ် ၃၊ အာယာသ်အမှတ် ၅၉ မှ ၆၃ အထိ ကျရောက်ခဲ့ပေသည်။
“စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏ထံတော်ဝယ် (နဗီတမန်တော်) အီစာ၏ (ထူးဆန်းသော သဘာဝ) အဖြစ်ကား အာဒမ်၏ (သဘာဝ) အဖြစ်ကဲ့သို့သာတည်း။ ထို အရှင်မြတ်သည် ၄င်း(အာဒမ်)အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ၄င်းအား ဖြစ်စေဟု မိန့်ကြားတော်မူရာ ၄င်းသည် ဖြစ်ပေါ်လာလေသတည်း။ (ဤသည်ကား) အသင့်အား မွေးမြူ ဖန်ဆင်းတော်မူသော အရှင်မြတ်ထံမှ (ထုန်ပြန်တော်မူသော) အမှန်တရားပင်တည်း။ သို့ဖြစ်ပေရာ အသင်သည် ဒွိဟသံသယ ရှိသူတို့အနက် အပါအဝင် မဖြစ်လေနှင့်” (ကုရ်အာန် ၃း၅၉-၆၀)
မုဘာဟလတ် စုပေါင်းကျိန်ဆိုပွဲကြီး တောင်းဆိုခြင်း
စင်စစ် လူသားအားလုံး၏ ရုပ်ခန္ဓာနှင့် ဖခင်၏မျိုးစေ့ (ကလလရေကြည်)မိခင်၏ မျိုးဥစသည်တို့ကို အလ္လာဟ်အရှင်မြတ်သည် မြေပေါ်မြေအောက်ရှိ ပစ္စည်းများဖြင့် ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေခြင်းသာဖြစ်၏။
တမန်တော်အီစာသခင်ကို ဖခင်မျိုးစေ့ မပါဘဲ အပျိုစင် မရယမ်သခင်မမှ မွေးဖွားခြင်းသည် အံ့ဖွယ်ဖြစ်ပါလျင် ကမ္ဘာဦးလူသား အာဒမ်ကို ဖခင်နှင့် မိခင်မရှိဘဲ အလ္လာဟ်က ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေမှုမှာ ပို၍ အံ့ဖွယ်ဖြစ်ပေသည်။ ထို့ကြောင့် တမန်တော် အီစာ၏ သဘာဝဖြစ်ရပ်၊ အလ္လာဟ်အရှင်မြတ်၏ အကြွင်းမဲ့ တတ်စွမ်းနိုင်တော်မူသော ဘုန်းတော်နှင့် အမရ်စီမံမှု အမိန့်တော်တို့၏ သက်သေလက္ခဏာကို ဖန်ဆင်းခံကမ္ဘာ့လူသားတို့ကား ပြသခြင်းသာ ဖြစ်၏။
ထို့ကြောင့် တမန်တော်အီစာသည် အလ္လာဟ်၏ သားတော်လည်း မဟုတ်၊ မရ်ယမ်သခင်မသည် အလ္လာဟ်၏ ဇနီးလည်းမဟုတ်၊ ၄င်းတို့ သားအမိ နှစ်ဦးလုံးသည် လူသားတို့ကိုးကွယ်ရာများလည်း မဟုတ်ကြချေ။
အမှန်တရားအစစ်အမှန်သည် ဖန်ဆင်းရှင် အလ္လာဟ်ထံမှသာလျှင် ရနိုင်၏၊ မပြီးမပြည့်စုံသော လူသားတို့၏ အတွေးအခေါ်များမှ မရနိုင်ချေ။ အကယ်၍ အလ္လာဟ်၏ ဝဟီလမ်းညွှန်ကို မယုံကြည်ခဲ့သော် အလ္လာဟ်က အောက်ပါအတိုင်း ပြုကြရန်မိန့်၏။
“သို့ဖြစ်ပေရာ (အို…တမန်တော် မုဟမ္မဒ်)အသင့်ထံသို့ (ငါအရှင်မြတ်ထံမှ အမှန်တရား ရောက်လာပြီးနောက်) အကြင်သူ တစ်ဦးတစ်ယောက်သည် ယင်း(နဗီတမန်တော်အီစာ)နှင့် ပတ်သက်၍ အသင့်အား အချေအတင် ပြောဆိုခဲ့ပါမူ အသင်သည် ၄င်းတို့အား ပြောလော့၊ အချင်းတို့၊ လာကြကုန်လော့၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သားမြေးများနှင့် အသင်တို့၏ သားမြေးများကို ဆင့်ခေါ်ကြစို့။
ကျွန်ုပ်တို့၏ အမျိုးသမီးများနှင့် အသင်တို့၏ အမျိုးသမီးများကို ဆင့်ခေါ်ကြစို့၊ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အသင်တို့ ကိုယ်တိုင်လည်း (ပါဝင်စုရုံးကြစို့)။ ထို့နောက် ကျွန်ုပ်တို့(အားလုံးစုပေါင်း၍ တမန်တော်အီစာနှင့် စပ်လျဉ်း၍) မုသားပြောဆိုသူအပေါ်၌ အလ္လာဟ်၏ ‘လအ်နသ်’ ကရုဏာကင်းဝေးမှု ကျရောက်ပါစေသား ဟူ၍ စိတ်ရောကိုယ်ပါ ဆုပန်တောင်းဆိုကြကုန်အံ့ (ဟုအသင်ပြောပါလေ)” (ကုရ်အာန် ၃း၆၁)
မုစ်လင်မ်တို့သည် အီစာသခင်အား အခြားနဗီ တမန်တော်များနည်းတူ အလ္လာဟ်ထံမှ ကြီးကျယ်မြင့်မြတ်သော နဗီ တမန်တော်တစ်ပါး အဖြစ်သာ ယုံကြည်ကြ၏
အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ တုဖက် နိုင်မည့်သူ အလျင်းမရှိဟု ယုံကြည်ကိုးကွယ်ကြ၏။ တမန်တော်မြတ် မုဟမ္မဒ်သခင်ထံ လာရောက်ခဲ့ကြသောနဆ်ွရာနီကိုယ်စားလှယ်အဖွဲ့သည် အလ္လာဟ်ကို အဖဘုရားအဖြစ် လည်းကောင်း တမန်တော်အီစာကို သားတော်ဘုရားအဖြစ်လည်းကောင်း တွဲဖက်ကိုးကွယ်ခဲ့ကြ၏။
ထို့ကြောင့် နှစ်ဖက်လုံးမှ ယုံကြည်သော အလ္လာဟ်ထံ စုပေါင်းကျိန်ဆို ဆုပန်မှုပြုရန် အလ္လာဟ်ထံမှ အမိန့်ကျလာသောအခါ တမန်တော်မြတ် မုဟမ္မဒ်နှင့် နောက်လိုက်တို့ အဆင်သင့် ဖြစ်သော်လည်း နဆွရာနီကိုယ်စားလှယ် အဖွဲ့မှာ ကျိန်ဆို ဆုတောင်းမှုမပြုဘဲ ပြန်သွားကြလေသည်။ တမန်တော်ချုပ်သည်လည်း ၄င်းတို့အား လွှတ်လပ်စွာ ကိုးကွယ်ခွင့်ကို ပေးထားခဲ့လေသည်။ မဒီနာမြို့တော်ရှိ တမန်တော်မြတ်၏ ဗလီကျောင်းတော်တွင် တမန်တော်မြတ်နှင့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့ရာ နေရာအမှတ်အသားကို ယနေ့တိုင် တွေ့နိုင်ပေသည်။
တမန်တော်မြတ် မုဟမ္မဒ်သခင်သည် ထိုစဉ်က ကမ္ဘာ့ဘုရင်များစွာတို့ထံ အစ္စလာမ်သာသနာကို လက္ခံပါရန် သဝဏ်လွှာများ ပေးပို့ခဲ့ရာ လက္ခံခဲ့ကြသူများအနက် ခရစ်ယာန် သာသနာ ကိုးကွယ်သူ အဘီဆီးနီးယားပြည့်ရှင် နဂျာရီ {Nacus} ဘုရင်မင်းမြတ်လည်း ပါဝင်ခဲ့သည်။
၁၉၆၀ ခုနှစ် နောက်ပိုင်းတွင် ပုပ်ရဟန်းမင်းရှိရာ ဗာတီကန်(ရောမ)နှင့် မုစ်လင်မ် ကမ္ဘာအကြား ဆက်ဆံမှုများစွာ တိုးတက်ခဲ့သည်။ ဗာတီကန်မှ ခရစ်ယာန်မဟုတ်သူများရေးရာနှင့် ဆိုင်သောငှာနမှ စာတစ်စောင် ထုတ်ဝေခဲ့ရာ ၄င်းစာတမ်း {Orientation for a Dialouge between Christians and Muslims} {Third French Edition}{၁၉၇၀ ခုနှစ်}တွင် ဖတ်ကြားသူတို့အား အတိတ်ခေတ် အနောက်တိုင်း ခရစ်ယာန်တို့၏ မုစ်လင်မ်တို့အပေါ် အသိမှားယွင်းခဲ့မှုကို အသိအမှတ်ပြုကာ ရှင်းလင်းခဲ့ပေသည်။ ခရစ်ယာန်လောကမှ ပုပ်ရဟန်းမင်း၊ ဘုန်းကြီးများနှငိ့ မုစ်လင်မ်လောကမှ အဆင့်မြင့် ထိပ်တန်း ပညာရှင်များ နှစ်ဦးနှစ်ဖက် လည်ပတ်မှု၊ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး ပေါလ်(၆) {Paul VI}သည် ထူးခြားစွာ ထင်ရှားခဲ့ပေသည်။
ယခုအခါ (၁၉၈၅ ခုနှစ်တွင်)တွင် တောင်အာဖရိကမှ မုစ်လင်မ်ပညာရှင် ‘အဟ်မဒ်ဒီတ်’က လက်ရှိ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်ကို အချိန်မရွေး၊ နေရာမရွေး ဆွေးနွေးပါမည့်အကြောင်း ဖိတ်ခေါ် တောင်းဆိုထားပေသည်။

No comments:

Post a Comment